【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 စစ်ပွဲအဆုံးသတ်နှင့် စစ်ပွဲအသစ်လား

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 စစ်ပွဲအဆုံးသတ်နှင့် စစ်ပွဲအသစ်လား

ယခုတစ်ပတ်မှာ တရုတ်က ထိုင်ဝမ်နားမှာ စစ်ရေးလေ့ကျင်တဲ့ သတင်းက နိုင်ငံတကာကို လှုပ်ခတ်စေခဲ့သလို အပြင်းအထန်တိုက်ခိုက်နေတဲ့ ဘတ်ခ်မွတ်မြို့ရုရှားလက်ထဲ ကျသွားပြီဆိုတဲ့ သတင်းတွေကလည်း ဒီတစ်ပတ်ရဲ့ အလေးထားဖော်ပြရတဲ့ သတင်းကြီးတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာအရေးဟာ တင်းမာမှု တစ်ပတ်ထက်တစ်ပတ်မြင့်တက်လာနေသလို အချိန်မရွေး ပေါက်ကွဲမှုဖြစ်သွားနိုင်တဲ့ မီးတောင်တစ်လုံးလိုဖြစ်နေပါပြီ။

ဒီထဲမှာ တရုတ်နိုင်ငံကို ပြင်သစ်သမ္မတနဲ့ အီးယူဥက္ကဋ္ဌသွားရောက်ခဲ့တာ၊ အပြင်းအထန်ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် ဖင်လန်နိုင်ငံကို NATO အဖွဲ့ထဲ ဝင်ခွင့်ရဖို့ ထောက်ခံချက်ပေးလိုက်တာ၊ ဘင်္ဂလားဒေ့ရှ်မှာ စျေးမီးလောင်လို့ ဆိုင်ခန်းပေါင်း ထောင်နဲ့ချီ ဆုံးရှုံးခဲ့တာ၊ ရမ်ဇာန်လအတွင်း al-Aqsa ဗလီကို အစ္စရေးရဲတွေက ဝင်ရိုက်ခဲ့လို့ ဥပုသ်ယူသူတွေ ထိခိုက်ဒဏ်ရာရခဲ့တာ၊ အီရန်နဲ့ တင်းမာမှုမြင့်တက်နေစဉ် ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘောကို အရှေ့အလယ်ပိုင်းမှာ အမေရိကန်က ဖြန့်ကျက်ခဲ့တာ၊ ပြင်သစ် အဲလ်ပ်စ် တောင်တန်း၌ နှင်းထု ပြိုကျလို့ လေးဦးသေဆုံးခဲ့တာ ၊ ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ရာဇဝတ်မှုတွေကို သည်ဟိဂ်မှာ စတင်စစ်ဆေးခဲ့တာ၊ ထရမ့်က သူ့ကို စွပ်စွဲတဲ့အမှု ၃၄ ခုအတွက် အပြစ်မရှိကြောင်းလျှောက်ထားခဲ့တာ၊ မြောက်ကိုရီးယားက ရေအောက်မှာ နျူကလီးယားဒရုန်းထပ်မံစမ်းသပ်ခဲ့တာ စတဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ပတ်မှာ ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ် အမေရိကန်မှာ အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံမယ့်ကိစ္စကနေ တင်းမာမှုမြင့်တက်လာတဲ့ တရုတ်-အမေရိကန်တင်းမာမှုသတင်းနဲ့ ယူကရိန်းစစ်ပွဲနောက်ဆုံး အခြေအနေ သတင်းပါဘဲ။

ထိုင်ဝမ်အနီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု

ထိုင်ဝမ်သမ္မတရဲ့ အမေရိကခရီးစဉ်ထဲမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံဖို့ ပါလာကတည်းက တရုတ်ဘက်ကနေ မတွေ့ဖို့သတိပေးခဲ့ပါတယ်။ တရုတ်က ဧပြီ ၄ ရက်မှာ ဆိုးဝါးသော အတိတ်ကအမှားများကို ထပ်မလုပ်မိရန်ပြောခဲ့ပါတယ်။ အမေရိကန်တွင် သမ္မတနှင့် ဒုသမ္မတပြီးလျှင် တတိယရာထူးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ရီပတ်ဘလီကင်တစ်ဦးဖြစ်သော မက္ကာသီသည် ဧပြီ ၅ ရက်တွင် ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ကို ကယ်လီဖိုးနီးယားမှာတွေ့ဆုံမယ့် အစီအစဉ်ကို တရုတ်က လက်တုံ့ပြန်သွားမယ်ဆိုပြီး ခြိမ်းခြောက်ထားတာရှိပါတယ်။

