【 ဆောင်းပါး 】 အာဏာရှင်ဆန့်ကျင်ရေး ဆောင်း

【 ဆောင်းပါး 】 အာဏာရှင်ဆန့်ကျင်ရေး ဆောင်း

အေးမယ်ဆို နိုဝင်ဘာလလယ်လောက်ကတည်းက အေးရမည့်ဆောင်းသည် နွေခေါင်ခေါင်ပမာ လုံးဝဆီမလာပဲမလာ။ထိုသို့စိတ်ပျက်စရာကောင်းလှသော ရန်ကုန်တွင် စွပ်ကျယ်ရယ် ဘောင်းဘီတိုရယ် ချွေးတရွှဲရွှဲရယ်ဖြင့် ပူစပ်ပူလောင်ညများကိုသာ ဖြတ်သန်းခဲ့ရသည်။နှစ်တိုင်းလိုလို နွေပမာတောက်လောင်နေသော ဆောင်းရာသီကို ဖြတ်သန်းရသည်မှာ နှစ်ရှည်ကြာပြီမို့ သိပ်ထူးဆန်းသည်တော့ မဟုတ်ပေ။

ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ထိ ပူစပ်ပူလောင် ရန်ကုန်ကို ဖြတ်သန်းခဲ့သည်။နံနက် ၅ နာရီကျော်၊ နည်းနည်းပါးပါး အေးသင့်သည့်အချိန်တွင်ပင် လုံးဝမအေးသဖြင့် ရေချိုးရုံတင်မက ခေါင်းပါလျှော်လိုက်သေးသည်။လမ်းမပေါ်ရောက်တော့လည်းမအေး၊ လိုင်းကားပေါ်တွင် အနွေးထည်ခပ်ပါးပါး ဝတ်ထားသူများကို မတွေ့ရသဖြင့် မိမိနေထိုင်ရာ လှိုင်မြို့နယ်တင်မက လိုင်းကား၏ဂိတ်ရင်းဖြစ်သော လှိုင်သာယာတွင်လည်း မအေးသည့်အဓိပ္ပါယ်။

တာမွေဟိုဘက် အေဘီစီကားမှတ်တိုင် ရောက်တော့လည်း နိုး။တက္ကစီပေါ်မှမြင်ရသော သာကေတသည်လည်း ပြင်ဦးလွင် ဆွယ်တာပါးပါး ဆင်ထားသော မိန်းမလှတစ်ဦးကိုပင် မမြင်ရ။ရန်ကုန်တွင် ဆောင်းရာသီမပြောနဲ့၊ မဟာဆောင်းရာသီရှိခဲ့လျှင်ပင် လုံးဝမအေးစေရဟု အံတင်းတင်းကြိတ်လို့ သံန္နိဌာန်ချထားသည့်ပမာ။

သံလျင်တံတား၏ ဟိုဘက်ကိုရောက်တော့ ခပ်ပါးပါးအနွေးထည်အချို့ကို မြင်လိုက်ရသဖြင့် ဆောင်းကိုအေးစေချင်သည့် စိတ္တဇရှိသူ ကျနော်နည်းနည်းပျော်မိသည်။ကျနော်သွားနေသည်မှာ ခဏတာ မိသားစု စုဖွဲ့ပျော်ရွှင်စေရာ သုံးခွမြို့။

သန်လျင်ကို ကျော်ပြီးနောက် ကျနော်ငိုက်ကျသွားသဖြင့် ဆောင်းနှင့် အအေး ငေးမိငေးရာ ကျေးလက်ရှုမျှော်ခင်းများနှင့် ခေတ္တအဆက်ပြတ်သွားသည်။သုံးခွမြို့သို့ နံနက် ၈ နာရီကျော် ရောက်ရှိသည့်အချိန်တွင် မပြယ်သေးသော အအေးဓာတ်ခပ်ပါးပါးကို ထိစမ်းမိသဖြင့် နည်းနည်းပျော်သွားမိသည်။သုံးခွမြို့၏ ဆောင်းရာသီကို တီးကြည့်ခေါက်ကြည့်တော့ ဆောင်းရာသီဖြစ်ကြောင်းသိရှိရုံ အအေးဓာတ်ပါးပါးရှိသည်ဟု သိရသဖြင့် ရန်ကုန်ထက် များစွာသာသည့် သဘောဖြစ်သည်။

ဒီဇင်ဘာ ၅ ရက်နေ့ ညနေစောင်းတော့ အအေးဓာတ်က ပိုသိသာလာသည်။ညအိပ်ယာဝင်သည့်အခါ အိမ်ပြတင်းပေါက်များကို ပိတ်ထားသည့်တိုင် အအေးဓာတ်က ကုတင်ပေါ်ထိရောက်လာသဖြင့် စောင်ထူထူတစ်ထည် ခပ်တင်းတင်းခြုံထားရသည်။သုံးခွသူ ကျနော့်မိန်းမက ‘အရင်ညတွေထက် သိသိသာသာ ပိုအေးလာတယ်’ တဲ့။

ကွေးလို့ကောင်းသောညမို့ တရေးမှမနိုး၊ ကွေးလိုက်သည့်အကွေးက ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီမှ နိုးသည်။မျက်နှာသစ်ရန် ရေထဲလက်နှိုက်လိုက်သည့်အခါ ကျင်ခနဲဖြစ်သွားသည်အထိ ဆောင်းဖြစ်ကြောင်း ခပ်တင်းတင်းနိမိတ်ပြသည်။ ကျွနိုပ်တို့၏ ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးရန် လိုအပ်ကြောင်း သက်သေပြလိုက်သည့် ဆောင်းလည်းဖြစ်သည်။

