【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ရုရှားစစ်ရေးတည်ဆောက်မှုနှင့် စစ်ရိပ်စစ်ငွေ့သန်းနေတဲ့ ဥရောပ

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ရုရှားစစ်ရေးတည်ဆောက်မှုနှင့် စစ်ရိပ်စစ်ငွေ့သန်းနေတဲ့ ဥရောပ

တစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ ရုရှားနဲ့ဆိုင်တဲ့ သတင်းတွေက အတော်များခဲ့သလို သဘာ၀ဘေးဆိုင်ရာသတင်းတွေကလည်း တစ်ပတ်နဲ့တစ်ပတ်မရိုးနိုင်အောင် သတိပြုစရာဖြစ်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ခရုဇာစစ်သင်္ဘောနှစ်စင်းဖြတ်မောင်းတဲ့သတင်းက ထိပ်တန်း သတင်းဖြစ်ခဲ့သလို ရုရှားက စစ်အင်အားတစ်သိန်းသုံးသောင်းကျော် တိုးချဲ့ဖို့ ဥပဒေထုတ်ပြန်လိုက်တာကလည်း သတိထားစရာသတင်းဖြစ်ခဲ့ပါတယ်။

ဒါအပြင် နိုင်ငံရေးဆိုင်ရာလှုပ်လှုပ်ခပ်ခပ်သတင်းတွေဖြစ်တဲ့ အာဂျင်တီးနားမှာ ဒုသမ္မတကို လာဘ်စားမှုနဲ့ ထောင်ဒဏ် ချဖို့ အစိုးရရှေ့နေ့က တင်ခဲ့တဲ့အတွက် ဆန္ဒပြမှုတွေဖြစ်ခဲ့တာ၊ လစ်ဗျားမှာ ပြိုင်ဘက်အုပ်စုတွေကြားပစ်ခတ်ကြလို့ ထရီပိုလီမှာ လူနှစ်ဆယ်ကျော်သေဆုံးခဲ့တာ၊ ယူဂန္ဓာနိုင်ငံမှာ အရက်အဆိပ်သင့်လို့ လူ၁၇ ဦးထက် မနည်းသေဆုံးခဲ့တာ၊ ဖိလစ်ပိုင်မှာ ခရီးသည်တင်ကူးတို့သင်္ဘော မီးလောင်လို့ ခရီးသည် ၈၀ ကျော်ကို ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်လိုက်ရတာ၊ ပါကစ္စတန်ဘက်သို့ ဒုံးကျည် မှားယွင်းပစ်ခတ်မှု အိန္ဒိယလေတပ် တာဝန်ရှိသူသုံးဦးကို ထုတ်ပယ်ခဲ့တာ၊ စင်ကာပူမှာ အမျိုးသား အချင်းချင်းလက်ထပ်တာကို ရာဇဝတ်မှုသတ်မှတ်ထားတာကနေ ပယ်ဖျက်တာ၊ သန်းပေါင်းများစွာသော ကျောင်းသားများအတွက် ချေးငွေကို ပယ်ဖျက်ပေးဖို့ အစီအစဉ်ကို အမေရိကန်သမ္မတက ကြေညာတာ၊ သီရိလင်္ကာရေတပ်နဲ့ လေတပ်အတွက် လောင်စာဆီပေးဖို့ သြစတြေးလျက အိန္ဒိယနှင့်ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့တာစတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီတစ်ပတ်သတင်းတွေထဲက စောင့်ကြည့်စရာသတင်းတွေက ရုရှားရဲ့ စစ်ရေးအင်အားတိုးမြှင့်ခဲ့တဲ့သတင်းတွေပါဘဲ။ မကြာခင်က ရုရှားသမ္မတ ပူတင်ဟာ ရုရှားစစ်သည်အင်အားကို တစ်သိန်းသုံးသောင်းကျော်တိုးမြင့်မယ့် ဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ရုရှားအနေနဲ့ ယခုရက်ပိုင်းဆက်တိုက်ဆိုသလို ယူကရိန်းစစ်အတွက် ထပ်ပြီး အရှိန်မြှင့်ဖို့ လုပ်လာခဲ့နေတာကိုတွေ့ရပါတယ်။ ယူကရိန်းစစ်ဟာ နှစ်နဲ့ချီပြီး ကြာနိုင်တယ်လို့ ဩဂုတ် ၂၈ ရက်မှာ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဘာဗက်ဗရော့က ပြောခဲ့ပါတယ်။ တကယ်အခြေအနေကလည်း ဒီလိုကိုဖြစ်နေတာပါ။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းကို နှစ်တွေကြာတဲ့အထိ စစ်ရေးနဲ့ ဘဏ္ဍာရေးအကူအညီပေးနိုင်တယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။ ယူကရိန်းစစ်မှာ ဂျာမနီဟာ သမိုင်းရန်ကြွေးကို ပြန်ဆပ်နေသလို အင်နဲ့ အားနဲ့ ထောက်ပံ့မယ် အနေအထားဖြစ်လာပါတယ်။ ရုရှားရဲ့ စွမ်းအင်ဖြတ်တောက်မှုကိုအဆိုးဝါးဆုံးခံရဖွယ်ရှိနေတဲ့ ဂျာမနီဟာ ရုရှားကိုရင်ဆိုင်နေတဲ့ ယူကရိန်းကို အမေရိကန်ပြီးရင် ဒုတိယအများဆုံး စစ်ရေးအထောက်အပံ့ပေးနေတဲ့ နိုင်ငံဖြစ်လာပါတယ်။  

