【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ယူကရိန်းစစ်အချိုးအကွေ့ စနေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ယူကရိန်းစစ်အချိုးအကွေ့  စနေပြီလား

ယခုတစ်ပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်တွေကိုကြည့်မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ ယူက ရိန်းစစ်မှာ ရုရှားဘက်က ထိခိုက်လာတဲ့ အနေအထားကိုတွေ့ရပြီး သံတမန်ရေးမှာ တူရကီသမ္မတအာဒိုဂန်က ရုရှားဘက်ကနေ ကြားဝင်လာနေတာကို မြင်ရပါတယ်။ အာရှဘက်မှာဆိုရင် သမိုင်းစဉ်လာအရ ရန်ဘက်တွေ ဖြစ်ခဲ့တဲ့ တရုတ်နဲ့ ဂျပန်အကြားဆွေးနွေးမှုအချို့ရှိခဲပေမယ့် ဂျပန်ဘက်က ဆိုင်းဆင့် ဗုံမဆင့် ကီလိုမီတာ ၁၀၀၀ အထိ ရောက်တဲ့ ခရုဇ် ဒုံးကျည်တွေ တရုတ်ဘက်ကို မျက်နှာမူတဲ့ ကမ်းခြေမှာ ချထားဖို့ လုပ်လာတာတွေကြောင့် အာရှအရှေ့ပိုင်းမှာ တင်းမာမှုဖြစ်လာနိုင်တာတွေကို တွေ့လာနေရပါတယ်။ ဒါအပြင် စီးပွားရေးအကူအညီပေးဖို့ ကမ်းလှမ်းတဲ့ တောင်ကိုရီးယားသမ္မတကို ပါးစပ်ပိတ်ထားဖို့ မြောက်ကိုရီးယား ခေါင်း ဆောင်ရဲ့ ညီမက ပြောလိုက် လို့ နိုင်ငံတကာသတင်းတွေမှာ ဒီသတင်းက အတော်ကို ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပြီး ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ တာကိုလည်းတွေ့ရပါတယ်။

တခြားသတင်းတွေလည်းဒီတစ်ပတ်မှာ ဖြစ်ခဲ့တာရှိပါတယ်။ မိုဒီနာကထုတ်တဲ့ အိုမီခရွန်မျိုးကွဲအတွက် ကာကွယ်ဆေးသစ်ကို ဗြိတိန်က အတည်ပြုပေးခဲ့တာ၊ တရုတ်မှာ အပူလှိုင်း စံချိန်တင်ဖြတ်သန်းနေလို့ မိုးတုရွာချဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေတာ၊ အမေရိကန်မှာ ရေနံစိမ်းသိုလှောင်မှုလက်ကျန်နည်းလာလို့ ကမ္ဘာ့ရေနံစျေး ပြန် တက်လာနေတာ ၊ ဟော့ကိုင်းဒိုးဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကနေ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း တွေကို ဂျပန်အာဏာပိုင်တွေက ရွေ့ပြောင်းခဲ့တာ၊ ယာဆုကုနီဗိမာန်ကို ဂျပန်ခေါင်းဆောင်တွေ သွားရောက်ဂါရ၀ပြုခဲ့လို့ တရုတ်နဲ့တောင်ကိုရီးယားက အပြင်းအထန်ကန့်ကွက်ခဲ့တာ၊ ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးက ထိပ်တန်းဟိုတယ်ကို အယ်ရှာဘတ်တွေ ဝင်စီးနင်းပစ်ခတ်လို့ ၂၀ ဦးသေဆုံးခဲ့တာ၊ စင်ကာပူမှာ အမျိုးသားအချင်းချင်းလက်ထပ်ခွင့် တားမြစ်ထားတာကို ပယ်ဖျက်လိုက်တာ၊တူရကီအရှေ့တောင်ပိုင်းမှာ ကားမတော်တဆမှုကို ကူညီကယ် ဆယ် ရေး လုပ်နေကြတဲ့ လမ်းပေါ်က လူအုပ်ထဲကို နောက်ထပ် ကားနဲ့ ဝင်တိုက်မိတဲ့အတွက်ကြောင့် အနည်းဆုံး လူ ၃၂ သေဆုံးခဲ့တာစတဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ အထူးပြု ဖော်ပြချင်တာက ရုရှားသမ္မတပူတင်ကို နိုင်ငံရေးအကြံပေးလုပ်နေတဲ့ ရပ်စ် ပူတင်လို့ အမည်ပြောင်ပေးခံရတဲ့ သူရဲ့ သမီးဖြစ်တဲ့ ဒါယာဒူရင်လုပ်ကြံသတ်ဖြတ်ခံရတဲ့ အတွက် ရုရှာဆင်နွဲ နေတဲ့ ယူကရိန်းစစ်ဟာ ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို ဖော်ပြချင်ပါတယ်။

