【 ဆောင်းပါး 】 “ခရောင်းတောကို ဖြတ်ကျော်နေရသည့် ၂၀၂၀ ရွေးကောက်ပွဲ”

【 ဆောင်းပါး 】 “ခရောင်းတောကို ဖြတ်ကျော်နေရသည့် ၂၀၂၀ ရွေးကောက်ပွဲ”

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ၇ ကြိမ်မြောက် ပါတီစုံအထွေထွေရွေးကောက်ပွဲဖြစ်ပါသည်။မြန်မာနိုင်ငံ၌ အင်္ဂလိပ်အစိုးရလက်ထက် ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံးကျင်းပခဲ့သည့်  ဥပဒေပြုကောင်စီရွေးကောက်ပွဲမှစ၍ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲများအား ရေတွက်ပါမူ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် ၁၇ ကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ပါသည်။တော်လှန်ရေးကောင်စီအစိုးရအလွန် ၁၉၇၄ မှ ၁၉၈၈ ထိ၊ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ကျင်းပခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအား ချန်လှပ်သော်၊ ၂၀၁၅ ရွေးကောက်ပွဲအထိ၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ ၆ ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။ထို့ကြောင့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအတွက် ၇ ကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ပါသည်။မြန်မာနိုင်ငံတွင် ကျင်းပခဲ့သမျှ ပါတီစုံရွေးကောက်ပွဲများအနက် မကြာမီကျင်းပတော့မည့် ၇ ကြိမ်မြောက် အထွေထွေပါတီစုံရွေးကောက်ပွဲသည် စိန်ခေါ်မှုအများဆုံး၊ အကျဉ်းအကျပ်အကျရောက်ဆုံး အနေအထားဖြင့် ကျင်းပရတော့မည့် ရွေးကောက်ပွဲဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် လူမျိုး၏ ကုသိုလ်ကံ၊ NLD အစိုးရ၏ ကုသိုလ်ကံဟုပင် ဆိုရပါမည်။ပြည်တွင်းစစ်ကလည်း မရပ်စဲနိုင်သေးသည့်အပြင်၊ တပ်မတော်နှင့် ရခိုင် အေအေ လက်နက်ကိုင်အဖွဲ့တို့ကြား၌ စစ်ရေးတင်းမာနေဆဲဖြစ်ပါသည်။တစ်ဘက်တွင်လည်း နိုင်ငံရေးပါတီများ၏ အားပြိုင်မှုက ၂၀၁၅ ထက် ပိုမိုများပြားလာသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံ မဲအနိုင်ရလိုပြီး ဒုတိယသက်တမ်း ၅ နှစ် ဆက်လက်အုပ်ချုပ်ခွင့်ရယူလိုသည့် NLD အစိုးရနှင့် ပါတီက တစ်ဘက်၊ NLD တစ်ပါတီတည်း ကျွတ်ကျွတ်လွတ်လွတ် မဲအနိုင်ထပ်ရမည်ကို မလိုလားသော နိုင်ငံရေးအုပ်စုများက တစ်ဘက်၊ အားပြိုင်မှုများပြား ရှုပ်ထွေးရသည့်ကြားထဲ ကိုဗစ်ရောဂါကူးစက်မှု ဒုတိယလှိုင်း များပြားလာခြင်းက ဝင်နှောင့်နေပေသေးသည်။
 
