【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 အာရှစစ်ရေးတင်းမာမှု ဘယ်အထိဖြစ်လာမလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 အာရှစစ်ရေးတင်းမာမှု ဘယ်အထိဖြစ်လာမလဲ

   ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေက ယခင်အပတ်ထက်ပိုပြီး စိတ်ဝင်စားစရာတွေ များနေခဲ့ပါတယ်။အထူးသဖြင့် ယူကရိန်းတန်ပြန်ထိုးစစ် နီးလာချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ယူကရိန်းသမ္မတ ဇီလင်စကီးတို့ ဖုန်းနဲ့စကားပြောခဲ့ကြတာ၊ နေတိုးအဖွဲ့က ယူကရိန်းကိုပေးရမယ့် လက်နက်တွေ အကုန်အစင်ထောက်ပံ့ပေးပို့ပြီးပြီလို့ ထုတ်ပြန်ခဲ့တာတွေကြောင့် စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။
   ဒါပေမဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့အကြား ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် ဝါရှင်တန်ကို ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ အမေရိကန်အထက်အောက်လွှတ်တော်မှာပြောတဲ့ စကားတွေကြောင့် အတော်လေးပွဲဆူခဲ့သလို မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ကာကွယ်ဖို့ တိုက်ခိုက်မှုဖြစ်လာရင် အမေရိကန်ရဲ့ နျူကလီးယားလက်နက်ကို သုံးစွဲခွင့်ရမယ့် သဘောတူညီချက်ကြောင့် ဒေသတွင်းမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။
   ဒီလိုအခြေအနေကြောင့် ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာဖြစ်ဖို့ကောင်းခဲ့တာက တောင်ကိုရီးယားသမ္မတရဲ့ ဝါရှင်တန်ခရီးစဉ်ပဲဖြစ်ပါတယ်။ 
          အပြောမှားသွားတာလား တမင်ရည်ရွယ်တာလား
   အမေရိကန်နဲ့ တောင်ကိုရီးယားကြား သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ ပြည့်တဲ့ အထိမ်းအမှတ် အဖြစ် တောင်ကိုရီးယားသမ္မတ နိုင်ငံတော်ဧည့်သည်အဖြစ် အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်ဟာ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ တင်းမာမှုမြင့်တက်နေချိန်ဖြစ်လို့ ဂရုစိုက်စရာဖြစ်ခဲ့ပါတယ်။
   တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုးလ်ဟာ ဧပြီ ၂၇ ရက်မှာ အမေရိကန် အထက်/အောက် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ဒီပြောဆိုမှုမှာ ကိုရီးယားစစ်ပွဲမှာ တရုတ်နိုင်ငံပါဝင်ပတ်သက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောခဲ့ရာမှာ အမေရိကန်ရေတပ် မရိန်းတပ်ဖွဲ့မှ အမှတ် (၁) တပ်မသည် Chosin Reservoir စစ်ပွဲတွင် တရုတ်ပြည်၏ လူအလုံးအရင်းဖြင့် စစ်တိုက်နည်းကို ထိုးဖောက်ပြီး အံ့ဖွယ်ရာရလဒ်ကို ရရှိခဲ့တယ်လို့ ပြောခဲ့ပြီး၊ လွန်ခဲ့တဲ့ အနှစ် ၇၀ က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာ အမေရိကန်စစ်သည် ၃၇,၀၀၀ လောက် အသက်ပေးခဲ့ရပြီး၊ ကိုရီးယားကျွန်းဆွယ်မှာ လွတ်လပ်တဲ့ တောင်ကိုရီးယားနဲ့ ကွန်မြူနစ် မြောက်ကိုရီးယားတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်မှုနဲ့အတူ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား မဟာမိတ်အဖြစ် ရပ်တည်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
   ဒီလိုပြောဆိုမှုအတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်အားခုခံပြီး မြောက်ကိုရီးယားအား စစ်ကူပေးသည့် စစ်ပွဲမှာ မွန်မြတ်စွာ အောင်မြင်ခြင်းဟာ တရုတ်နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ နက်ရှိုင်းပြီး အရေးကြီးတဲ့ အဓိပ္ပါယ်ရှိကြောင်း ပြောခဲ့ပါတယ်။
   ဒီခရီးစဉ်မှာ တောင်ကိုရီးယားသမ္မတနဲ့ အမေရိကန်သမ္မတကြား မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု ကို အဓိကထားတဲ့ နျူကလီးယားစစ်ပြင်ဆင်မှုကိုအထူးပြုထားတဲ့ အမေရိကန်-တောင်ကိုရီးယားလုံခြုံရေးအစီအမံသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။ဒီအစီအမံသစ်ကို ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ “မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ကိုဖြစ်စေ၊ မဟာမိတ် တောင်ကိုရီးယားကိုဖြစ်စေ၊ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်လာတဲ့နေ့ဟာ ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်တဲ့နေ့ ဖြစ်ပါလိမ့်မယ်” လို့ ပြောခဲ့တဲ့အတွက် အာဏာရှင် ကင်ဂျုံအန်ဘက်က ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာခဲ့ပါတယ်။
   ထုတ်ပြန်ခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယား လုံခြုံရေးအစီအမံသစ်ဟာ ဒေသတွင်းမှာ နျူလက် နက်တပ် အမေရိကန်စစ်သင်္ဘာတွေကို ချထားဖို့ ဖြစ်လာတဲ့အတွက် နဂိုကတည်းက တင်းမာနေတဲ့ အာရှအရှေ့ဖျားဒေသအတွက် ပိုပြီးလောင်စာထည့်ပေးသလို ဖြစ်လာခဲ့ပါတယ်။ဒီစီမံချက်အသစ်အရဆိုရင် တောင်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်ရဲ့အဏုမြူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို မျှဝေအသုံးပြုခွင့်ရရှိမှာဖြစ်သလို နျူကလီးယားစီမံကိန်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ဆုံးဖြတ်ချက်တွေမှာ အတွင်းကျကျ ပါဝင်ခွင့်ရမှာပဲဖြစ်ပါတယ်။
   ဒီအစီအမံဟာ အမေရိကန်ရဲ့ အကူအညီကို ရယူပြီး မြောက်ကိုရီးယားကို ရန်မစရဲအောင် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အစီအမံဖြစ်လို့ ဒေသတွင်းမှာ အတော်ကိုပဲ ဂယက်ထခဲ့ပါတယ်။အထူးသဖြင့် နျူလက်နက်အားကိုးနဲ့ တောင်ကိုရီးယား၊ ဂျပန်ကို ဒုံးကျည်ပစ်လွှတ်ကာ လုပ်ချင်သလို လုပ်နေတဲ့ မြောက်ကိုရီးယားကို အတိအလင်းစိန်ခေါ်တဲ့လုပ်ရပ် ဖြစ်ခဲ့ပါတယ်။
   မြောက်ကိုရီးယားဘက်ကတော့ ဒီစီမံချက်အသစ်ကို ပိုမိုအန္တရာယ်များစေမယ်ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးတဲ့ ညီမက သတိပေးခဲ့ပါတယ်။
   တရုတ်ကလည်း  ထိပ်တိုက်ရင်ဆိုင်ရနိုင်တဲ့ ရန်စမှုမျိုး မြောက်ကိုရီးယားကို သွားမလုပ်ဖို့ အမေရိကန်နှင့် တောင်ကိုရီးယားကို သတိပေးခဲ့ပါတယ်။
   ဧပြီ ၂၆ ရက်က သဘောတူညီခဲ့တဲ့ ဒီသဘောတူညီမှုမှာ ပြုံယမ်းက နျူကလီးယားလက်နက် အသုံးပြုလာမယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယား အတူပူးပေါင်းဆောင်ရွက်သွားဖို့ဖြစ်ပြီး တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်ကို ပြန်တုံ့ပြန်ရာမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားအကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်ချက်အပေါ် မြောက်ကိုရီးယားက မဝံ့မရဲဖြစ်ပြီး ဒေါသထွက်နေတာလို့ ပြောခဲ့ပါတယ်။
