【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ်နဲ့ အမေရိကန်ရဲ့ ကတ္တီပါလက်အိပ်စွပ်ထိုးပွဲ စပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ်နဲ့ အမေရိကန်ရဲ့ ကတ္တီပါလက်အိပ်စွပ်ထိုးပွဲ စပြီလား

ယခုရက်သတ္တပတ်ဟာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်ခံရမှု နှစ်၂၀ ပြည့် အချိန်အခါဖြစ်ပေမယ့် နိုင်ငံတကာသတင်းတွေထဲမှာ ဒီသတင်းထက် အကြမ်းဖက်မှုသတင်းတွေ၊ သဘာ၀ဘေးသတင်းတွေ၊ နိုင်ငံတကာမှာ နောက်ထပ်ဖြစ်လာနိုင်တဲ့ အကြမ်းဖက်သတ်ဖြတ်မှုသတင်းတွေကို အတော်လေးတွေ့ရပါတယ်။

ဒီထဲမှာ ယူကရိန်းနဲ့ အမေရိကန် စိုးရိမ်နေတဲ့ ဥရောပချိန်ခွင်လျှာထိန်းညှိမှုကို ထိလာနိုင်တဲ့ ရုရှားရဲ့ Nord Stream-2 ပင်လယ်ရေအောက် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှု ပြီးစီးသွားတာ၊ စပိန်မှာ ကတ်တလန်ဒေသ လွတ်လပ်ရေးအတွက် ဘာစီလိုနာမြို့မှာ လူသောင်းနဲ့ချီပြီးဆန္ဒပြခဲ့ကြတာ၊ အစ္စရေးက အလုံခြုံဆုံး အကျဉ်းထောင်ကနေ လွတ်မြောက်သွားတဲ့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ဝင်နှစ်ဦးကို ပြန်ဖမ်းဆီးရမိခဲ့တာ၊ ဘရာဇီးမှာ သမ္မတထောက်ခံသူတွေက အတားအဆီးတွေကိုချိုးဖောက်ပြီး လွှတ်တော်နဲ့ တရားရုံးတွေဆီ ဝင်ရောက်ခဲ့တာ၊ တောင်ကိုရီးယားက ပြည်တွင်းထုတ် SLMB ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့တာ၊ Sinovac စက်ရုံမှ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး ၁၂ သန်းကို ဘရာဇီးက အသုံးပြုမှုရပ်ဆိုင်းလိုက်တာ စတဲ့သတင်းအချို့ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အစ္စရေးနဲ့ ပါလက်စတိုင်း ပြဿနာက ပြန်စနေပြီး ယခုရက်သတ္တပတ်မှာ ဂါဇာကို အစ္စရေးဘက်က လေကြောင်းကနေဝင်တိုက်ခဲ့တာ၊ အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရှိတဲ့လေဆိပ်ကို ရှီးဟိုက်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်က ကက်တာမြို့မှာ ပါကစ္စတန် တာလီဘန်အဖွဲ့  (TTP) က ဖောက်ခွဲခဲ့တာ၊ လက်ဘနွန်မှာ အစိုးရသစ်ဖွဲ့စည်းခဲ့တာ၊ တိုကျို အိုလံပစ် ဝင်မပြိုင်ခဲ့တဲ့ မြောက်ကိုရီးယားကို နိုင်ငံတကာအိုလံပစ်ကော်မတီက ယာယီပိတ်ပင်ခဲ့တာ၊ ကမ္ဘာ့ဖလားကို ၂ နှစ်တစ်ကြိမ်ကျင်းပဖို့ ဖီဖာကစီစဉ်နေတာ၊ ဒိန်းမတ်မှာ နိုင်ငံ့လူဦးရေ ၈၀ ရာခိုင်နှုန်း‌ကျော် ကာကွယ်ဆေးထိုးပြီးလို့ ကိုဗစ်ကန့်သတ်ချက် တစ်နိုင်ငံလုံးရုတ်သိမ်းလိုက်တာ၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားလက်လွတ် ကွက်မျက်မှုများအတွက် အီဂျစ်အစိုးရကို ဒဏ်ခတ်အရေးယူဖို့ HRW အဖွဲ့က နိုင်ငံတကာကို တိုက်တွန်းခဲ့တာ စတဲ့သတင်းတွေလည်း သတိထားမိခဲ့တာရှိပါတယ်။

