【 ဆောင်းပါး 】 အာဇာနည်နေ့ပေါင်းများစွာ

【 ဆောင်းပါး 】 အာဇာနည်နေ့ပေါင်းများစွာ

နှစ်စဉ် နှစ်တိုင်း ဇူလိုင် ၁၉ ရက်သို့ရောက်သည့်အခါ အာဇာနည်နေ့ တစ်နှစ်ထပ်ရောက်ပြန်ပြီဟု စိတ်မှာမှတ်သားမိသလို လွတ်လပ်ရေးလမ်းခုလပ်တွင် ကျဆုံးခဲ့သော နိုင်ငံခေါင်းဆောင်ကြီးများ၏ရည်မှန်းချက် ပြည့်၀ နေပြီလား၊ ဘယ်လောက်ထိရောက်သွားပြီလဲဆိုသည်ကို ပြန်လည်ဆန်းစစ်မိသည်က ကျောင်းဆရာတစ်ဦးဖြစ် သည့် ကျွန်တော့်၏ဉာဉ်ပင်ဖြစ်သည်။

ကျွန်တော်တို့ငယ်ငယ် ၁၉၈၀ ဝန်းကျင်ကာလတုန်းက အလယ်တန်းကျောင်းသားအရွယ်တွင်ရေးခဲ့သော အာဇာနည်နေ့ စာစီစာကုံးမှာ ယခုထိသုံးလို့ရနေသည်၊ ခေတ်နှင့်ထင်ဟပ်နေဆဲဖြစ်သည်ကို မြင်ရသည့်အခါ ကျွန်တော်စိတ်ထဲ မသက်မသာဖြစ်မိသည်။

ဒီနှစ်အာဇာနည်နေ့က လက်ရှိနိုင်ငံရေးအခြေအနေနှင့် ဆိုးဝါးနေသည့်ကပ်ဘေးကြောင့် လူတိုင်းကြေကွဲ ဝမ်းနည်းခံပြင်းမှုဖြင့် ပိုပြီး ဗိုလ်ချုပ်တို့ကိုသတိရမိသည်ကအမှန်။အဂတိတရားကင်းရှင်းသည့် ဗိုလ်ချုပ်အောင် ဆန်းတို့ခေတ်က ခေါင်းဆောင်ကောင်းတွေ၏ တိုင်းပြည်အပေါ်ထားသည့် စိတ်စေတနာကို လက်ရှိလူတွေက ခြေ ဖျားမှုန်လောက်တောင်မမီသည့်အခါ ဗိုလ်ချုပ်တို့ ခေါင်းဆောင်တွေ၏ ရည်မှန်းချက်မပြည့်၀တာကို အပြစ် မတင်လိုတော့။

ငယ်စဉ်က အာဇာနည်ဆိုသည်ကို အများအကျိုးအတွက် ကိုယ့်အကျိုးကိုစွန့်စားသူများကိုဆိုလိုကြောင်း ဖော်ပြသည်ကိုတွေ့ရသည်။ပါဋ္ဌိတွင်မူ အာဇာနည်ကို “အာ ဘုသော ကာရဏာ ကာရဏံ ဇာနာ တီတိ အာဇာ နီယော” ဟု ဆိုထားသည်။အဓိပ္ပါယ်က “အကြောင်းဟုတ်သည်၊ မဟုတ်သည်၊ အမှား၊ အမှန်ကို ပြင်းပြင်းထန်ထန်သိသူ” ဟု ဖွင့်ဆိုထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံကို ကိုလိုနီခေတ်ကနေလွတ်မြောက်အောင် နိုင်ငံကို ဦးဆောင်မှုပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမှာ သူနှင့်ခေတ်ပြိုင် ပတ်ဝန်းကျင်နိုင်ငံများကပင် လေးစားတန်ဖိုးထားရသူဖြစ်သည်။

အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဂျဝါဟာလာနေရူး က သူ့သမီးဖြစ်သူ အင်ဒီရာဂန္ဒီ ကို ''နယ်ချဲ့လက်အောက်မှ လွတ်မြောက်လုဆဲ အာရှနိုင်ငံများကို မှန်ကန်သောခေါင်းဆောင်မှုပေးနိုင်သူမှာ မြန်မာပြည်မှ အောင်ဆန်းသာဖြစ်သည်ဟု ပြောခဲ့သည်ကို ဖတ်ခဲ့ရသလို ထိုစဉ်က Forum မဂ္ဂဇင်းကလည်း ဗိုလ်ချုပ်လုပ်ကြံခံရသောအခါ Not Burma, but Asia has lost a great leader ဆိုပြီး ဖော်ပြခဲ့သည်။ထိုခေတ်က ဗိုလ်ချုပ်တစ်ဦးတည်းသာ လူတော်လူရည်ချွန်နှင့် တိုင်းပြည်အပေါ် စေတနာကောင်းသည်မဟုတ်။ဗိုလ်ချုပ်နှင့်အတူ နိုင်ငံ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူများမှာလည်း နိုင်ငံအတွက် အသက်ပေးရဲခဲ့တဲ့သူများ၊ အသက်စွန့်လွှတ်ဝံ့သူများပင်ဖြစ်သည်။

