【 ဆောင်းပါး 】 “အေးချမ်းမှု ဘယ်သူမလိုတာလဲ”

【 ဆောင်းပါး 】 “အေးချမ်းမှု ဘယ်သူမလိုတာလဲ”

လတ်တလော ပြည်တွင်း ပြည်ပ ပြဿနာတွေက ခပ်စိပ်စိပ်တွေ့နေရပါတယ်။လက်ရှိ တရားဥပဒေစိုးမိုးရေးကလည်း ထင်သလောက်မဟုတ်သေး။အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ဆန္ဒပြပွဲအသံတွေ ဟိုကကြား ဒီကကြား။နယ်စပ်က လက်နက်ကိုင်တိုက်ပွဲတွေ ဘာတွေလည်း မကြာခဏ ကြားနေရပါတယ်။အစိုးရဘာလုပ်လုပ် မကြိုက်ကြတာတွေကလည်း အများသား။ဒီကြားထဲ ဘာဖြစ်တော့မည် ညာဖြစ်တော့မည်ဆိုသည် အသံတွေက ညာသံပေးသလို ဟိုကကြားရ ဒီကကြားရ။ဒီတော့ အာဏာရှင်လက်အောက် လွတ်လာတာမကြာသေးတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ အခုဘဲအထုပ်ဆွဲရမလို အခုဘဲဓားဆွဲရမလို နေရတာ ခြောက်ခြောက်ခြားခြား။ဘာလုပ်လို့လုပ်ရမယ်မသိ။

ဒါတွေက အွန်လိုင်းပေါ်ကိုကြည့်ရင်း ဖြစ်လာတဲ့ အွန်လိုင်းအသုံးပြုသူတစ်ဦးရဲ့ စိတ်ခံစားချက် အခြေအနေတွေပါ။တစ်ကယ်ဘဲ အွန်လိုင်းပေါ်မှာ တိုင်းပြည်ကိုချစ်တဲ့စိတ်ထက် မိမိအုပ်စု၊ မိမိအားပေးသည့် လူပုဂ္ဂိုလ် ပါတီအဖွဲ့အစည်း အာဏာရရေးအတွက် ကွက်ကွက်လေးကြည့်ပြီး လုပ်ဆောင်နေမှုများကြောင့် ပြည်သူတွေအပေါ် ရိုက်ခတ်လာတဲ့ လှိုင်းတွေဖြစ်ပါတယ်။

အမှန်တစ်ကယ် အပြင်မှာက ဒီလောက်ထိတော့ အခြေအနေကမဆိုး။အာဏာကို ဘယ်လိုနည်းနဲ့ရရဆိုပြီး ဖြစ်နေတဲ့သူတွေ၊ ခိုးထားလုထား မတရားရယူထားသည့် ဥစ္စာဓနတွေ မြေယာပိုင်ဆိုင်မှုတွေကို ဆုံးရှုံးမှာကြောက်လန့်နေတဲ့သူတွေက အကြီးအကျယ်စိုက်ထုတ်ပြီး ပြည်သူတွေ တင်ထားတဲ့ အစိုးရအဖွဲ့ ပြုတ်ကျအောင်၊ မတည်ငြိမ်အောင် လုပ်ဆောင်နေလို့ ဒီလိုတွေ ဖြစ်နေတာပါ။
ဘယ်သူတွေ ဆန္ဒပြပြ ပြည်သူမပါတော့တာကိုကြည့်ရင် ပြည်သူက ဘယ်လောက်အရေထူနေပြီလဲ ဆိုတာကို သိနိုင်ပါမယ်။

တစ်ကယ်တော့ မြန်မာပြည်နိုင်ငံရေးကို မြန်မာပြည်သူတွေလောက် ဘယ်သူကသိနိုင်ဦးမှာလဲ။ရက်စက်ကြမ်းကြုတ်တဲ့ သံဖနောင့်အောက်မှာလည်း နေခဲ့ဖူးတယ်။ရက်စက်သတ်ဖြတ်တဲ့ ခေတ်မှာလည်း နေခဲ့ဖူးတယ်။အခုမှ ကိုယ်စိတ်တိုင်းကျ တင်ထားတဲ့ အစိုးရတက်လာတာ သုံးနှစ်တောင်မပြည့်သေး။ပြည်သူတွေက ဘာဖြစ်နေပါပြီ လုံခြုံမှုမရှိတော့လို ယခင်လူတွေ ပြန်အုပ်ချုပ်တာကို လိုချင်ပြီလို့  အလံရူးတွေက အော်တာဟစ်တာ အသံလွှင့်တာကို ပြည်သူတွေက ယုံမယ်လို့ ထင်နေပါသလား။

ပြည်သူတွေ နစ်နာနေပါပြီ ပြည်သူတွေ ကြပ်တည်းနေကြပါပြီလို့ ခဏခဏအော်ကြတဲ့သူတွေက တစ်ကယ်တော့ ယခင်က ပြည်သူကို ဂုပ်သွေးစုပ်ပြီး ထင်သလိုနှိပ်စက်တဲ့သူတွေ၊ အာဏာရှင်တွေကျွေးတဲ့ အရိုးအရင်းကိုက်ပြီး အာဏာရှင်တွေ အလိုကျ တိုင်းပြည်မတည်ငြိမ်အောင် ဟောင်ပေးတဲ့ လော်ဘီတွေက များပါတယ်။တစ်ကယ်အစစ်အမှန် ရှိကောင်းရှိနိုင်ပေမယ့် တစ်ကယ်ပြည်သူတွေကြားထဲ ဝင်ထွက်နေတဲ့သူမှန်ရင် ဒီအစိုးရလုပ်ဆောင်နေတဲ့ စနစ်ကြောင့် ပြည်သူတွေထက် ဘယ်သူတွေက ပိုအထိနာနေသလဲဆိုတာ မြင်နိုင်သိနိုင်ပါတယ်။