ညီအစ်ကို မသိတသိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်ပြီး ကိုယ်ကျိုးမျှော်ကိုးမှုမပါဘဲ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသူအားလုံးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ချောချောမောမော ကျင်းပနိုင်ပါစေဟု ဆုတောင်းရင်း ရင်တမမပူပန်နေကြရသည်။ ၁၉၆၂ တွင် နိုင်ငံတော်၏အာဏာကို စစ်တပ်ကသိမ်းယူပြီးနောက်ပိုင်း ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပထမဆုံးပြန်လည်ကျင်းပ‌ပေးခဲ့ပါသည်။တာဝန်ယူကျင်းပပေးခဲ့သည့် အဖွဲ့အစည်းကား နိုင်ငံအာဏာကို ဒုတိယအကြိမ် ထပ်မံသိမ်းပိုက်ထားသည့် နဝတအစိုးရ။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိကယှဉ်ပြိုင်ကြရသည့် ပါတီ ၂ ဖွဲ့သာရှိခဲ့သည်။ NLD ပါတီနှင့် မဆလပါတီကို အမည်ပြောင်းထားသည့် တစညပါတီ။ ၁၉၆၂မှ ၁၉၈၈ ထိ ၂၆ နှစ် သက်တမ်းရှိခဲ့သော မဆလပါတီကို ဖျက်သိမ်းအမည်ပြောင်းထားစေကာမူ၊ ၂၆ နှစ်လုံးလုံး လေ့ကျင့်ပျိုးထောင်ထားခဲ့သည့် မဆလကေဒါများ၊ တင်းပြည့်ပါတီဝင်များ၊ အမာခံထောက်ခံသူများ၏ အင်အားကို နဝတအစိုးရ ယုံကြည်အားထားခဲ့ပုံပေါ်ပါသည်။ထိုကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အဖျက်အမှောင့်များမရှိဘဲ သန့်ရှင်းတရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။သို့သော် NLD ပါတီ ပြတ်ပြတ်သားသား မဲနိုင်ပြီး၊ တစည မရှုမလှ မဲရှုံး၍၊ ပေးထားသည့်ကတိအတိုင်း အာဏာမလွှဲခဲ့ပေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို နအဖအစိုးရက တာဝန်ခံကျင်းပပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်တွင် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲဖြစ်ပါသည်။နအဖအစိုးရအတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် နိုင်ကိုနိုင်ရမည်ဟု အဘက်ဘက်မှ အကွက်ချစီမံထားခဲ့သည့်ပွဲဖြစ်သည်။
သည်ရွေးကောက်ပွဲတွင် အဓိကယှဉ်ပြိုင်ဘက် NLD ပါတီ မပါဝင်ခဲ့ပေ။ထို့ပြင် ကြိုတင်မဲများကလည်း အရာရာကို ရည်ရွယ်ထားသည့်အတိုင်း ဖြစ်စေခဲ့ပါသည်။အချုပ်ဆိုသော် ပြည်ခိုင်ဖြိုးပါတီ ပြတ်ပြတ်သားသား မဲနိုင်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက် (၂၀၁၀-၂၀၁၅) တွင်၊ ယခင်က တင်းတင်းမာမာထားရှိခဲ့သည့် အချက်တချို့ကို ဖြေလျှော့ပေးခဲ့သည်။ဥပမာ - စာပေစိစစ်ရေးကို ဖျက်သိမ်းပေးခဲ့သည်။မင်းမဲ့စရိုက်ရှိသူတို့၏ ဆူပူအုံကြွမှု အဖျက်အမှောင့်လုပ်ရပ်ဟု တစဉ်တစိုက်ပြောဆိုခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ (၂၅) ပြည့် အခမ်းအနားကို ခြိမ့်ခြိမ့်သဲကျင်းပခွင့်ပေးခဲ့သည်။သို့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ လိမ့်လိမ့်လဲလဲမဖြစ်နိုင်ဟု ပြည်ခိုင်ဖြိုးပါတီကရော၊ အစိုးရကပါ ယုံကြည်ခဲ့ကြသည်။သည်စကားကို လက်လွတ်စပယ်ပြောခြင်းမဟုတ်ပါ။ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ မဲပေးပြီးချိန်တွင် ထိပ်ပိုင်းခေါင်းဆောင်တွေပြောခဲ့သည့် စကားများကို ပြန်နားထောင်ကြည့်ပါက၊ သူတို့အမှန်တကယ် မဲနိုင်မည်ဟု ယုံကြည်ခဲ့ကြောင်း သိရှိနိုင်ကြပါသည်။ပြည်ခိုင်ဖြိုး မဲနိုင်မည်ဟု သူတို့ တထစ်ချယုံကြည်ထားခဲ့ကြပါသည်။သို့သော် လူထုက မကြေပွဲနွှဲလျက် NLD ကို မဲပုံပေးခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွေ့အကြုံသင်ခန်းစာ ၂ ခုက ပြည်ခိုင်ဖြိုးပါတီကိုသာမက၊ တခြားနိုင်ငံရေးပါတီများကိုပါ အချက်ပေးခေါင်းလောင်း ထိုးပေးသည့်နှယ် ဖြစ်စေခဲ့ပါသည်။သို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံက ခွင့်ပြုထားသည့် နိုင်သူအကုန်ယူစနစ်အစား၊ ပီအာစနစ်ပြောင်းသင့်သည်ဆိုသော အသံထွက်လာသည်။မဲမပေးကြဘဲ သပိတ်မှောက်ကြဟု လှုံ့ဆော်လာကြသည်။ထို ၂ ချက်စလုံး လန်ကျခဲ့သည်။ထိုကြောင့် မဲကွဲစေရန် အင်အယ်လ်ဒီ တစ်ပါတီတည်းဆီ မဲမရောက်စေရန် ကြိုးပမ်းလာကြပြန်သည်။ဒီမိုကရက်တစ်ဟု ခံယူထားသည့် နိုင်ငံရေးပါတီတချို့ပင်လျှင် ပြည်သူ့အဆုံးအဖြတ်ကို အသာတကြည်ခံယူရမည့်အစား၊ မဲအနိုင်ရရေးသို့ ဦးတည်လာကြသည်။အာဏာကို တစ်ဆယ်သားရရ၊ ငါးကျပ်သားရရ ရယူလိုကြကြောင်း ဖေါ်ပြလာကြသည်။