ဒီအတွက် တရုတ်ဘက်က ဘယ်လို လက်တုံ့ပြန်နိုင်သလဲဆိုပြီး သုံးသပ်မှုတွေရှိပါတယ်။ ယမန်နှစ် သြဂုတ်လက  အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ထိုင်ဝမ်မြို့တော် တိုင်ပေကို သွားရောက်ခဲ့ပြီးနောက်မှာ တရုတ်က ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပါတယ်။ ဒီတစ်ခေါက်လည်း အဲဒီထက်မပိုနိုင်ဘူးလို့ တွက်ဆထားကြပါတယ်။

တရုတ်ဘက်က အတန်တန်ခြိမ်းခြောက်နေပေမယ့် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ  ဧပြီ ၅ ရက် မှာ  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီနှင့် တွေ့ဆုံခဲ့ပါတယ်။ဒီလိုမတွေ့ဆုံခင် ဆိုင်အင်းဝမ်ဟာ လက်တင်အမေရိကသို့ နှစ်ရက်ကြာ ခရီးနှင်ခဲ့ပြီးဝင်ရောက်ခဲ့တာဖြစ်လို့ နိုင်ငံအဆင့်ခရီးစဉ်တော့ မဟုတ်ခဲ့ပါဘူး။

ဒီလိုတွေ့ဆုံမှုကို တရုတ်ဘက်က အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းကတော့ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့်တရုတ်-အမေရိကန်ပူးတွဲကြေညာ ချက် သုံးခုကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကာ တရုတ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ဆိုးရွားစွာ လျော့ပါးစေတယ်လို့ ပြောခဲ့ပါတယ်။ဒါအပြင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မက္ကာသီကိုလည်း ဆိုင်အင်းဝမ်နဲ့တွေ့ဆုံမှုဟာ မီးနှင့်ကစားနေတာဆိုပြီး ပြောခဲ့ပါတယ်။

ဧပြီ ၅ ရက် ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတို့တွေ့ဆုံပြီးနောက်မှာ တရုတ်ဘက်က ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်ရှိ ရေပြင်ထဲ စစ်သင်္ဘောတွေကို ဧပြီ ၆ ရက်မှာ ဖြန့်ကျက်ခဲ့ပါတယ်။ ဧပြီ ၅ ရက်တွေ့ဆုံမှုမတိုင်ခင် နာရီပိုင်းအလိုမှာ ထိုင်ဝမ်ကျွန်း၏ အရှေ့တောင်ဘက် ရေပြင်တစ်လျှောက်မှာ လေယာဉ်တင်သင်္ဘောတစ်စင်းကို တရုတ်က  ဖြန့်ကြက်ချထားခဲ့ပါတယ်။ ဧပြီ ၆ ရက် နံနက်ပိုင်းမှာတော့ တရုတ်ပြည်မနှင့် ထိုင်ဝမ်ကျွန်းကို ပိုင်းခြားထားသည့် ပင်လယ်ရေပြင်ထဲတွင် စစ်သင်္ဘောသုံးစင်းကို ထပ်မံတွေ့ရှိခဲ့တယ်ဆိုပြီး ထိုင်ဝမ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတွက်ထိုင်ဝမ်ဘက်က ကန့်ကွက်မှု ပြုလုပ်ခဲ့ပါတယ်။ ဧပြီ ၇ရက်မှာ တရုတ်က  ရော်နယ်ရေဂင် သမ္မတ စာကြည့်တိုက်နှင့် အခြားအဖွဲ့အစည်းများအပေါ် ပိတ်ဆို့မှုများချမှတ်ကြောင်းကြေညာခဲ့ပါတယ်။ ဒီစာကြည့်တိုက်မှာ ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့တာပါ။ တရုတ်၏ သတိပေးချက်များကို ဖီဆန်မှုထဲပါတဲ့ အဖွဲ့အစည်းတွေကို တရုတ်ဘက်က ပိတ်ဆို့မှုတွေ လုပ်ခဲ့လို့ ထိုင်ဝမ် နှင့်ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အကြားတင်းမာမှုက ပိုမြင့်လာခဲ့ပါတယ်။

ထိုင်ဝမ်ကို ၎င်းရဲ့နယ်နိမိတ်တစ်အခုအဖြစ် ကြေညာထားပြီး လိုအပ်လာရင် အင်အားအသုံးပြုသွားမယ်လို့ ပြောထားသလို ထိုင်ဝမ်အနေဖြင့် ပြည်ပဆက်ဆံရေးများ ပြုလုပ်ခွင့်မရှိဟု ကြေညာခဲ့လို့ ဆိုင်အင်းဝမ်ရဲ့ အမေရိကန်ခရီးစဉ်ဟာ တရုတ်အတွက် လက်မခံနိုင်စရာဖြစ်နေပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌကတော့ “ကျနော်က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌပါ။ ကျနော်ဘယ်ကို သွားခွင့်ရနိုင်တယ် ဒါမှမဟုတ် ဘယ်သူနဲ့စကားပြောခွင့်ရှိတယ်ဆိုတာကို တရုတ်အစိုးရမှာ ပြောဆိုပိုင်ခွင့်လုံးဝမရှိပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