ယခုလို ဆောင်းယောင်မဆောင်သော ဆောင်းကိုမြင်တော့ ယခုထက် ဆောင်းပိုပီသသော ကျနော့်ငယ်ဘဝ ဆောင်းကို ပြန်သတိရမိသည်။ပြီးခဲ့သည့် ၃၅ နှစ်ဝန်းကျင်ကာလ ကျနော့်ဇာတိမြေ မွန်ပြည်နယ်၊ ဘီလူးကျွန်းပေါ်မှ ဆောင်းဖြစ်သည်။ထိုအချိန်က ဆောင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုသည့် ဝေါဟာရကိုပင် မကြားဖူးသေးသည့်ဆောင်းမို့် နိုဝင်ဘာလမှာပင် မနက်ခင်း အိပ်ယာမထချင်သည့် ဆောင်းဖြစ်သည်။

သို့သော်၊ ကျောင်းသားသည် ကျောင်းသွားရမည့်တာဝန်ရှိသဖြင့် နံနက်စောစော ၆ နာရီ မထချင်လည်းထရ၊ မျက်နှာသစ်ဖို့အရေး ၅ မိနစ်လောက် အားယူပြီးမှ ကဗျာကရာသစ်ရ။ပြီးတာနဲ့တစ်ပြိုင်နက် မီးပုံရှိရာ အပြေးလှုံရသည်။

ကျနော်တို့တောမှာက ခြံများက ခပ်ကျယ်ကျယ်။ကျနော်တို့ခြံ အနောက်ဘက်ခြမ်းတွင် ဝါးပင်များ သိပ်ပေါသဖြင့် ကြွေကျနေသည့် ဝါးရွက်များက ပေါပေါလောလော။လူကြီးများက ထိုဝါးရွက်များ လှဲ၊ စုပုံလိုက်ပြီးနောက် မီးရှို့လိုက်သည့်အခါ မီးပုံကြီးက တရှဲရှဲ။လောင်စာဝါးရွက်များက လိုသလောက်ရနေသဖြင့် မီးပုံကြီးက ကိုယ်တွေလိုသလောက် တောက်လောင်လို့။ကျနော်တို့ကလေးများ မခွါနိုင်မခွါရက်ဖြစ်ခဲ့ဖူးသော မီးပုံကြီးဖြစ်သည်။မီးပုံကြီးရှေ့ မျက်နှာချင်းဆိုင် ဆောက်ဆောက်ထိုင်၊ လက်နှစ်ဖက်ကို ရှေ့သို့ဆန့် ထုတ်လျက် မီးကင်။ခပ်နွေးနွေးဖြစ်သွားပြီဆို မီးပုံကြီးကို နောက်ကျောပေး ထပ်လှုံ။မီးဖိုပေါ် ငါးခြောက်ဖုတ်နေသလို ဟိုဘက်လှန်လိုက် ဒီဘက်လှန်လိုက်ဖြင့် မီးပုံကြီးဘေးမှ ခွါရမှာကြောက်သော ဆောင်းဖြစ်သည်။

ယခုပစ္စက္ခဆောင်းမှာ ကျနော်ငယ်ငယ်တုန်းက ဆောင်းကိုမမှီသော်လည်း အမှီလိုက်လာသော ဆောင်းဖြစ်သည်။ဖြတ်ခနဲရောက်လာသော ဆောင်းမို့လား၊ သုံးခွသည် သိပ်ကျေးလက်မဆန်ခြင်းကြောင့်လားတော့ မသိ။သုံးခွမြို့ပေါ်တွင် ကျနော်ငယ်ငယ်တုန်းကလို မီးပုံမျိုးမတွေ့ရ။

သုံးခွမှာမို့ အေးသလားဟု သိချင်သဖြင့် သစ်ရိပ်ဝါးရိပ်ရှိသော ရန်ကုန်မြို့၊ ဒဂုံကျေးလက်မှ ကဗျာဆရာ မောင်လင်းရိပ်ဆီ ဖုန်းဆက်မေးကြည့်တော့ ဒီဇင်ဘာ ၆ ရက်ကျမှ ရုတ်တရက်အအေးခန်းထဲရောက်သလို အအေးဓာတ်ရောက်လာ၍ ယနေ့နံနက် လမ်းလျှောက်ပင်ပျက်ခဲ့ကြောင်း ဆိုသည်။

နံနက် ၁၀ နာရီဝန်းကျင် 7Day နေ့စဉ်ကို ဖတ်ရသည့်အခါကျမှ တရုတ်နိုင်ငံဘက်မှ လေအေးများ မြန်မာနိုင်ငံဘက်သို့ ဝင်လာ၍ ရန်ကုန်အပါအဝင် ဒေသအများစုတွင် အအေးပိုလာနိုင်ကြောင်း သိလိုက်ရသည်။လေအေးများဖြတ်သန်းမည့်ရက်မှာ ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်းဟု ဆိုသဖြင့် အဖျားခတ်ရက်များကိုပါ ထည့်ပေါင်းပါက မအေးသော ရန်ကုန်၌ ၁၀ ရက်နီးပါး အေးမည့်သဘောဟု မှတ်ယူရသည်။