လက်ရှိ အင်အယ်လ်ဒီအစိုးရကား ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုရွက်လျက် ရင်ဆိုင်ဖြေရှင်းနေရသည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မရှိခဲ့သည့် အေအေ လက်နက်ကိုင်အဖွဲ့အစည်း ပေါ်လာသည်ကိုပါ NLD အစိုးရ ရင်ဆိုင်ရသည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆို ထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နှင့် တပ်မတော်သည် အခါအားလျော်စွာ ကြိုကြား၊ ကြိုကြား တိုက်ပွဲပြန်ဖြစ်နေသည်။အကြီးမားဆုံးစိန်ခေါ်မှုကား ကိုဗစ်ရောဂါ ကပ်ဘေးသင့်နေချိန်နှင့် ၂၀၂၀ ရွေးကောက်ပွဲ တိုက်ဆိုင်နေခြင်းပင်။နိုင်ငံရေးပါတီတချို့က ကိုဗစ်ကို အကြောင်းပြလျက် ရွေးကောက်ပွဲကို ရက်ရွှေ့စေချင်ကြသည်။သို့သော်  ရွေးကောက်ပွဲကော်မရှင်က မူလသတ်မှတ်ထားသည့်အတိုင်း ရွေးကောက်ပွဲကို ကျင်းပမည်ဟု တရားဝင်ကြေညာလုပ်ဆောင်လျက်ရှိပေသည်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် ဆယ်ရက်ကျော်ကျော်သာ လိုပါတော့သည်။မြန်မာလူထုသည် ၂၀၁၅ ရွေးကောက်ပွဲ ကာလတုန်းကထက်ပင် နိုင်ငံရေးအသိအမြင် မြင့်မားလာကြပါသည်။ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများနှင့် ထိုပါတီများအား ဝန်းရံသူအသီးသီးတို့သည် ဒီမိုကရေစီကို ရိုသေလေးစားလျက် ၂၀၂၀ ရွေးကောက်ပွဲ အမှောင့်အဖျက်ကင်းကင်း ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပေးရန် တာဝန်ရှိကြပါသည်။မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ခက်ခဲကြမ်းတမ်းသည့် စိန်ခေါ်မှုများကို  ရင်ဆိုင်နေရပါသည်။ခရောင်းလမ်းကို ဖြတ်သန်းနေရသည့်နှစ်တွင် ကျင်းပရမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ လူထုဆုံးဖြတ်ပေးသည့် မဲရလဒ်အပေါ် ပါတီအားလုံး ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လက်ခံနိုင်ကြပါစေသတည်း။

