【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】စစ်ပွဲများနှင့် ယနေ့ကမ္ဘာ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】စစ်ပွဲများနှင့် ယနေ့ကမ္ဘာ

ယခုတစ်ပတ် နိုင်ငံတကာမှာဖြစ်ခဲ့တဲ့ သတင်းအများစုကိုကြည့်ရင် ကမ္ဘာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အတင်းမာဆုံးအခြေအနေတစ်ခုကို ဦးတည်နေကြောင်း ပြနေပါတယ်။

တစ်နှစ်ခန့်ရှိလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ထင်တိုင်းပေါက်မလာတဲ့အတွက် မကြာခဏဆိုသလို နျူကလီးယားလက်နက်သုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြောဆိုတာကို တွေ့ရပါတယ်။အမေရိကန်ဦးဆောင်တဲ့ နေတိုးနဲ့ ဥရောပနိုင်ငံတွေကတော့ ယူကရိန်းဘက်ကို လက်နက်တွေ ပုံအောထောက်ပံ့နေပြီး ရုရှားကို စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖယ်ထုတ်ပြီး စစ်ပွဲကို ရပ်တန့်အောင် ဖိအားပေးနေတာကို တွေ့ရပါတယ်။ဒီတစ်ပတ်မှာ အဆိုပါအခင်းအကျင်းက ပိုပြင်းထန်လာနေတာကို တွေ့ရသလို တခြားကမ္ဘာ့နေရာတွေမှာလည်း ယူကရိန်းစစ်ပွဲအကျိုးသက်ရောက်မှုတွေအဖြစ် တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်နေတာကို တွေ့နေရပါတယ်။  

          တင့်ကားတွေနဲ့ တိုက်လေယာဉ်တွေ ယူကရိန်းရခဲ့ရင်

တစ်နှစ်ခန့်ရှိလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲဟာ ရှေ့လျှောက် ပြင်းထန်လာနိုင်တဲ့ အခြေအနေကို ထင်ထင်ရှားရှား မြင်လာရပါတယ်။ရုရှားကာကွယ်ရေးဦးစီးချုပ်က မကြာသေးခင်က   ရုရှားလေကြောင်းချီ အထူးစစ်ဆင်ရေးဌာန တပ်မှူးချုပ် ဒု-ဗိုလ်ချုပ်ကြီး မီခေးလ်တပ်လင်စကီကို ရာထူးကနေ ဖယ်ရှားကြောင်း စာထုတ်ခဲ့ပါတယ်။နိုင်ငံပိုင်မီဒီယာကနေ ဒီလိုထုတ်ပြန်ခဲ့ပေမယ့် ဒီဗိုလ်ချုပ်ကြီးက တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ၊ ကရင်မလင်က သုတ်သင်လိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာကို တွေ့ရပါတယ်။ယူကရိန်းအရှေ့ပိုင်းမှာ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ရုရှားစစ်သားတွေက မီခေးလ်တပ်လင်စကီကို ပြန်ခန့်ဖို့ လူမှုကွန်ရက်ကနေ ပြန်တောင်းဆိုခဲ့ကြတာကိုကြည့်ရင် အတွင်းထဲမှာ ကွဲပြားမှုတွေဖြစ်နေတဲ့ အနေအထားပါ။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဒီစစ်ပွဲမှာ ရုရှားဘက်က ဘယ်လောက်ကျဆုံးသလဲဆိုတာ သေသေချာချာမသိရတဲ့ အနေအထားပါ။ပြီးခဲ့တဲ့အပတ်က နော်ဝေစစ်တပ်ကနေ ရုရှားတစ်ဖက်တည်းကပဲ သေဆုံးထိခိုက်ဒဏ်ရာရသူအရေအတွက်က  ၁၈၀,၀၀၀ ခန့်ရှိနိုင်တယ်ဆိုပြီး ခန့်မှန်းခဲ့ပါတယ်။ဒီအရေအတွက်ကို ပိုပြီးအထောက်အကူဖြစ်စေတာက  မကြာမီမှာ စစ်သားအင်အားထပ်စုဆောင်းဖို့ ရုရှားအာဏာပိုင်တွေ ပြင်ဆင်နေတဲ့ အထောက်အထားတွေပါပဲ။

