【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ပွက်လောညံခဲ့တဲ့ ဘိုင်ဒင်ရဲ့ မိနစ် ၆၀ အင်တာဗျူး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ပွက်လောညံခဲ့တဲ့ ဘိုင်ဒင်ရဲ့ မိနစ် ၆၀  အင်တာဗျူး

ဒီတစ်ပတ်သတင်းတွေက စိတ်ဝင်စားစရာတွေ များခဲ့သလို ကောင်းတာရော ဆိုးတာရော ရှိခဲ့ပါတယ်။ ဒီ ထဲမှာ ထိုင်ဝမ်မှာ လှုပ်ခဲ့တဲ့ အင်အားရစ်ချ်တာစကေး ၆.၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် ရထားတွေတိမ်းမှောက်တာ၊ အိမ်တွေပြိုခဲ့တာဖြစ်ခဲ့သလို ဂျပန်ကို စူပါတိုင်ဖွန်းမုန်တိုင်း နမ်မာဒိုဝင်ရောက်လို့ သယ်ယူပို့ဆောင်ရေးတွေ ပြတ် တောက်ကုန်သလို ဒေသခံထောင်ပေါင်းများစွာကို နေရာရွေ့ပြောင်းပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါအပြင် ပါကစ္စတန်ရေဘေးကြောင့် ကူးစက်ရောဂါဖြစ်ပွားမယ့် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့အခြေအနေ ရောက်နေတာ တွေ၊ အီတလီအလယ်ပိုင်းက တောင်တန်းမြို့အတော်များများမှာ ရေကြီးလို့ လူသေဆုံးခဲ့တာတွေ၊ တရုတ်နိုင်ငံ ဟူ နန်ပြည်နယ်ရဲ့မြို့တော် ချန်းရှမြို့က တယ်လီကွန်းကုမ္ပဏီပိုင်အဆောက်အဦးမှာ မီးလောင်ခဲ့တာတွေ စတဲ့ သဘာ ၀ဘေးနဲ့ လူကြောင့် ဖြစ်တဲ့ သတင်းတွေဖြစ်ပွားခဲ့ပါတယ်။  

ဒါအပြင် အကြမ်းဖက်မှုသတင်းတွေလည်းရှိခဲ့သလို စိတ်ဝင်စားစရာ နိုင်ငံရေးဆိုင်ရာ သတင်းတွေလည်း ရှိခဲ့ပါသေးတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဥဇဘက်မှာ  ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(SCO) အစည်းအဝေးက ထွက်ပေါ်လာတဲ့ သတင်းတွေလည်းရှိခဲ့ပါသေးတယ်။ ၂၀၂၂ နောက်ပိုင်းသတင်း တွေမှာ အဓိက သတင်းဖြစ်လာနေတဲ့ ယူကရိန်းစစ်ပွဲသတင်းတွေကလည်း ယခုတစ်ပတ်မှာ စစ်ပွဲအပြောင်း အလဲတွေကြောင့် ပိုပြီးစိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

ဒီထဲမှာ တခြားသတင်းတွေဖြစ်တဲ့ ကင်ညာနဲ့ဟေတီမှာ လောင်စာဆီစျေးနူန်းမြင့်တက်နေတဲ့သတင်း တွေ၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ ရဲ့ ဈာပနအခမ်းအနားကိုတက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ လန် ဒန်ကို သွားရောက်နေကြတာ၊အာဖဂန်မိန်းကလေးတွေ ကျောင်းတက်ခွင့်ပေးဖို့ တာလီဘန်တွေကို ကုလက တောင်းဆိုခဲ့တာ၊ ကုလညီလာခံတက်မယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီးကိ အမေရိကန်ဗီဇာခွင့်ပြုလိုက်တဲ့သတင်း စတဲ့ သတင်းအချို့လည်းရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ အထိရှဆုံးဖြစ်ခဲ့တဲ့သတင်းက စီဘီအက်စ်သတင်းဌာနနဲ့ အမေရိကန်သမ္မတတွေဆုံခဲ့ တဲ့ အင်တာဗျူးတွေပါဘဲ။ မိနစ် ၆၀ ကြာတဲ့ ဒီအင်တာဗျူးအစီအစဉ်ကို CBS သတင်းဌာနက တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ  ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးအပြင် အခြားလှုမှုရေးနယ်ပယ်မှာ ထင် ရှားတဲ့ သူတွေကိုပါ  ဗျူးလေ့ရှိတဲ့ အစီအစဉ်ပါ။ ယခုအင်တာဗျူးဟာ အချိန်ကိုက်ထွက်လာတဲ့ အင်တာဗျူးလို့ ပြောလို့ရပြီး အစောပိုင်းရက်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)မှာ ပူတင်နဲ့ ရှီကျင့်ဖျင်၊ ပူတင်နဲ့ မိုဒီတွေ့ဆုံမှုသတင်းတွေထက် နိုင်ငံတကာက ပိုစိတ်ဝင်စားခဲ့ပါတယ်။