ခင်နှင်းဦး
အောက်တိုဘာ - ၂၈

( Zawgyi )

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲသည္ ျမန္မာႏိုင္ငံ၏ ၇ ႀကိမ္ေျမာက္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲျဖစ္ပါသည္။ျမန္မာႏိုင္ငံ၌ အဂၤလိပ္အစိုးရလက္ထက္ ၁၉၂၂ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ပထမဆုံးက်င္းပခဲ့သည့္  ဥပေဒျပဳေကာင္စီေ႐ြးေကာက္ပြဲမွစ၍ က်င္းပခဲ့သမွ် ေ႐ြးေကာက္ပြဲမ်ားအား ေရတြက္ပါမူ၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲသည္ ၁၇ ႀကိမ္ေျမာက္ ေ႐ြးေကာက္ပြဲျဖစ္ပါသည္။ေတာ္လွန္ေရးေကာင္စီအစိုးရအလြန္ ၁၉၇၄ မွ ၁၉၈၈ ထိ၊ တစ္ပါတီအာဏာရွင္စနစ္ျဖင့္ က်င္းပခဲ့သည့္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ အစိုးရလက္ထက္က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲမ်ားအား ခ်န္လွပ္ေသာ္၊ ၂၀၁၅ ေ႐ြးေကာက္ပြဲအထိ၊ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ ၆ ႀကိမ္က်င္းပခဲ့ၿပီးျဖစ္ပါသည္။ထို႔ေၾကာင့္ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစုံေ႐ြးေကာက္ပြဲသည္ ျမန္မာႏိုင္ငံ ဒီမိုကေရစီခရီးအတြက္ ၇ ႀကိမ္ေျမာက္ ေ႐ြးေကာက္ပြဲျဖစ္ပါသည္။ျမန္မာႏိုင္ငံတြင္ က်င္းပခဲ့သမွ် ပါတီစုံေ႐ြးေကာက္ပြဲမ်ားအနက္ မၾကာမီက်င္းပေတာ့မည့္ ၇ ႀကိမ္ေျမာက္ အေထြေထြပါတီစုံေ႐ြးေကာက္ပြဲသည္ စိန္ေခၚမႈအမ်ားဆုံး၊ အက်ဥ္းအက်ပ္အက်ေရာက္ဆုံး အေနအထားျဖင့္ က်င္းပရေတာ့မည့္ ေ႐ြးေကာက္ပြဲျဖစ္ပါသည္။

ျမန္မာႏိုင္ငံႏွင့္ လူမ်ိဳး၏ ကုသိုလ္ကံ၊ NLD အစိုးရ၏ ကုသိုလ္ကံဟုပင္ ဆိုရပါမည္။ျပည္တြင္းစစ္ကလည္း မရပ္စဲႏိုင္ေသးသည့္အျပင္၊ တပ္မေတာ္ႏွင့္ ရခိုင္ ေအေအ လက္နက္ကိုင္အဖြဲ႕တို႔ၾကား၌ စစ္ေရးတင္းမာေနဆဲျဖစ္ပါသည္။တစ္ဘက္တြင္လည္း ႏိုင္ငံေရးပါတီမ်ား၏ အားၿပိဳင္မႈက ၂၀၁၅ ထက္ ပိုမိုမ်ားျပားလာသည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ထပ္မံ မဲအႏိုင္ရလိုၿပီး ဒုတိယသက္တမ္း ၅ ႏွစ္ ဆက္လက္အုပ္ခ်ဳပ္ခြင့္ရယူလိုသည့္ NLD အစိုးရႏွင့္ ပါတီက တစ္ဘက္၊ NLD တစ္ပါတီတည္း ကြၽတ္ကြၽတ္လြတ္လြတ္ မဲအႏိုင္ထပ္ရမည္ကို မလိုလားေသာ ႏိုင္ငံေရးအုပ္စုမ်ားက တစ္ဘက္၊ အားၿပိဳင္မႈမ်ားျပား ရႈပ္ေထြးရသည့္ၾကားထဲ ကိုဗစ္ေရာဂါကူးစက္မႈ ဒုတိယလႈိင္း မ်ားျပားလာျခင္းက ဝင္ေႏွာင့္ေနေပေသးသည္။
 
