【 ဆောင်းပါး 】အာဇာနည်နှင့် အနစ်နာခံစိတ်ဓာတ်

【 ဆောင်းပါး 】အာဇာနည်နှင့် အနစ်နာခံစိတ်ဓာတ်

အာဇာနည်ဆိုသည်မှာ ပါဠိဝေါဟာရ "အာဇာနေယျ" မှ ဆင်းသက် လာခြင်းဖြစ်ပြီး မြန်မာလူမျိုးများက အာဇာနည်ဟု မြန်မာမှုပြု၍ ခေါ်ဆိုခဲ့ကြသည်။ အာဇာနည်ဟူသည့် ဝေါဟာရနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် “အကြောင်းဟုတ်မဟုတ်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အာဇာနည်၏ အနှစ်သာရသည် ကိုယ်ကျင့်သိက္ခာ၊ သီလ၊ သမာဓိ အစရှိသဖြင့် လူ့ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်များကို သူမတူအောင် ကျင့်ကြံအားထုတ် ကြိုးပမ်းလုပ်ဆောင်နိုင်ပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးစီးပွားကို နောက်ဆုံးထွက်သက်အထိ အသက်ကို မငဲ့ကွက်ဘဲ ပြုလုပ်စွမ်းဆောင်နိုင်သည့် စွမ်းအား၊ လုံ့လ၊ ဝီရိယ၊ ဇွဲသတ္တိတို့နှင့် ပြည့်စုံသူဖြစ်ပါသည်။

အနစ်နာခံမှုဆိုသည်မှာ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက် မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက် ခြင်းကို ခေါ်သည်ဟုဆိုသည်။ အနစ်နာခံခြင်းတွင် ပုံစံမျိုးစုံရှိသည်။ တန်ဖိုးအနေအထားအမျိုးမျိုးရှိသည်။သို့သော် အခြေခံသဘောအားဖြင့် မိမိအကျိုးစီးပွားကို စွန့်လွှတ်သည့် စိတ်ရှိသည့်သူတွေကို ခေါ်ခြင်းဖြစ်သည်။ မိသားစု ထဲတွင်လည်း မိသားစုအတွက်အနစ်နာခံပေးသူ၊ အဖွဲ့အစည်းတွင်လည်း အဖွဲ့အစည်းအတွက် အနစ်နာခံသူ စသဖြင့် ရှိကြလေသည်။ သို့သော် အနစ်နာခံတိုင်း အာဇာနည်တော့မဖြစ်ချေ။  

အထူးသဖြင့် မြန်မာသမိုင်းတွင် အာဇာနည်လို့ သတ်မှတ်ခံရသူများမှာ ကိုလိုနီခေတ်မှသည့် ယနေ့ခေတ် အထိရှိခဲ့သည်။ အစောဆုံး အာဇာနည်နေ့အဖြစ် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးသည့် ၂ နှစ် ပြည့်ချိန် ၁၉၄ဝ ဒီဇင်ဘာ ၂ဝ ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ လွှတ်တော်က  အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ မန္တလေး-စစ်ကိုင်းကားလမ်းပေါ်က တမ္ပဝတီရပ် သူကြွယ်ကုန်းတွင်လည်း  ၁၃ဝဝ ပြည့် အရေးတော်ပုံအတွင်း ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်က မန္တလေး၌ ပစ်ခတ်သတ်ဖြတ်ခံရသည့်  ကျောင်းသား၊ ရဟန်းနဲ့ အရပ်သား ၁၇ ယောက်ကို  အာဇာနည်ဗိမာန်နှင့်  သင်္ဂြိုဟ်ခဲ့ကာ ထိုအာဇာနည် ၁၇ ဦးကျဆုံးခဲ့သည့်  မန္တလေး ၂၆ ဘီလမ်းကို အာဇာနည်လမ်းအဖြစ် ထိုစဉ်က သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။

ယနေ့အချိန်အခါတွင် အာဇာနည်နေ့အဖြစ် ဇူလိုင် ၁၉ ရက်ကို ခေါ်ဝေါ်သတ်မှတ်ကြ သည်။ထိုရက်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဘုရင်ခံ ကောင်စီအစည်းအဝေးကို အာဏာရလိုမှု တစ်ခုတည်းနှင့် ကိုယ်ကျိုးရှာကြသည့်သူတွေ၊ နောက်ကွယ်က မနာလိုမရှုစိမ့်သည့်သူတွေက ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ ရက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် နေ့ဖြစ်သည်။ ထို့အတွက် ပြည်သူများက မြန်မာလွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့သူတွေကို ထိုက်ထိုက်တန်တန် ပြည်သူ့နှလုံးအိမ်ထဲ နေရာပေးခဲ့ခြင်းဖြစ်သည်။