ဥဇဘက်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အစည်းအဝေး

ဒီအစည်းအဝေးကို ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာခန်မြို့မှာပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင် ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးဟာ လက်ရှိဖြစ်နေတဲ့ ယူကရိန်းနဲ့ ဒေသ တွင်း ပြဿနာအချို့ကြောင့်လည်း  နိုင်ငံတကာက အာရုံစိုက်တာကို ခံရပါတယ်။ အစည်းအဝေးနဲ့ အစည်းအဝေး ပြင်ပ တွေမှာ ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်၊အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ခဲ့ပါတယ်။ဒီလိုတွေ့ဆုံမှုက နေ ထွက်လာတဲ့ သတင်းတွေ၊ ပြောဆိုမှုတွေက ကမ္ဘာ့အရေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ က  SCO အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဗဟိုအာရှ လေးနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်တွေ ၊ အီရန် နဲ့ တူရကီသမ္မတတို့နဲ့တွေ့ဆုံခဲ့ကြရာမှာ ရှီက နိုင်ငံတကာအခင်းအကျင်းကို ပြန်လည်ပုံဖော်ရန်နဲ့ တစ်ဖက်တည်း ကသာ အနိုင်ရရှိပြီး နိုင်ငံရေး အုပ်စုများဖွဲ့နေမှုကို စွန့်လွှတ်ဖို့  အချိန်ကျပြီလို့ ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပူတင်ကို လက်ရှိမှာ ယူကရိန်းပဋိပက္ခဖြစ်ပွားနေလို့ ကမ္ဘာ့အခင်း အ ကျင်းကို ပြောင်းလဲရန် အချိန်မကျသေးကြောင်း ပြောခဲ့ပါတယ်။ ဒီရှန်ဟိုင်းအစည်းအဝေးဟာ မကျင်းပခင်က တည်းက အစည်းအဝေးမှာ ရုရှားက ယူကရိန်းနဲ့ ထိုင်ဝမ်အရေးကို ဆွေးနွေးသွားမယ်ဆိုပြီး ကြိုတင်ကြေညာခဲ့ပါ တယ်။ တကယ်လည်း အစည်းအဝေးမှာ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး ပူတင်က တရုတ်အား ပြတ်ပြတ်သားသား ထောက်ခံခဲ့ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုအခိုင်အမာ လိုက်နာရန် ရည်ရွယ်ထားတယ်လိုက ပြောခဲ့သလို ထိုင်ဝမ်ရေလက်ကြားကိုဖြတ်နေတဲ့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ရန်စမှုကိုလည်း ရှုတ်ချတယ်ဆိုပြီး ပြော ခဲ့ပါတယ်။ ပူတင်အနေနဲ့ ဒီရှန်ဟိုင်းအစည်းအဝေးကိုအသုံးချပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖယ်ကျဉ်တာကို အာခံဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းကို ကျူးကျော်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အိန္ဒိယက သူ့အပေါ် ပြတ်ပြတ်သား သားမရပ်တည်ခဲ့တဲ့အတွက် သူထင်သလို မဟုတ်ဘဲ တွက်ချက်မှုတွေ လွဲခဲ့တာကိုတွေ့ရပါတယ်။ အစောပိုင်း ရှန်ဟိုင်းအစည်းအဝေးမစခင်  မော်စကိုမြို့ လုပ်ခဲ့တဲ့ ပူတင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်မလင် အရာရှိကြီးတစ်ဦးဖြစ်တဲ့ ယူရိ အူရှာနော့ဗ်က ရုရှားက ဘာကြောင့် ယူကရိန်း အထူးစစ်ဆင်ရေး စတင်ရသလဲဆိုတဲ့ အကြောင်းရင်းတွေကို တရုတ်နိုင်ငံက ရှင်းလင်းစွာ နားလည်ကြောင်း ပြောခဲ့တာရှိခဲ့ပါတယ်။ ဒါပေမယ့် ပူတင်နဲ့ ရှီကျင့်ဖျင်တွေ့ချိန်မှာတော့ တရုတ်သမ္မတရဲ့ မေးမြန်းမှုများနဲ့ စိုးရိမ်ပူပန်မှုများ ရှိနေတာကို နားလည်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ရှီက ပူတင်ကို “တည်ငြိမ်မှုနဲ့ အပြုသဘောဆောင်တဲ့ စွမ်းအားတွေနဲ့ ကမောက်မဖြစ်နေတဲ့ကမ္ဘာကြီးကိုတွန်းအားပေးဖို့ တရုတ်က ရုရှား နိုင်ငံနဲ့ လက်တွဲဆောင်ရွက်လိုပါတယ်”ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

ဒီအစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပူတင်ကို “ဒီနေ့ခေတ်က စစ်တိုက်ရမယ့် ခေတ်မဟုတ်ဘူး” ဟု ပြောခဲ့သလို ငြိမ်းချမ်းရေးလမ်းကြောင်းဦးတည်ရမယ့် အချိန်မျိုးဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါဟာ ပူတင်အနေနဲ့ နာလိုခံခက်အနေအထားပါဘဲ။ဒါဟာ ယူကရိန်းအပေါ် ကျူးကျော်မှုဟာ တရားမျှတသယောင် လှည့် စားနေတဲ့ ပူတင် မအောင်မြင်တာကို ပြသလိုက်တာဖြစ်ပြီး သူနဲ့ အနီးကပ်ဆုံးလို့ ယူဆထားတဲ့ တရုတ်နဲ့ အိန္ဒိယ က မထောက်ခံတာကို ထင်ထင်ရှားရှားပြသလိုက်တာ ဖြစ်လို့ ပူတင်အနေနဲ့ အရှက်တကွဲဖြစ်ရတဲ့ အခြေ အနေပါ။ ပူတင်အနေနဲ့ မိုဒီကို စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ပြောခဲ့ပြီး ယူကရိန်း သမ္မတ ဇီလန်စကီးဟာ လက်ရှိအချိန်မှာ စေ့စပ်ဆွေးနွေးမှုများလုပ်ဖို့ ပယ်ချထားတယ်ဆိုပြီး ပြောခဲ့တာကိုလည်း တွေ့ရ ပါတယ်။ အစည်းအဝေးရက်အတွင်းမှာ ပူတင်နဲ့ ရှီကျင့်ဖျင် နှစ်ဦးကြား တံခါးပိတ်ဆွေးနွေးခဲ့ပြီး ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ဘာမှ မှတ်ချက်မပေးခဲ့တာကလည်း ထူးခြားမှုတစ်ခုပါဘဲ။

ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်မယ်လို့ ဆိုခဲ့ပေမယ့် ဒီအစည်းအဝေးအပြီးမှာတော့  ပူတင်က  ပိုပြီးတော့ ပြင်းပြင်း ထန်ထန်တုန့်ပြန်သွားမယ်ဆိုပါတယ်။ ဒါဟာ ယူကရိန်းဘက်က အောင်မြင်မှုရနေတဲ့ တန်ပြန် ထိုးစစ်ကြောင့် နေမထိထိုင်မသာဖြစ်တဲ့ အနေအထားဖြစ်နေပုံရပါတယ်။ တန်ပြန်ထိုးစစ်နဲ့ ပတ်သက်ပြီး ပူတင်က ပြောခဲ့ရာမှာ အဲဒီစစ်ဆင်ရေး ဘယ်လို ဖြစ်ပေါ်တိုးတက်ပြီး ဘယ်လို အဆုံးသတ်မလဲ ဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။ 

ဘိုင်ဒင်နဲ့ စီဘီအက်တွေ့ဆုံမှု

ယခင် စစ်အေးခေတ်မှာ အိမ်နီးချင်းဖြစ်ပြီး ပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ တရုတ်နဲ့ ရုရှား နီးကပ်လာတာဟာ အနောက်အုပ်စုအတွက် တကယ်ကို အန္တရာယ်တစ်ခုလို သဘောထားခဲ့ပါတယ်။ ဒါကြောင့်လည်း ရုရှားကို တရုတ် က လက်နက်ထောက်ပံ့မှုရှိ/မရှိကို စောင့်ကြည့်ခဲ့သလို သံတမန်ရေးရာမှာလည်း တုံ့ပြန်မှုတွေပါ တယ်။ ရှန်ဟိုင်း အစည်းအဝေးမှာ ပြောခဲ့တာတွေက နိုင်ငံတကာမှာ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ စီဘီအက်စ်ရုပ်သံက ဘိုင်ဒင် နဲ့ မိနစ် ၆၀ အင်တာဗျူးကို လုပ်ခဲ့ပြီး တချို့မေးမြန်းမှုတွေကို တရားဝင်မထုတ်လွှင်စဉ် သတင်းအဖြစ်ဖော်ပြခဲ့ ပါ တယ်။