ယူကရိန်းကိုကျူးကျော်နေတဲ့ စစ်ကိုရပ်တန်ဖို့ ကုလအတွင်းရေးမှူးချုပ်က ဩဂုတ် ၂၄ ရက်က ယူကရိန်း ရဲ့ ၃၁ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ တောင်းဆိုခဲ့ပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်းစစ်ကို နေတိုးအဖွဲ့ထဲ မဝင်တော့ဘူးလို့ ကတိပေးရင်တောင်မရပ်တန့်ဘူးဆိုပြီး ဩဂုတ် ၂၆ ရက်က ပြင်သစ်ရုပ်သံနဲ့တွေ့တဲ့ အင်တာဗျူး မှာ ရုရှားသမ္မတဟောင်း မက်ဗီဒက်ခ်က ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ရုရှားဟာ ယူကရိန်းကို  သိမ်းပိုက်လိုတဲ့ စွဲလမ်းနေမှုကို မစွန့်လွှတ်သေးဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံကနေ လွတ်လပ်ရေးရတဲ့ ၃၁ နှစ်မြောက် ယူကရိန်းလွတ်လပ်ရေးနေ့မှာဘဲ ကိယက်ဗ် ကလွဲလို့ ယူကရိန်းမြို့ကြီးအတော်များများကို တိုက်ခိုက်ခဲ့လို့ အရပ်သား ၂၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒီထဲမှာ ချာ့ပလိုင်းမြို့က ဘူတာ ရုံတစ်ခုလည်းပါဝင်ခဲ့ပါတယ်။ ရုရှားအနေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို ဒီလို ရမ်းသမ်း ပစ်ခတ်နေတာက  ယူကရိန်းစစ်မှာ ထင်သလို ရလဒ် မထွက်လို့ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေကဆိုပါတယ်။ ပြည်တွင်းမှာလဲ ပူတင်အစိုးရအဖို့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်နေရတာရှိပါတယ်။ ရုရှားနိုင်ငံ ရဲ့ စတုတ္ထအကြီး ဆုံးမြို့က  မြို့ တော်ဝန်ဟောင်းကို ရုရှားစစ်တပ်ကိုဝေဖန်မှုနဲ့ ရဲ တပ်ဖွဲ့က ဒီတစ်ပတ်ထဲမှာ ဖမ်းဆီးခဲ့လို့ ဆန္ဒပြမှု အချို့ ဖြစ်ခဲ့တာလည်း ရှိပါသေးတယ်။

