【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နိုင်ငံတကာအကြမ်းဖက်မှု ပြန်ခေါင်းထောင်ပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နိုင်ငံတကာအကြမ်းဖက်မှု ပြန်ခေါင်းထောင်ပြီလား

ယခုရက်သတ္တပတ်အတွင်း သတင်းတွေအများစုဟာ တောင်တရုတ်ပင်လယ်မှာ ဖြတ်သန်းသွားလာတဲ့ အမေရိကန် ရေငုတ်သင်္ဘော USS Connecticut ရေအောက်မှာ အမျိုးအမည်မသိတဲ့ အရာ၀တ္တုနဲ့တိုက်မိခဲ့တဲ့ သတင်းနဲ့ ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုတွေ မြင့်တက်လာနေတဲ့ သတင်းတွေဟာ စောင့်ကြည့်စရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။ဒီလိုသတင်းတွေကြားထဲကနေ သတိပြုမိလိုက်တဲ့ သတင်းတစ်ခုကတော့ အာဖဂန်မှာ ဗုံးပေါက်မှုတွေ ပြန်ဖြစ်လာတာ၊ နိုင်ငံတကာမှာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သတိပေးချက်တွေထွက်လာတဲ့ သတင်းတွေနဲ့ ပါကစ္စတန်သတင်းတွေက သတိထားမိစရာဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ အကြမ်းဖက်ဝါဒ ပြန်ခြေချလာပြီလားဆိုတာ ပြန်တွက်ဆသုံးသပ်စရာ ဖြစ်လာခဲ့ပါတယ်။  

ဒီလိုစိတ်ဝင်စားဖွယ်ရာသတင်းအပြင် တခြားသတိထားမိတဲ့ နိုင်ငံတကာသတင်းကောင်းတွေလဲရှိပါတယ်။ဒါက  ဗြိတိန်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့မသွားဖို့ ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲတွေက အမိန့်ထုတ်ထားတဲ့သတင်း၊ အချိန်မီကျသင့်ငွေမပေးချေနိုင်ရင် ပြင်းထန်ဆောင်းဥတုကာလမတိုင်မီ အာဖဂန်နစ္စတန် မြို့တော်ကဘူးလ် ဓာတ်အားပြတ်တောက်တော့မယ့်သတင်း၊ Pandora Papers ပေါက်ကြားမှုမှာ ပါဝင်နေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်း ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုနေကြတဲ့သတင်း၊ အိန္ဒိယက ရင်းနှီးမြုပ်နှံသူတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ စည်းမျည်းစည်းကမ်းတွေကို လျှော့ချပေးတဲ့သတင်း၊ တရုတ်က ရုရှားကနေ သဘာ၀ဓာတ်ငွေ့တိုးမြှင့်ယူလိုက်လို့ ဗြိတိန်မှာ စွမ်းအင်အကျပ်အတည်းဖြစ်ရတာဆိုပြီး ဗြိတိန်အမတ်ဟောင်းက အပြစ်တင်လိုက်တဲ့သတင်း၊ အစ္စလမ်မာဘတ် နိုင်ငံတကာလေဆိပ်သစ် ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးနေတဲ့သတင်း၊ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ AidData က နိုင်ငံပေါင်း ၄၂ နိုင်ငံက တရုတ်သို့ပေးရမည့် ကြွေးမြီပမာဏဟာ အမေရိကန်ဒေါ်လာ ၃၈၅ ဘီလီယံရှိကြောင်း ထုတ်ပြန်ခဲ့တဲ့သတင်း၊ အိန္ဒိယနှင့် ဩစတြေးလျှတို့အကြား အလုံးစုံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (FTA) ကို ၂၀၂၂ မကုန်မီ လက်မှတ်ရေးထိုးမယ့်သတင်း၊ ဂျပန်မှာ ငလျင်လှုပ်ခဲ့လို လူ ၂၀ ခန့် ထိခိုက်ခဲ့တဲ့သတင်း၊ ပါကစ္စတန်တောင်ပိုင်းမှာ ငလျင်လှုပ်လို့ လူ၂၀ ကျော်သေဆုံးခဲ့တဲ့ သတင်းတွေ ဒီတစ်ပတ်မှာ သိရကြားရခဲ့ပါတယ်။

