【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန် အားထည့်နေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန် အားထည့်နေပြီလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ ယူကရိန်းသတင်းတွေက တစ်ရက်ထက် တစ်ရက် ပိုစိတ်ဝင်စားဖို့ ကောင်းလာနေပါတယ်။တစ်နှစ်ပြည့်တော့မယ့် ယူကရိန်းစစ်ပွဲက ပိုပြင်းထန်လာသလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကြောင့် ထိခိုက်သေဆုံးမှုကလည်း မြင့်တက်နေခဲ့ပါတယ်။ ဒီစစ်ပွဲမှာ ရုရှားဘက်က ဝက်ဂနာလို့ခေါ်တဲ့ ကြမ်းကြုတ်တဲ့ ကြေးစားစစ်သားတွေသုံးပြီး တိုက်ခိုက်နေရာမှာ ဒီတစ်ပတ် ဒွန်နက်ခ်ဒေသက ဆောလ်ဒါးမြို့ကို သိမ်းခဲ့ပြီး ဒါကို ရုရှားစစ်တပ်က အသိအမှတ်ပြုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ စိတ်ဝင်စားဖွယ်ကောင်းခဲ့တာတော့ ယူကရိန်းစစ်ပွဲသတင်းတွေချည်း မဟုတ်ခဲ့ပါဘူး။နီပေါမှာ လေယာဉ်ပျက်ကျလို့ လူ ၇၀ နီးပါး သေဆုံးခဲ့တဲ့သတင်း၊ ပီရူးမှာ သမ္မတကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ဖြစ်နေလို့  နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်ရတဲ့သတင်း၊  ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ နုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ ဆန္ဒပြ နေတဲ့သတင်း၊ နေတိုးအဖွဲ့ထဲဝင်ဖို့ ကြိုးစားနေတဲ့ ဆွီဒင်ကို မထောက်ခံဘူးလို့ တူရကီပြောလိုက်လို့ တင်းမာမှုတွေဖြစ်နေတဲ့သတင်း၊ နယူးယောက်မှာ ကုန်စျေးနှုန်းနဲ့ လစာကြောင့် သူနာပြုထောင်ပေါင်းများစွာ ဆန္ဒပြမှု ဆက်ဖြစ်နေတဲ့သတင်း၊ အာဖဂန်မှာ ယခင်အမျိုးသမီးပါလီမန်ကိုယ်စားလှယ်ကို သေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်သတ်ခဲ့တဲ့သတင်း၊ အီရန်ကာကွယ်ရေး ဒုဝန်ကြီးဟောင်း အီရန်နွယ်ဖွား ဗြိတိန်နိုင်ငံသားကို အီရန်အာဏာပိုင်တွေက သူလျှိုလုပ်တယ်ဆိုပြီး ကွပ်မျက်လိုက်တဲ့သတင်း စတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

         အမေရိကန် အားထည့်ခြင်း၊  ရုရှားရဲ့ နောက်ဆုံးရုန်းကန်ခြင်း

ဒီတစ်ပတ်မှာ စိတ်ဝင်စားဖို့ကောင်းခဲ့တာက ယူကရိန်းစစ်ပွဲသတင်းတွေပါ။ပြီးခဲ့တဲ့အပတ်က ရုတ်တရက် ၃၆ နာရီ အပစ်ရပ်ကြောင်း ကြေညာမှုက အယောင်ဆောင်ပြမှုဆိုတာ ဒီတစ်ပတ် ရုရှားပစ်ခတ်မှုတွေ၊ အချက်အခြာကျတဲ့ ဆောလ်ဒါးမြို့ကို  ရုရှားဘက်ကနေ ဝက်ဂနာလို့ခေါ်တဲ့  ရုရှားကြေးစားတိုက်ခိုက်ရေးကုမ္ပဏီ လက်နက်ကိုင်တပ်ဖွဲ့က ဝင်သိမ်းခဲ့တာတွေကိုကြည့်ရင် သိနိုင်ပြီဖြစ်ပါတယ်။

