【နိုင်ငံတကာဆောင်းပါး】မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်းအတူ တည်ဆောက်ရေးကိုကတိပြု

【နိုင်ငံတကာဆောင်းပါး】မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်းအတူ တည်ဆောက်ရေးကိုကတိပြု

တရုတ်နှင့် ဗဟိုအာရှ နိုင်ငံ ၅ ခုတို့ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၃၁ နှစ်ပြည့်ချိန်တွင် နိုင်ငံခေါင်းဆောင်များ ပထမဆုံး လူချင်းတွေ့ဆုံချိန်တွင် အိမ်ရှင်အဖြစ် လက်ခံရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရွေးချယ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက်မဟုတ်ပေ။ 

လွန်ခဲ့သော နှစ်ပေါင်း ၂,၁၀၀ ကျော် ဟန်မင်းဆက်ခေတ်က သံတမန်တစ်ဦးဖြစ်သူ ကျန်းကျင်းသည် အနောက်အရပ်သို့ ခရီးသွားခဲ့ပြီး တရုတ်နှင့် ဗဟိုအာရှတို့၏ ချစ်ကြည်ရေးတံခါးကို ဖွင့်လှစ်ခဲ့သည်။ 

တရုတ်သမ္မတရှီက တရုတ်- ဗဟိုအာရှအစည်းအဝေး၌ မိန့်ခွန်းပြောကြားချိန်က ထိုသမိုင်းကြောင်းကြာရှည်သည့် ချစ်ကြည်ရေးကို အမှတ်ရစွာ ဖော်ပြခဲ့ပြီး ခေတ်သစ်၌လည်း အားမာန်အပြည့်ဖြစ်နေသော ဆက်ဆံရေးအား ကြိုဆိုခဲ့သည်။

တရုတ်နှင့် ဗဟိုအာရှတို့အတွက် မျှဝေသောအနာဂတ်ရှိသည့် အသိုက်အဝန်းတစ်ခု မည်သို့တည်ဆောက်မည်နှင့် ပတ်သက်ပြီး သမ္မတရှီက အပြန်အလှန်ထောက်ပံ့မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ထာဝရချစ်ကြည်ရေးတို့က အရေးပါကြောင်း တိုက်တွန်းခဲ့သည်။

နှစ်ရက်တာ ကျင်းပခဲ့သော ထိုအစည်းအဝေးသို့ ကာဇက်စတန်သမ္မတ၊ ကာဂျစ္စတန်သမ္မတ၊ တာဂျစ်စတန်သမ္မတ၊ တာမန်နစ္စတန်သမ္မတနှင့် ဥဇဘက်ကစ္စတန်သမ္မတတို့ တက်ရောက်ခဲ့ကြသည်။ 

နိုင်ငံငါးခုမှ ခေါင်းဆောင်များသည် သမ္မတရှီနှင့် တွေ့ဆုံချိန်တွင် တရုတ်နှင့် ဆက်ဆံရေးအားဖြည့်ရန် ယုံကြည်ချက်နှင့် ဆုံးဖြတ်ချက်ခိုင်မာကြောင်း၊ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်များတွင် တရုတ်ကိုထောက်ခံအား ပေးကြောင်း ဆိုခဲ့သည်။ 

