【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ဥရောပ.. ကြမ္မာငင်ချိန်လား၊ပူတင်.. ကြမ္မာငင်ချိန်လား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ဥရောပ.. ကြမ္မာငင်ချိန်လား၊ပူတင်.. ကြမ္မာငင်ချိန်လား

ယခုတစ်ပတ်နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေက စစ်ရေးဆိုင်ရာတင်းမာမှုသတင်းတွေ များ နေပြီး အတော်ကိုပဲ စိုးရိမ်ထိတ်လန့်စရာ အချိန်အခါရောက်နေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ယူကရိန်းကနေ သိမ်းယူထားတဲ့ နယ်မြေဒေသ ၄ ခုကို ရုရှားက သူနိုင်ငံထဲ သွတ်သွင်းကြောင်း ထုတ်ပြန်ခဲ့လို့ ဥရောပဟာ ရုရှားရန်မီးကို စားပွဲ၀ိုင်းမှာ ငြှိမ်းလို့ မရတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိခဲ့ပြီဖြစ်ပါတယ်။ မကြာခင် ဥရောပရဲ့ ပြင်းထန်တဲ့ ဆောင်းရာသီရောက်တော့မှာပါ။ ဒီအချိန်မှာ ဘော်လတစ်ပင်လယ်ထဲက  Nord Stream  ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ခဲ့လို့ ဒါဟာ ဥရောပကို ရုရှားက စွမ်းအင်စစ်ပွဲစပြီလို့ ကြေညာလိုက်တာပါ။ ဒီပိုက်လိုင်းကို ရုရှားက ဖောက်ခွဲလိုက်တာလို့ ဒိန်းမတ်နဲ့ ဆွီဒင်က ကြေညာပြီး အမေရိကန်က ယူကရိန်းနယ်တွေ သိမ်းယူတာကို ရုရှား အာရုံလွဲနေတာလို့ သတိပေးခဲ့ပါတယ်။ NATO အဖွဲ့က ဥရောပက နိုင်ငံတွေရဲ့ Infrastructre တွေကို ထိပါးလာ ရင် ပြင်းထန်စွာ တုံ့ပြန်မယ်လို့ ကြေညာခဲ့လို့ အခြေအနေတွေက ပေါက်ကွဲတော့မယ့် ယမ်းပုံကြီးလို့ ဥရောပက  ဖြစ်လာနေပါပြီ။

ဒီတစ်ပတ်မှာ ဒီအကြောင်းအရာက လူတိုင်းစိတ်ဝင်စားရတဲ့ အကြောင်းအရာကြီးတစ်ခုဖြစ်ပါတယ်။ ဒီသတင်းအကြောင်းအရာနဲ့ ဖြစ်လာနိုင်တာတွေကို မဖော်ပြခင် ဒီတစ်ပတ်မှာ တခြားထူးခြားတဲ့ သတင်းတွေကို ဖော်ပြချင်ပါတယ်။ ဒါက အင်ဒိုနီးရှားမှာ ဘောလုံးပွဲတစ်ခုအတွင်း ပဋိပက္ခဖြစ်ရာကနေ လုံခြုံရေးတပ်ဖွဲ့တွေ မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွင်းလို့ လူတွေထွက်ပြေးရာကနေ လူအုပ်ပြိုပြီး လူရာနဲ့ချီပြီး သေဆုံးခဲ့တာ၊ အမေရိကန် နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းအီယန်ကြောင့် လူ၅၀ ကျော်သေဆုံးပြီး နေအိမ်အဆောက် အဦး သောင်းနဲ့ချီပြီးပျက်စီး ခဲ့ရတာ၊ တိုင်ဖွန်းမုန်တိုင်းနိုရူး ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းဒေသကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ ထိခိုက် ပျက်စီးမှုတွေ အသေအပျောက်တွေရှိခဲ့တာ၊  အီတလီ မှာ လက်ယာယိမ်းပါတီဖြစ်တဲ့ Brothers of Italy က အနိုင်ရခဲ့လို့ ဥရောပမှာ စိုးရိမ်မှု မြင့်တက်ခဲ့တာ၊ တရုတ် ကွန်မြူနစ်ပါတီ ပြပွဲအခမ်းအနား တရုတ်သမ္မတ ရှီကျင့် ဖျင် တက်ရောက်ခဲ့တာ၊ အမေရိကန် နာဆာက အာ ကာသထဲမှာရှိတဲ့ ဥက္ကာပျံတခုကို DART အမည်ပေး ထားတဲ့ အမေရိကန်အာကာသယာဉ်ငယ်နဲ့ ဝင်တိုက်ပြီး ဥက္ကာပျံလမ်းကြောင်းပြောင်းလဲအောင် စမ်းသပ်မှု အောင်မြင်ခဲ့ တာ၊ တောင်ကိုရီးယားနဲ့ ဂျပန်ကို အမေရိကန်ဒုသမ္မတ လာရောက်စဉ် အလာနဲ့ အပြန်မှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တာ၊ အာဖဂန်မှာ အမျိုးသမီးတွေ ဆန္ဒပြလို့ တာလီဘန်တွေက သေနတ် ပစ် ဖောက်ဖြိုခွဲရ တာ၊အီရန်မှာ အမျိုးသမီးတစ်ဦး မျက်နှာဖုံးမတပ်တာကနေ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပြဿနာကြောင် အီရန်တစ်ဝန်း ဆန္ဒပြမှုတွေဖြစ်ပြီး လူ ၉၂ ဦးထိသေဆုံးကာ သတင်းထောက်များစွာ အဖမ်းခံရတာ စတဲ့ သတိထားမိစရာ သတင်းအချို့ဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဒီတစ်ပတ်ထိပ်တန်းသတင်းဖြစ်ခဲ့တာက ယူကရိန်းစစ်ပွဲမှာ အခြေမလှဖြစ်နေတဲ့ ရုရှားရဲ့  ဖြစ်လာနိုင်တဲ့ သတင်းနောက်ဆက်တွဲတွေပါဘဲ။