ကျနော်တို့ ရန်ကုန်ဝန်းကျင်အတွက် ကြုံတောင့်ကြုံခဲ အအေးဓာတ်ပါသော ဆောင်းမို့လားမသိ။လူမှုကွန်ရက်ပေါ်တွင် ဆောင်းအကြောင်း ပြောကြဆိုကြသည်အထိ ယခုနှစ်ဆောင်းသည် သိသာစွာအောင်မြင်လာခဲ့သည်။

လူမှုကွန်ရက်ပေါ် ဆောင်းဋီကာဖွဲ့ပြရုံဖြင့် အားမရသော ငယ်သူငယ်ချင်းတစ်ဦးမှာမူ ကျနော့်ထံ လှမ်းဖုန်းဆက်ကာ ငယ်ငယ်တုန်းက ဆောင်းများအကြောင်း ဆက်လက်ခံစားပြသည်။သူခံစားပြသော ဆောင်းမှာ အနွေးထည်မထူ၊ စောင်မထူဖြင့် ကျနော်တို့ဖြတ်ခဲ့ဖူးသော မုံရွာထောင်နှင့် မန္တလေးထောင်တွင်းက ဆောင်းအကြောင်းဖြစ်သည်။ပြောရလျှင် အေးလွန်းသဖြင့် ညနှင့်နံနက်ရောက်မှာ ကျနော်တို့ ကြောက်ခဲ့မိသော ဆောင်းဖြစ်သည်။

‘ဒါနဲ့၊ မင်းဘယ်လောက်ထိအေးတဲ့ ဆောင်းမျိုးကိုကြိုက်လဲ။’ ဟု မိတ်ဆွေက ကောက်ကာငင်ကာမေးတော့ ကိုယ်ဖြတ်ခဲ့သော ဆောင်းများအကြောင်း စဉ်းစားရပြန်သည်။

ရှမ်းကဲ့သို့ ကချင်ကဲ့သို့ မြန်မာ့အအေးပိုင်းဒေသများမှ ဆောင်းကို ကျနော်မထိတွေ့ဖူးသဖြင့် မည်မျှအေးသလဲမသိ။နှစ်ခါပြန်ရေခဲနိုင်သော တရုတ်နိုင်ငံ ဘေဂျင်းမြို့ဆောင်းကို ကျနော်နှစ်ကြိမ်ဖြတ်ခဲ့ဖူးသဖြင့် ဘေဂျင်းဆောင်းအား ကြိုက်၊ မကြိုက် စဉ်းစားမိရသည်။

ဘေဂျင်းဆောင်းမှာ ယခုလို ဒီဇင်ဘာဆို ရေခဲသည်ထက် ကျော်လွန်နေပြီ။ထို့ကြောင့် ဘေဂျင်းဆောင်းကို ခုခံဖို့ရာ ခေါင်းတွင်ခေါင်းစွပ်၊ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပုံမှန်ရှပ်အင်္ကျီတစ်ထည်၊ သူ့အပေါ်တွင် ပြင်ဦးလွင်ဆွယ်တာလိုမျိုး တစ်ထည်နှင့် နောက်ထပ်ကုတ်ထူထူကြီးတစ်ထည်။အောက်ပိုင်းတွင် အသားကပ်ဘောင်းဘီ (သို့မဟုတ်) အတွင်းခံဘောင်းဘီရှည်တစ်ထည်နှင့် သူ့အပေါ်တွင် ဂျင်းခပ်ထူထူတစ်ထည်။ပြီးတော့ လက်တွင်လက်အိတ်။ပြောရလျှင် မျက်နှာကလွဲ မည်သည့်အသားစမှ ပေါ်ထားဖော်ထား၍မရသော ၂၄ နာရီပြည့် နှိပ်စက်နေသည့်ဆောင်း။ဘေဂျင်းဆောင်းကို မကြိုက်ရုံမက ကြောက်ပါကြောက်ခဲ့ရသည်။

ကျနော်က ရူးမတတ်အေးသောဆောင်းကို မကြိုက်။ခပ်ပါးပါးအေးသော ဆောင်းကိုလည်း မကြိုက်။ကျနော်တို့ငယ်ငယ် ၁၉၈၈ ခုနှစ် ဝန်းကျင် ခပ်သဲသဲအေးသော ရန်ကုန်ဆောင်းမျိုးကတော့ မဆိုး။ထို့ကြောင့် ထိုသို့သောဆောင်းမျိုးကို ကျနော်အကြိုက်တွေ့မိကြောင်း ပြောပြမိသည်။ပြီးတော့ အာဏာရှင်ဆန့်ကျင်ရေးဆောင်းမို့ ပိုအမှတ်ရမိကြောင်း ထပ်အထူးပြုလိုက်တော့ ကျနော့်မိတ်ဆွေက နားမလည်။