ပြည်သူတွေက ခုချိန်မှာ သည်းခံခြင်းတရား အပြည့်နဲ့ နေနေပါတယ်။ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် ဒီလိုပြည်သူ့အစိုးရဖြစ်လာဖို့ နှစ်ငါးဆယ် နှစ်ခြောက်ဆယ် နေလာခဲ့ပြီးပါပြီ။တစ်ကယ်သာ ပြည်သူကို ဗဟိုပြုပြီး ကောင်းမွန်တဲ့စနစ်တစ်ခု တစ်ကယ်ဖြစ်ပေါ်လာမယ်ဆိုရင် နောက်ထပ်ငါးနှစ် ထပ်စောင့်ရလဲ  ပြည်သူတွေက လက်ရှိအစိုးရကို မငြိုငြင်ပါဘူး။ပြည်သူတွေအတွက် ကြာတာ ပြဿနာမဟုတ်ပါဘူး။သေချာဖို့သာ အရေးကြီးတာပါ ဒါကို ဘယ်သူတွေကများ ကြားထဲကနေ ဝင်နာနေကြတာလဲ။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြည်သူအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်တဲ့ အရာမှန်သမျှကို ဖြေလျော့ဖို့ ကြိုးစားခဲ့တာကို တွေ့ခဲ့ရပါတယ်။အထူးသဖြင့် တရားဥပဒေစိုးမိုးရေးမှာ မထင်မှတ်ဘဲ ဒုစရိုက်သမားတွေ ခေတ္တဝင်ခိုရာဖြစ်နေတဲ့ လိုင်းကားတွေကို ရှင်းလင်းဖို့ မထသကို ပြောင်းလဲထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။အစိုးရသစ်ရဲ့ ဒီလုပ်ရပ်မှာ ပြည်သူတွေ ကိုယ်တိုင်က စိတ်ပါဝင်စားစွာ ပူးပေါင်းလုပ်ဆောင်ခဲ့တာကိုကြည့်ရင် စနစ်ဟောင်းအပေါ် ဘယ်လောက်ထိ လူတွေ ရွံမုန်းနေသလဲ ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

နှစ်ပေါင်းငါးဆယ်လောက်ရှိတဲ့ စနစ်တစ်ခုကိုပြောင်းလဲဖို့ အချိန်သုံးလနဲ့ မလုံလောက်ဘူးဆိုတာ မထသအောက်က ဂိုဏ်းဖွဲ့ကြီးစိုး ဗိုလ်ကျတဲ့ ကားလိုင်းတွေဒဏ်ကို လည်စင်းခံရတဲ့ လိုင်းကား တကယ်စီးတဲ့ ပြည်သူတွေကသိပေမယ့် တစ်ခါတစ်လေမှ လိုင်းကားစီးတဲ့သူတွေ၊ ဒီစနစ်အောင်မြင်သွားရင် ငွေကြေးအရ ဂုဏ်သိက္ခာအရ ထိခိုက်မယ့်သူတွေကတော့ ပြောင်းလဲတဲ့စနစ်ရဲ့ ပြောင်းကာစ ဖြစ်ပေါ်တတ်တဲ့ ကသောင်းကနင်း အခက်အခဲတွေကို ဘယ်တော့မှ မပြေလည်တော့မယ့်ပုံစံမျိုး ပုံကြီးချဲ့ခဲ့ကြပါတယ်။

ဒါက ဖြစ်နေတဲ့ပြဿနာတွေထဲက မြင်သာတဲ့ အချက်တစ်ချက်ကို ထုတ်ပြတာပါ။ပြည်သူတွေက ပြောင်းလဲချင်လို့ ကိုယ်ကြိုက်တဲ့ ကိုယ်လိုချင်တဲ့ စနစ်ကို ဖော်ဆောင်ပေးမယ့် အစိုးရကို ရွေးချယ်တင်မြောက်ခဲ့တာပါ။ကိုယ်နေချင်သလို နေခွင့်ပေးမယ့် စည်းပျက်ကမ်းပျက် အစိုးရမျိုးကို တင်မြောက်ခဲ့တာ မဟုတ်ပါဘူး။ဒါကြောင့်လည်း ပြည်သူအများစုက ၂၀၁၅ တုန်းကလိုဘဲ ဘယ်သူ့ကိုပေးမယ် ဘယ်ပါတီကိုရွေးမယ်လို့ နူတ်ကမပြောဘဲ လက်ကနေ သူတို့အတွက် ကိုယ့်ဘဝရှင်သန်နေထိုင်မှုကို အာမခံချက်ပေးနိုင်မယ့် ပါတီကို လက်တွေ့ကျကျ ရွေးချယ်မဲပေးခဲ့တာပါ။