သတိထားမိသလောက် ကမ္ဘာပေါ်တွင် ပြည်ပရန်အတွက် ကျူးကျော်စစ်ကိုခုခံရင်း နိုင်ငံအတွက် အသက် စွန့်လွှတ်ခဲ့ရသူတို့ကို တန်ဖိုးထားကြသည်ကို တွေ့ရသည်။တချို့နိုင်ငံများတွင် သေဆုံးသည်မှာ နှစ်ပေါင်း ရာနှင့်ချီကာ ရှိနေသော်လည်း ယခုအချိန်ထိ အလေးအမြတ်ထားနေကြဆဲ။ထိုသို့သောနိုင်ငံများတွင် ကွယ်လွန်သူတို့ အုတ်ဂူအပေါ် တံတွေးထွေးတတ်သည့်အကျင့်မျိုးမရှိသလို ထိုအာဇာနည်နေ့အဖြစ် မသတ်မှတ်ထားသော်လည်း သူတို့၏ကျေးဇူးကိုလည်းအထူးတလည် အောက်မေ့တန်ဖိုးကြသည်။

သိရသလောက် ကမ္ဘာပေါ်တွင်  အာဇာနည်နေ့သတ်မှတ်ထားသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံရှိသည်။အများစုမှာ စစ်ပွဲများအတွင်းကျဆုံးခဲ့သည့် ပြည်သူများ၊ စစ်သားများကို ဂုဏ်ပြုကြသည်က များသည်။သို့သော် အာဖဂန်နစ္စတန်၊ အိန္ဒိယနိုင်ငံ၊ နီပေါနှင့် မြန်မာနိုင်ငံတွင်သာ လုပ်ကြံခံရသော နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို အာဇာနည်နေ့ အဖြစ် ဂုဏ်ပြုကြသည်။

မြန်မာနိုင်ငံ၏ အာဇာနည်တွေကတော့ ရှုပ်ထွေးလှသည့် နိုင်ငံရေးနောက်ခံတို့ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။ထိုအချိန်က မြန်မာနိုင်ငံလွတ်လပ်ရေးရရန် လပိုင်းသာလိုတော့သည့်အချိန်။တစ်ခါတစ်လေ ထိုရက်ကို ဗိုလ်ချုပ်တို့ကျော်ဖြတ်နိုင်ခဲ့လျှင် မြန်မာနိုင်ငံ၏အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ကူးနှင့် တစ်ခါတစ်လေတွေးမိသည်ပင် စိတ်ကူးထဲ နိုင်ငံအတွက် အတော်လေးစိတ်ချမ်းသာရသည်။

တကွဲတပြားဖြစ်နေသည့် တိုင်းရင်းသားများကို ဗိုလ်ချုပ်တို့က လက်ရုံးရည်မဟုတ်ဘဲ နှလုံးရည်ဖြင့် စည်းရုံးနိုင်ခဲ့သူတွေဖြစ်သဖြင့် ဗိုလ်ချုပ်တို့သာဆက်ရှိနေလျှင် ယခုဖြစ်နေသည့် ပြဿနာတွေဆိုတာ ယခုချိန်ဆို ပြတိုက်ထဲမှာတောင်ထားရမည်ဖြစ်သွားနိုင်သည်ဟု ကျောင်းဆရာပီပီ ကျွန်တော်ရှည်ရှည်လျားလျားတွေးမိသည်။

ဗိုလ်ချုပ်၏နှလုံးရည်နှင့်ပတ်သက်ပြီး သမိုင်းပညာရှင် ဒေါက်တာဂျီအိတ်ချ်လုစ်ကပင် ''မြန်မာ့သမိုင်းတွင် ကျန်စစ်သားပြီးလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လက်နက်မပါဘဲ ပထမဆုံးစွမ်းဆောင်နိုင်သူ'' ဟုပင် ဆိုခဲ့ရသည်အထိဖြစ်သည်။

အာဇာနည်နေ့ရောက်လျှင် ယခုထိတိုင် အပြတွေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးခဲ့သည့် နိုင်ငံ့ခေါင်း ဆောင်များကို တန်ဖိုးထားပြ လွမ်းဆွတ်ပြကြသည်။

ဗိုလ်ချုပ်တို့ဖြစ်စေချင်သည့် လမ်းကြောင်းကို လျှောက်ကြဖို့ဆိုတာ ယခုထိမမြင်ရသေး။ဗိုလ်ချုပ်လုပ်ကြံခံရသည့် ၁၉၄၇ ခုနှစ် ဇူလိုင်ကနေ ၇၄ နှစ်ကြာ ၂၀၂၁ ခုနှစ် ဇူလိုင်အထိ ယခုထိတိုင် ပြည်သူများမှာ လိုချင်သည့်လွတ်လပ်ရေးအသီးအပွင့်ကို မခံစားရသေးသဖြင့် လက်သီးဆုပ်ပြီး အံကိုကြိတ်နေရဆဲ။မျက်ရည်သီနေရဆဲ။ဝမ်းနည်းနေရဆဲ။

မောင်ဦးလွင်
ဇူလိုင် - ၁၉