ညီအစ္ကို မသိတသိ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းကိုၾကည့္ၿပီး ကိုယ္က်ိဳးေမွ်ာ္ကိုးမႈမပါဘဲ တိုင္းျပည္ႏွင့္ လူမ်ိဳးကို ခ်စ္ျမတ္ႏိုးသူအားလုံးက ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ ေခ်ာေခ်ာေမာေမာ က်င္းပႏိုင္ပါေစဟု ဆုေတာင္းရင္း ရင္တမမပူပန္ေနၾကရသည္။ ၁၉၆၂ တြင္ ႏိုင္ငံေတာ္၏အာဏာကို စစ္တပ္ကသိမ္းယူၿပီးေနာက္ပိုင္း ၁၉၉၀ ျပည့္ႏွစ္တြင္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ပထမဆုံးျပန္လည္က်င္းပ‌ေပးခဲ့ပါသည္။တာဝန္ယူက်င္းပေပးခဲ့သည့္ အဖြဲ႕အစည္းကား ႏိုင္ငံအာဏာကို ဒုတိယအႀကိမ္ ထပ္မံသိမ္းပိုက္ထားသည့္ နဝတအစိုးရ။

၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ အဓိကယွဥ္ၿပိဳင္ၾကရသည့္ ပါတီ ၂ ဖြဲ႕သာရွိခဲ့သည္။ NLD ပါတီႏွင့္ မဆလပါတီကို အမည္ေျပာင္းထားသည့္ တစညပါတီ။ ၁၉၆၂မွ ၁၉၈၈ ထိ ၂၆ ႏွစ္ သက္တမ္းရွိခဲ့ေသာ မဆလပါတီကို ဖ်က္သိမ္းအမည္ေျပာင္းထားေစကာမူ၊ ၂၆ ႏွစ္လုံးလုံး ေလ့က်င့္ပ်ိဳးေထာင္ထားခဲ့သည့္ မဆလေကဒါမ်ား၊ တင္းျပည့္ပါတီဝင္မ်ား၊ အမာခံေထာက္ခံသူမ်ား၏ အင္အားကို နဝတအစိုးရ ယုံၾကည္အားထားခဲ့ပုံေပၚပါသည္။ထိုေၾကာင့္ ၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲသည္ အဖ်က္အေမွာင့္မ်ားမရွိဘဲ သန႔္ရွင္းတရားမွ်တၿပီး လြတ္လပ္သည့္ေ႐ြးေကာက္ပြဲတစ္ခု ျဖစ္ခဲ့ပါသည္။သို႔ေသာ္ NLD ပါတီ ျပတ္ျပတ္သားသား မဲႏိုင္ၿပီး၊ တစည မရႈမလွ မဲရႈံး၍၊ ေပးထားသည့္ကတိအတိုင္း အာဏာမလႊဲခဲ့ေပ။ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲကို နအဖအစိုးရက တာဝန္ခံက်င္းပေပးခဲ့သည္။ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲသည္ ၂၀၀၈ ဖြဲ႕စည္းပုံဥပေဒေအာက္တြင္ ပထမဆုံးက်င္းပသည့္ ေ႐ြးေကာက္ပြဲျဖစ္ပါသည္။နအဖအစိုးရအတြက္ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ကိုႏိုင္ရမည္ဟု အဘက္ဘက္မွ အကြက္ခ်စီမံထားခဲ့သည့္ပြဲျဖစ္သည္။
သည္ေ႐ြးေကာက္ပြဲတြင္ အဓိကယွဥ္ၿပိဳင္ဘက္ NLD ပါတီ မပါဝင္ခဲ့ေပ။ထို႔ျပင္ ႀကိဳတင္မဲမ်ားကလည္း အရာရာကို ရည္႐ြယ္ထားသည့္အတိုင္း ျဖစ္ေစခဲ့ပါသည္။အခ်ဳပ္ဆိုေသာ္ ျပည္ခိုင္ၿဖိဳးပါတီ ျပတ္ျပတ္သားသား မဲႏိုင္ခဲ့သည္။