အခုလက်ရှိမှာ ကျွန်တော်တို့ တိုင်းပြည်မှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ ကြုံနေရပါ တယ်။မကြာခင်ကပဲ ရှုပ်ထွေးနေတဲ့ ရခိုင်မြောက်ပိုင်းမှာ တစ်ဖက်နိုင်ငံ အခြေစိုက် ARSA အကြမ်းဖက် အဖွဲ့အစည်းအပြင် ကချင်မှာ အခြေစိုက်ထားတဲ့ AA ဆိုတဲ့ ရခိုင်လက်နက်ကိုင် သူပုန်တစ်ဖွဲ့ ပေါ်လာပြန်ပါတယ်။ဒီနောက်မှာ အရပ်သားတွေ သေကြေတဲ့ပုံတွေ စေတီပုထိုးတွေ ကျည်ထိမှန်တဲ့ပုံတွေ စိတ်မကောင်းစွာ မြင်လာရပါတယ်။ဘယ်သူပဲသေသေ မြန်မာတိုင်းရင်းသားတွေဘဲ ဖြစ်တဲ့အတွက် ဒါဟာ ရင်နာစရာကိစ္စပါ။ဒီကြားထဲမှာ ချိန်ကိုက်ပြီး နိုင်ငံတကာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ရခိုင်ပြည်နယ်က ထွက်ပြေးတဲ့ ခိုးဝင်ဘင်္ဂါလီတွေ အရေးနဲ့ ပတ်သက်ပြီး တစ်ဖက်သတ်ဆန်တဲ့ အစီရင်ခံစာကို OIC နောက်ခံနဲ့ အနောက်နိုင်ငံတွေက အုံနဲ့ကျင်းနဲ့ တင်သွင်းနေတာကို မြန်မာသံအမတ်က ခုခံတုံ့ပြန်နေရတာကို တွေ့ရပါတယ်။

အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ တပ်မတော်ဘက်က စစ်ရေးထိုးစစ်တွေ ရပ်ဆိုင်းတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ဒီမှာလည်း အရပ်သားတွေ ပြန်ပေးဆွဲခံရတာ၊ သူလျှိုလုပ်တယ်ဆိုပြီး အသတ်ခံရတာတွေ တွေ့ရပြန်ပါ တယ်။အားလုံးကို ခြုံကြည့်ရင်  လက်နက်ကိုင်တွေရဲ့ စစ်ရေးပစ်မှတ်က အရပ်သားတွေကို ဦးတည်လာတာ တွေ့လာရပါတယ်။

ပြည်တွင်းမှာလဲ လူမျိုးရေးဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေသလို သေနတ်နဲ့ ပစ်သတ်လုပ်ကြံ သတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။စိတ်ကြွမူးယစ်ဆေးဝါးကလည်း ဖမ်းမိရင် ပိုင်ရှင်မဲ့နဲ့ ကြောက်ခမန်းလိလိ မိနေသလို ပျံ့နှံ့နေမှုကလည်း ကွမ်းယာဆိုင်ပေါ် တင်မရောင်းရုံတမည်ပါပဲ။

ဘာတွေဖြစ်နေတာလည်းလို့ သေသေချာချာဆန်းစစ်မယ်ဆိုရင် မြင်သာမယ်ထင်ပါတယ်။လူတွေ အတ္တကြီးတာ၊ နေရာစွဲ၊ လူမျိုးစွဲကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ ရာထူးအာဏာ တည်မြဲရေးအတွက် ဘယ်သူဘာဖြစ်ဖြစ် ချနင်းဖို့ ဝန်မလေးတာ၊ ဖြစ်သင့်မဖြစ်သင့် မစဉ်းစားနိုင်လောက်အောင် ခေါင်းထဲ စဉ်းစားဆင်ခြင်ဉာဏ် မရှိလောက်အောင် ကိုယ်ချင်းစာတရားတွေ ခေါင်းပါးကုန်တာကို တွေ့ရမှာပါ။

ဒီလိုအခြေအနေမှာ တိုင်းပြည်နဲ့ ယှဉ်လာရင် ကျွန်တော်တို့ အတ္တကိုဦးစားပေးမလား၊ ကျွန်တော်တို့နောက်မှာ ဖြစ်ထွန်းလာမယ့် ကလေးတွေအတွက် ဦးစားပေးမလားဆိုတာ ထမင်းစားပြီး ကြီးတဲ့သူတိုင်း စဉ်းစားဖို့လိုလာပါပြီ။ခုချိန်မှာ မျိုးချစ်တာတွေ၊ ဒီမိုတွေ၊ ငှက်တွေ၊ ခြင်္သေ့တွေ၊ အစိမ်းတွေနဲ့ အရောင်တွေ ဘာသာတွေ လူမျိုူးတွေ ဝိဝါဒတွေကွဲနေရင် တိုင်းပြည်ဒုက္ခရောက်ဖို့ နီးနေပါပြီ။

ဒီအချိန်က အပြစ်ပြောနေရမယ့် အချိန်မဟုတ်တော့ပါဘူး။တူတာမတူတာတွေ အပထား၊ ကျောချင်းကပ်ပြီး အနာဂတ်မျိုးဆက်တွေအတွက် ရုန်းကန်ကာကွယ်ရတော့မယ့် အခြေအနေရောက်နေပါပြီ။ရုန်းကန်ကြိုးစားရမယ့်အချိန် ရောက်နေပါပြီ။