နျူကလီးယားသုံးဖို့ကြံတာ ပူတင်ရဲ့ ထွက်ပေါက်လား

            ဒီတစ်ပတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ယူကရိန်းမှာ အတုအယောင် ဆန္ဒခံယူပွဲလုပ်ပြီး ရုရှား နယ်မြေအဖြစ်သွတ်သွင်းခံရတဲ့ ဒေသထဲပါတဲ့ လေမန်းမြို့ကို ယူကရိန်းတပ်တွေက ပြန်သိမ်းယူခဲ့တဲ့အတွက် ဒါဟာ ရုရှားခေါင်းဆောင်ပူတင်အတွက် အရှိုက်ထိစေခဲ့ပါတယ်။ သိမ်းယူမှုအောင်ပွဲခံခြင်း တစ်ရက် တောင် မ ကြာသေးတဲ့ အချိန်မှာ ပြန်အသိမ်းခံရတဲ့အတွက် ဒီစစ်ပွဲကိုဦးဆောင် ကွပ်ကဲနေတဲ့ ရုရှားစစ်ဦးစီးချုပ် ဆာဂေး ရွိုင်းဂုအဖို့ ပူတင်ရဲ့ အပြစ်တင်ခြင်းနဲ့ တရားခံရှာခြင်းကို စတင်ခံယူနေရပြီ ဖြစ်ပါတယ်။   

            ယူကရိန်းဆီက ရုရှားသိမ်းယူထားတဲ့ နယ်မြေတွေထဲ ဒီတစ်ပတ်ထဲ လုပ်ခဲ့တဲ့ ရုရှားပိုင်နက်ထဲပေါင်းထည့် ဖို့ ဆန္ဒခံယူပွဲ ရလဒ်တွေ စက်တင်ဘာ ၂၈ ရက်ကထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်တွေကို နိုင်ငံတကာက လက်မခံခဲ့ပါဘူး။ သမာရိုးကျစစ်ရေးမှာ ရှုံးနိမ့်နေတဲ့  ရုရှားသမ္မတပူတင်ဟာ ဒီနယ်မြေတွေကို ရုရှားပိုင်နက်ထဲ ထည့်ပြီးရင် ယူကရိန်းတန်ပြန်ထိုးစစ်ကို နူကလီးယားလက်နက်သုံးပြီး ဖြေရှင်းဖို ကြံစည်နေတာပါ။  သူ့အတွက် သိမ်းထားတဲ့နယ်မြေတွေကို  ရုရှားနယ်မြေတံဆိပ်ကပ်ပြီး နိုင်ငံကိုကျူးကျော်လို့ နူလက်နက်သုံးရတယ်ဆိုတဲ့ အကြံအစည်ပါ။ ဒီလိုလုပ်နိုင်တာကို အနောက်အုပ်စုကလည်း  ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီအတုအယောင် ဆန္ဒခံယူပွဲတွေကို  နိုင်ငံတကာက ပယ်ချခဲ့တာပါ။ ဒါပေမယ့် ပူတင်အတွက် တခြားထွက်ပေါက် မရှိသလောက် ဖြစ်နေတာမို့  အခုသောကြာမှာ ဒီနယ်မြေလေးခုကို ရုရှားပိုင်နက်အဖြစ် ဒူးမားလွှတ်တော်မှာ သောကြာနေ့က ကြေညာခဲ့ပါတယ်။

            တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းမှာဘဲ ဒိန်းမတ်ပိုင်နက် ဘောလ်တစ်ပင်လယ်ထဲက Nord Stream  ပိုက်လိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ခဲ့ပါတယ်။ ဒီယိုစိမ့်မှုကို စစ်ဆေးတဲ့အခါ မသင်္ကာစရာတွေ တွေ့ရပြီး ပိုက် လိုင်းပေါက်ကွဲတာဟာ ရုရှားဖောက်ခွဲမှုအဖြစ် ယူဆထားပါတယ်။ ရုရှားကတော့ ဒါဟာ သူတို့လက်ချက် မဟုတ် ဘူးလို့ ငြင်းပယ်ထားပါတယ်။ ဒီပိုက်လိုင်းပေါက်ကွဲမှုကြောင့် ဥရောပဟာ လာမယ့်ဆောင်းရာသီမှာ အအေးဒဏ် ကို အလွန်အမင်းပြင်းထန်စွာရင်ဆိုင်ရနိုင်ပါတယ်။ဒီအတွက် ဥရောပဟာ ရုရှားရဲ့ စွမ်းအင်စစ်ပွဲဆင်နွှဲမှုကို ကြံကြံ ခံဖို့ ဥရောပတလွှားနိုင်ငံတွေ စည်းစည်းလုံးလုံးဖြစ်နေသလို ကမ္ဘာအနှံကနေ ဓာတ်ငွေ့ရည်(LNG)ကို စုဆောင်း နေသလို စွမ်းအင်ကိုလည်း ရတဲ့ နည်းလမ်းမှန်သမျှကနေ ထုတ်ယူဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်။

            ဥရောပကို ရုရှားဆင်နွဲနေတဲ့ စွမ်းအင်စစ်ပွဲက အလွန်အန္တရာယ်ကြီးပါတယ်။ ဒီအချိန်မှာ ပူတင်အဖို့ နောက်ဆုတ်လို့ မရတော့သလို အနောက်နိုင်ငံတွေကလည်း နောက်ဆုတ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ အနောက် နိုင်ငံတွေနဲ့ ရုရှားဓာတ်ငွေ့ကုမ္ပဏီ ဂတ်စပရွန်အကြားချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ ဆိုရင်အခုလို ပိတ်ချခဲ့တာ တွေကြောင့် ပြန်လျော်ရာမယ့်ပမာဏက အမေရိကန်ဒေါ်လာ ထရီလီယံအထိရှိနေပြီမို့ ယူကရိန်းစစ်ပွဲနဲ့ စွမ်း အင်စစ်ပွဲသာ ရှုံးခဲ့မယ်ဆိုရင် ရုရှားအဖို့ အတွေးဝံ့စရာအခြေအနေကို ဆိုက်ရောက်နေပါတယ်။ ဒီအခြေအနေမှာ ပူတင်အတွက်ထွက်ပေါက်က အရမ်းကိုနည်းနေပြီး ရုရှားစီးပွားရေးက ယိုင်လာစပြုလာနေသလို စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်သားစုဆောင်းရေးအမိန့်‌ကြောင့် ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်မှုတွေ စလာနေပါတယ်။ ဖမ်းဆီးခံထားရတဲ့ အတိုက်အခံနာဗယ်ညီကို ထောက်ခံတဲ့ သူတွေက ဒီအခြေအနေကို လက်လွတ်မခံတဲ့အတွက် ရုရှားနိုင်ငံရေးက လှုပ်ခတ်မှု စလာနေပါတယ်။