ဒီသတင်းတွေထဲကနေ ဒီတစ်ပတ် သတိထားမိတဲ့သတင်းက တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတ ဖုန်းဆက်ပြီး နှစ်နိုင်ငံဆွေးနွေးကြတဲ့သတင်းနဲ့ အကြမ်းဖက်သမားတွေရဲ့ စိတ်ဝင်စားစရာနေရာဖြစ်လာတဲ့ အာဖဂန်အခြေအနေ သတင်းတွေပါပဲ။
ဒီကြားထဲမှာ COVID-19 နဲ့ပတ်သက်ရင် သတင်းကောင်းတွေရှိပေမယ့် နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တဲ့ မျှော်လင့်ချက်အမှားတွေပေးတတ်တဲ့ သတင်းဖြစ်လာမှာစိုးတဲ့အတွက် ယခုတစ်ပတ်မှာ အဆိုပါ တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့  အာဖဂန်အနာဂတ်ကိုပဲ ဖော်ပြချင်ပါတယ်။

ကတ္တီပါလက်အိပ်စွပ်ထိုးပွဲ စပြီလား

ဒီတစ်ပတ်ထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျိန်တို့ ဖုန်းနဲ့ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။ဒါဟာ ခုနှစ်လတာအတွင်း ပထမဆုံးအကြိမ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နှစ်နိုင်ငံလုံးရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ထုံးစံအတိုင်း ကိုယ်ပြောလိုချင်တဲ့အချက်တွေကို ထည့်ပြောခဲ့ပေမယ့် နောက်ဆုံးသတိထားမိတာက တင်းမာမှုကသက်သက်၊ ကုန်သွယ်ရေးနဲ့ တခြားသောဆက်ဆံရေးတွေကို ပြန်လည်စတင်ဖို့ကို အလေးပေးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

စက်တင်ဘာ ၉ ရက်က ဖုန်းနဲ့တွေ့ဆုံခဲ့တဲ့ သမ္မတနှစ်ဦးတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ထုတ်ပြန်ရာမှာတော့ သမ္မတ ဘိုင်ဒင် က ရှီ ကို ရှေ့ကာလတွင် မိမိတို့အနေဖြင့် မရည်ရွယ်ထားသည့် ပဋိပက္ခတစ်ခုဆီကျရောက်သွားမည့် အခြေအနေမျိုး မရှိစေချင်ကြောင်းကို ပြောခဲ့သလို အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား “ယှဉ် ပြိုင်မှု” ကနေ “ပဋိပက္ခ” ဆီ ဦးတည်မသွားစေရေး သေချာစေရန် လုပ်ဆောင်ရေးကို တိုက်တွန်းခဲ့တာကို တွေ့ ရပါတယ်။

အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးကတော့ ဒီလိုဖုန်းနဲ့တွေ့ဆုံဆွေးနွေးမှုက “အန္တရာယ်အောက် မကျရောက်စေဖို့ အကာအရံ အတားအဆီးများ” ထူထောင်သတ်မှတ်ဖို့လို့ ပြောခဲ့ပြီး ထိုအရံအတားများထဲမှာ အမေရိကန်၏ လုပ်ဆောင်ချက်များအပေါ် တရုတ်ဘက်က “နားလည်မှုလွဲမှား” စေခြင်း မရှိစေ‌ရေး သေချာစေမှု ပါဝင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရအဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးက မိနစ် ၉၀ ကြာ ဆွေးနွေးမှုမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပေမယ့် အခုချိန်မှာတော့ ရှေ့ဆက်ပြဿနာမဖြစ်တော့ပဲ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ကာ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမိုတိုးတက်လာစေနိုင်ဖို့ မျှော်မှန်းကြောင်း သမ္မတ ဘိုင်ဒင် က ပြောခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ဘက်က ထုတ်ပြန်ချက်ကို ပြန်ကြည့်မယ်ဆိုရင် ဆင်ဟွာသတင်းဖော်ပြချက်မှာ တရုတ်သမ္မတ ရှီ က  တွေ့ဆုံမှုမှာ “တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်ပါက နှစ်နိုင်ငံလုံးနှင့် ကမ္ဘာတစ်ခုလုံးကို အကျိုးပြုမည်။တရုတ်နှင့် အမေရိက တစ်ဖက်နှင့် တစ်ဖက် ထိပ်တိုက်တွေ့နေပါက နှစ်နိုင်ငံလုံးနှင့် ကမ္ဘာတစ်ခုလုံး ဒုက္ခရောက်မည်။တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကောင်းစွာဖြေဆို သင့်၊ မသင့် ရွေးစရာမေးခွန်းမဟုတ်ပဲ မည်သို့ကောင်းစွာလုပ်မည်ကိုသာ ဖြေဆိုရမည့်မေးခွန်းဖြစ်တယ်” လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအခင်းအကျင်းကိုမကြည့်ပဲ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုချည်းပဲပြောမယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးပြန်စမယ်၊ ကုန်သွယ်ရေးကို ပြန်ကောင်းအောင်ကြိုးစားကြမယ်လို့ ဆိုလို့ရပေမယ့် နောက်ခံအခင်းအကျင်းကိုကြည့်မယ်ဆိုရင် ဒီလောက်မရိုးရှင်းတာကို တွေ့ရမှာဖြစ်ပါတယ်။အာဖဂန်ကနေ တက်သုတ်ရိုက်ပြီး အမေရိကန်ထွက်ခွာခဲ့တာက ယခုအခင်းအကျင်းကို ထင်သလောက်မရိုးရှင်းဘူးဆိုတာ မြင်သာစေမှာဖြစ်ပါတယ်။ယခုတစ်ပတ်တွင်း နိုင်ငံတကာမှာဖြစ်ခဲ့တဲ့ တရုတ်၊ အမေရိကန်တို့နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ရပ်တွေကို ဆက်စပ်ကြည့်မယ်ဆိုရင် ဒီအခြေအနေကိုတွေ့ရမှာဖြစ်ပါတယ်။

အထူးသဖြင့် တောင်တရုတ်ပင်လယ်ကိစ္စပါ။ထိုင်ဝမ်လေကြောင်းထဲ တရုတ်လေယာဉ် ၁၉ စင်း နီးပါး ဝင်လို့ဆိုပြီး ထိုင်ဝမ်ဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ပြန်မောင်းထုတ်ခဲ့ရတယ်လို့ စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်က လာမယ့်နှစ်မှာ တိုက်လေယာဉ်တွေ၊ ပဲ့ထိန်းတပ်ဒုံးတွေနဲ့ အဝေးထိန်း ဒရုန်းယာဉ်တွေလို စစ်ဘက်ပစ္စည်းတွေ ဝယ်ယူရေးအတွက် လာမယ့်နှစ်မှာ ဒေါ်လာ ၁၇ ဒသမ ၇ ဘီလီယံ အသုံးပြုနိုင်ဖို့ ဆွေးနွေးနေတာရှိပါတယ်။ဒီလက်နက်တွေက အမေရိကန်နဲ့ အနောက်အုပ်စုကနေရောင်းချမယ့် အလားအလာများနေပါတယ်။ဒီထိုင်ဝမ်နဲ့ ပြည်မကြား ခြားထားတဲ့ ရေလက်ကြားကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ အမေရိကန်ဖျက်သင်္ဘောဖြတ်သန်းလို့ တရုတ်ဘက်က ကန့်ကွက်ထားပါသေးတယ်။