ထို့နေ့က  ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ လွတ်လပ်ရေးရပြီး နောက်ပိုင်း တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ဘုရင်ခံ ကောင်စီအစည်းအဝေးကို ကျင်းပနေခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ဂဋ္ဌုန် ဦးစောနှင့် အပေါင်းအပါတစ်သိုက်စေလွှတ်လိုက်သည့် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဗိုလ်ချုပ်အောင်ဆန်း(ဘုရင်ခံကောင်စီဒု-ဥက္ကဌ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန) ၊သခင်မြ(ဘဏ္ဍရေးနှင့် အခွန်တော်ဌာန)၊ ဦးဘဝင်း(ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာန)၊ ဒီးဒုတ်ဦးဘချို(ပြန်ကြားရေးဌာန)၊ အဗ္ဗဒူ ရာ ဇတ်- (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန)၊ မန်းဘခိုင်(စက်မှုလက်မှုနှင့် အလုပ်သမားဌာန) ၊မိုင်းပွန်စော်ဘွား ကြီးစပ်စံထွန်း(တောင်တန်းရေးရာဌာန)နှင့် ဦးအုံးမောင် (ဒုတိယအတွင်းဝန် လမ်းပန်းဆက်သွယ်ရေးဌာန)တို့ ကျဆုံးခဲ့ရပြီး သေနတ်သံကြားသဖြင့် ပြေးထွက်လာသည့် အဗ္ဗဒူရာဇတ်၏  အပါးတော်မြဲ ရဲဘော်ကိုထွေးလည်း ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ထို့နေ့နှင့် ပတ်သက်ပြီး ဆရာဒဂုန်တာရာရေးသည့် “ဦးအောင်ဆန်း၏နောက်ဆုံးနေ့”ဆောင်းပါး နောက်ဆုံးအပိုဒ်ကို ဖတ်ကြည့်လျှင် ပြည်သူတွေရင်တွင်းက ခံစားချက်အချို့ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ထိုဖော်ပြချက် ကိုကြည့်ပါ။

“လူတို့သည်"ဖြစ်မှဖြစ်ရလေ၊ဖြစ်မှ ဖြစ်ရလေ"ဟု တတွတ်တွတ် မြည်တမ်းရင်းမှပင် ညနေစောင်း လာတော့သည်။ဗိုလ်ချုပ်ဆုံးကြောင်းကား ညနေသတင်းစာများမှနေ ကြားရလေပြီ။မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။လမ်းမပေါ်မှ စက်ပြင်ဆရာတစ်ဦး၏ မိန်းမတစ်ယောက် ပါးစပ်မှ"ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊စားချင်စိတ်လည်း မရှိတော့ပါဘူး ရှင်"ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။အိမ်သားများဆုံတိုင်း ညနေခင်းက အကြောင်းအရာကိုသာ ပြောကြသည်။ရှိုက်သံ၊တမ်းတသံ၊ညည်းညူသံ၊တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစောအိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။ညဉ့်နက်သော်လည်း ချောင်းဟန့်သံ၊လူးလွန့်သံ တို့သည် ဆက်နေသည်။ရှဲခနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည်။တစ်ရေးနိုးဆုံလျှင် "ဘယ်တော့များမှ မေ့ပျောက် ပါ့မလဲနော်"ဟု အိပ်ချင်သံနှင့် ဆိုကြသည်။တစ်ရေးနိုးတိုင်း သတိရလျက် ရှိသည်။မကြာခဏ အိပ်မက်ပြီးနိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။”ဟု ။

ဒီလုပ်ကြံမှုအကျိုးဆက်ကြောင့် တိုင်းပြည်မှာ ယခုထိတိုင် ဆုံးရှုံးမှု ကြီးမားနေရဆဲပင် ဖြစ်သည်။ မည်မျှ တိုင်းပြည်အတွက် နစ်နာသည်ကို ကြည့်လိုလျှင် ၁၉၆၄ ခုနှစ်မှာ ဆရာဇော်ဂျီရေးခဲ့သည့်  “ပြောလိုက်ပါဘိ၊ ဟောပါဘိ” ကဗျာကို ယနေ့ခေတ်နှင့် ချိန်ထိုးကြည့်လျှင် သိနိုင်မည် ဖြစ်သည်။       

“ ပြောလိုက်ပါဘိ ဟောပါဘိ”

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊

မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊

သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊

အူယားဖါးယား၊

ကစားရာမှ၊ နွားရုပ်ချ၍၊

နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊

ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊

ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍၊

ထိုမှဤမှ၊ တို့လမ်းမတွင်၊

ပျံကြဝဲကြ၊ ငရဲကသို့၊

အုံကြွမြည်အာ၊ မသာယာကို၊

ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊

သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊

ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊

မြေခသတင်း၊ မိုးကြိုးခွင်းသို့၊

အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊

မချင်မရဲ၊ ဝမ်းနဲခံခက်၊

မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊

ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊

သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊

မြတ်စေချင်၏၊ မင်းမြင်ငါကြား၊

စကားဥဒါန်း၊ ဆန်း၏သတ္တိ၊

ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊

ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊

ခေါင်းဆောင်သဘော၊ မင့်သားချောကို၊

ပြောလိုက်ပါဘိ ဟောပါဘိ။

            ထိုကဗျာက  ကျနော်တို့ကို အာဇာနည်၏ သတ္တိနှင့် အနစ်နာခံမှုများကို တွေးတတ်အောင် မျက်စိဖွင့်ပေးခဲ့သည်။ကျောင်းစာသင်ရိုးအဖြစ် ပြဋ္ဌာန်းသည့်အခါ ဆရာဖြစ်သူက တစ်ကြောင်းချင်း တစ်ပုဒ်ချင်းအနက် အဓိပ္ပာယ် ဖွင့်ဆိုပြခဲ့သဖြင့် အာဇာနည်ဆိုသည်မျိုးကို လေးစားအားကျစိတ် ဖြစ်ထွန်းစေခဲ့သည်။ အနစ်နာခံမှုကို ဖြစ်ထွန်း စေခဲ့သည်။

သို့သော် တချို့မှလွဲ၍ဖြစ်သည်။

 မောင်ဦးလွင်