အချင်းချင်းမညီညွတ်တာက တိုင်းပြည်ရဲ့ တစ်ကယ့်ရန်ပါ။ ဒီလိုမညီညွတ်အောင် ဘယ်အရာတွေက တားဆီးပိတ်ဆို့ထားတာလဲ။မြင်အောင်ကြည့်ဖို့ လိုပါတယ်။တစ်ခါတစ်လေ ကိုယ်ကြိုက်တဲ့ဘက် တဖက်ဘက်ကနေ နေရတာမှန်ပေမယ့် တိုင်းပြည်အကျိုးစီးပွားနဲ့ယှဉ်လာရင် တိုင်းပြည်ဘက်ကလွဲပြီး ဘယ်ဘက်ကမှ နေလို့မရဘူး။ရပ်တည်ပေးလို့မရပါဘူူး။တိုင်းပြည်ဘက်ကပဲ ရပ်ပေးရတာတွေ ရှိပါတယ်။

ဒီချိန်မှာ လူမျိုးဘာသာသာသနာကို ချစ်တယ်ဆိုရင် ကျဉ်းမြောင်းတဲ့ ယူဆမှုတွေ ခံယူချက်တွေကို ခဏဘေးဖယ်ပြီး တိုင်းပြည်မတည်ငြိမ်အောင် ဖန်တီးနေတဲ့ အနီးဆုံးရန်သူကို မြင်အောင်ကြည့်ဖို့ လိုလာပါပြီ။

တိုင်းပြည်ကိုချစ်တယ်ဆို ဘယ်ဘက်က ကျွန်တော်တို့ရပ်မလဲ……..၊ ပြည်တွင်း ပြည်ပ အခက်အခဲတွေ ဖြစ်အောင်လုပ်တဲ့ဘက်က ရပ်မလား၊ ပြည်တွင်း ပြည်ပ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ဘက်က ရပ်မလား၊ ဒါမှမဟုတ် အာဏာရရင်ပြီးရော လုပ်ပိုင်ခွင့်ရရင်ပြီးရော တိုင်းပြည်ဘာဖြစ်ဖြစ်၊ ကွဲကွဲပြဲပြဲ ဆိုတဲ့ဘက်က ရပ်မလား…..အများကြီးစဉ်းစားဆုံးဖြတ်စရာပါ။ စဉ်းစားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားဖြစ်ထွန်းမှုကို ဘေးချိတ်ထားမှ ဖြစ်ပါလိမ့်မယ်။

အေးချမ်းတာကို မလိုလားတာ တိုင်းပြည်ရဲ့ ရန်သူပါဘဲ။ဘယ်သူတွေ မအေးချမ်းအောင် လှုံ့ဆော်နေလဲ..။ကိုယ့်တိုင်းရင်းသားချင်း အမုန်းပွားအောင်၊ အငြိုးကြီးအာဃာတတရား ဖြစ်ထွန်းအောင် ဘယ်သူတွေ ရေလောင်းပေါင်းသင်နေသလဲ ..။ဒါကိုမြင်ဖို့ လိုနေပါတယ်။

လက်နက်ကိုင်တဲ့သူတွေအနေနဲ့ ကိုယ့်ရင်ကမွေးတဲ့ ရင်သွေးငယ်ကို ခြေလက်အင်္ဂါစုံနဲ့ အေးအေးချမ်းချမ်း ကျောင်းသွားစေချင်သလို၊ ၀၀လင်လင်ပြည့်စုံစွာ စားသောက်နေထိုင်စေချင်သလို၊ မိစုံဖစုံဘဝမျိုးမှာ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်ကြီးပြင်းစေချင်သလို လူတိုင်းမှာလည်း ဒီလိုစိတ်ဆန္ဒရှိတယ်ဆိုတာကို ထည့်တွေးဖို့ လိုပါတယ်။

ပြည်သူတွေက တိုင်းပြည်ကို မငြိမ်းချမ်းစေချင်တာ ဘယ်သူလဲ။ဘယ်သူက လိုအင်ဆန္ဒတွေနဲ့ မငြိမ်းချမ်းတာလည်း ..။ဒါကိုသိနေပြီးသားပါ။

မောင်ဦးလွင်
မတ် - ၂၃

( Zawgyi )

လတ္တေလာ ျပည္တြင္း ျပည္ပ ျပႆနာေတြက ခပ္စိပ္စိပ္ေတြ႕ေနရပါတယ္။လက္ရွိ တရားဥပေဒစိုးမိုးေရးကလည္း ထင္သေလာက္မဟုတ္ေသး။အလုပ္သမား၊ လယ္သမား၊ ေက်ာင္းသား ဆႏၵျပပြဲအသံေတြ ဟိုကၾကား ဒီကၾကား။နယ္စပ္က လက္နက္ကိုင္တိုက္ပြဲေတြ ဘာေတြလည္း မၾကာခဏ ၾကားေနရပါတယ္။အစိုးရဘာလုပ္လုပ္ မႀကိဳက္ၾကတာေတြကလည္း အမ်ားသား။ဒီၾကားထဲ ဘာျဖစ္ေတာ့မည္ ညာျဖစ္ေတာ့မည္ဆိုသည္ အသံေတြက ညာသံေပးသလို ဟိုကၾကားရ ဒီကၾကားရ။ဒီေတာ့ အာဏာရွင္လက္ေအာက္ လြတ္လာတာမၾကာေသးတဲ့ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ အခုဘဲအထုပ္ဆြဲရမလို အခုဘဲဓားဆြဲရမလို ေနရတာ ေျခာက္ေျခာက္ျခားျခား။ဘာလုပ္လို႔လုပ္ရမယ္မသိ။