လက်တလောသတင်းတွေမှာတော့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းတည့်ချိန်အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်လေယာဉ် ၅၈ စီးကို ထိုင်ဝမ်ရေလက်ကြားတွင် တွေ့ရကြောင်း၊ ၎င်းတို့အနက် ၃၁ စီးသည် ရေလက်ကြား အလယ်စည်းကို ဖြတ်ကျော်ကြောင်း ပြောကြားပြီး စစ်သင်္ဘော ၉ စီးကိုလည်း ထောက်လှမ်းမိကြောင်းပြောပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်မှ အဓိက ပစ်မှတ်များကို အတိအကျတိုက်ခိုက်မှုပုံစံမျိုး လေ့ကျင့်ခဲ့ကြောင်း  တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

ဒီနေ့တနင်္လာနေ့မှာဘဲ အမေရိကန်ဖျက်သင်္ဘောUSS Milius ဟာ တောင်တရုတ်ပင်လယ်အနီးက စပရက်တလေကျွန်းစုကို  သွားရောက်နေပြီး ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထိုင်ဝမ်အနီး တရုတ်စစ်လေယာဉ် ၅၉ စင်းတွေ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာအခြေအနေတွေက တစ်ရက်နဲ့တစ်ရက်မတူလို့ ခန့်မှန်းရဖို့ ခက်ခဲလှပါတယ်။

ယူကရိန်းစစ်ပွဲ နောက်ဆုံးအခြေအနေ

NATO အဖွဲ့ထဲ ဖင်လန်နိုင်ငံဝင်ခွင့်ရသွားခဲ့တဲ့ ဧပြီ ၅ ရက်မှာ တရုတ်နိုင်ငံကိုရောက်နေတဲ့ ပြင်သစ်သမ္မတနဲ့ တရုတ်သမ္မတတို့ ယူကရိန်းစစ်ပွဲမှာ တရုတ်ကြားဝင်ပေးနိုင်မှုကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကို တရုတ်နိုင်ငံထုံးစံအတိုင်း မထုတ်ပြန်ခဲ့ပေမယ့် သမ္မတနှစ်ဦးစလုံးက ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ ပြောခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ ရုရှားသမ္မတပြောရေးဆိုခွင့်ရှိသူ ပက်စကော့ဗ့်က နေတိုးအဖွဲ့ထဲ ဖင်လန် ပါဝင်ခြင်းဟာ ရုရှားအတွက် ပိုမို ခြိမ်းခြောက်မှု ဖြစ်လာသောကြောင့် ရုရှားနိုင်ငံအနေနဲ့ လုံခြုံရေးစနစ် ထပ်မံညီမျှစေရန်အတွက် လိုအပ်သော ဆောင်ရွက်ချက်များကို မဖြစ်မနေကျင့်သုံးရကြောင်း ပြောခဲ့ပါတယ်။   

လက်ရှိမှာ ယူကရိန်းစစ်ပွဲဟာ ပိုပြီး ကျယ်ပြန်လာနိုင်မယ့်အခြေအနေဘက်ကို အားသာနေပြီး အနောက်နိုင်ငံတွေက စစ်ပွဲအတွက် ပြင်ဆင်သလိုမျိုးလုပ်နေသလို ရုရှားက ဆောင်းတွင်း လောင်စာနဲ့ အကျပ်ကိုင်မှုက မအောင်မြင်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက အုံနဲ့ကျင်းနဲ့ ပြန်လည်တုံ့ပြန်လာနိုင်မှုကို စိုးရိမ်နေရတဲ့ အခြေအနေကိုရောက်လာနေပါတယ်။ ဒါအပြင် ယူကရိန်းဘက်က ရုရှားနွေဦးရာသီထိုးစစ်ဖြစ်ဖွယ်ရှိတဲ့ ဘတ်ခ်မွတ်မြိုသိမ်းတိုက်ပွဲကို တောင့်ခံထားလို့ ကျရှုံးတဲ့အနေအထားကိုရောက်နေပါတယ်။