ျပည္ခိုင္ၿဖိဳးပါတီ အစိုးရလက္ထက္ (၂၀၁၀-၂၀၁၅) တြင္၊ ယခင္က တင္းတင္းမာမာထားရွိခဲ့သည့္ အခ်က္တခ်ိဳ႕ကို ေျဖေလွ်ာ့ေပးခဲ့သည္။ဥပမာ - စာေပစိစစ္ေရးကို ဖ်က္သိမ္းေပးခဲ့သည္။မင္းမဲ့စ႐ိုက္ရွိသူတို႔၏ ဆူပူအုံႂကြမႈ အဖ်က္အေမွာင့္လုပ္ရပ္ဟု တစဥ္တစိုက္ေျပာဆိုခဲ့သည့္ ရွစ္ေလးလုံး အေရးေတာ္ပုံႀကီး၏ (၂၅) ျပည့္ အခမ္းအနားကို ၿခိမ့္ၿခိမ့္သဲက်င္းပခြင့္ေပးခဲ့သည္။သို႔ျဖင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီ လိမ့္လိမ့္လဲလဲမျဖစ္ႏိုင္ဟု ျပည္ခိုင္ၿဖိဳးပါတီကေရာ၊ အစိုးရကပါ ယုံၾကည္ခဲ့ၾကသည္။သည္စကားကို လက္လြတ္စပယ္ေျပာျခင္းမဟုတ္ပါ။ ၂၀၁၅ ႏိုဝင္ဘာ ၈ ရက္ေန႔ မဲေပးၿပီးခ်ိန္တြင္ ထိပ္ပိုင္းေခါင္းေဆာင္ေတြေျပာခဲ့သည့္ စကားမ်ားကို ျပန္နားေထာင္ၾကည့္ပါက၊ သူတို႔အမွန္တကယ္ မဲႏိုင္မည္ဟု ယုံၾကည္ခဲ့ေၾကာင္း သိရွိႏိုင္ၾကပါသည္။ျပည္ခိုင္ၿဖိဳး မဲႏိုင္မည္ဟု သူတို႔ တထစ္ခ်ယုံၾကည္ထားခဲ့ၾကပါသည္။သို႔ေသာ္ လူထုက မေၾကပြဲႏႊဲလ်က္ NLD ကို မဲပုံေပးခဲ့ၾကသည္။

၁၉၉၀ ေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲ အေတြ႕အႀကဳံသင္ခန္းစာ ၂ ခုက ျပည္ခိုင္ၿဖိဳးပါတီကိုသာမက၊ တျခားႏိုင္ငံေရးပါတီမ်ားကိုပါ အခ်က္ေပးေခါင္းေလာင္း ထိုးေပးသည့္ႏွယ္ ျဖစ္ေစခဲ့ပါသည္။သို႔ျဖင့္ ၂၀၀၈ ဖြဲ႕စည္းပုံက ခြင့္ျပဳထားသည့္ ႏိုင္သူအကုန္ယူစနစ္အစား၊ ပီအာစနစ္ေျပာင္းသင့္သည္ဆိုေသာ အသံထြက္လာသည္။မဲမေပးၾကဘဲ သပိတ္ေမွာက္ၾကဟု လႈံ႕ေဆာ္လာၾကသည္။ထို ၂ ခ်က္စလုံး လန္က်ခဲ့သည္။ထိုေၾကာင့္ မဲကြဲေစရန္ အင္အယ္လ္ဒီ တစ္ပါတီတည္းဆီ မဲမေရာက္ေစရန္ ႀကိဳးပမ္းလာၾကျပန္သည္။ဒီမိုကရက္တစ္ဟု ခံယူထားသည့္ ႏိုင္ငံေရးပါတီတခ်ိဳ႕ပင္လွ်င္ ျပည္သူ႔အဆုံးအျဖတ္ကို အသာတၾကည္ခံယူရမည့္အစား၊ မဲအႏိုင္ရေရးသို႔ ဦးတည္လာၾကသည္။အာဏာကို တစ္ဆယ္သားရရ၊ ငါးက်ပ္သားရရ ရယူလိုၾကေၾကာင္း ေဖၚျပလာၾကသည္။