အာဆီယံနိုင်ငံအချို့နဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ကိစ္စမှာလဲ အာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်ဒု-သမ္မတတို့ရဲ့ ခရီးစဉ်တွေအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ် ပေါ်လာခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စ အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားတို့နဲ့ အငြင်းပွားမှုရှိနေရာမှာ ယခုရက်သတ္တပတ်အတွင်းမှာ မလေးရှားက တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာကို ထုတ်ပြန်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် စီးပွားရေးပိုင်နက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေက ယခုနှစ်ပိုင်းမှာ ပိုပြီးလှုပ်လှုပ်ခတ်ခတ်ဖြစ်လာပါတယ်။
အရှေ့တောင်အာရှ ၄ နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အဖြစ် ကုလသမဂ္ဂကပြဌာန်းပေးထားတဲ့ အစိတ်အပိုင်းတွေအပါအဝင် စတုရန်းကီလိုမီတာ ၃ ဒသမ ၅ သန်း ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်က သူပိုင်ဆိုင်ကြောင်း ပြောဆိုနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဗီယက်နမ်နဲ့တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုရင် တောင်တရုတ်ပင်လယ်တွင် ခက်ခဲစွာရရှိထားတဲ့  ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တန်ဖိုးထားရန်နှင့် ဒေသအပြင်ဘက်မှ တပ်ဖွဲ့များ၏ ကြားဝင်စွက်ဖက်မှုကို သတိထားခုခံသွားရမယ်ဆိုပြီး ဖော်ပြခဲ့တာကို တွေ့ရပါတယ်။နယ်နိမိတ်ကိုကျော်လွန်လာပြီး ပြင်ပကနေ ပါဝင်ပတ်သက်လာမှာကို တရုတ်ဘက်က လိုလားပုံမရပါဘူး။

ဒီဒေသမှာ ပင်လယ်ရေကြောင်းသွားလာမှုကို လွတ်လပ်စွာသွားလာဖို့အတွက် ဥရောပသမဂ္ဂကလည်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆွေးနွေးနေတာရှိပါတယ်။ဥရောပသမဂ္ဂရဲ့ ရေကြောင်းကုန်သွယ်မှုပမာဏ ၆၀ ရာခိုင်နှုန်းလောက်က အာရှကိုဖြတ်သန်းတာဖြစ်ပြီး ဒီထဲက သုံးပုံ တစ်ပုံကတော့ တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်သန်းရတာဖြစ်လို့ တောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာသွားလာခွင့်ရရေးက ဥရောပသမဂ္ဂအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။တောင်တရုတ်ပင်လယ်ဟာ ဥရောပသမဂ္ဂအတွက်  အရှေ့အာရှနဲ့ အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်ပေးနေတာဖြစ်လို့ ဥရောပသမဂ္ဂရဲ့ အကျိုးစီးပွားအတွက် အရေးကြီးနေပါတယ်။
ဒီလိုအခင်းအကျင်းနောက်ခံတွေရှိနေတဲ့အတွက် တောင်တရုတ်ပင်လယ်ကို တရုတ်ဘက်က တင်းကျပ်လာလေ အနောက်အုပ်စုက အရင်ကထက် စစ်သင်္ဘောတွေ ဥဒဟိုဝင်ထွက်ပြလေလေ၊ စစ်ရေးလေ့ကျင့်မှုတွေလုပ်လေလေနဲ့ စစ်မြူတဲ့သဘောပါဖြစ်လာနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုအကဲဆတ်နေတဲ့ ရေပြင်မှာ တရုတ်ဘက်က စက်တင်ဘာ ၁ ရက်ကစပြီး ပင်လယ်ရေကြောင်းဥပဒေသစ်ကို စကျင့်သုံးလာခဲ့ပါတယ်။
ဒီဥပဒေအရဆိုရင် တရုတ်ဘက်က သူ့ရေပိုင်နက်လို့သတ်မှတ်ထားတဲ့ရေပြင်ထဲဝင်လာတဲ့ သင်္ဘောမှန်သမျှ သင်္ဘောရဲ့တည်နေရာနဲ့ အမြန်နှုန်းတို့ကို အချက်အလက်တွေပေးပို့ရမှာဖြစ်ပြီး ဒီပေးပို့မှုတွေအလုပ်မလုပ်ရင် နှစ်နာရီ တစ်ကြိမ် တရုတ်ရေကြောင်းအာဏာပိုင်များကို အစီရင်ခံရမှာဖြစ်ပြီး စစ်ဆေးမှူးတစ်ဦးအား သင်္ဘောပေါ်သို့တက်ခွင့်ပေးရမှာဖြစ်လို့ အတော်လေးစောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်လာခဲ့ပါတယ်။ဒီတောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ရင် တရုတ်ဘက်က နည်းနည်းလေးမှ အလျှော့မပေးသလို အမေရိကန်နဲ့ အနောက်အုပ်စုကလည်း တရုတ်နဲ့အငြင်းပွားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်ကနေပါဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ဒါပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးအများစုရဲ့ ဝယ်လိုအားရှိရာ တရုတ်စျေးကွက်နဲ့ အင်အားကြီးတရုတ်နိုင်ငံနဲ့ ရန်ဘက်ဖြစ်မှုလမ်းကိုမရွေးပဲ အနောက်အုပ်စုရဲ့ ‘အဟန့်’ ကို ယူပြီး တရုတ်နဲ့ဆက်ဆံရေးကောင်းဖို့လမ်းနဲ့ နိုင်ငံကြီးနှစ်နိုင်ငံပြိုင်ဆိုင်မှုကနေ ဘာရယူနိုင်မလဲဆိုတာကိုသာကစားဖို့ အားသန်နေတာကို တွေ့ရပါတယ်။