ဒီထဲမှာ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းမှာ အခြေမလှဖြစ်နေတာကို ကာကွယ်ဖို့ သမာရိုးကျလက်နက် အစား အခြားသောလက်နက်တွေ သုံးလာနိုင်တာကို ရည်ညွှန်းပြီး ပြောခဲ့တာရှိပါတယ်။ ဒါက ရုရှားတပ်ဖွဲ့တွေ ဒီထက်ပိုပြီး ဖိအားပေးခံလာရမယ်ဆိုရင် မော်စကို က ပိုပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်သွားနိုင်တယ်လို့ ပူတင် က ရှန်ဟိုင်းအစည်းအဝေးအပြီးမှာ ပြောခဲ့တာကို ဖြစ်ပြီး ပူတင်ရဲ့ ဒီပြောကြားမှုကြောင့် တစ်ချိန်ချိန်မှာ အသေးစား နျူးကလီးယားလက်နက် (သို့မဟုတ်) ဓါတုဗေဒလက်နက်တွေလို သမားရိုးကျ မဟုတ်တဲ့လက်နက်တွေ အသုံးပြု လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာ ပြောခဲ့တာပါ။

သတင်းထောက်က ပူတင် အဲလိုလက်နက်တွေ သုံးမယ်ဆိုရင် ဘာပြောချင်သလဲလို့မေးရာမှာ ဘိုင်ဒင်က  “ မလုပ်ပါနဲ့ မလုပ်ပါနဲ့ အဲလို လုပ်တာက စစ်ပွဲရဲ့မျက်နှာကို ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဘာနဲ့မှ မတူအောင် ပြောင်းလဲသွားစေပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ရင် အမေရိကန် ရဲ့ တုန့်ပြန်မှုလည်း တစ်ပါတည်း ဖြစ်ပေါ်လာနိုင်တယ်လို့ပြောခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့ စီဘီအက်စ်ရုပ်သံနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးက အမေရိကန်မူဝါဒနဲ့ ပတ်သက်ရင် အတော်လေး ကိုဘဲ ဒီတစ်ခေါက်မှာ ရှင်းရှင်းလင်းလင်းရှိခဲ့ပါတယ်။ ကာလရှည်စွာဖြစ်နေတဲ့ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန် ရဲ့ ရပ်တည်ချက်ကို ဒီတစ်ခေါက်မှာ ဘိုင်ဒင်ကပြောခဲ့ရာမှာ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ခဲ့ရင် အမေရိကန်က ကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ ကာလရှည်စွာ  မဟာဗျူဟာမြောက် မပြတ်သားမှုလို့ နာမည်တပ် ထားတဲ့ မူဝါဒကို ကိုင်စွဲထားမှုက ကွာကျခဲ့ပြီး ထုံးစံအတိုင်း အိမ်ဖြူတော်က ဘိုင်ဒင်ပြောစကားကိုကာကွယ်ပြီး ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန် မူဝါဒက အပြောင်းအလဲ မရှိကြောင်း ထပ်မံပြောကြားခဲ့ရပါတယ်။

တရုတ်ဘက်က သေချာပေါက်ဒေါသထွက်ဖွယ်ရှိတဲ့ ဘိုင်ဒင်ရဲ့ ဒီစကားအတွက် အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ်က “ သမ္မတ က ဒီနှစ်စောစောပိုင်းက တိုကျိုမှာ အပါအဝင် အရင်တုန်းကလည်း ဒီလိုပဲ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထိုင်ဝမ်မူဝါဒမပြောင်းလဲဘူးဆိုတာကိုလည်း သူက ရှင်းအောင်ပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ဆက်ရှိ နေပါတယ်” လို့ပြောခဲ့ပါတယ်။

တရုတ်ဘက်က ဒီစကားအပေါ် စက်တင်ဘာ ၁၉ ရက်မှာ ပြန်တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ယခုပြော စကားကြောင့် အမေရိကန်နဲ့ တရုတ်အကြား ပိုမိုပြင်းထန်သော အခြေအနေများရှိလာလိမ့်မယ်လို့ ပြောခဲ့သလို အမေရိကအနေနဲ့  ထိုင်ဝမ်အရေးနဲ့ပတ်သက်လာရင်  ဂရုတစိုက်နှင့်မှန်ကန်စွာကိုင်တွယ်ဖြေရှင်းပြီး ခွဲထွက်ရေး အားသန်နေတဲ့ ထိုင်ဝမ်တပ်ဖွဲ့များထံထောက်ပံ့မှုများမပြုလုပ်ဘဲ တရုတ် - အမေရိကန်ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေ လက်ကြား၏ ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန်မထိခိုက်စေရန် လုပ်ဆောင်သင့်တယ်ဆိုပြီး တုံ့ပြန်ခဲ့တာ ကိုတွေ့ရပါတယ်။