မကြာခင်က ရုရှားစစ်တပ်အင်အားတိုးချဲ့မှုက ရုရှားအနေနဲ့ စစ်ကို ဥရောပထိ တိုးချဲ့တော့မလားဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ဥရောပအနေနဲ့ ရုရှားကိုမှီခိုနေရတဲ့ စွမ်းအင်ကဏ္ဍကို ဖြတ်ချနေသလို တခြားသော  စိတ်ပိုင်းဆိုင်ရာလွှမ်မိုးမှုတွေဖြစ်တဲ့  ယခင်ဆိုဗီယက်ခေတ်က ရုပ်တုတွေ လီနင်၊စတာလင် ရုပ်တုတွေကို ဖြုတ် ချ၊ဖြိုချတာတွေ လုပ်ခဲ့တာကိုတွေ့ရပါတယ်။ မကြာခင်က လက်ဗီးယားနိုင်ငံ မြို့တော် ရီကာမှာရှိတဲ့ ၂၅၉ ပေ အရှည် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ် ကျောက်တိုင်ကို ဖြိုချခဲ့ပါတယ်။ ဒီကျောက်တိုင်ဟာ ရုရှားက ယူကရိန်း အပေါ်ကျူးကျော်စစ်စတင်ပြီးတဲ့နောက် ဒီကျောက်တိုင်ဟာ ရုရှားထောက်ခံသူတွေ စုဝေးချီတက်ရာ နေရာဖြစ် လာခဲ့ပြီး၊ ပြည်တွင်းက လူနည်းစုဝင် ရုရှားလူမျိုးတွေ ကန့်ကွက်ခဲ့ကြားကပဲ လက်ဗီးယားအစိုးရက ဖြိုလှဲခဲ့တာ ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံတွေအနေနဲ့ ဆိုဗီယက်ပုံစံမျိုးသွတ်သွင်းလာနေတဲ့ ပူတင်ဦးဆောင်တဲ့ ရုရှားရဲ့ လက်ရဲဇက်ရဲ ကျူးကျော်မှုကို တားဆီးဖို့ ပိုညီညွတ်လာတာကိုတွေ့ရပါတယ်။

ဩဂုတ်လ ၂၇ ရက်ကဆိုရင် ဆိုဗီယက်လုပ် အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တွေကို အသုံးပြုမှု စွန့်လွှတ်ခဲ့ တဲ့ ဆလိုဗက်ကီးယား နိုင်ငံရဲ့ ဝေဟင်ပိုင်နက်ကို ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတို့က အကာအကွယ်ပေးဖို့ သဘောတူ ညီခဲ့ကြပါတယ်။ ဒီလိုကာကွယ်ပေးမှုဟာ အမေရိကန်နိုင်ငံကနေ အက်ဖ်-၁၆ တိုက်လေယာဉ်သစ်များ ရရှိတဲ့အချိန် ထိဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားရဲ့ စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို မျက်ခြေမပျက် စောင့်ကြည် နေတာဟာ စစ်ရေးစွမ်းရည်ကြောင့်မဟုတ်ဘဲ ပူတင်ရဲ့ ရမ်းကားတဲ့ ဆောင်ရွက်မှုတွေကြောင့်ပါဘဲ။