ဒါက တရုတ်ရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက်ဒေသတွင်းမှာဖြစ်နေတဲ့ အခင်းအကျင်းပါ။တရုတ်အနောက်ဘက်ခြမ်းမှာဆိုရင်လည်း အာဖဂန်မှာ အမေရိကန်ထွက်သွားပြီးနောက် ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုကိုရင်ဆိုင်ဖို့ တရုတ်ဘက်က ပြင်ဆင်နေရပါတယ်။အဆိုပါ အနောက်အာရှဒေသဖြစ်တဲ့ ပါကစ္စတန်၊ အာဖဂန် မှာ တရုတ်နိုင်ငံသားတွေ၊ တရုတ်ကုမ္ပဏီတွေကို ပစ်မှတ်ထားနေတဲ့ တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကိုတွေ့ရပါတယ်။ဒီအခြေအနေဟာ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း အစီအစဉ်ကို ထိခိုက်စေလာသလို လုပ်လက်စစီမံကိန်းတွေကို နှောင့်နှေးစေရာကနေ ယခု အာဖဂန်မှာ ဘာသာရေးအစွန်းရောက် အကြမ်းဖက်ဖြစ်တဲ့ တာလီဘန်တွေ အာဏာရလာတဲ့အတွက် ပိုပြီးဆိုးဖို့သာဖြစ်လာနိုင်လို့ တရုတ်အတွက် ဘေးကျပ်နံကျပ်ဖြစ်လာနေတဲ့အနေအထားပါ။

ဒီလိုအနေအထားမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင် က ၉/၁၁ စက်တင်ဘာ ၁၁ ရက် နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့မှာ အမေရိကန်နိုင်ငံရဲ့ လုံခြုံမှုအနေအထားနဲ့ပတ်သက်ပြီး ပြောခဲ့ရာမှာ အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့စာရင် အခု ပိုပြီးလုံခြုံစိတ်ချရမှုရှိနေပြီလို့ ပြောခဲ့တာကို သတိထားမိပါတယ်။သမ္မတနှစ်ဦးတွေ့ဆုံပြီး မကြာခင်မှာ  ဒီလိုပြောခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးစကားက သတိထားမိစရာပါ။အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာသလို လတ်တလောမှာလည်း နိုင်ငံတကာအဖွဲ့ အစည်းတွေ၊ နိုင်ငံတကာပြဿနာတွေမှာ အမေရိကန်ရဲ့ နည်းဗျူဟာကပြောင်းနေသလို ယခင် ရုရှားဗဟိုပြုနည်းဗျူဟာကနေ တရုတ်ဗဟိုပြုနည်းဗျူဟာပြောင်းလိုက်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာအခင်းအကျင်းသစ်က သမ္မတနှစ်ဦးတွေ့ဆုံမှုကနေ စပြီလားဆိုတာ နိုင်ငံတကာသုံးသပ်သူတွေကြားမှာ ခန့်မှန်းမှု‌တွေ ထွက်ပေါ်လာနေပါတယ်။