ဒါေတြက အြန္လိုင္းေပၚကိုၾကည့္ရင္း ျဖစ္လာတဲ့ အြန္လိုင္းအသုံးျပဳသူတစ္ဦးရဲ႕ စိတ္ခံစားခ်က္ အေျခအေနေတြပါ။တစ္ကယ္ဘဲ အြန္လိုင္းေပၚမွာ တိုင္းျပည္ကိုခ်စ္တဲ့စိတ္ထက္ မိမိအုပ္စု၊ မိမိအားေပးသည့္ လူပုဂၢိဳလ္ ပါတီအဖြဲ႕အစည္း အာဏာရေရးအတြက္ ကြက္ကြက္ေလးၾကည့္ၿပီး လုပ္ေဆာင္ေနမႈမ်ားေၾကာင့္ ျပည္သူေတြအေပၚ ႐ိုက္ခတ္လာတဲ့ လႈိင္းေတြျဖစ္ပါတယ္။

အမွန္တစ္ကယ္ အျပင္မွာက ဒီေလာက္ထိေတာ့ အေျခအေနကမဆိုး။အာဏာကို ဘယ္လိုနည္းနဲ႔ရရဆိုၿပီး ျဖစ္ေနတဲ့သူေတြ၊ ခိုးထားလုထား မတရားရယူထားသည့္ ဥစၥာဓနေတြ ေျမယာပိုင္ဆိုင္မႈေတြကို ဆုံးရႈံးမွာေၾကာက္လန႔္ေနတဲ့သူေတြက အႀကီးအက်ယ္စိုက္ထုတ္ၿပီး ျပည္သူေတြ တင္ထားတဲ့ အစိုးရအဖြဲ႕ ျပဳတ္က်ေအာင္၊ မတည္ၿငိမ္ေအာင္ လုပ္ေဆာင္ေနလို႔ ဒီလိုေတြ ျဖစ္ေနတာပါ။
ဘယ္သူေတြ ဆႏၵျပျပ ျပည္သူမပါေတာ့တာကိုၾကည့္ရင္ ျပည္သူက ဘယ္ေလာက္အေရထူေနၿပီလဲ ဆိုတာကို သိႏိုင္ပါမယ္။

တစ္ကယ္ေတာ့ ျမန္မာျပည္ႏိုင္ငံေရးကို ျမန္မာျပည္သူေတြေလာက္ ဘယ္သူကသိႏိုင္ဦးမွာလဲ။ရက္စက္ၾကမ္းၾကဳတ္တဲ့ သံဖေနာင့္ေအာက္မွာလည္း ေနခဲ့ဖူးတယ္။ရက္စက္သတ္ျဖတ္တဲ့ ေခတ္မွာလည္း ေနခဲ့ဖူးတယ္။အခုမွ ကိုယ္စိတ္တိုင္းက် တင္ထားတဲ့ အစိုးရတက္လာတာ သုံးႏွစ္ေတာင္မျပည့္ေသး။ျပည္သူေတြက ဘာျဖစ္ေနပါၿပီ လုံၿခဳံမႈမရွိေတာ့လို ယခင္လူေတြ ျပန္အုပ္ခ်ဳပ္တာကို လိုခ်င္ၿပီလို႔  အလံ႐ူးေတြက ေအာ္တာဟစ္တာ အသံလႊင့္တာကို ျပည္သူေတြက ယုံမယ္လို႔ ထင္ေနပါသလား။

ျပည္သူေတြ နစ္နာေနပါၿပီ ျပည္သူေတြ ၾကပ္တည္းေနၾကပါၿပီလို႔ ခဏခဏေအာ္ၾကတဲ့သူေတြက တစ္ကယ္ေတာ့ ယခင္က ျပည္သူကို ဂုပ္ေသြးစုပ္ၿပီး ထင္သလိုႏွိပ္စက္တဲ့သူေတြ၊ အာဏာရွင္ေတြေကြၽးတဲ့ အ႐ိုးအရင္းကိုက္ၿပီး အာဏာရွင္ေတြ အလိုက် တိုင္းျပည္မတည္ၿငိမ္ေအာင္ ေဟာင္ေပးတဲ့ ေလာ္ဘီေတြက မ်ားပါတယ္။တစ္ကယ္အစစ္အမွန္ ရွိေကာင္းရွိႏိုင္ေပမယ့္ တစ္ကယ္ျပည္သူေတြၾကားထဲ ဝင္ထြက္ေနတဲ့သူမွန္ရင္ ဒီအစိုးရလုပ္ေဆာင္ေနတဲ့ စနစ္ေၾကာင့္ ျပည္သူေတြထက္ ဘယ္သူေတြက ပိုအထိနာေနသလဲဆိုတာ ျမင္ႏိုင္သိႏိုင္ပါတယ္။