   ဒီသဘောတူညီချက်ဟာ စစ်ပြေငြိမ်းရေး လက်မှတ်မထိုးထားတဲ့ ကိုရီးယားကျွန်းဆွယ်အတွက် ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းဖြစ်သလို နျူလက်နက်အားကိုးရှိတဲ့ မြောက်ကိုရီးယားကို ရုတ်ချည်း အဆင့်တူဖြစ်သွားစေလို့ မြောက်ကိုရီးယားအနေနဲ့ နာလိုခံခက်အနေအထား ဖြစ်ခဲ့ပါတယ်။
   ကင်ဂျုံအန်ရဲ့ သြဇာကြီးတဲ့ ညီမကတော့ အမေရိကန်သမ္မတနဲ့ ဝါရှင်တန်မှာ တွေ့ဆုံခဲ့တဲ့အပေါ် တောင်ကိုရီးယားသမ္မတကို သစ္စာဖောက် ရုပ်သေးရုပ်ဆိုပြီးတော့ ကြေညာချက်ထုတ်ခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်ထဲမှာ အမေရိကန်ပြည်ထောင်စုကိုတော့ မကောင်းဆိုးဝါးအင်ပါယာဆိုပြီးတော့ သုံးနှုန်းသမုတ်ခဲ့ပါတယ်။
   နျူကလီးယားစစ်ပြင်ဆင်မှုကို အထူးပြုထားတဲ့ အမေရိကန်-တောင်ကိုရီးယား လုံခြုံရေးအစီအမံသစ်ကို ရည်ညွှန်းပြီးတော့ ဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း အမေရိကန်နဲ့ တောင်ကိုရီးယားကို သတိပေးထားသလို မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီယားစွမ်းရည်ကို ဆတိုးဆောင်ရွက်သွားဖို့ ကင်ဂျုံအန်က ပြောဆိုခဲ့ပါတယ်။
   ဒီအတွက် အာရှအရှေ့ဖျားဒေသ တင်းမာမှုက ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
   ဒီလိုသတင်းတွေအပြင် ဒီတစ်ပတ်မှာ တခြားသတိထားစရာ သတင်းတွေဖြစ်တဲ့ အမေရိကန် လေယာဉ်တစ်စင်း ငှက်ကြောင့် အင်ဂျင်မီးလောင်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ သတင်း၊ အမေရိကန်လေယာဉ်တင်သင်္ဘော Nimitz ထိုင်းနိုင်ငံကိုလာရောက်တဲ့ သတင်း၊ ရုရှားသမ္မတဟောင်း မက်ဗီဒက်က ကောက်ပဲသီးနှံတင်ပို့မှု သဘောတူညီချက် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်လိုက်တဲ့ သတင်း၊  လာမယ့်နှစ်ကုန်မှာ ကမ္ဘာ့အပူချိန် စံချိန်တင် အဆင့်သစ်ထိ ရောက်ဖွယ်ရှိတယ်လို့ သတိပေးလိုက်တဲ့ သတင်း၊ အင်ဒိုနီးရှားမှာ ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ သတင်း၊ ဆူဒန်မှ ပြိုင်ဘက်အုပ်စုနှစ်စုကြား တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံခြားသားတွေ ကယ်ထုတ်နေရတဲ့ သတင်း၊ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ကြေညာလိုက်တဲ့ သတင်း၊ မြောက်ကိုရီးယားကို ဆေးလိပ်ခိုးရောင်းခဲ့တဲ့ British American Tobacco ကုမ္ပဏီကို ဒေါ်လာ သန်း ၆၀၀ ကျော် ဒဏ်ရိုက်လိုက်တဲ့ သတင်း၊ စင်္ကာပူကို ဆေး ခြောက်ခိုးသွင်းလို့ သေဒဏ်ချမှတ်ခံထားရသူကို  ကြိုးပေးလိုက်တဲ့ သတင်း၊ ထိုင်းအမျိုးသမီးတစ်ဦး သူငယ်ချင်း ၁၂ ယောက်ကို အဆိပ်ခပ်ပြီး သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီးခံရတာ၊ အီရန်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရှိနေတာကို မလိုလားဘူးလို့ပြောလိုက်တဲ့ သတင်း၊  ရေကြောင်းလုံခြုံရေးမူဝါဒသစ် ဂျပန်က ပြဋ္ဌာန်းလိုက်တဲ့  သတင်း၊ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၁ ဦးသေဆုံးခဲ့တဲ့ သတင်း စတဲ့ သတင်းတွေဖြစ်ခဲ့တဲ့အကြောင်း တင်ပြရင်း တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။
   မင်းထက်