ဘယ်လိုပဲ စကားလှအောင်ပြောပါစေ အမေရိကန်က ဆိုဗီယက်လို ကုလစင်မြင့်မှာ ဖိနပ်ခေါက်ပြီး ရင့်သီးခဲ့တဲ့ မဟာအင်အားကြီးနိုင်ငံကို ရေဂင်လို ရုပ်ရှင်မင်းသားဘ၀ကနေ သမ္မတရာထူးယူခဲ့တဲ့သူလက်ထက်မှာ ဖြိုခွဲနိုင်ခဲ့တာကိုကြည့်ရင် ကတ္တီပါလက်အိပ်စွပ်ပြီးထိုးတဲ့ သံတမန်ရေးမှာ အမေရိကန်က သတိထားဖို့အကောင်းဆုံးပြိုင်ဘက်ဆိုတာ နိုင်ငံတကာဖြစ်ရပ်တွေကိုကြည့်ရင် မြင်နိုင်မှာဖြစ်ပါတယ်။
ဆိုလိုချင်တာက အမေရိကန်အနေနဲ့ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ နိုင်ငံအခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့ ထရီလျံနဲ့ချီတဲ့ ဘတ်ဂျက်တွေရဖို့ လက်တကမ်းမှာသာလိုတော့သလို အမေရိကန်ရဲ့ အားကောင်းတဲ့ စစ်ရေး၊ သံတမန်ရေး၊ ဘတ်ဂျက်၊ ကုန်သွယ်ရေး စတာတွေမှာ ထရမ့်လက်ထက်ကနဲ့မတူပဲ စံချိန်တင်သုံးစွဲမှုကို မြင်ရဖွယ်ရှိနေတဲ့အတွက် တရုတ်နဲ့ နောက်တစ်ကြိမ်ဖြစ်မယ့် ကုန်သွယ်ရေးစစ်ပွဲနဲ့ တခြားသောစစ်ပွဲတွေအတွက် အမေရိကန်ဘက်က အဆင်သင့်ဖြစ်နေလို့ ဒါမှမဟုတ် တရုတ်အကျပ်ရိုက်နေပြီလို့ ယူဆပြီး စစ်အေးတိုက်ပွဲအစပြုပြီလားဆိုတာ စဉ်းစားချင်စရာပါ။

ဘာကြောင့်လဲဆို သမ္မတနှစ်ဦးတွေ့ဆုံမှုနဲ့ပတ်သက်ပြီး  အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ “ဘိုင်ဒင်အစိုးရအနေဖြင့် သမ္မတဟောင်း ထရမ့်၏ နည်းလမ်းအတိုင်း တရုတ်နိုင်ငံကို ဆက်လက်တင်းမာစွာဆက်ဆံရန် စီစဉ်ထားသော်လည်း မဟာမိတ်များနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း” ဆိုထားတဲ့အတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အမေရိကန်ရဲ့ သံတမန်အခင်းအကျင်းသစ်မှာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။လတ်တလောမှာ အစွန်းရောက် အကြမ်းဖက်သမားတွေ စိတ်အာရုံစိုက်စရာဖြစ်နေတာက ရုရှားနဲ့ တရုတ်ဘက်ကို ပြောင်းလဲလာနေတဲ့အတွက် အမေရိကန်ရဲ့ဗျူဟာသစ်ကို တရုတ်နဲ့ ရုရှား ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားလက်ထဲက အာဖဂန်အနာဂတ်