‘ဆောင်းဆိုတာကြီးက ဘယ်လို အာဏာရှင်ဆန့်ကျင်တာလဲ’ ဟု မိတ်ဆွေကမေးသဖြင့် ထပ်အသေးစိတ်ပြမိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို လူသတ်လက်နက်ဖြင့် ဖြိုခွင်းကာ အာဏာကိုလုယက်၊ တစ်တိုင်းပြည်လုံး ကျက်သရေယုတ်ပြီးခါစဖြစ်သည်။၁၉၈၈ ခုနှစ် ဆောင်းကာလ နံနက်တွင် ရန်ကုန်မြို့ နေရာများစွာတို့၏လမ်းပေါ် ခဲနေသောလူငယ်အုပ်စုကြီးအား တွေ့ရသည်။ဦးဝိစာရလမ်းမပေါ်ဆိုလျှင် မနက် ၄ နာရီခန့်ကတည်းကပင် တိုးလို့ကြိတ်လို့။
သူတို့အားလုံးသည် ကျန်းမာရေးအတွက် လမ်းမပေါ်ထွက်လာကြခြင်း ဖြစ်သည်။တချို့ကစက်ဘီးများဖြင့်အုပ်စုလိုက်၊ တချို့က လမ်းလျှောက် (သို့မဟုတ်) ပြေးပြေးလွှားလွှား။သူတို့အားလုံး၏ မသိစိတ်ထဲတွင်မူ လူစုလူဝေးမြင်လျှင် သေနတ်ဖြင့်သတ်ပစ်သည့် အာဏာရှင်တို့အား ကျန်းမာရေးအကြောင်းပြကာ လမ်းမပေါ်တက် ဆန့်ကျင်ကြခြင်းဟု ကျနော်နားလည်မိသည်။

နောက်တစ်နှစ် ဆောင်းကိုရောက်တော့ မနက်ခင်းစက်ဘီးစီးထွက်ခြင်းသည် လူငယ်များကြား ဖက်ရှင်တစ်ခုပမာ ဖြစ်လာသည်။လူငယ် ကျား၊ မ မာဖလာကိုယ်စီ၊ စက်ဘီးကိုယ်စီ၊ လွတ်လပ်မှုကိုယ်စီ၊ အိပ်မက်များကိုယ်စီ၊ အာဏာရှင်ဆန့်ကျင်စိတ်ကိုယ်စီဖြင့် ဆောင်းနံနက်တိုင်းကို ဆောင်း ၃ ကြိမ်မက ကျနော်တို့နက်ရှိုင်းခဲ့ကြသည်။

လူစုလူဝေးမြင်လျှင် ကြောက်တတ်သော အာဏာရှင်တို့ကလည်း ဆောင်းနံနက်စောစောတွင် ကားများဖြင့်ဝီလို့။စက်ဘီးစီးနေသော လူငယ်များကိုမြင်လျှင် ကားပေါ်မှနေ၍ တုတ်ဖြင့်ရိုက်၊ ကြာပွတ်ဖြင့်ရိုက်ကာ လမ်းမပေါ်ဆက်တက်မရဲအောင် သူတို့ကျွမ်းကျင်သော အကြမ်းဖက်နည်းကို တွင်တွင်သုံးလို့။မည်သို့ပင် ရိုက်စေနှက်စေ ဆောင်းနံနက် လမ်းမပေါ်တက်လာသော လူငယ်များကို အာဏာရှင်တို့ မဖြိုခွင်းနိုင်ခဲ့ပေ။ရှစ်လေးလုံးအရေးတော်ပုံကြီးမှသည် ချမ်းချမ်းစီးစီး ဆောင်းနံနက်ခင်းမှသည် အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ကျနော်တို့ ဆက်လက်သယ်ဆောင်ခဲ့ကြသည်။အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်သည် ယနေ့ထိတိုင် ကျနော်တို့နှလုံးသားထဲ ခိုင်မြဲနေဆဲဖြစ်သည်။
အာဏာရှင်ရှိနေသ၍ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ကျနော်တို့ ဆက်လက်သယ်ဆောင်ရဦးမည်ဖြစ်သည်။

လင်းဆက်ငြိမ်းချမ်း
ဒီဇင်ဘာ - ၁၄

( Zawgyi )

ေအးမယ္ဆို ႏိုဝင္ဘာလလယ္ေလာက္ကတည္းက ေအးရမည့္ေဆာင္းသည္ ေႏြေခါင္ေခါင္ပမာ လုံးဝဆီမလာပဲမလာ။ထိုသို႔စိတ္ပ်က္စရာေကာင္းလွေသာ ရန္ကုန္တြင္ စြပ္က်ယ္ရယ္ ေဘာင္းဘီတိုရယ္ ေခြၽးတ႐ႊဲ႐ႊဲရယ္ျဖင့္ ပူစပ္ပူေလာင္ညမ်ားကိုသာ ျဖတ္သန္းခဲ့ရသည္။ႏွစ္တိုင္းလိုလို ေႏြပမာေတာက္ေလာင္ေနေသာ ေဆာင္းရာသီကို ျဖတ္သန္းရသည္မွာ ႏွစ္ရွည္ၾကာၿပီမို႔ သိပ္ထူးဆန္းသည္ေတာ့ မဟုတ္ေပ။