လက္ရွိ အင္အယ္လ္ဒီအစိုးရကား ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ကို႐ြက္လ်က္ ရင္ဆိုင္ေျဖရွင္းေနရသည္။ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက မရွိခဲ့သည့္ ေအေအ လက္နက္ကိုင္အဖြဲ႕အစည္း ေပၚလာသည္ကိုပါ NLD အစိုးရ ရင္ဆိုင္ရသည္။တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆို ထားေသာ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕တခ်ိဳ႕ႏွင့္ တပ္မေတာ္သည္ အခါအားေလ်ာ္စြာ ႀကိဳၾကား၊ ႀကိဳၾကား တိုက္ပြဲျပန္ျဖစ္ေနသည္။အႀကီးမားဆုံးစိန္ေခၚမႈကား ကိုဗစ္ေရာဂါ ကပ္ေဘးသင့္ေနခ်ိန္ႏွင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ တိုက္ဆိုင္ေနျခင္းပင္။ႏိုင္ငံေရးပါတီတခ်ိဳ႕က ကိုဗစ္ကို အေၾကာင္းျပလ်က္ ေ႐ြးေကာက္ပြဲကို ရက္ေ႐ႊ႕ေစခ်င္ၾကသည္။သို႔ေသာ္  ေ႐ြးေကာက္ပြဲေကာ္မရွင္က မူလသတ္မွတ္ထားသည့္အတိုင္း ေ႐ြးေကာက္ပြဲကို က်င္းပမည္ဟု တရားဝင္ေၾကညာလုပ္ေဆာင္လ်က္ရွိေပသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပရန္ ဆယ္ရက္ေက်ာ္ေက်ာ္သာ လိုပါေတာ့သည္။ျမန္မာလူထုသည္ ၂၀၁၅ ေ႐ြးေကာက္ပြဲ ကာလတုန္းကထက္ပင္ ႏိုင္ငံေရးအသိအျမင္ ျမင့္မားလာၾကပါသည္။ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ထိုပါတီမ်ားအား ဝန္းရံသူအသီးသီးတို႔သည္ ဒီမိုကေရစီကို ႐ိုေသေလးစားလ်က္ ၂၀၂၀ ေ႐ြးေကာက္ပြဲ အေမွာင့္အဖ်က္ကင္းကင္း က်င္းပႏိုင္ေရးအတြက္ ဝိုင္းဝန္းေပးရန္ တာဝန္ရွိၾကပါသည္။ျမန္မာႏိုင္ငံသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ ခက္ခဲၾကမ္းတမ္းသည့္ စိန္ေခၚမႈမ်ားကို  ရင္ဆိုင္ေနရပါသည္။ခေရာင္းလမ္းကို ျဖတ္သန္းေနရသည့္ႏွစ္တြင္ က်င္းပရမည့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ၌ လူထုဆုံးျဖတ္ေပးသည့္ မဲရလဒ္အေပၚ ပါတီအားလုံး ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီ လက္ခံႏိုင္ၾကပါေစသတည္း။

ခင္ႏွင္းဦး
ေအာက္တိုဘာ - ၂၈