ခါးပတ်နှင့်လမ်း ပူးပေါင်းဆောင်ရွက်ခြင်းအတွက် လမ်းစဉ်ချမှတ်ခြင်း

ဗဟိုအာရှသည် ခါးပတ်နှင့်လမ်း အစီအစဉ် စတင်ရာဖြစ်သည်။ သမ္မတရှီသည် ၂၀၁၃ ခုနှစ်တွင် ကာဇက်စတန်၏ နာဇာဘာယိဗ်တက္ကသိုလ်၌ မိန့်ခွန်းပြောခဲ့စဉ်က ပိုးလမ်းမ စီးပွားရေးခါးပတ်ကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။ တစ်လကြာပြီးနောက် အင်ဒိုနီးရှား၌ ၂၁ ရာစု အဏ္ဏဝါပိုးလမ်းမကြီးအား အဆိုပြုခဲ့သည်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တရုတ်နဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေဟာ ပိုးလမ်းမကို အပြည့်အဝအသက်သွင်းဖို့နဲ့ အနာဂတ်ကို မျှော်မှန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တက်တက်ကြွကြွလုပ်နိုင်ဖို့ နီးကပ်စွာ လက်တွဲခဲ့ကြပြီး ခေတ်သစ်ဆီ မိတ်ဆွေဆက်ဆံရေးကို ယူဆောင်နိုင်ခဲ့ကြပါတယ်” ဟု သမ္မတရှီက ဆိုသည်။

တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် အမြန်လမ်းမကြီး၊ တရုတ်-တာဂျစ်ကစ္စတန် အဝေးပြေးလမ်း၊ တရုတ်-ကာဇက်စတန် ရေနံစိမ်းပိုက်လိုင်းနှင့် တရုတ်-အာရှအလယ်ပိုင်း ဓာတ်ငွေ့ပိုက်လိုင်းတို့အား ယနေ့ခေတ်၏ ပိုးလမ်းမဖြစ်သည်ဟု တင်စားခဲ့ပြီး တရုတ်-ဥရောပ ကုန်တင်ရထားများ၊ ကုန်ကားများနှင့် ကုန်တင်လေယာဉ်များသည် ယနေ့ခေတ်၏ သစ်ကုလားအုတ်များဖြစ်သည်ဟု တင်စားခဲ့သည်။ 

သမားရိုးကျ ပူးပေါင်းဆောင်ရွက်သည့် နယ်ပယ်များအပြင် တရုတ်နှင့် ဗဟိုအာရှတို့သည် ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်အထောက်အကူပြု ကာဗွန်နည်းပါးသည့် ဖွံ့ဖြိုးတိုးတက်မှု၊ ဆေးဝါးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုတို့တွင်လည်း လမ်းကြောင်းသစ်များ ရှာဖွေရန် သမ္မတရှီက တိုက်တွန်းခဲ့သည်။

တရုတ်နှင့် ဗဟိုအာရှနိုင်ငံငါးနိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး သံတမန်ရေးရာ စတင်တည်ဆောက်ချိန်ထက် အဆ ၁၀၀ တိုးတက်လာခြင်းဖြစ်သည်။ မတ်လအကုန်တွင် ဗဟိုအာရှ၌ တရုတ်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁၅ ဘီလီယံရှိကြောင်း သိရသည်။

အဓွန့်ရှည်သည့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း

ဗဟိုအာရှနိုင်ငံ ငါးခုက ၁၉၉၁ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် တရုတ်သည် ထိုနိုင်ငံများ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့သည့် ပထမဆုံးသော နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုအချိန်မှ စတင်ပြီး တရုတ်နှင့် နိုင်ငံများသည် မဟာဗျူဟာကျ မိတ်ဖက်ဆက်ဆံရေးများကို အောင်မြင်စွာ ပုံဖော်လာခဲ့ကြသည်။ 

ဗဟိုအာရှဒေသများ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ လွတ်လပ်ရေးနှင့် နယ်မြေသိက္ခာတို့သည် အရေးပါပြီး ပြည်သူများရွေးချယ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများကို လေးစားရမည်ဖြစ်ကာ၊ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်ရေးနှင့် တည်ငြိမ်ရေးတို့ကိုလည်း ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။

“ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်ကို လိုက်နာပြီး ဒေသတွင်းနိုင်ငံများရဲ့ ပြည်တွင်းရေးများကို ပြည်ပက ဝင်ရောက်စွက်ဖက်တာမျိုး၊ အစိုးရအပြောင်းအလဲလုပ်ဖို့ လုပ်ဆောင်တာမျိုးကို ကန့်ကွက်ရပါမယ်” ဟု သမ္မတရှီက ပြောခဲ့သည်။