ဒီဇင္ဘာ ၅ ရက္ေန႔ နံနက္ထိ ပူစပ္ပူေလာင္ ရန္ကုန္ကို ျဖတ္သန္းခဲ့သည္။နံနက္ ၅ နာရီေက်ာ္၊ နည္းနည္းပါးပါး ေအးသင့္သည့္အခ်ိန္တြင္ပင္ လုံးဝမေအးသျဖင့္ ေရခ်ိဳး႐ုံတင္မက ေခါင္းပါေလွ်ာ္လိုက္ေသးသည္။လမ္းမေပၚေရာက္ေတာ့လည္းမေအး၊ လိုင္းကားေပၚတြင္ အေႏြးထည္ခပ္ပါးပါး ဝတ္ထားသူမ်ားကို မေတြ႕ရသျဖင့္ မိမိေနထိုင္ရာ လႈိင္ၿမိဳ႕နယ္တင္မက လိုင္းကား၏ဂိတ္ရင္းျဖစ္ေသာ လႈိင္သာယာတြင္လည္း မေအးသည့္အဓိပၸါယ္။

တာေမြဟိုဘက္ ေအဘီစီကားမွတ္တိုင္ ေရာက္ေတာ့လည္း ႏိုး။တကၠစီေပၚမွျမင္ရေသာ သာေကတသည္လည္း ျပင္ဦးလြင္ ဆြယ္တာပါးပါး ဆင္ထားေသာ မိန္းမလွတစ္ဦးကိုပင္ မျမင္ရ။ရန္ကုန္တြင္ ေဆာင္းရာသီမေျပာနဲ႔၊ မဟာေဆာင္းရာသီရွိခဲ့လွ်င္ပင္ လုံးဝမေအးေစရဟု အံတင္းတင္းႀကိတ္လို႔ သံႏၷိဌာန္ခ်ထားသည့္ပမာ။

သံလ်င္တံတား၏ ဟိုဘက္ကိုေရာက္ေတာ့ ခပ္ပါးပါးအေႏြးထည္အခ်ိဳ႕ကို ျမင္လိုက္ရသျဖင့္ ေဆာင္းကိုေအးေစခ်င္သည့္ စိတၱဇရွိသူ က်ေနာ္နည္းနည္းေပ်ာ္မိသည္။က်ေနာ္သြားေနသည္မွာ ခဏတာ မိသားစု စုဖြဲ႕ေပ်ာ္႐ႊင္ေစရာ သုံးခြၿမိဳ႕။

သန္လ်င္ကို ေက်ာ္ၿပီးေနာက္ က်ေနာ္ငိုက္က်သြားသျဖင့္ ေဆာင္းႏွင့္ အေအး ေငးမိေငးရာ ေက်းလက္ရႈေမွ်ာ္ခင္းမ်ားႏွင့္ ေခတၱအဆက္ျပတ္သြားသည္။သုံးခြၿမိဳ႕သို႔ နံနက္ ၈ နာရီေက်ာ္ ေရာက္ရွိသည့္အခ်ိန္တြင္ မျပယ္ေသးေသာ အေအးဓာတ္ခပ္ပါးပါးကို ထိစမ္းမိသျဖင့္ နည္းနည္းေပ်ာ္သြားမိသည္။သုံးခြၿမိဳ႕၏ ေဆာင္းရာသီကို တီးၾကည့္ေခါက္ၾကည့္ေတာ့ ေဆာင္းရာသီျဖစ္ေၾကာင္းသိရွိ႐ုံ အေအးဓာတ္ပါးပါးရွိသည္ဟု သိရသျဖင့္ ရန္ကုန္ထက္ မ်ားစြာသာသည့္ သေဘာျဖစ္သည္။

ဒီဇင္ဘာ ၅ ရက္ေန႔ ညေနေစာင္းေတာ့ အေအးဓာတ္က ပိုသိသာလာသည္။ညအိပ္ယာဝင္သည့္အခါ အိမ္ျပတင္းေပါက္မ်ားကို ပိတ္ထားသည့္တိုင္ အေအးဓာတ္က ကုတင္ေပၚထိေရာက္လာသျဖင့္ ေစာင္ထူထူတစ္ထည္ ခပ္တင္းတင္းၿခဳံထားရသည္။သုံးခြသူ က်ေနာ့္မိန္းမက ‘အရင္ညေတြထက္ သိသိသာသာ ပိုေအးလာတယ္’ တဲ့။

ေကြးလို႔ေကာင္းေသာညမို႔ တေရးမွမႏိုး၊ ေကြးလိုက္သည့္အေကြးက ဒီဇင္ဘာ ၆ ရက္ နံနက္ ၈ နာရီမွ ႏိုးသည္။မ်က္ႏွာသစ္ရန္ ေရထဲလက္ႏႈိက္လိုက္သည့္အခါ က်င္ခနဲျဖစ္သြားသည္အထိ ေဆာင္းျဖစ္ေၾကာင္း ခပ္တင္းတင္းနိမိတ္ျပသည္။ ကြၽႏိုပ္တို႔၏ ခႏၶာကိုယ္ကို အေႏြးဓာတ္ေပးရန္ လိုအပ္ေၾကာင္း သက္ေသျပလိုက္သည့္ ေဆာင္းလည္းျဖစ္သည္။

ယခုလို ေဆာင္းေယာင္မေဆာင္ေသာ ေဆာင္းကိုျမင္ေတာ့ ယခုထက္ ေဆာင္းပိုပီသေသာ က်ေနာ့္ငယ္ဘဝ ေဆာင္းကို ျပန္သတိရမိသည္။ၿပီးခဲ့သည့္ ၃၅ ႏွစ္ဝန္းက်င္ကာလ က်ေနာ့္ဇာတိေျမ မြန္ျပည္နယ္၊ ဘီလူးကြၽန္းေပၚမွ ေဆာင္းျဖစ္သည္။ထိုအခ်ိန္က ေဆာင္းမွာ ပတ္ဝန္းက်င္ညစ္ညမ္းမႈဆိုသည့္ ေဝါဟာရကိုပင္ မၾကားဖူးေသးသည့္ေဆာင္းမို႔္ ႏိုဝင္ဘာလမွာပင္ မနက္ခင္း အိပ္ယာမထခ်င္သည့္ ေဆာင္းျဖစ္သည္။