ရုရှားသမ္မတ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်ကတော့ ဒီလိုခန့်မှန်းမှုတွေအားလုံးကို ပယ်ချခဲ့ပါတယ်။ဒါပေမဲ့ ရုရှားလေဆိပ်တွေမှာ ပြည်ပထွက်ခွာမယ့်  ရုရှားအမျိုးသားတွေ ပြည့်နှက်စုပုံနေတာ၊ ရုရှားလွှတ်တော်က စစ်မှုထမ်းကင်းလွတ်ခွင့်တွေအတွက် ဥပဒေပြဋ္ဌာန်းဖို့လုပ်ခဲ့တာ၊ ရုရှားကနေ အိမ်နီးချင်းနိုင်ငံတွေကို ကားနဲ့ ခရီးသွားလိုသူတွေ နှစ်ပတ်ကြိုတင်အကြောင်းကြားဖို့ ထုတ်ပြန်ခဲ့တာ၊ ရုရှားလွှတ်တော်ကိုယ်စားလှယ်အားလုံး ပြည်ပခရီးသွားချင်ရင် လွှတ်တော်ဥက္ကဋ္ဌဆီက ကြိုတင်ခွင့်ပြုချက်ယူဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာတွေကိုကြည့်ရင် မကြာမီမှာ စစ်သားစုဆောင်းဖို့ ထပ်ဖြစ်လာဖို့ သေချာနေပါတယ်။

ပက်စကော့ဗ်ကလည်း စစ်သားစုဆောင်းဖို့ သတင်းတွေကို ငြင်းပေမယ့် မယုတ်မလွန်အဖြစ် ရုရှားနိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတာကို ပြောခဲ့ပါတယ်။ဒါက စစ်အင်အားစုဆောင်းမှုအပိုင်းပါ။ဒီတစ်ပတ်မှာ ရုရှားဒု-ခေါင်းဆောင်လို့ သိထားကြတဲ့ ပူတင်ရဲ့ မဟာမိတ်၊ သမ္မတဟောင်း မက်ဗီဒက်က နာမည်ကျော်လက်နက်စက်ရုံဖြစ်တဲ့ ကာလက်ရှ်နီကော့ဗ်စက်ရုံကို သွားခဲ့ပါတယ်။အဲဒီစက်ရုံမှာ မက်ဗီဒက်က မီဒီယာတွေကို ရုရှားမှာ ယူကရိန်းကို ဆက်တိုက်ဖို့ လက်နက်အလုံအလောက်ရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါဟာ ရုရှားမှာ လက်နက်ခဲယမ်းချို့တဲ့နေပြီဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို တုံ့ပြန်တဲ့သဘောပါပဲ။ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်နေ့က ကျင်းပတဲ့ ရုရှားအာဏာရပါတီရဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကြောင့် ကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပြီလို့ မက်ဗီဒက်က ပြောခဲ့ပါတယ်။ သမာရိုးကျလက်နက်နဲ့ ယူကရိန်းစစ်ပွဲကို အနိုင်မတိုက်နိုင်ရင် နျူကလီးယားလက်နက်နဲ့ တိုက်ရဖို့ရှိတယ်ဆိုတာ အားလုံးသဘောပေါက်နားလည်ထားဖို့လိုမယ်ဆိုပြီး ထပ်ပြောခဲ့ပြန်ပါတယ်။

ရုရှားဘက်က ဒီလိုခြိမ်းခြောက်မှုတွေ လုပ်နေပေမယ့် အမေရိကန်နဲ့ နေတိုးအဖွဲ့ကတော့ ယူကရိန်းကို ထောက်ပံ့မှုလုပ်နေတဲ့ဘက်မှာ ပိုပြီးလုပ်လာနေပါတယ်။အစောပိုင်းက မပေးဘူးလို့ သတင်းထွက်နေတဲ့ ခေတ်မီတင့်ကားမျိုးဆက်ဖြစ်တဲ့ M1 Abrams တွေနဲ့ မြေပြင်တိုက်ပွဲမှာ ပင်မတင့်ကားအဖြစ် သုံးရတဲ့ ဂျာမနီရဲ့ Leopard 2A6 တိုက်ခိုက်ရေးတင့်ကားတွေကိုပါ တပ်ရင်းနှစ်ရင်းစာ ထောက်ပံ့ဖို့အထိ ဖြစ်လာပါတယ်။