တရုတ်-အမေရိ ကန်ဆက်ဆံရေးဟာ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ် တော်အမတ်နန်စီပယ်လိုစီ သွားရောက်ပြီး နောက်ပိုင်း မှာ တင်းမာမှုအမြင့်ဆုံးအထိရောက်နေပြီး ယခုဘိုင်ဒင်အင်တာဗျူးကြောင့် ပိုပြီး တင်း မာမှုက မြင့်တက်မှာသေချာ နေပါတယ်။ ဒီရက်ပိုင်းမှာ ကမ္ဘာ့တလွှား တင်းမာမှုတွေက မြင့်တက်နေသလို တချို့ နေရာတွေ ဖြစ်တဲ့ အာမေးနီး ယားနဲ့ အဇာဘိုင်ဂျန်မှာ တိုက်ပွဲတွေဖြစ်လို့ လူတစ်ရာကျော်သေတာတွေ အထိ ဖြစ်ခဲ့တာတွေလည်းရှိနေပါတယ်။ လက်ရှိမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၂  ကွယ်လွန်တာကို အကြောင်းပြု ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ လန်ဒန် မှာ စုရုံးနေတာမို့ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ့တွေ့ဆုံမှုဖြစ်လို့ ရုရှားအတွက် သတိ ပြုစရာအခြေအနေပါ။

ဒီတွေ့ဆုံမှု့ကနေ အနောက်နိုင်ငံတွေ ရုရှားရန်ကို တုံ့ပြန်ဖို့ ညီညွတ်မှုရခဲ့ရင် ဒါဟာ ရုရှားနိဂုံးဖြစ်ဖို့ တွေ့ ဆုံမှု ဖြစ်သွားဖို့များနေပါတယ်။ လက်ရှိမှာ ယူကရိန်းကို အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက လက် နက်နဲ့ဘဏ္ဍာရေးထာက်ပံ့မှုတွေက အားကောင်းနေပြီး မကြာသေးတဲ့ စက်တင်ဘာ ၁၅ ရက်က ဆိုရင် အမေရိ ကန်အောက်လွှတ်တော်က နောက်ထပ် သန်း၆၀၀ ဖိုး စစ်ရေး အကူအညီသစ်ကို အတည်ပြုခဲ့ပါတယ်။ဒီအကူ အညီသစ်တွေထဲမှာ ပစ်မှတ်တိကျတဲ့ ကျည်ဆန် ၁,၀၀၀အပါအဝင် လက်နက်ကြီးကျည်ဆန် ၃၇,၀၀၀ ပါ ဝင် မယ်ဆိုထားပြီး အောင်ပွဲခံနေတဲ့ Himars ဒုံးကျည်စနစ်အတွက် နောက်ထပ်ကျည်ဆန်တွေကိုလည်း ပေး မယ် ဆိုထားပါတယ်။ ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ချိန်ကတည်းက အမေရိကန်ပြည် ထောင်စုက ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော် ပံ့ပိုးပေးထားပြီးဖြစ်လို့ ဒီ စစ်ပွဲကို အမေရိကန်အနေနဲ့ ဘယ်လောက် အလေးထားနေလဲဆိုတာ သိသာမြင်သာနေပါတယ်။

လက်ရှိမှာ ရုရှားဆီကနေ ယူကရိန်းပြန်သိမ်းထားတဲ့ အစ်ဇီယမ်မြိုူ့က တောအုပ်ထဲမှာ အရပ်သား တွေကို အစုလိုက်အပုံလိုက်သတ်ဖြတ်ထားတာကို တွေ့ရလို့ အီးယူက ပူတင်ကို စစ်ရာဇဝတ်မှုနဲ့ ခုံရုံးတင် ဖို့တောင်းဆိုထားတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေက ရှုပ်ထွေးနေသလို အချိန်နဲ့ အမျှ ပြောင်းလဲနေသလို ဒီတစ်ပတ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကို ကျင်းပနေတာမို့လို့ နိုင်ငံကြီးတွေ က ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းပြောမှုတွေလည်း ရှိလာဖို့ ရှိနေလို့ လာမည့် နိုင်ငံတကာသတင်းတွေက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ်နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။  

 

မင်းထက်