ျပည္သူေတြက ခုခ်ိန္မွာ သည္းခံျခင္းတရား အျပည့္နဲ႔ ေနေနပါတယ္။ျပည္သူေတြျဖစ္တဲ့ ကြၽန္ေတာ္တို႔အတြက္ ဒီလိုျပည္သူ႔အစိုးရျဖစ္လာဖို႔ ႏွစ္ငါးဆယ္ ႏွစ္ေျခာက္ဆယ္ ေနလာခဲ့ၿပီးပါၿပီ။တစ္ကယ္သာ ျပည္သူကို ဗဟိုျပဳၿပီး ေကာင္းမြန္တဲ့စနစ္တစ္ခု တစ္ကယ္ျဖစ္ေပၚလာမယ္ဆိုရင္ ေနာက္ထပ္ငါးႏွစ္ ထပ္ေစာင့္ရလဲ  ျပည္သူေတြက လက္ရွိအစိုးရကို မၿငိဳျငင္ပါဘူး။ျပည္သူေတြအတြက္ ၾကာတာ ျပႆနာမဟုတ္ပါဘူး။ေသခ်ာဖို႔သာ အေရးႀကီးတာပါ ဒါကို ဘယ္သူေတြကမ်ား ၾကားထဲကေန ဝင္နာေနၾကတာလဲ။

အစိုးရသစ္ တက္လာၿပီးေနာက္ပိုင္း ျပည္သူအေပၚ ဝန္ထုပ္ဝန္ပိုး ျဖစ္လာႏိုင္တဲ့ အရာမွန္သမွ်ကို ေျဖေလ်ာ့ဖို႔ ႀကိဳးစားခဲ့တာကို ေတြ႕ခဲ့ရပါတယ္။အထူးသျဖင့္ တရားဥပေဒစိုးမိုးေရးမွာ မထင္မွတ္ဘဲ ဒုစ႐ိုက္သမားေတြ ေခတၱဝင္ခိုရာျဖစ္ေနတဲ့ လိုင္းကားေတြကို ရွင္းလင္းဖို႔ မထသကို ေျပာင္းလဲထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။အစိုးရသစ္ရဲ႕ ဒီလုပ္ရပ္မွာ ျပည္သူေတြ ကိုယ္တိုင္က စိတ္ပါဝင္စားစြာ ပူးေပါင္းလုပ္ေဆာင္ခဲ့တာကိုၾကည့္ရင္ စနစ္ေဟာင္းအေပၚ ဘယ္ေလာက္ထိ လူေတြ ႐ြံမုန္းေနသလဲ ဆိုတာကို ေတြ႕ရမွာျဖစ္ပါတယ္။

ႏွစ္ေပါင္းငါးဆယ္ေလာက္ရွိတဲ့ စနစ္တစ္ခုကိုေျပာင္းလဲဖို႔ အခ်ိန္သုံးလနဲ႔ မလုံေလာက္ဘူးဆိုတာ မထသေအာက္က ဂိုဏ္းဖြဲ႕ႀကီးစိုး ဗိုလ္က်တဲ့ ကားလိုင္းေတြဒဏ္ကို လည္စင္းခံရတဲ့ လိုင္းကား တကယ္စီးတဲ့ ျပည္သူေတြကသိေပမယ့္ တစ္ခါတစ္ေလမွ လိုင္းကားစီးတဲ့သူေတြ၊ ဒီစနစ္ေအာင္ျမင္သြားရင္ ေငြေၾကးအရ ဂုဏ္သိကၡာအရ ထိခိုက္မယ့္သူေတြကေတာ့ ေျပာင္းလဲတဲ့စနစ္ရဲ႕ ေျပာင္းကာစ ျဖစ္ေပၚတတ္တဲ့ ကေသာင္းကနင္း အခက္အခဲေတြကို ဘယ္ေတာ့မွ မေျပလည္ေတာ့မယ့္ပုံစံမ်ိဳး ပုံႀကီးခ်ဲ႕ခဲ့ၾကပါတယ္။

ဒါက ျဖစ္ေနတဲ့ျပႆနာေတြထဲက ျမင္သာတဲ့ အခ်က္တစ္ခ်က္ကို ထုတ္ျပတာပါ။ျပည္သူေတြက ေျပာင္းလဲခ်င္လို႔ ကိုယ္ႀကိဳက္တဲ့ ကိုယ္လိုခ်င္တဲ့ စနစ္ကို ေဖာ္ေဆာင္ေပးမယ့္ အစိုးရကို ေ႐ြးခ်ယ္တင္ေျမာက္ခဲ့တာပါ။ကိုယ္ေနခ်င္သလို ေနခြင့္ေပးမယ့္ စည္းပ်က္ကမ္းပ်က္ အစိုးရမ်ိဳးကို တင္ေျမာက္ခဲ့တာ မဟုတ္ပါဘူး။ဒါေၾကာင့္လည္း ျပည္သူအမ်ားစုက ၂၀၁၅ တုန္းကလိုဘဲ ဘယ္သူ႔ကိုေပးမယ္ ဘယ္ပါတီကိုေ႐ြးမယ္လို႔ ႏူတ္ကမေျပာဘဲ လက္ကေန သူတို႔အတြက္ ကိုယ့္ဘဝရွင္သန္ေနထိုင္မႈကို အာမခံခ်က္ေပးႏိုင္မယ့္ ပါတီကို လက္ေတြ႕က်က် ေ႐ြးခ်ယ္မဲေပးခဲ့တာပါ။