            ပူတင်အတွက် နိုင်ငံရေးတစ်ခုတည်းသာ အကျပ်တွေ့မှုစလာနေတာ မဟုတ်ပါဘူး။ အဓိကစခဲ့တဲ့ စစ်ရေး မှာလည်း အထိနာနေပါတယ်။ သောကြာနေ့မှာ ရုရှားပိုင်နက်ထဲ ထည့်သွင်းခဲ့တဲ့ နယ်ပယ်ဒေသ ၄ ခုထဲက အဓိက ကျတဲ့ လေမန်းမြို့ဟာ တစ်ရက်တောင်မကြာခင် စနေနေ့မှာ ယူကရိန်းတပ်တွေက ပြန်သိမ်းယူခဲ့တဲ့အတွက် အ ရှက်တကွဲဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ‌တော့ ယူကရိန်းဘက်က သာလွန် အင် အားနဲ့တိုက်လို့ အထိနာစေအောင် တိုက်ပြီး အင်အားကို ပြန်စုဖို့ ဆုတ်ပေးခဲ့တယ်ဆိုပြီးထုတ်ပြန်ခဲ့ တာကိုတွေ့ရ ပါတယ်။

            အခုပြန်အသိမ်းခံရတဲ့ လေမန်းမြို့ဟာ မေလ အတွင်းက ရုရှားသိမ်းယူခဲ့တာဖြစ်ပြီး Donetsk ဒေသ မြောက်ပိုင်း စစ်ဆင်ရေးအတွက် သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာအဖြစ် အသုံးပြုခဲ့ တာပါ။ ပြီးခဲ့တဲ့ လအတွင်း ယူကရိန်းတပ်ဖွဲ့တွေက နိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ့် ဒေသတဝန်း တိုက်ခိုက်နေပြီး ရုရှားတပ်ဖွဲ့တွေကို သူတို့ နယ်စပ်ထိ တိုက်ထုတ်နေရာမှာ အခု လေမန်း မြို့ကို ရုရှားတို့ လက်လွှတ်ရမှုဟာ အကြီး ဆုံး ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။ 

            အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA ရဲ့ ညွှန်ကြားရေးမှူးဟောင်း ဒေးဗစ်ပီတာရူးစ်က ABC ရုပ် သံရဲ့ This Week အစီအစဉ်မှာ စစ်မြေပြင်မှာ ပူတင်ဆက်ပြီး ရှုံးနိမ့်သွားလိမ့်မယ်လို့ ပြောပါတယ်။ အဲဒီ အစီအ စဉ်မှာ ဒေးဗစ်ပီတာရူးစ်က  မေးစရာ မေးခွန်း တစ်ခုကတော့ ရုရှား တပ်ဖွဲ့တွေ ဘယ်အချိန်မှာစပြီး လက်နက်ချ မလဲဆိုတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ယူကရိန်းကို နျူးကလီးယား လက်နက်တွေနဲ့ တိုက်ခိုက် ဖို့ ပူတင်ရဲ့ ခြိမ်းခြောက်မှုကလည်း ဒီအခြေအနေကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

စစ်ရှုံးနိမ့်မှုကို တရားခံ ရှာနေတဲ့ အခြေအနေ

            ယူကရိန်းဆီကနေ သိမ်းယူထားတဲ့ ဒေသ ၄ ခုကို ရုရှားပိုင်နက်အဖြစ်ကြေညာတဲ့နေမှာဘဲ ယူကရိန်း က နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ပါတယ်။ ဒါဟာ ရုရှားအတွက် ထိချက်ပြင်းတဲ့ ယူကရိန်းရဲ့ တုံ့ပြန် မှုပါဘဲ။ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားတိုက်ခိုက်မှုကို တွန်းလှန်ဖို့ ဥရောပနုဲ့အမေရိကန်က စစ်လက် နက်နဲ့ ဘဏ္ဍာရေးအကူအညီကို အလုံးအရင်းနဲ့ ထောက်ပံ့ကူညီမှုအပြီးမှာ ရုရှားရဲ့ ထိုးစစ်က ရပ်တန့်ခဲ့ပါ တယ်။ ယခု ရုရှားသိမ်းယူခဲ့တဲ့ ဒေသတွေကို ယူကရိန်းက ပြန်တိုက်ယူနေတဲ့အခါမှာ ခါကိဗ့်ဒေသကို လက် လွှတ်ခဲ့ရသလို ယခုအခက်အချာကျတဲ့ လေမန်းမြို့ကို ဆက်သိမ်းယူခဲ့တဲ့အတွက် ရုရှားနယ်စပ်အထိ ရောက် လာနေပါပြီ။