အချိုးအကွေ့ကို မြင်နေရပြီလား

ပြီးခဲ့တဲ့ စနေနေ့ ညနေတုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်တဲ့ အလက်ဇန္ဒားဒူဂင် ရဲ့ သမီးဟာ မော်စကိုအနီး ပွဲတစ်ခုကနေအပြန် ကားမောင်းလာရင်း ပေါက်ကွဲလို့ သေဆုံးသွားခဲ့ပါတယ်။  Toyota Land Cruiser ကားကို မောင်းသွားရင်း ပေါက်ကွဲသွားတဲ့ အဲဒီအမျိုးသမီးဟာ သတင်းစာဆရာတစ် ယောက်လည်းဖြစ်ပြီး ပေါက်ကွဲတဲ့ ကားက သူ့အဖေကားဖြစ်လို့ ဒါဟာ ဖအေဖြစ်တဲ့ ဒူဂင်ကို ပစ်မှတ်ထား သတ်ဖြတ်တာလို့ ရုရှားအမျိုးသားရေးအစွန်းရောက်တွေက စွပ်စွဲခဲ့ပါတယ်။

မော်စကိုမြို့ပြင်က ပွဲတစ်ခုကို သားအဖနှစ်ယောက်လာတက်ရောက်ကြတာဖြစ်ပြီး နောက်ဆုံး အ ချိန်ကြမှ ကားလဲသွားကြတာလို့  ရုရှားအစိုးရသတင်းစာ Rossiiskaya Gazeta ကဖော်ပြခဲ့တဲ့အတွက် ဖအေ ကို ရည်ရွယ်တဲ့ ဒီလုပ်ကြံမှုကို သမီးဖြစ်သူက ခံသွားရတဲ့ အနေအထားပါဘဲ။ အလက်ဇန္ဒားဒူဂင်ဟာ ရုရှား နိုင်ငံရေးသုံးသပ်သူဖြစ်ပြီး၊ သူ့ကို သမ္မတပူတင်ရဲ့ ခေါင်းအဖြစ် တင်စားပြောတတ်ကြပါတယ်။ သူဟာ အစွန်း ရောက် အမျိုးသားရေးဝါဒီ တစ်ယောက်လည်း ဖြစ်ပြီးသေဆုံးသွားတဲ့ ဒါယာဒူဂင်ကလည်း သူအဖေလို ရုရှား ရဲ့ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံကြသူတွေ ဖြစ်ကြလို့ ယူကရိန်းရဲ့ ခြေတံလက်တံက ရုရှားအ ချက် အခြာ မော်စကိုအထိ ရောက်နေတာလား၊ ဒါမှ မဟုတ် ပူတင်ကို ဆန့်ကျင်တဲ့အဖွဲ့တွေ လက်ချက်လား ဆို တာ မှန်းဆရခက်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ ယခုရက်သတ္တပတ်အတွင်း မြေပြင်ကို ထိုးစစ်ဆင်နွဲရာမှာ အောင်ပွဲရ တဲ့ သတင်းတွေမတွေ့ရဘဲ ယူကရိန်းဘက်က တန်ပြန်တိုက်ခိုက်မှုတွေ အားကောင်းလာတာကိုတွေ့လာရ ပါတယ်။ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းဒေသထဲက စစ်စခန်းတွေအနီး ပေါက်ကွဲမှုတွေ များလာခဲ့တဲ့အတွက် ဒါဟာ ယူကရိန်းဘက်ကနေ မော်စကိုရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဘယ်လောက်ဖျက်ဆီးနိုင်တဲ့ စွမ်းရည် မြင့်မားလာနေသလဲဆိုတာကို ပြနေသလိုပါဘဲ။