နှစ်ဝက်ကြာ စစ်ရေးရှုံးနိမ့်မှုအကြား ရုရှားက ဝက်ဂနာလို့ခေါ်တဲ့ ကြေးစားစစ်သားတွေကိုသုံးပြီး ယူကရိန်းအရှေ့ပိုင်းက ဆားမိုင်းတူးဖော်ရေးမြို့ဖြစ်တဲ့ ဆောလ်ဒါးမြို့ကို ထိန်းချုပ်လိုက်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။မြို့ကိုသိမ်းယူကြောင်း ကြေညာခဲ့ပေမယ့် ယူကရိန်းဘက်က မြို့မကျသေးကြောင်း၊ အပြင်းအထန်ခုခံနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဒီမြို့ဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရှိ ဘတ်ခ်မွတ်မြို့ကြီးအနီးမှာရှိပြီး ယူကရိန်းအရှေ့ပိုင်းကို သိမ်းဖို့ရာမှာ အချက်အခြာကျတဲ့ ထောက်ပို့မြို့ဖြစ်လို့ ရုရှားအနေနဲ့ ယူကရိန်းအရှေ့ပိုင်းကို သိမ်းမယ်ဆိုရင် ဆောလ်ဒါးမြို့ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့မြို့ပါ။

ယူကရိန်းကလည်း ဒီမြို့မကျဖို့ အပြင်းအထန် တိုက်ခိုက်နေတဲ့အတွက် ဒုတိယကမ္ဘာစစ်နီးပါး ပြင်းထန်နေပြီး  ဂြိုဟ်တုဓာတ်ပုံတွေအရဆိုရင် မြို့တစ်ခုလုံး စိစိညက်ညက်ကြေနေတာကို တွေ့ရပါတယ်။ဆော်လ်ဒါးမြိုကို တိုက်နေတဲ့ ဝက်ဂနာအဖွဲ့ဟာ ဆီးရီးယားနဲ့ အာဖရိကမှာ အရပ်သားတွေအပေါ် ကြုမ်းကြုတ်ရက်စက်စွာ သတ်ဖြတ်မှုတွေကြောင့် နာမည်ကြီးခဲ့တဲ့ အဖွဲ့ပါ။

ဆောလ်ဒါးမြို့မကျဖို့ ယူကရိန်းဘက်ကလည်း နောက်ထပ်တပ်ဖွဲ့တွေ ပို့ပေးနေသလို ဒီတစ်ပတ်မှာ ယူကရိန်းဘက်ကလိုနေတဲ့ ကြည်းတပ်သုံး တိုက်ခိုက်ရေးယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေပေးဖို့ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဘက်ကပို့ဖို့ ကတိပြုခဲ့သလို ပို့လည်းပို့ခဲ့ပါတယ်။ရုရှားတပ်တွေက ဇန်နဝါရီ ၁၄ ရက်မှာ ယူကရိန်းအရှေ့ပိုင်းက မြို့တစ်ခုဖြစ်တဲ့ ဒီနီပရိုမြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးတယောက်အပါအဝင် ၃၀ ထက်မနည်း သေဆုံးပြီး၊ ၄၀ ပျောက်ဆုံးခဲ့ပါတယ်။ရုရှားမစ်ဇိုင်းဒုံးတွေက  လူနေတိုက်ခန်းတွဲ အဆောက်အဦကို ပစ်ခဲ့တာဖြစ်လို့ အရပ်သားတွေသေကြေမှုက ထပ်တိုးလာနိုင်တဲ့ အနေအထားပါ။ ဒုံးကျည်အများစုက  ပင်လယ်နက်ရေတပ်အုပ်စုက ပစ်ခတ်ခဲ့ပြီး ဘီလာရုစ်ကနေပါ ပစ်ခတ်ခဲ့ခြင်း ရှိ/မရှိကို စုံစမ်းစစ်ဆေးနေတာတွေရှိနေလို့ ယခုရက်ပိုင်း ဘီလာရုစ်မှာ ရုရှားနဲ့ ပူးတွဲပြီး နှစ်နိုင်ငံလေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေ စစ်ရေးပူးပေါင်းလေ့ကျင့်မှုက သတိထားစရာပါ။

ယူကရိန်းကျုးကျော်စစ်အတွက် ရုရှားစစ်တပ်အတွင်း စစ်ဆင်ရေးအမိန့်ပေးတာဝန်ခံတွေ အပြောင်းအလဲလုပ်ပြီး ရက်ပိုင်းမှာပဲ ကိယက်ဗ်အပါအ၀င် ယူကရိန်းနိုင်ငံ မြို့ကြီးတော်တော်များများက အရပ်ဖက်အခြေခံအဆောက်အအုံတွေကို ရုရှားက အဝေးပစ်ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်လာနေပေမယ့် စစ်ရေးအကဲခတ်တွေက ဒီလိုပစ်တာမျိုးကို ရုရှားအနေနဲ့ နောက်ထပ်တစ်ခါ နှစ်ခါပဲလုပ်နိုင်မယ် ဆိုပါတယ်။ဒါဟာ ရုရှားဘက်မှာ ခဲယမ်းလက်နက်လျော့ပါးလာနေတဲ့ အနေအထားကြောင့် ဆိုပါတယ်။