သေဆုံးသွားပြီလို့ လအတော်ကြာ သတင်းတွေထွက်နေတဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင် Ayman al-Zawahri ကို စက်တင်ဘာ ၁၁ ရက် ၉/၁၁ တိုက်ခိုက်မှု အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အတွက်ထုတ်ပြန်တဲ့ ဗွီဒီယိုခွေအသစ်မှာ ပြန်တွေ့လာရပါတယ်။ဒါဟာ အမေရိကန်အတွက်သာမက အနောက်အုပ်စုအတွက် အန္တရာယ်ခေါင်းလောင်းသံဖြစ်သလို ဒီဗီဒီယိုအခွေမှာ al-Zawahri က ဂျေရုစလင်ဟာ ဘယ်တော့မှ ဂျူးတွေအတွက်ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့အတွက် လတ်တလော အယ်လ်ကိုင်ဒါတွေ အာရုံစိုက်နေတာ ပါလက်စတိုင်းနဲ့ အစ္စရေးလို့ ယေဘုယျထင်မှတ်ယူဆစရာပါ။ဒါပေမယ့် အနောက်နိုင်ငံက ထောက်လှမ်းရေးတွေနဲ့ အစိုးရအဖွဲ့တွေကတော့ အယ်ကိုင်ဒါတွေ အခိုင်အမာရှိခဲ့ရာ အာဖဂန်မှာ တာလီဘန်တွေအာဏာပြန်ရပြီး တစ်လမပြည့်ခင်မှာ အယ်လ်ကိုင်ဒါခေါင်းဆောင် ပြန်ပေါ်လာတာဟာ စိတ်မသက်မသာဖြစ်စရာပါ။

အယ်လ်ကိုင်ဒါတွေ အာဖဂန်မှာအခြေစိုက်ပြီး အမေရိကန်ကိုတိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ နှစ် ၂၀ ပြည့်ပြီဆိုပေမယ့် သိပ်ပြီးမကြာသေးပါဘူး။
ယခုထွက်ပေါ်လာတဲ့ al-Zawahri ဆိုတာ အိုစမာဘင်လာဒင် သေဆုံးပြီးနောက် အယ်လ်ကိုင်ဒါခေါင်းဆောင်နေရာကို ရယူလာတာဖြစ်လို့ ဒါဟာ အကြမ်းဖက်မှုတွေ တစ်ကျော့ခေါင်းပြန်ထောင်လာနေပြီလားဆိုတာ တွေးဆယူဆစရာ ဖြစ်လာနေပါတယ်။အာဖဂန်ကနေ အမေရိကန်တပ်တွေ ထွက်သွားပြီးနောက်ပိုင်း အာဖဂန်အခြေအနေက ခန့်မှန်းရခက်အောင် ရှုပ်ထွေးစပြုလာနေပြီဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေကြား ညှိမရလို့ မကြာသေးခင်ကမှ ကြားဖြတ်အစိုးရအဖြစ် စဖွဲ့နိုင်တဲ့ တာလီဘန်အစိုးရမှာ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့သူက အမေရိကန်အစိုးရက အကြမ်းဖက်သမားအဖြစ် ဆုကြေးထုတ်ခဲ့တဲ့ အကြမ်းဖက်သမားပါ။
ဒီလိုအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လက်ရှိမှာ အာဖဂန်နဲ့ နယ်နိမိတ်တို့၊ အကျိုးစီးပွားတို့ ထိစပ်နေတဲ့ တရုတ်၊ ရုရှားဘက်က စောင့်ကြည့်နေသလို လက်ရှိ ကြားဖြတ်အစိုးရထဲမှာ သဘောထားတင်းမာသူတွေပါနေတဲ့အတွက် ဒါဟာ အနောက်နိုင်ငံတွေအတွက် ပိုပြီးသတိထားစရာဖြစ်လာခဲ့ပါတယ်။ကာတာမှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ အာဖဂန်ကနေ ကယ်ဆယ်ရွှေ့ပြောင်းထုတ်မယ့် အနာဂတ်အစီအစဉ်အတွက် ဆွေးနွေးပွဲကိုလာတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကတော့ အာဖဂန်ရဲ့ ဘယ်လိုပုံစံမျိုးမျိုးဖြစ်ဖြစ် လက်မခံဘူးလို့ဆိုသလို တာလီဘန်တွေက လိမ်ညာနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။