ယူကရိန်းသမ္မတက ယူကရိန်းတန်ပြန်ထိုးစစ်မှာ ကရိုင်းမီးယားကိုပါ ပြန်သိမ်းမယ်လို့ ပြောခဲ့သလို ရုရှားကလည်း ကရိုင်းမီးယားကိုထိရင် နျူလက်နက်သုံးမယ်ဆိုတဲ့အထိကို ပြောနေခဲ့ပါတယ်။ ဒီတစ်ပတ် အိုင်ယာလန် ရုပ်/သံနှင့် တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က “နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ ယူကရိန်းအစိုးရကို ကျနော် စည်းရုံးနားချမိခဲ့တာ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ ယူကရိန်းက နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ သဘောတူခဲ့ရတဲ့အပေါ် ကျနော့်မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်လို့ ပြောခဲ့ပြီး “ယူကရိန်းမှာသာ နျူကလီးယားလက်နက် ရှိနေမယ်ဆိုရင် ရုရှားဟာ အခုလို ကျူးကျော်ရဲမှာမဟုတ်ပါဘူး။ ၉၄ သဘောတူစာချုပ်ကို သမ္မတပူတင်က စတင်ချိုးဖောက်ခဲ့တာပါပဲ။ အဲဒီအတွက် အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပက ယူကရိန်းကို မဖြစ်မနေ ဆက်လက်ထောက်ခံကူညီရမှာပဲ” လို့ ပြောခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ယူကရိန်းသမ္မတဟာ ပိုလန်ကို ရောက်လာခဲ့သလို ဘီလာရုစ်သမ္မတဟာ ရုရှားကို သွားရောက်ခဲ့ပါတယ်။ ယူကရိန်းသမ္မတရဲ့ပိုလန်ခရီးစဉ်မှာ နှစ်နိုင်ငံ စစ်လက်နက်ကူညီပေးရေးနဲ့ စစ်လက်နက်ပူးပေါင်းထုတ်လုပ်ရေး သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီအပေါ် ယူကရိန်းကို ကျုးကျော်နေတဲ့ ရုရှားရဲ့ ထောက်လှမ်းရေးအကြီးအကဲက ဒါဟာ ရိုးသားတဲ့ကူညီမှုမဟုတ်ပဲ ယူကရိန်း အနောက်ပိုင်းဒေသကို ရယူလိုချင်တဲ့အတွက် ဖြစ်တယ်ဆိုပြီးပြောခဲ့ပါတယ်။     

လတ်တလောမှာ ရုရှားက ယူကရိန်းအရပ်ဘက် အဆောက်အဦတွေကို  ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရင် ဒါဟာ  စစ်ဘက်အဆောက်အဦးတွေဆိုပြီး ပြောနေပေမယ့်‌ ရုရှားဘက်မှာ ပစ်ခတ်ခံရရင် အရပ်သားတွေကို ဦးတည်ပြီး တိုက်ခိုက်နေတယ်ဆိုပြီး စွပ်စွဲလေ့ရှိပါတယ်။ တနင်္ဂနွေနေ့က ဇာပိုဇာဟီးယားကို ရုရှားက ဒရုန်းတွေ ဒုံးတွေနဲ့ တိုက်ခိုက်လို့ ၁၀ နှစ်ကလေးငယ်မလေးအပါအဝင် သားအဖနှစ်ဦးသေဆုံးခဲ့ပါတယ်။

ရုရှားအနေနဲ့ လက်နက်ရော ဘဏ္ဍာရေးပါ ထိခိုက်မှုတွေကြီးမားနေပြီး ရုရှားရဲ့ ဒုတိယအကြီးဆုံး ဘဏ်ဖြစ်တဲ့ VTB ဘဏ်က ဧပြီ ၅ ရက်ထုတ်ပြန်မှုအရဆိုရင် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် တစ်နှစ်အတွင်းမှာ ရုရှားငွေ ဘီလျံ ခုနှစ်ရာနီးပါး ဒေါ်လာနဲ့ဆိုရင် ရှစ် ဘီလျံနီးပါးဆုံးရှုံး ခဲ့ရကြောင်း ဆိုပါတယ်။ ဒါအပြင် ယူကရိန်းဘက်ကဒရုန်းတွေကြောင့် ရုရှားရဲ့ နျူကလီးယားတိုက်ခိုက်ရေး အမိန့်ပေးလေယာဥ်တွေ ပြင်ဆင်ထုတ်လုပ်ပေးနေတဲ့ ဗရုနက်ချ် လေယာဥ်ထုတ်လုပ်ရေးစက်ရုံ ဧပြီ ၇ရက် ညက ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ ရုရှားဟာ စစ်ပွဲကို  အဆုံးသတ်ခြင်ပေမယ့် လက်ရှိရရှိထားတဲ့ ယူကရိန်း နယ်မြေတွေကို လက်မလွတ်နိုင်တဲ့အတွက် စစ်ပွဲရပ်ဆိုင်းဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အနေအထားပါ။ ဒီအတွက် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်က ရုရှားကို ဆွေးနွေးပွဲစားပွဲ၀ိုင်းကိုပြန်ခေါ်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မင်းထက်