            လေမန်းကို ယူကရိန်းပြန်သိမ်းယူနိုင်မှုက ဘယ်လောက်ထိ မော်စကိုကို ထိစေသလဲဆိုရင် အိုလီဂတ် လို့ ခေါ်တဲ့ ပူတင်ရဲ့ သူဌေးကြီးတွေနဲ့ မဟာမိတ်တွေက ရုရှားစစ် ဗိုလ်ချုပ်တွေကို အမှိုက်သရိုက်တွေလို့ ပြော တဲ့အထိကို ဖြစ်လာခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးကို ယူကရိန်းစစ်ပွဲမအောင်မြင်စေခဲ့မှုအတွက် အ ပြစ်ပေး မကိုင်တွယ်သေးလို ပူတင်ကို ချေချင်းခေါင်းဆောင်နှင့် ပူတင်မဟာမိတ်တဦးဖြစ်သူ ရမ်ဇမ်ကာဒီရော့ဗ် က ရုရှားစစ်ခေါင်းဆောင်ပိုင်းဟာ  စစ်မြေပြင်သို့စေလွှတ်ပြီး သိက္ခာကိုသွေးဖြင့် ဆေးကြောရမည့် အသုံး မကျ သည့် ဗိုလ်ချုပ်တစ်ဦးကို အကာအကွယ်ပေးနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါအပြင် သြဇာကြီးမားသော သူ ဌေးကြီးဖြစ်သည့် ယက်ဗ်ဂျနီ ပရီဂိုဇင်ကလည်း "အဲဒီအမှိုက်တွေကို ဖိနပ်မပါဘဲ စက်သေနတ်ပေးပြီး စစ်မြေပြင် ကို စေလွတ်ရမယ်"ဆိုပြီး ပြောခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုင်ဂုဟာ စက်တင်ဘာလက စတင် သည့် ယူကရိန်တန်ပြန်ထိုးစစ်တွင် ရုရှားတပ်များ ဆုံးရှုံးမှုများအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတာပါ။

            ရုရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အန်ဒရေ ဖီဒိုရော့ဆိုရင် ရုရှားရုပ်သံ ဆွေးနွေးပွဲမှာ လေမန်းစစ်ပွဲ ရှုံးနိမ့် ခြင်းဟာ  သိက္ခာကျတယ်လို့ပြောပြီး ယူကရိန်းဟာ မော်စကိုအထိ ဗုံးလာကြဲနိုင်တယ်ဆိုပြီး ပြောခဲ့ပါ တယ်။ ဒါအပြင် ရုပ်သံမေးသူက မော်စကို ကိုလည်း ယူကရိန်းကတိုက်မှာလားလို့  မေးတဲ့အခါ "သေချာပေါက် တိုက်မှာ" လို့ ဖြေခဲ့ပါတယ်။

            ရုရှားအတွက် ယူကရိန်းကိုနိုင်အောင်မတိုက်နိုင်တာဟာ ရုရှားစစ်ရေးအင်အားအခြေအနေကို ခွာချပြ သလို ဖြစ်ခဲ့ရသလို နိုင်ငံတကာမှာလည်း ဖယ်ကျဉ်ခံရပါတယ်။ ဒါဟာ ရုရှားအတွက် ဘယ်လိုဘဲတွက်တွက် ဆိုး ဝါးတဲ့ အခြေအနေဘဲ ဆိုက်ရောက်နေပြီး ရုရှားသမ္မတပူတင်ကို ချေချင်းခေါင်းဆောင်တွေက နူလက်နက် သုံးဖို့ အထိ တိုက်တွန်းနေတာကလည်း ဒီအရှုံးကို ဆယ်နိုင်ဖို့ သွေးရှုးသွေးတန်းအကြံတွေပါဘဲ။ ဒါပေမယ့် အနောက် အုပ်စုဘက်ကတော့ ရုရှားနူလက်နက်သုံးလာနိုင်တဲ့အထိ တွက်ချက်ထားပုံရပါတယ်။ မကြာခင်ကဆိုရင် ပူတင်က ယူကရိန်းအနေနဲ့ ထိုးစစ်ဆင်မှုကို ရပ်တန့်ပြီး ဆွေးနွေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