သို႔ေသာ္၊ ေက်ာင္းသားသည္ ေက်ာင္းသြားရမည့္တာဝန္ရွိသျဖင့္ နံနက္ေစာေစာ ၆ နာရီ မထခ်င္လည္းထရ၊ မ်က္ႏွာသစ္ဖို႔အေရး ၅ မိနစ္ေလာက္ အားယူၿပီးမွ ကဗ်ာကရာသစ္ရ။ၿပီးတာနဲ႔တစ္ၿပိဳင္နက္ မီးပုံရွိရာ အေျပးလႈံရသည္။

က်ေနာ္တို႔ေတာမွာက ၿခံမ်ားက ခပ္က်ယ္က်ယ္။က်ေနာ္တို႔ၿခံ အေနာက္ဘက္ျခမ္းတြင္ ဝါးပင္မ်ား သိပ္ေပါသျဖင့္ ေႂကြက်ေနသည့္ ဝါး႐ြက္မ်ားက ေပါေပါေလာေလာ။လူႀကီးမ်ားက ထိုဝါး႐ြက္မ်ား လွဲ၊ စုပုံလိုက္ၿပီးေနာက္ မီးရႈိ႕လိုက္သည့္အခါ မီးပုံႀကီးက တရွဲရွဲ။ေလာင္စာဝါး႐ြက္မ်ားက လိုသေလာက္ရေနသျဖင့္ မီးပုံႀကီးက ကိုယ္ေတြလိုသေလာက္ ေတာက္ေလာင္လို႔။က်ေနာ္တို႔ကေလးမ်ား မခြါႏိုင္မခြါရက္ျဖစ္ခဲ့ဖူးေသာ မီးပုံႀကီးျဖစ္သည္။မီးပုံႀကီးေရွ႕ မ်က္ႏွာခ်င္းဆိုင္ ေဆာက္ေဆာက္ထိုင္၊ လက္ႏွစ္ဖက္ကို ေရွ႕သို႔ဆန႔္ ထုတ္လ်က္ မီးကင္။ခပ္ေႏြးေႏြးျဖစ္သြားၿပီဆို မီးပုံႀကီးကို ေနာက္ေက်ာေပး ထပ္လႈံ။မီးဖိုေပၚ ငါးေျခာက္ဖုတ္ေနသလို ဟိုဘက္လွန္လိုက္ ဒီဘက္လွန္လိုက္ျဖင့္ မီးပုံႀကီးေဘးမွ ခြါရမွာေၾကာက္ေသာ ေဆာင္းျဖစ္သည္။

ယခုပစၥကၡေဆာင္းမွာ က်ေနာ္ငယ္ငယ္တုန္းက ေဆာင္းကိုမမွီေသာ္လည္း အမွီလိုက္လာေသာ ေဆာင္းျဖစ္သည္။ျဖတ္ခနဲေရာက္လာေသာ ေဆာင္းမို႔လား၊ သုံးခြသည္ သိပ္ေက်းလက္မဆန္ျခင္းေၾကာင့္လားေတာ့ မသိ။သုံးခြၿမိဳ႕ေပၚတြင္ က်ေနာ္ငယ္ငယ္တုန္းကလို မီးပုံမ်ိဳးမေတြ႕ရ။

သုံးခြမွာမို႔ ေအးသလားဟု သိခ်င္သျဖင့္ သစ္ရိပ္ဝါးရိပ္ရွိေသာ ရန္ကုန္ၿမိဳ႕၊ ဒဂုံေက်းလက္မွ ကဗ်ာဆရာ ေမာင္လင္းရိပ္ဆီ ဖုန္းဆက္ေမးၾကည့္ေတာ့ ဒီဇင္ဘာ ၆ ရက္က်မွ ႐ုတ္တရက္အေအးခန္းထဲေရာက္သလို အေအးဓာတ္ေရာက္လာ၍ ယေန႔နံနက္ လမ္းေလွ်ာက္ပင္ပ်က္ခဲ့ေၾကာင္း ဆိုသည္။

နံနက္ ၁၀ နာရီဝန္းက်င္ 7Day ေန႔စဥ္ကို ဖတ္ရသည့္အခါက်မွ တ႐ုတ္ႏိုင္ငံဘက္မွ ေလေအးမ်ား ျမန္မာႏိုင္ငံဘက္သို႔ ဝင္လာ၍ ရန္ကုန္အပါအဝင္ ေဒသအမ်ားစုတြင္ အေအးပိုလာႏိုင္ေၾကာင္း သိလိုက္ရသည္။ေလေအးမ်ားျဖတ္သန္းမည့္ရက္မွာ ဒီဇင္ဘာ ၇ ရက္မွ ၁၃ ရက္အတြင္းဟု ဆိုသျဖင့္ အဖ်ားခတ္ရက္မ်ားကိုပါ ထည့္ေပါင္းပါက မေအးေသာ ရန္ကုန္၌ ၁၀ ရက္နီးပါး ေအးမည့္သေဘာဟု မွတ္ယူရသည္။