အခုလက္ရွိမွာ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ စိုးရိမ္စရာေကာင္းတဲ့ အေျခအေနေတြ ႀကဳံေနရပါ တယ္။မၾကာခင္ကပဲ ရႈပ္ေထြးေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ တစ္ဖက္ႏိုင္ငံ အေျခစိုက္ ARSA အၾကမ္းဖက္ အဖြဲ႕အစည္းအျပင္ ကခ်င္မွာ အေျခစိုက္ထားတဲ့ AA ဆိုတဲ့ ရခိုင္လက္နက္ကိုင္ သူပုန္တစ္ဖြဲ႕ ေပၚလာျပန္ပါတယ္။ဒီေနာက္မွာ အရပ္သားေတြ ေသေၾကတဲ့ပုံေတြ ေစတီပုထိုးေတြ က်ည္ထိမွန္တဲ့ပုံေတြ စိတ္မေကာင္းစြာ ျမင္လာရပါတယ္။ဘယ္သူပဲေသေသ ျမန္မာတိုင္းရင္းသားေတြဘဲ ျဖစ္တဲ့အတြက္ ဒါဟာ ရင္နာစရာကိစၥပါ။ဒီၾကားထဲမွာ ခ်ိန္ကိုက္ၿပီး ႏိုင္ငံတကာမွာ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကေန ရခိုင္ျပည္နယ္က ထြက္ေျပးတဲ့ ခိုးဝင္ဘဂၤါလီေတြ အေရးနဲ႔ ပတ္သက္ၿပီး တစ္ဖက္သတ္ဆန္တဲ့ အစီရင္ခံစာကို OIC ေနာက္ခံနဲ႔ အေနာက္ႏိုင္ငံေတြက အုံနဲ႔က်င္းနဲ႔ တင္သြင္းေနတာကို ျမန္မာသံအမတ္က ခုခံတုံ႔ျပန္ေနရတာကို ေတြ႕ရပါတယ္။

အေရွ႕ပိုင္းနဲ႔ ေျမာက္ပိုင္း ေဒသေတြမွာ တပ္မေတာ္ဘက္က စစ္ေရးထိုးစစ္ေတြ ရပ္ဆိုင္းတဲ့အခ်ိန္မွာ တိုင္းရင္းသား လက္နက္ကိုင္အခ်င္းခ်င္း တိုက္ပြဲေတြ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ဒီမွာလည္း အရပ္သားေတြ ျပန္ေပးဆြဲခံရတာ၊ သူလွ်ိဳလုပ္တယ္ဆိုၿပီး အသတ္ခံရတာေတြ ေတြ႕ရျပန္ပါ တယ္။အားလုံးကို ၿခဳံၾကည့္ရင္  လက္နက္ကိုင္ေတြရဲ႕ စစ္ေရးပစ္မွတ္က အရပ္သားေတြကို ဦးတည္လာတာ ေတြ႕လာရပါတယ္။

ျပည္တြင္းမွာလဲ လူမ်ိဳးေရးဘာသာေရး ေသြးထိုးလႈံ႕ေဆာ္မႈေတြ ရွိေနသလို ေသနတ္နဲ႔ ပစ္သတ္လုပ္ႀကံ သတ္ျဖတ္တာေတြလည္း ရွိေနပါတယ္။စိတ္ႂကြမူးယစ္ေဆးဝါးကလည္း ဖမ္းမိရင္ ပိုင္ရွင္မဲ့နဲ႔ ေၾကာက္ခမန္းလိလိ မိေနသလို ပ်ံ႕ႏွံ႔ေနမႈကလည္း ကြမ္းယာဆိုင္ေပၚ တင္မေရာင္း႐ုံတမည္ပါပဲ။

ဘာေတြျဖစ္ေနတာလည္းလို႔ ေသေသခ်ာခ်ာဆန္းစစ္မယ္ဆိုရင္ ျမင္သာမယ္ထင္ပါတယ္။လူေတြ အတၱႀကီးတာ၊ ေနရာစြဲ၊ လူမ်ိဳးစြဲႀကီးတာ၊ တစ္ကိုယ္ေကာင္းဆန္တာ၊ ရာထူးအာဏာ တည္ၿမဲေရးအတြက္ ဘယ္သူဘာျဖစ္ျဖစ္ ခ်နင္းဖို႔ ဝန္မေလးတာ၊ ျဖစ္သင့္မျဖစ္သင့္ မစဥ္းစားႏိုင္ေလာက္ေအာင္ ေခါင္းထဲ စဥ္းစားဆင္ျခင္ဉာဏ္ မရွိေလာက္ေအာင္ ကိုယ္ခ်င္းစာတရားေတြ ေခါင္းပါးကုန္တာကို ေတြ႕ရမွာပါ။

ဒီလိုအေျခအေနမွာ တိုင္းျပည္နဲ႔ ယွဥ္လာရင္ ကြၽန္ေတာ္တို႔ အတၱကိုဦးစားေပးမလား၊ ကြၽန္ေတာ္တို႔ေနာက္မွာ ျဖစ္ထြန္းလာမယ့္ ကေလးေတြအတြက္ ဦးစားေပးမလားဆိုတာ ထမင္းစားၿပီး ႀကီးတဲ့သူတိုင္း စဥ္းစားဖို႔လိုလာပါၿပီ။ခုခ်ိန္မွာ မ်ိဳးခ်စ္တာေတြ၊ ဒီမိုေတြ၊ ငွက္ေတြ၊ ျခေသၤ့ေတြ၊ အစိမ္းေတြနဲ႔ အေရာင္ေတြ ဘာသာေတြ လူမ်ိဳူးေတြ ဝိဝါဒေတြကြဲေနရင္ တိုင္းျပည္ဒုကၡေရာက္ဖို႔ နီးေနပါၿပီ။