အမေရိကန်နဲ့ ဂျာမနီရဲ့ ယခုလိုဆုံးဖြတ်ချက်က အလွယ်နဲ့ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ရုရှားဘက်က ယူကရိန်းအရှေ့ပိုင်းက နယ်မြေလေးခုကို သူ့ပိုင်နက်အဖြစ် သိမ်းပိုက်ထားတာကို လက်ခံဖို့ စစ်ရေးအရ အပြင်းအထန်ဖြစ်လာချိန်၊ ယူကရိန်းမြို့တွေကို ဒုံးကျည်တွေနဲ့ အလုံးအရင်းပစ်ခတ်တိုက်ခိုက်မှုတွေရှိလာချိန်မှာ ယူကရိန်းကို ကာကွယ်ပေးဖို့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေဖြစ်တဲ့ ပက်ထရီယော့တွေပါ အမေရိကန်ဘက်ကပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။  

ကြာသပတေးနေ့ကဆိုရင် ယူကရိန်းဒေသအများအပြားမှာ ရုရှားက မစ်ဇိုင်းဒုံးကျည်တွေနဲ့ ထပ်မံတိုက် ခိုက်ခဲ့တဲ့အတွက် သေဆုံးရသူ ၁၁ ဦးရှိပြီး ဒဏ်ရာရသူကလည်း ၁၁ ဦးရှိခဲ့ပါတယ်။ရုရှားပစ်သမျှ မစ်ဇိုင်းဒုံးကျည်က ၅၅ လုံးထဲကနေ အချို့ကို ယူကရိန်းလေတပ်က ပစ်ချနိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့ အဆောက်အဦ ၃၅ လုံး ပျက်စီးခဲ့ရပါတယ်။ဒီအတွက် ယူကရိန်းဘက်က မဟာမိတ်တွေဆီကနေ လက်နက်ကြီးတွေ၊ လေကြောင်းကာကွယ်ရေးလက်နက်တွေ အလျင်အမြန်ရဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ယူကရိန်းအတွက် အမေရိကန်က သူ့ရဲ့ Abrams တင့်ကား ၃၁ စီးပေးမယ်လို့ ကတိပေးခဲ့သလို ဂျာမနီက သူ့ရဲ့ Leopard 2 တင့်ကား ၁၄ စင်းအပြင် ဥရောပနိုင်ငံတချို့ကလည်း တိုက်ခိုက်ရေးယာဉ်တွေ ပေးပို့မယ်လို့ ပြောကြားထားပြီး ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius ကတော့ Leopard 2 တင့်ကားတွေ ယူကရိန်းကို ၃ လအတွင်း ရောက်သွားမှာဖြစ်ကြောင်း ပြောခဲ့တာကို တွေ့ရပါတယ်။

ယူကရိန်းကို အနောက်နိုင်ငံတွေက စစ်ရေးအကူညီတိုးမြှင့်ပေးအပ်ခဲ့တဲ့နောက်မှာ ရုရှားရဲ့ စစ်ဆင်နွှဲမှုဟာ ပုံစံပြောင်းလာနေပါတယ်။ရုရှားဘက်က အရင်လိုမဟုတ်ဘဲ စစ်ရေးပစ်မှတ်တွေကိုရော အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကိုပါ မတိုက်ခိုက်ကြတော့ဘဲ မြို့ကြီးတွေ၊ ယူကရိန်းပြည်သူတွေနဲ့ နိုင်ငံသားတွေကို ပစ်မှတ်ထားလာနေလို့ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူညီက အရေးကြီးလာနေပါတယ်။ပြီးခဲ့တဲ့ စနေနေ့ကဆိုရင် ယူကရိန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ စစ်သုံးလေယာဉ်တွေ တပ်ဆင်ပေးဖို့ ယူကရိန်းတာဝန်ရှိသူတွေနဲ့ အနောက်တိုင်း မဟာမိတ်နိုင်ငံတွေ အမြန်ဆုံးအဖြေထွက်အောင် ဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်းသမ္မတရဲ့ အကြံပေးအရာရှိက ပြောခဲ့ပါတယ်။