က်ေနာ္တို႔ ရန္ကုန္ဝန္းက်င္အတြက္ ႀကဳံေတာင့္ႀကဳံခဲ အေအးဓာတ္ပါေသာ ေဆာင္းမို႔လားမသိ။လူမႈကြန္ရက္ေပၚတြင္ ေဆာင္းအေၾကာင္း ေျပာၾကဆိုၾကသည္အထိ ယခုႏွစ္ေဆာင္းသည္ သိသာစြာေအာင္ျမင္လာခဲ့သည္။

လူမႈကြန္ရက္ေပၚ ေဆာင္းဋီကာဖြဲ႕ျပ႐ုံျဖင့္ အားမရေသာ ငယ္သူငယ္ခ်င္းတစ္ဦးမွာမူ က်ေနာ့္ထံ လွမ္းဖုန္းဆက္ကာ ငယ္ငယ္တုန္းက ေဆာင္းမ်ားအေၾကာင္း ဆက္လက္ခံစားျပသည္။သူခံစားျပေသာ ေဆာင္းမွာ အေႏြးထည္မထူ၊ ေစာင္မထူျဖင့္ က်ေနာ္တို႔ျဖတ္ခဲ့ဖူးေသာ မုံ႐ြာေထာင္ႏွင့္ မႏၲေလးေထာင္တြင္းက ေဆာင္းအေၾကာင္းျဖစ္သည္။ေျပာရလွ်င္ ေအးလြန္းသျဖင့္ ညႏွင့္နံနက္ေရာက္မွာ က်ေနာ္တို႔ ေၾကာက္ခဲ့မိေသာ ေဆာင္းျဖစ္သည္။

‘ဒါနဲ႔၊ မင္းဘယ္ေလာက္ထိေအးတဲ့ ေဆာင္းမ်ိဳးကိုႀကိဳက္လဲ။’ ဟု မိတ္ေဆြက ေကာက္ကာငင္ကာေမးေတာ့ ကိုယ္ျဖတ္ခဲ့ေသာ ေဆာင္းမ်ားအေၾကာင္း စဥ္းစားရျပန္သည္။

ရွမ္းကဲ့သို႔ ကခ်င္ကဲ့သို႔ ျမန္မာ့အေအးပိုင္းေဒသမ်ားမွ ေဆာင္းကို က်ေနာ္မထိေတြ႕ဖူးသျဖင့္ မည္မွ်ေအးသလဲမသိ။ႏွစ္ခါျပန္ေရခဲႏိုင္ေသာ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေဆာင္းကို က်ေနာ္ႏွစ္ႀကိမ္ျဖတ္ခဲ့ဖူးသျဖင့္ ေဘဂ်င္းေဆာင္းအား ႀကိဳက္၊ မႀကိဳက္ စဥ္းစားမိရသည္။

ေဘဂ်င္းေဆာင္းမွာ ယခုလို ဒီဇင္ဘာဆို ေရခဲသည္ထက္ ေက်ာ္လြန္ေနၿပီ။ထို႔ေၾကာင့္ ေဘဂ်င္းေဆာင္းကို ခုခံဖို႔ရာ ေခါင္းတြင္ေခါင္းစြပ္၊ ခႏၶာကိုယ္အေပၚပိုင္းတြင္ ပုံမွန္ရွပ္အက်ႌတစ္ထည္၊ သူ႔အေပၚတြင္ ျပင္ဦးလြင္ဆြယ္တာလိုမ်ိဳး တစ္ထည္ႏွင့္ ေနာက္ထပ္ကုတ္ထူထူႀကီးတစ္ထည္။ေအာက္ပိုင္းတြင္ အသားကပ္ေဘာင္းဘီ (သို႔မဟုတ္) အတြင္းခံေဘာင္းဘီရွည္တစ္ထည္ႏွင့္ သူ႔အေပၚတြင္ ဂ်င္းခပ္ထူထူတစ္ထည္။ၿပီးေတာ့ လက္တြင္လက္အိတ္။ေျပာရလွ်င္ မ်က္ႏွာကလြဲ မည္သည့္အသားစမွ ေပၚထားေဖာ္ထား၍မရေသာ ၂၄ နာရီျပည့္ ႏွိပ္စက္ေနသည့္ေဆာင္း။ေဘဂ်င္းေဆာင္းကို မႀကိဳက္႐ုံမက ေၾကာက္ပါေၾကာက္ခဲ့ရသည္။

က်ေနာ္က ႐ူးမတတ္ေအးေသာေဆာင္းကို မႀကိဳက္။ခပ္ပါးပါးေအးေသာ ေဆာင္းကိုလည္း မႀကိဳက္။က်ေနာ္တို႔ငယ္ငယ္ ၁၉၈၈ ခုႏွစ္ ဝန္းက်င္ ခပ္သဲသဲေအးေသာ ရန္ကုန္ေဆာင္းမ်ိဳးကေတာ့ မဆိုး။ထို႔ေၾကာင့္ ထိုသို႔ေသာေဆာင္းမ်ိဳးကို က်ေနာ္အႀကိဳက္ေတြ႕မိေၾကာင္း ေျပာျပမိသည္။ၿပီးေတာ့ အာဏာရွင္ဆန႔္က်င္ေရးေဆာင္းမို႔ ပိုအမွတ္ရမိေၾကာင္း ထပ္အထူးျပဳလိုက္ေတာ့ က်ေနာ့္မိတ္ေဆြက နားမလည္။