ပူတင်သဘောက သူသိမ်းယူထားတဲ့ ဒေသ ၄ ခုကို ပေးမယ်ဆိုရင် စစ်ပွဲရပ်ဖို့ ဆွေးနွေးမယ်လို့ ဆိုတဲ့ သဘောပါပဲ။ ဒီလိုမဟုတ်ဘဲ ထိုးစစ်ဆက်ဆင်နေရင်တော့ နူလက်နက်ထိ အသုံးပြုနိုင်တယ်ဆိုပြီး ခြိမ်းခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇန်လန်စကီးက  သူပြောပြီးမကြာခင်မှာ နိုင်ငံကိုပြောတဲ့မိန့်ခွန်းမှာ NATO အဖွဲ့ဝင်ခွင့်ကို တရား ဝင်လျှောက်ထားလိုက်ပြီလို့ ကြေညာခဲ့သလို ပူတင်ရှိနေသရွေ့ ရုရှားနဲ့ လုံး၀ မညှိနှိုင်းဘူးလို့ ပြောခဲ့ပါတယ်။ ယူ ကရိန်းနေတိုးအဖွဲ့ထဲဝင်တာကို ရုရှားနဲ့ နီးကပ်ထိစပ်နေတဲ့ ဥရောပ အရှေ့နှင့် အလယ်ပိုင်းရှိ နေတိုးအဖွဲ့ဝင် ၉ နိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ပိုလန်၊ ရိုမေနီးယားနှင့် စလိုဗက်ကီးယားနိုင်ငံတွေက ထောက်ခံခဲ့သလို ယူကရိန်းကို စစ်ရေး အကူအညီ ထပ်ပံ့ပိုးပေးရန် တိုက်တွန်းခဲ့ပါတယ်။

နေတိုးအဖွဲ့သို့ ယူကရိန်းနိုင်ငံ ဝင်ရောက်ရေးသည် ထင်သလောက်မရိုးရှင်းဘဲ စစ်‌ဖြစ်နေသည့် နိုင်ငံ ဖြစ်သည့်အတွက် အဖွဲ့ဝင်ရန်တောင်းဆိုမှုသည် ရှုပ်ထွေးဖွယ်ဖြစ်လာနိုင်ပြီး၊ နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ ထံမှ အ တည်ပြုချက်များကိုလည်း လိုအပ်မှာဖြစ်ပါတယ်။ ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီး အကဲဖြစ် တဲ့သမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဗ်က မစ္စတာ ဇီလန်စကီး၏ တောင်းဆိုချက်ဟာ တတိယကမ္ဘာစစ် စ တင်ရေးကို အရှိန်မြှင့်ရန် နေတိုးအဖွဲ့ဆီတောင်းလိုက်တာလို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ ယူကရိန်းတပ်တွေက ရုရှားနယ်စပ်ဆီ တစတစတိုးလာနေသလို နေတိုးတပ်ဖွဲ့တွေက လည်း ဖင်လန်လို့နိုင်ငံက အဝေးပြေးလမ်းမတွေမှာ ဆင်းသက်လေ့ကျင်တာတွေလုပ်နေပါတယ်။နော်ဝေက လည်း ရုရှားထိစပ်နေတဲ့ နယ်စပ်ကို ပိတ်ထားသလို ရုရှားပြည်တွင်းမှာ စစ်သားစုဆောင်းရေးက ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အနေအထားပါ။ ပူတင်ကိုထောက်ခံမှုနူန်းက သေချာပေါက်ကျဆင်းနေသလို ကောလာဟလ ပေါင်စုံလည်းထွက်ထွက်လာနေတဲ့အတွက် ပူတင်အနေနဲ့ ယူကရိန်းစစ်ကို ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆုံးဖြတ်ခွင့်နည်းနေပြီ ဖြစ်ပါတယ်။ ဇီလင်စကီးက ယူကရိန်းပိုင်ခဲ့တဲ့ နယ်တွေအကုန်လုံးပြန်သိမ်းယူမယ်လို့ ပြောထားတဲ့အတွက် ကရိုင်းမီးယားပါ ရုရှားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် စစ်ပွဲဟာထင်တာထက် ပိုပြီး ပြင်းထန်လာနိုင်သလို စွမ်းအင်စစ်ပွဲကြောင့် ဥရောပက ရုရှားကို တုံပြန်ဖို့အသင့်ဖြစ်နေတဲ့အခြေအနေမို့ မ ထင်မှတ်ဘဲ ဥရောပအထိ စစ်ကကျယ်ပြန့်လာနိုင်ချေများနေပါတယ်ဆိုတာ ထင်ပြရင်းယခုတစ်ပတ် နိုင်ငံ တကာ သတင်းသုံးသပ်မှုကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်