ဒီအခ်ိန္က အျပစ္ေျပာေနရမယ့္ အခ်ိန္မဟုတ္ေတာ့ပါဘူး။တူတာမတူတာေတြ အပထား၊ ေက်ာခ်င္းကပ္ၿပီး အနာဂတ္မ်ိဳးဆက္ေတြအတြက္ ႐ုန္းကန္ကာကြယ္ရေတာ့မယ့္ အေျခအေနေရာက္ေနပါၿပီ။႐ုန္းကန္ႀကိဳးစားရမယ့္အခ်ိန္ ေရာက္ေနပါၿပီ။

အခ်င္းခ်င္းမညီၫြတ္တာက တိုင္းျပည္ရဲ႕ တစ္ကယ့္ရန္ပါ။ ဒီလိုမညီၫြတ္ေအာင္ ဘယ္အရာေတြက တားဆီးပိတ္ဆို႔ထားတာလဲ။ျမင္ေအာင္ၾကည့္ဖို႔ လိုပါတယ္။တစ္ခါတစ္ေလ ကိုယ္ႀကိဳက္တဲ့ဘက္ တဖက္ဘက္ကေန ေနရတာမွန္ေပမယ့္ တိုင္းျပည္အက်ိဳးစီးပြားနဲ႔ယွဥ္လာရင္ တိုင္းျပည္ဘက္ကလြဲၿပီး ဘယ္ဘက္ကမွ ေနလို႔မရဘူး။ရပ္တည္ေပးလို႔မရပါဘူူး။တိုင္းျပည္ဘက္ကပဲ ရပ္ေပးရတာေတြ ရွိပါတယ္။

ဒီခ်ိန္မွာ လူမ်ိဳးဘာသာသာသနာကို ခ်စ္တယ္ဆိုရင္ က်ဥ္းေျမာင္းတဲ့ ယူဆမႈေတြ ခံယူခ်က္ေတြကို ခဏေဘးဖယ္ၿပီး တိုင္းျပည္မတည္ၿငိမ္ေအာင္ ဖန္တီးေနတဲ့ အနီးဆုံးရန္သူကို ျမင္ေအာင္ၾကည့္ဖို႔ လိုလာပါၿပီ။

တိုင္းျပည္ကိုခ်စ္တယ္ဆို ဘယ္ဘက္က ကြၽန္ေတာ္တို႔ရပ္မလဲ……..၊ ျပည္တြင္း ျပည္ပ အခက္အခဲေတြ ျဖစ္ေအာင္လုပ္တဲ့ဘက္က ရပ္မလား၊ ျပည္တြင္း ျပည္ပ အခက္အခဲေတြ ရင္ဆိုင္ေနရတဲ့ တိုင္းျပည္ဘက္က ရပ္မလား၊ ဒါမွမဟုတ္ အာဏာရရင္ၿပီးေရာ လုပ္ပိုင္ခြင့္ရရင္ၿပီးေရာ တိုင္းျပည္ဘာျဖစ္ျဖစ္၊ ကြဲကြဲၿပဲၿပဲ ဆိုတဲ့ဘက္က ရပ္မလား…..အမ်ားႀကီးစဥ္းစားဆုံးျဖတ္စရာပါ။ စဥ္းစားတဲ့ေနရာမွာ ကိုယ္က်ိဳးစီးပြားျဖစ္ထြန္းမႈကို ေဘးခ်ိတ္ထားမွ ျဖစ္ပါလိမ့္မယ္။

ေအးခ်မ္းတာကို မလိုလားတာ တိုင္းျပည္ရဲ႕ ရန္သူပါဘဲ။ဘယ္သူေတြ မေအးခ်မ္းေအာင္ လႈံ႕ေဆာ္ေနလဲ..။ကိုယ့္တိုင္းရင္းသားခ်င္း အမုန္းပြားေအာင္၊ အၿငိဳးႀကီးအာဃာတတရား ျဖစ္ထြန္းေအာင္ ဘယ္သူေတြ ေရေလာင္းေပါင္းသင္ေနသလဲ ..။ဒါကိုျမင္ဖို႔ လိုေနပါတယ္။

လက္နက္ကိုင္တဲ့သူေတြအေနနဲ႔ ကိုယ့္ရင္ကေမြးတဲ့ ရင္ေသြးငယ္ကို ေျခလက္အဂၤါစုံနဲ႔ ေအးေအးခ်မ္းခ်မ္း ေက်ာင္းသြားေစခ်င္သလို၊ ၀၀လင္လင္ျပည့္စုံစြာ စားေသာက္ေနထိုင္ေစခ်င္သလို၊ မိစုံဖစုံဘဝမ်ိဳးမွာ မိသားစုနဲ႔ သိုက္သိုက္ဝန္းဝန္း ေနထိုင္ႀကီးျပင္းေစခ်င္သလို လူတိုင္းမွာလည္း ဒီလိုစိတ္ဆႏၵရွိတယ္ဆိုတာကို ထည့္ေတြးဖို႔ လိုပါတယ္။

ျပည္သူေတြက တိုင္းျပည္ကို မၿငိမ္းခ်မ္းေစခ်င္တာ ဘယ္သူလဲ။ဘယ္သူက လိုအင္ဆႏၵေတြနဲ႔ မၿငိမ္းခ်မ္းတာလည္း ..။ဒါကိုသိေနၿပီးသားပါ။

ေမာင္ဦးလြင္
မတ္ - ၂၃