ဒီတစ်ပတ်ထဲမှာ ခရိုင်းမီးယားဒေသက ရုရှား ပင်လယ်နက်ရေတပ် တပ်မှူး အပြောင်းအလဲ မော်စကိုက လုပ်ခဲ့ရတာကိုတွေ့ရပါတယ်။ ဒါဟာ ဧပြီလအတွင်း ခရိုင်းမီးယားရေတပ်က အကြီးဆုံးခရုဇ်ဖျက်သင်္ဘော ပစ်ခတ် နှစ်မြုပ်ခံရပြီးနောက်မှာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ခရိုင်းမီးယားရုရှား လေတပ်စခန်းစခန်းတွေ ဆက်တိုက် ပေါက်ကွဲခဲ့မှုတွေကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲပါ။ ယခုဩဂုတ် ၉ ရက်ကဖြစ်တဲ့ ပေါက်ကွဲမှုတွေမှာဆိုရင် ရုရှားဘက်က ဖုံးဖုံးဖိဖိပြောခဲ့ပေမယ့် အနောက်နိုင်ငံဂြိုဟ်တုတွေက ရိုက်ကူးထားမှုတွေမှာဆိုရင် တိုက်လေယာဉ် တွေ ပျက်စီးနေတာကိုပါ တွေ့ရတယ်ဆိုပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို တိုက်တဲ့ စစ်ပွဲကြောင့် ယခုထိ သူအတွက်အကောင်းရလဒ်ထွက်လာတာကို မတွေ့ရသေးဘဲ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးနဲ့ စစ်ရေးမှာပါ အနုတ်လက္ခဏာတွေ ထွက်လာတာကိုတွေ့ လာရပါတယ်။ ဒီတစ်ပတ်မှာ ရုရှားဘက်ကထူးထူးဆန်းဆန်း ယူကရိန်းတပ်တွေက ဓာတုလက်နက်သုံးတယ်ဆိုပြီး စွပ်စွဲမှုစခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာမကြာသေးခင်က နူကလီးယားစက်ရုံရှိရာ ဇာပိုရီရှားစက်ရုံကိုအခိုင် အမာ တပ်စွဲပြီး ယူကရိန်းဘက်ကို အမြှောက်တွေနဲ့ ပစ်လွှတ်နေတဲ့ ရုရှားတပ်ဖွဲ့တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီတပ်ဖွဲ့ဝင် တွေက ပြင်းထန်တဲ့အဆိပ်သင့်လက္ခဏာတွေကြောင့် ဆေးရုံပို့ခဲ့ရတယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။ ဒါဟာ ဇူလိုင် ၃၁ ရက် ကတည်းကပြောရမှာ ဖြစ်ပေမယ်အခုမှ ပြောရတာဟာ စဉ်းစားစရာပါ။ လတ်တလောမှာ ဇာပိုရီရှားစက်ရုံကိုတိုက် ခိုက်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲမှုတွေကို ကုလက ဝင်စစ်ဖို့တောင်းဆိုထားချိန်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဘက်က ဒီလို စွပ်စွဲပြောဆိုချင်ကို ချေပရာမှာ သက်တမ်းလွန် စည်သွပ်ဘူးတွေ စားလို့ အဆိပ် သင့်တာဆိုပြီးပြောခဲ့တာကိုတွေ့ရပါတယ်။ ရုရှားအနေနဲ့ နူကလီးယားစက်ရုံကို အကာအကွယ်ယူပြီး ယူကရိန်းကို တိုက်ခိုက်နေပေမယ် ဦးစွာစွပ်စွဲပြစ်တင်လေ့ရှိတဲ့ ထုံးစံအတိုင်းအပြစ်တင်တဲ့ ရုရှားရဲ့ အခု ဓာတုလက်နက်နဲ့တိုက် ခိုက်တဲ့ စွပ်စွဲမှုဟာ မကြာခင်မှာ ရုရှားဘက်ကနေ ဓာတုလက်နက်သုံးတော့မှာမို့လို့ ကြိုတင်ကာထားတာလားဆို တာ နိုင်ငံတကာက စိုးရိမ်မှုရှိနေပါတယ်။