တရုတ်နှင့် ဗဟိုအာရှတို့သည် အကြမ်းဖက်ခြင်း၊ သီးခြားခွဲထွက်ခြင်းနှင့် အစွန်းရောက်ခြင်း တို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမည်ဖြစ်ပြီး ဒေသတွင်းလုံခြုံရေးအတွက်သာ ဦးတည်သင့်သည်ဟု ဆိုသည်။ 

ယဉ်ကျေးမှုများအကြား အပြန်အလှန်ဆွေးနွေးရေး အားကောင်းစေခြင်း

အစည်းအဝေး၌ ခေါင်းဆောင်များသည် ယဉ်ကျေးမှုပြပွဲများကိုလည်း ကြည့်ရှုခဲ့ကြပြီး တရုတ်နှင့် ဗဟိုအာရှပြည်သူများ၏ ယဉ်ကျေးမှုနှင့် အနုပညာနှစ်ကို ဖွင့်လှစ်ခဲ့ကာ တရုတ်- ဗဟိုအာရှလူငယ်ယဉ်ကျေးမှု ပွဲတော်နှစ်ကိုလည်း ဖွင့်လှစ်ခဲ့ကြသည်။ 

ချစ်ကြည်ရင်းနှီးမှုအတွက် သတင်းစကားပါးပေးသော ယဉ်ကျေးမှုပညာရှင်များ၊ စီးပွားရေးအခွင့်အလမ်း ရှာဖွေကြသော စွန့်ဦးတီထွင်သူများ၊ ကိုဗစ်-၁၉ တိုက်ဖျက်ကြသော ကျန်းမာရေးလုပ်သားများနှင့် နိုင်ငံခြားပညာသင်ကျောင်းသားများသည် စိတ်နှလုံးကောင်းမွန်သော သံတမန်များဖြစ်သည်ဟု သမ္မတရှီက ချီးကျူးခဲ့သည်။

တရုတ်တက္ကသိုလ်များသည် ဗဟိုအာရှမှ ကျောင်းသားများကို ပို၍ လက်ခံလာပြီး လူငယ်များအချင်းချင်း ဖလှယ်မှုမှ တစ်ဆင့် အပြန်အလှန် နားလည်ခြင်းနှင့် ရင်းနှီးမှုတို့ကို ရယူနေခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီတွင် တရုတ်တွင် ပညာသင်ကြားနေသော ဗဟိုအာရှကျောင်းသားဦးရေသည် ၂၀၁၀ နှင့် ၂၀၁၈ ခုနှစ်ကြားတွင် ၁၂ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သည်။ 

ယဉ်ကျေးမှုများအချင်းချင်း ပြောဆိုဖလှယ်ခြင်းအား တွန်းအားပေးရန် တရုတ်က အစိုးရပညာသင်ဆုများကို ဗဟိုအာရှဒေသများအတွက် ဆက်လက်ပေးအပ်မည်ဖြစ်ပြီး အာရှအလယ်ပိုင်းတွင် ယဉ်ကျေးမှုခရီးသွား တိုးတက်ရေးအတွက် အထူးရထားဝန်ဆောင်မှုများကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သမ္မတရှီက ကြေညာခဲ့သည်။

“မိမိတို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အစီအစဉ်ကို အကောင်အထည်ဖော်ပြီး ရိုးရာမိတ်ဆွေဖြစ်တည်မှုနဲ့ ပြည်သူအချင်းချင်းဖလှယ်မှုတို့ကို မြှင့်တင်ဖို့ အရေးကြီးပါတယ်” ဟု သမ္မတရှီက ဆိုသည်။

 

Linko

Ref:CMG|China, Central Asia vow to build a closer community with a shared future at milestone Xi'an summit