ပြီးခဲ့သည့် သီတင်းပတ်က ရုရှား၏ တပ်ဖွဲ့ဝင်အင်အား ၁၃၇,၀၀၀ ခန့်ကို တိုးချဲ့ရန် အမိန့်တစ်ရပ်ကို လက် မှတ်ရေးထိုးခဲ့လို့ ရုရှားစစ်အင်အားက စုစုပေါင်းအင်အား ၁.၁၅ သန်းအထိ တိုးမြင့်လာခဲ့ပေမယ့် ဒီတိုးမြှင့်မှုကြောင့် ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ ကံကြမ္မာကို သိသိသာသာ ပြောင်းလဲသွားစေမှာ မဟုတ်ဘူးလို့ အမေရိကန်နှင့် ဗြိတိန် အရာရှိများနဲ့  စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ဒါဟာ ယူကရိန်းမှာ ခန့်မှန်းခြေ ရုရှားစစ်သည် ရှစ် သောင်းလောက် ထိခိုက်သေဆုံးခဲ့တာကို အစားထိုးတဲ့ သဘောထက်မပိုဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ ရုရှား စစ်တပ် အဖို့ တပ်သားသစ်စုဆောင်းရာမှာ အခက်တွေ့နေပြီး  အသေအပျောက်များစွာ ကြုံတွေ့ခဲ့ရတဲ့ ယူကရိန်း စစ်ကြောင့် ထိုးစစ်က မြေပြင်မှာ တန့်နေပါတယ်။

ဒီရက်ပိုင်းမှာ ရုရှားဘက်ကနေ ယူကရိန်းတောင်ပိုင်းက Zaporizhzhia ညူကလီးယား စွမ်းအင်သုံး ဓာတ် အားပေးစက်ရုံကို  တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။  အဲဒီစက်ရုံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကိုတော့ ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ ကြပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်း ဓာတ်အားပေးစက်ရုံကို လက်နက်ကြီးတွေနဲ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး၊ လက်နက်ကြီးကျည် ၁၇ လုံးကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ပြောဆို ပါ တယ်။အဲဒီဓာတ်အားပေးစက်ရုံကို မတ်လကတည်းက  ရုရှားက သိမ်းပိုက်ခဲ့ပြီး၊ ယူကရိန်းက အင်ဂျင်နီယာတွေ က ဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။ စက်ရုံဟာ ရှေ့တန်းစစ်မျက်နှာနဲ့ နီးကပ်နေတဲ့ နေရာမှာပါ ။  

ဒီရက်သတ္တပတ်ထဲမှာ ဒီ Zaporizhzhia စက်ရုံကို  ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ ကသွားရောက်စစ်ဆေးမှာဖြစ်ပေမယ့် စက်ရုံကို တိုက်ခိုက်မှုကနေလွတ်ကင်းမယ်လို့ ပြောလို့မရသေးတဲ့ အနေအ ထားပါ။ ဥရောပဟာ ယခုအခါ ရုရှားရဲ့ ဘက်ပေါင်းစုံက တိုက်ခိုက်နိုင်မှုကို ထည့်သွင်းတွက်ချက်နေရသလို ပြင် ဆင်မှုတွေ လုပ်နေတာကိုတွေ့ရတဲ့အတွက် စစ်ပွဲဟာ မမျှော်လင့်ဘဲ ဥရောပကို ကူးစက်လာနိုင်နေပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲတဲ့ ၆ လအတွင်း ယူကရိန်းကို အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုက အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရှိနေပါပြီ။ မကြာခင်ကပဲ ဘဲ အမေရိ ကန်က ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ စစ်ရေးထောက်ပံ့မှုတွေကို ပေးအပ် မယ်လို့ ကြေညာခဲ့တဲ့အတွက် ရုရှားအဖို့ စစ်ပွဲကနေ ရုန်းထွက်ဖို့ဆိုတာ ကြာလေခက်ခဲလာနိုင်လေဆိုသလို ဖြစ်လာ နေပါတယ်။  ယခုလက်ရှိမှာဘဲ ရုရှားဘက်က ထောက်ပို့အခြေစိုက်နေရာတွေကို ယူကရိန်းဘက် တိုက်ခိုက်နေ တာတွေ တွေ့စပြုလာနေပါတယ်။ ဒါဟာ ရုရှားထိုးစစ်က တန့်ရပ်တဲ့ အနေအထားပါဘဲ ။ ရုရှားအတွက် အကျပ် အတည်းတစ်ခုအစဖြစ်လာခဲ့ရင် စစ်ပွဲထဲ ဥရောပို ဆွဲသွင်းဖို့ လုပ်လာနိုင်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မင်းထက်