ရုရှားရဲ့ ဒီလိုတိုက်ခိုက်မှုက အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ကြီးတွေ၊ တင့်ကားတွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေ ထောက်ပံ့ဖို့ ချီတုံချတုံဖြစ်နေမှုကို အဖြေတစ်ခု လျင်လျင်မြန်မြန်ထွက်စေပါတယ်။လက်ရှိမှာ ယူကရိန်း၊ လစ်သူယေးနီးယား၊ ပိုလန်တို့ သုံးနိုင်ငံမဟာမိတ် ထိပ်သီးဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။အမေရိကန်က ထောင်နဲ့ချီတဲ့ အမေရိကန်တင့်ကားနဲ့ တိုက်ခိုက်ရေး သံချပ်ကာကားတွေကို နယ်သာလန်ကနေတစ်ဆင့် လစ်သူယေးနီးယားနဲ့ ပိုလန်ကို ပို့နေပါတယ်။ဒါ့အပြင် အိုကလာဟိုးမားမှာရှိတဲ့ ဖေါ့ဆေးလ် စစ်အခြေစိုက်စခန်းမှာ ယူကရိန်းတပ်ဖွဲ့တွေကို ပက်ထရီယော့ ဒုံးကျည်ပစ်ခတ်နည်း သင်တန်းပေးဖို့ပါ ကြေညာခဲ့ပါတယ်။အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်က ဒီလိုသင်တန်းပေးတာကို ယူကရိန်းစစ်ပွဲမှာ အမေရိကန်က ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ပတ်သက်မှု ကြီးထွားလာတယ်လို့ ပြောခဲ့ပါတယ်။ပက်ထရီယော့ဒုံးကျည်က အမေရိကန်လက်နက်ထဲမှာ အဆင့်အမြင့်ဆုံးလက်နက်တွေထဲပါဝင်ပြီး အင်အားကြီးမားတဲ့ ရေဒါတွေအသုံးပြုထားလို့ စစ်ပွဲအခြေအနေက ယူကရိန်းဘက်က ပိုအားသာလာနေပါတယ်။

NATO တပ်မှူးဟောင်းက ဆောင်းရာသီကုန်ရင် ယူကရိန်းမှာရှိတဲ့ ရုရှားတပ်တွေ အင်အားကုန်ခမ်းသွားမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ဒီတစ်ပတ်မှာ ယူကရိန်းစစ်ပွဲထဲ အမေရိကန်နဲ့ အနောက်အုပ်စုက စစ်လက်နက်တွေ သွန်ထည့်နေပြီး ရုရှားကတော့ အရပ်သားပစ်မှတ်တွေနဲ့ ကြေးစားစစ်သားတွေကိုပါ သုံးနေရတဲ့အနေအထားအထိ ရောက်နေတာကိုကြည့်ရင် စစ်ပွဲလားရာဟာ မကြာခင်မှာ အဖြေတစ်ခုထွက်ဖို့ ဦးတည်နေတာကို တွေ့ရပါတယ်။   

         ဂျပန်ဝန်ကြီးချုပ်ရဲ့ အနောက်နိုင်ငံများသို့ခရီးစဉ်

ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ စတဲ့ မဟာမိတ်နိုငံတွေထံ ခရီးလှည့်လည်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါရဲ့ ခရီးစဉ်ဟာ ဒေသတွင်းအတွက်ရော ကမ္ဘာ့အတွက်ပါ စောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။ဒီခရီးစဉ်အပြီး ဝါရှင်တန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာနဲ့ ဒေသတွင်းတင်းမာမှုကို မြင့်တက်စေမယ့် စကားတွေ ပြောခဲ့ပါတယ်။ကီရှီဒါက မီဒီယာတွေကို "ဥရောပလုံခြုံရေးနဲ့ အင်ဒို-ပစိဖိတ် လုံခြုံရေးကို ခွဲခြားမရဘူးဆိုတာ ယူကရိန်းစစ်ပွဲသင်ခန်းစာက ကျနော်တို့ကို သင်ကြားပေးလိုက်တယ်" လို့ ပြောခဲ့ပြီး အရှေ့အာရှသည် ဒုတိယယူကရိန်းဖြစ်လာနိုင်ကြောင်းနှင့် အင်အားကြီးထွားလာသည့် တရုတ်နှင့် စစ်လိုလားသည့် မြောက်ကိုရီးယားကို ရင်ဆိုင်ရန် ညီညွတ်သော တပ်ပေါင်းစု လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဒုတိယကမ္ဘာစစ်အပြီး စံချိန်တင်ကာကွယ်ရေးဘတ်ဂျက်ချထားခဲ့လို့ ဒေသတွင်းနိုင်ငံတွေက အပြင်းအထန်ဝေဖန်မှုတွေနဲ့ ကြုံနေရတဲ့ ကီရှီဒါအတွက် နောက်ထပ် စစ်မက်ဆိုင်ရာသတင်းစကားလည်းဖြစ်ပါတယ်။ကီရှီဒါဟာ ဒီခရီးစဉ်အဆုံးသတ်အဖြစ် အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံရာမှာ ဂျပန်နဲ့ အမေရိကန်ဟာ ဒီဘက်ခေတ် သမိုင်းတလျှောက် အထူးခြားဆုံး လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။