‘ေဆာင္းဆိုတာႀကီးက ဘယ္လို အာဏာရွင္ဆန႔္က်င္တာလဲ’ ဟု မိတ္ေဆြကေမးသျဖင့္ ထပ္အေသးစိတ္ျပမိသည္။

၁၉၈၈ ခုႏွစ္ ဒီမိုကေရစီအေရးေတာ္ပုံႀကီးကို လူသတ္လက္နက္ျဖင့္ ၿဖိဳခြင္းကာ အာဏာကိုလုယက္၊ တစ္တိုင္းျပည္လုံး က်က္သေရယုတ္ၿပီးခါစျဖစ္သည္။၁၉၈၈ ခုႏွစ္ ေဆာင္းကာလ နံနက္တြင္ ရန္ကုန္ၿမိဳ႕ ေနရာမ်ားစြာတို႔၏လမ္းေပၚ ခဲေနေသာလူငယ္အုပ္စုႀကီးအား ေတြ႕ရသည္။ဦးဝိစာရလမ္းမေပၚဆိုလွ်င္ မနက္ ၄ နာရီခန႔္ကတည္းကပင္ တိုးလို႔ႀကိတ္လို႔။
သူတို႔အားလုံးသည္ က်န္းမာေရးအတြက္ လမ္းမေပၚထြက္လာၾကျခင္း ျဖစ္သည္။တခ်ိဳ႕ကစက္ဘီးမ်ားျဖင့္အုပ္စုလိုက္၊ တခ်ိဳ႕က လမ္းေလွ်ာက္ (သို႔မဟုတ္) ေျပးေျပးလႊားလႊား။သူတို႔အားလုံး၏ မသိစိတ္ထဲတြင္မူ လူစုလူေဝးျမင္လွ်င္ ေသနတ္ျဖင့္သတ္ပစ္သည့္ အာဏာရွင္တို႔အား က်န္းမာေရးအေၾကာင္းျပကာ လမ္းမေပၚတက္ ဆန႔္က်င္ၾကျခင္းဟု က်ေနာ္နားလည္မိသည္။

ေနာက္တစ္ႏွစ္ ေဆာင္းကိုေရာက္ေတာ့ မနက္ခင္းစက္ဘီးစီးထြက္ျခင္းသည္ လူငယ္မ်ားၾကား ဖက္ရွင္တစ္ခုပမာ ျဖစ္လာသည္။လူငယ္ က်ား၊ မ မာဖလာကိုယ္စီ၊ စက္ဘီးကိုယ္စီ၊ လြတ္လပ္မႈကိုယ္စီ၊ အိပ္မက္မ်ားကိုယ္စီ၊ အာဏာရွင္ဆန႔္က်င္စိတ္ကိုယ္စီျဖင့္ ေဆာင္းနံနက္တိုင္းကို ေဆာင္း ၃ ႀကိမ္မက က်ေနာ္တို႔နက္ရႈိင္းခဲ့ၾကသည္။

လူစုလူေဝးျမင္လွ်င္ ေၾကာက္တတ္ေသာ အာဏာရွင္တို႔ကလည္း ေဆာင္းနံနက္ေစာေစာတြင္ ကားမ်ားျဖင့္ဝီလို႔။စက္ဘီးစီးေနေသာ လူငယ္မ်ားကိုျမင္လွ်င္ ကားေပၚမွေန၍ တုတ္ျဖင့္႐ိုက္၊ ၾကာပြတ္ျဖင့္႐ိုက္ကာ လမ္းမေပၚဆက္တက္မရဲေအာင္ သူတို႔ကြၽမ္းက်င္ေသာ အၾကမ္းဖက္နည္းကို တြင္တြင္သုံးလို႔။မည္သို႔ပင္ ႐ိုက္ေစႏွက္ေစ ေဆာင္းနံနက္ လမ္းမေပၚတက္လာေသာ လူငယ္မ်ားကို အာဏာရွင္တို႔ မၿဖိဳခြင္းႏိုင္ခဲ့ေပ။ရွစ္ေလးလုံးအေရးေတာ္ပုံႀကီးမွသည္ ခ်မ္းခ်မ္းစီးစီး ေဆာင္းနံနက္ခင္းမွသည္ အာဏာရွင္ဆန႔္က်င္ေရး စိတ္ဓာတ္ကို က်ေနာ္တို႔ ဆက္လက္သယ္ေဆာင္ခဲ့ၾကသည္။အာဏာရွင္ဆန႔္က်င္ေရး စိတ္ဓာတ္သည္ ယေန႔ထိတိုင္ က်ေနာ္တို႔ႏွလုံးသားထဲ ခိုင္ၿမဲေနဆဲျဖစ္သည္။
အာဏာရွင္ရွိေနသ၍ အာဏာရွင္ဆန႔္က်င္ေရး စိတ္ဓာတ္ကို က်ေနာ္တို႔ ဆက္လက္သယ္ေဆာင္ရဦးမည္ျဖစ္သည္။

လင္းဆက္ၿငိမ္းခ်မ္း
ဒီဇင္ဘာ - ၁၄