တာလီဘန်တွေလက်ထက်မှာကြားရတဲ့ သတင်းတွေက ကောင်းတာနည်းပါတယ်။တင်းကျပ်တဲ့ ဘာသာရေးအခြေခံပြီး အုပ်ချုပ်မှုကို စတင်နေပြီဖြစ်သလို တက္ကသိုလ်တွေမှာ အမျိုးသမီးတွေစာသင်ခွင့်က ကန့်လန့်ကာခြားသင်ကြားရတာ၊ အမျိုးသမီး အနုပညာရှင်တွေ အားကစားသမားတွေကို ပိတ်ပင်တာတွေ မြင်နေရပြီဖြစ်ပါတယ်။ဒါ့အပြင် လက်စားမချေဘူးဆိုပေမယ်‌့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်တာတွေ၊ သတင်းသမားတွေကို ရိုက်နှက်တာတွေ စနေပြီဖြစ်တဲ့အတွက် ပြင်သစ်က ဘယ်လိုပုံစံမျိုးနဲ့မှ ဆက်ဆံရေးရှိမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။အမေရိကန်ကတော့ တာလီဘန်အစိုးရအဖွဲ့ ဝင်များနှင့်ပတ်သက်ပြီး စိုးရိမ်မိသော်လည်း အာဖဂန်နိုင်ငံသားများ နိုင်ငံအတွင်းမှ လွတ်လပ်စွာထွက်ခွာခွင့်အပါအဝင် ယင်းအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို အကဲဖြတ်သွားမယ်ဆိုပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

လက်ရှိမှာ တာလီဘန်တွေကို စောင့်ကြည့်နေတယ်ဆိုပေမယ် တာလီဘန်အစိုးရအခြေအနေက နိုင်ငံ့စီးပွားရေးပြိုလဲမှုကို ကြုံရနိုင်ခြေများနေသလို နိုင်ငံတကာက မျိုးဆက်သစ် အကြမ်းဖက်သမားတွေ သွားအခြေချမယ့်လက္ခဏာ ပေါ်နေတာကိုလည်း တွေ့နေရပါတယ်။ ISIS အစ္စလာမ် စစ်သွေးကြွအဖွဲ့၊ al-Qaida နဲ့ တာလီဘန်အဖွဲ့တွေကို စောင့်ကြည့်နေတဲ့ ကုလအဖွဲ့က ပြောကြားမှုမှာတော့ အာဖဂန်ကို အကြမ်းဖက်လက်သစ်တွေ သွားဖို့ပြင်နေတာကိုတွေ့ရတယ် ဆိုပါတယ်။ခန့်မှန်းချက်တွေအရဆိုရင်  အမေရိကန်တပ်မဆုတ်ခင် ဒီနှစ်ဆန်းထဲက နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ အာဖဂန်ကိုစဝင်ခဲ့ပြီး အခုဆိုရင် နိုင်ငံခြားသားတိုက်ခိုက်ရေးသမားပေါင်း ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိ ရှိလာနေပြီလို့ ဆိုပါတယ်။ဒါဟာ ဒေသတွင်းနိုင်ငံတွေအတွက် ခေါင်းမီးတောက်မယ့်ကိစ္စပါ။

အမေရိကန်အလွန် အာဖဂန်ကတော့ အကြမ်းဖက်သမားတွေလက်ထဲက ဗုံးတစ်လုံးလို ဘယ်တော့ထပေါက်ကွဲမလဲဆိုတာ ရင်တမမစောင့်ကြည့်ရတော့မယ့်အချိန် ရောက်လာနေပြီဖြစ်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၁၃