ဒီလိုဖြစ်နေတဲ့အချိန်မှာ ပူတင်ရဲ့ နိုင်ငံရေးအကြံပေးဖြစ်သူကို ပစ်မှတ်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှုဖြစ်ခဲ့ တဲ့အတွက် နိုင်ငံတကာ ယူကရိန်းကို ဆင်နွဲနေတဲ့ ရုရှားကျူးကျော်စစ်ဟာ ပိုပြီး ပြင်းထန်လာနိုင်တယ်ဆိုပြီး ခန့် မှန်းထားမှုတွေ ရှိပါတယ်။ ဒါပေမယ့် စစ်ရေးမှာ ယူကရိန်းဘက်က ပြန်လည်ထိုးစစ်တွေ စနေတာတွေ့နေရတဲ့ အတွက် ရုရှားအဖို့ ယူကရိန်းစစ်ဟာ ကြာရှည်လာဖွယ်ရှိနေတာကနေ ရုန်းထွက်ဖို့ အခက်တွေ့နေတဲ့ ပုံစံပါဘဲ။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကတော့ ရုရှားကို ဒီစစ်ပွဲနဲ့ ဦးနှိမ်ထားဖို့ ရည်ရွယ်ထားပုံရလို လက်ရှိမှာ စစ်လက်နက်ထောက်ပံ့မှုတွေ ဆက်ထောက်ပံ့ပေးနေတာကိုတွေ့ရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၉ ရက်မှာ ယူကရိန်းအတွက် ဒေါ်လာ ၇၇၅ သန်းတန် ကြေးရှိတဲ့  စစ်လက်နက်အကူအညီသစ်များ ပေးအပ်သွားမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ရုရှားတပ်များ သိမ်းယူထားသည့် နယ်မြေများ ပြန်လည်သိမ်းယူနိုင်အောင် အကူအညီပေးရန် ရည်ရွယ်တာဖြစ် တယ် ဆိုပါတယ်။ ပင်တဂွန် အကြီးတန်းအရာရှိတစ်ဦးကတော့ ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သည့် ရုရှား တို့ ၏ ထိုးစစ်သည် လုံးဝဥဿုံ အရှိန်ရပ်တန့်သွားပြီဖြစ်ကြောင်းပြောခဲ့သလို ယခုစစ်ရေး အကူအညီသစ်မှာ ပစ်မှတ် အတိအကျ ချေမှုန်းနိုင်သည့် ဒုံးကျည်များ၊ တင့်ဖျက်လက်နက်များ၊ ကင်းထောက်ဒရုန်းများ၊ အမြောက်များနှင့် မိုင်းရှင်းကိရိယာများ ပါဝင်မှာဖြစ်လို့ ယူကရိန်းရဲ့ ထိုးစစ်ဆင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ်ဆိုပြီးပြောခဲ့တာကို တွေ့ရပါတယ်။