ဒီနှစ်ထဲမှာ ဂျပန်နိုင်ငံ အိုကီနာဝါ (Okinawa) ကျွန်းပေါ်က အမေရိကန်ရေတပ်အခြေစိုက်စခန်းမှာ အဆင့်မြင့်ထောက်လှမ်းရေးစနစ်တွေနဲ့ မရိန်းတပ်အသစ်ထားရှိရေးအပြင် အာကာသနဲ့ အဆင့်မြင့်စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သစ်တွေရယူခဲ့တာကို တွေ့ရပါတယ်။ဒါတွေအားလုံးက တရုတ်ကိုရည်ရွယ်တာဖြစ်ပြီး အမေရိကန်ရဲ့ တရုတ်ကိုဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ရေးမှာ အရေးပါတဲ့နေရာမှာရှိနေတဲ့ ဂျပန် အိုကီနာဝါကျွန်းမှာ အမေရိကန်ရဲ့ တပ်အနေအထားကို ပိုတိုးချဲ့လိုက်တာပါ။အရှေ့တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်တစ်ဝိုက် တရုတ်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ဆောင်ရွက်မယ့် အစီအစဉ်တွေအဖြစ် အမေရိကန်နဲ့ ဂျပန်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ဘိုင်ဒင်နဲ့ ကီရှီဒါ မတွေ့ခင် တစ်ရက်အလိုမှာ ထုတ်ပြန်ခဲ့တာပါ။မရိန်းတပ်ဖွဲ့ ဖြန်ကျက်ထားမယ့် အဲဒီအစီအစဉ်က သေချာပေါက် တရုတ်နဲ့ ထိပ်တိုက်တွေ့ဖို့ အလားအလာရှိနေပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ  ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်နဲ့ လန်ဒန်မှာ တွေ့ခဲ့ရာမှာ ဗြိတိန်တပ်ဖွဲ့ဝင်တွေကို ဂျပန်မှာ တပ်ဖြန့်ချထားခွင့်ပြုသည့် အလွန်အရေးပါတဲ့ ကာကွယ်ရေးသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ပြင်သစ်နဲ့လည်း အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားဖို့ သဘောတူညီခဲ့ပါတယ်။

ဂျပန်ဟာ ဒေသတွင်း စစ်ရေးအရအာမခံချက်ရဖို့ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကလည်း အလားတူသဘောတူညီချက်တစ်ရပ်ကို သြစတြေးလျနဲ့ပါ လက်မှတ်ရေးထိုးခဲ့တာဖြစ်လို့ တကယ်လို့ အမှားအယွင်းတစ်ခုခုရှိခဲ့ရင် အဲဒီဒေသတွင်းဟာ အချိန်မရွေး စစ်ပွဲကြီးတစ်ခုအသွင် ပြောင်းလဲနိုင်လာတဲ့ အနေအထားပါ။ဘာကြောင့်လဲဆိုရင် ဂျပန်ကိုတိုက်ခိုက်ခဲ့ရင် အမေရိကန်၊ ဗြိတိန်နဲ့ ကာကွယ်ရေးမဟာမိတ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ ပါလာနိုင်လို့ပါ။

ဒီအတွက် အရှေ့အာရှဒေသက စစ်ရေးအရ ကမ္ဘာ့အင်အားကြီးတွေ အားပြိုင်တဲ့နေရာ ဖြစ်လာနေပါတယ်။လာမယ့်အချိန်ကာလတွေမှာ ဒီဒေသဟာ စောင့်ကြည့်နေရတော့မယ့် ဒေသတစ်ခုဖြစ်နေပြီဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်အစီအစဉ်ကို ဒီမှာတင်ရပ်နားလိုက်ပါတယ်။

မင်းထက်