ယူကရိန်းဘက်က အမေရိကန်နဲ့ ဂျာမဏီက ပေးမယ်လို့ ကတိပြုထားတဲ့ တင့်ကားတွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် လေယာဉ်တွေလိုအပ်နေလို့ တိုက်လေယာဉ်တွေပါပေးဖို့ တောင်းခဲ့တာပါ။ယခုထိတော့ ဂျာမနီနိုင်ငံက ဂျက်တိုက်လေယာဉ်တွေပေးဖို့ ငြင်းနေဆဲပါ။ယူကရိန်းကတော့ သူ့ပိုင်နက်နယ်မြေတွေ ပြန်သိမ်းနိုင်ဖို့ အင်အားကြီးမားတဲ့ ရုရှားတပ်တွေကို တွန်းလှန်ဖို့အတွက် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်အဖွဲ့ကို တိုက်လေယာဉ်တွေ၊ တာဝေးပစ် မစ်ဇိုင်းဒုံးတွေအပါအဝင် လက်နက်ကြီးတွေ အရေးတကြီး လိုအပ်နေတယ်ဆိုပြီး တောင်းခဲ့ရာမှာ မရသေးပေမယ့် ဆွေးနွေးနေတဲ့ အနေအထားပါ။

လက်ရှိမှာ ရုရှားက အီရန်နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ခဲ့တဲ့နောက် အီရန်ရဲ့ နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ လက်နက်စက်ရုံကို အစ္စရေးဘက်က ဒရုန်းနဲ့ ဝင်တိုက်ခဲ့ပါတယ်။မြောက်ကိုရီးယားကလည်း ဒီလိုလက်နက်ထောက်ပံ့နေတာဟာ စည်းကျော်နေတယ်ဆိုပြီး ပြောချိန်မှာ အမေရိကန်က ရုရှားဘက်ကို လက်နက်ထောက်ပံ့နေတဲ့ မြောက်ကိုရီးယားရဲ့ လက်နက်ပေးပို့မှုတွေကို ဂြိုဟ်တုအထောက်အထား ဓာတ်ပုံတွေနဲ့ ပြခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ တဖြေးဖြေး နေတိုးအဖွဲ့နဲ့ဖြစ်နေတဲ့ ပုံစံကို နီးစပ်လာနေသလို ရုရှားကို အဘက်ဘက်က ပိတ်ဆို့ပြီး ပူတင်ကို အာဏာလက်လွှတ်မှ ရပ်တန့်လို့ရအောင် ဆွဲခေါ်နေတဲ့ အနေအထားဆီ ဦးတည်နေပါတယ်။ဒီတစ်ပတ်မှာ ရုရှားစီးပွားရေးဆိုင်ရာဝန်ကြီးက ပိတ်ဆို့မှုတွေကြောင့် ရုရှားစီးပွားရေးကျဆင်းရတာကို ဝန်ခံခဲ့သလို ယူကရိန်းစစ်ပွဲစရိတ်ကို စုဆောင်းထားတဲ့ အရန်ငွေထဲကနေ ယူသုံးနေရတာကိုလည်း ဖော်ပြခဲ့ပါတယ်။  

ယူကရိန်းကော ရုရှားပါ ထိုးစစ်အကြီးကို ဆင်နွှဲဖို့ ပြင်ဆင်နေသလို ရုရှားက သိမ်းထားတဲ့မြေကနေ မဆုတ်ခွာရဖို့ ပြင်ဆင်နေတဲ့အတွက် လာမည့်ရက်တွေမှာ ပြင်းထန်တဲ့စစ်ပွဲကို မြင်ရဖို့ များနေပါတယ်။ဒီစစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲ ဘယ်လောက်ထိဖြစ်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်