ဒီရက်ပိုင်း ယူကရိန်းစစ်မှာ ရုရှားဘယ်လိုဖြစ်နေသလဲ၊ယူကရိန်းဘယ်လိုဖြစ်နေသလဲဆိုတာ အတိအကျ လူတိုင်းသိချင်နေကြတာ ဖြစ်ပါတယ်။ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကျွမ်းကျင်သူတစ်ဦး တွစ်တာမှာ ရေးခဲ့ တာကို သတင်းတွေမှာ ဖော်ပြနေကြတာကတော့ ယခုအမေရိကန်က ထောက်ပံ့မယ် စစ်လက်နက် အသစ် တွေ ဟာ ယူကရိန်း ထိုးစစ်ကြီးတစ်ရပ်ဆင်နွှဲရာမှာ အသင့်ဖြစ်ဖို့ ဖြစ်ဖွယ်ရှိတယ်လို့ ရေးခဲ့တာကိုတွေ့ရပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့တာကို ဖြတ်တောက်ဖို့ နည်း လမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ရာမှာ ယခုထိမအောင်မြင်တဲ့အပြင် ရုရှားရဲ့ စီးပွားရေးပါ တဖြည်းဖြည်းချိနဲ့လာမယ့် အနေ အထားကို ဦးတည်လာနေပါတယ်။ မကြာသေးခင်က ဥရောပကို ဓာတ်ငွေ့တင်ပို့နေတဲ့ ဂတ်စ်ပရွန် ဓာတ်ငွေ့ပိုက် လိုင်းကို ပြူပြင်ရေးအကြောင်းပြပြီး ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိပိတ်ချဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဓာတ်ငွေ့ကို မှီခိုနေရတဲ့ ဂျာမနီက ဒါဟာ ကရင်မလင်၏ နိုင်ငံရေးကစားမှုအဖြစ် ပြောခဲ့ပါတယ်။ ဥရောပကို ရုရှားက စွမ်းအင်လက်နက်ကိုင်ပြီး  ယူကရိန်းကျူးကျော်စစ်ကြောင့် ချမှတ်ခံရတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ အကျပ်ကိုင်ခြိမ်းခြောက်မှုဟာ ရုရှားအတွက် ပိုပြီးဆိုးဝါးတဲ့ သက်ရောက်မှုကိုသာဖြစ်စေမယ့် အနေအ ထားတွေ့နေရပါတယ်။

လက်ရှိမှာ ယူကရိန်းစစ်ဟာ ခြောက်လပြည့်တော့မှာဖြစ်ပေမယ့် ယူကရိန်းဘက်က ပြန်လည် တည်ငြိမ် လာတာကိုတွေ့စပြုလာရသလို ဥရောပအနေနဲ့ လာမယ့်ဆောင်းရာသီ အတွက် စွမ်းအင်လုံခြု့မှုအတွက် အီရန်၊ ကာတာလိုနိုင်ငံတွေနဲ့ ညှိနိုင်းမှုအလားအလာကောင်းတွေရနေတာမို့လို့  ရုရှားအတွက် ယူကရိန်းကိုကျူးကျော်မှု အတွက် ရေနံနဲ့ သဘာ၀ဓာတ်ငွေ့စျေးကွက်ကိုပါ လက်လွတ်ရမယ့်အခြေအနေထိရောက်လာနိုင်တဲ့ အဖြစ်ဆိုက် ရောက်မယ်အခြေအနေဖြစ်နေပါတယ်။

ဒီအခြေအနေကနေရုန်းထွက်ဖို့ ရုရှား အနေနဲ့ စစ်ရေးကို အဓိကထားမလား၊ စွမ်းအင်လက်နက်ကိုအဓိက ထားမလား၊ စားပွဲ၀ိုင်းဆီကို သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။လက်ရှိမှာ ရုရှားအနေနဲ့ နည်းလမ်းသုံးခုလုံး ကိုင်ထားပေမယ့် အချိန်ကန့်သတ်ချက်ရှိနေလို့ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ မှန်းဆလို့ခက်နေပါသေးတယ်။

ဒါဟာ အချိုးအကွေ့တစ်ခုရောက်နေတဲ့ အနေအထားပါဘဲ။

မင်းထက်