ဒီထဲကနေ အားလုံးစိတ်ဝင်စားနိုင်တဲ့ ကမ္ဘာ့လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ အာဖဂန်လို အကြမ်းဖက်သတင်းတွေနဲ့ တရုတ်-အမေရိကန် တင်းမာမှု နောက်ဆုံးဖြစ်ပျက်တဲ့သတင်းတွေကို ဖော်ပြချင်ပါတယ်။

အင်အားကြီးနိုင်ငံတွေ ကစားနေတဲ့ စစ်ရေးကစားကွက်

ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးအမှတ်အသားဇုန် (ADIZ) ထဲ တရုတ်စစ်လေယာဉ် ၃၈ စင်း စံချိန်တင်ဝင်ရောက်ခဲ့လို့  တရုတ်နှင့် ထိုင်ဝမ်အကြား စစ်ဖြစ်လုနီးနီးအချိန်မှာပဲ ဗြိတိန်တော်ဝင်ရေတပ်က HSM Queen Elizabeth လေယာဉ်တင်သင်္ဘောပါဝင်တဲ့ သင်္ဘောအုပ်စုက အငြင်းပွားရေပိုင်နက်အတွင်းခုတ်မောင်းဖို့ ဖြစ်လာတာဟာ တောင်တရုတ်ပင်လယ်မှာ နောက်ထပ်တင်းမာမှုများ မြင့်တက်လာဦးမယ့် အရိပ်အယောင်ပါပဲ။

ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်တွေမှာ အနောက်အုပ်စုဝင်နိုင်ငံတွေရဲ့ သွေးတိုးစမ်းမှုကို ကြုံနေရတဲ့ တရုတ်အတွက် ဗြိတိန်လေယာဉ်တင်သင်္ဘောလာရောက်မှုဟာ နောက်ထပ်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ဒီအတွက် တရုတ်ဘက်က စောင့်ကြည့်နေမှာ သေချာနေသလို ဘာတစ်ခုမှ ထိပ်တိုက်မတွေ့ပါစေနဲ့လို့ ကမ္ဘာကဆုတောင်းနေရတဲ့အနေအထား ဖြစ်နေပါတယ်။

အောက်တိုဘာ ၉ ရက်မှာ ကျရောက်တဲ့ တရုတ်သမ္မတနိုင်ငံထူထောင်တဲ့ တော်လှန်ရေး နှစ် ၁၁၀ ပြည့်တဲ့ အထိမ်းအမှတ်နေ့မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျိန် က ထိုင်ဝမ်နဲ့ပတ်သက်ပြီး “ကျွန်တော်တို့နိုင်ငံ အပြီး သတ်ပြန်လည်ပေါင်းစည်းမှုဟာ ဖြစ်မြောက်လာမှာဖြစ်ပြီး ဖြစ်လာနိုင်မှာပါ” ဆိုပြီး ကတိပေးခဲ့တဲ့အတွက် ဒီပြောဆိုမှုက အောက်တိုဘာ ၁ ရက်တုန်းကလည်း အမေရိကန် ဒု-ကာကွယ်ရေးဝန်ကြီး ကတ်သလင်းဟစ်ရဲ့  ထိုင်ဝမ်အပေါ် တရုတ်ကတိုက်ခိုက်လာရင် အမေရိကန်အနေဖြင့် ဟန့်တားနိုင်စွမ်းရှိတယ်ဆိုပြီး အာမခံချက်ကို မေးခွန်းထုတ်လိုက်သလိုပါပဲ။

တရုတ်ခေါင်းဆောင်ရဲ့ ဒီစကားက အမေရိကန်စစ်တပ်ဟာ ထိုင်ဝမ်စစ်တပ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက လျှို့ဝှက်လေ့ကျင့်ပေးနေခဲ့တယ်ဆိုတဲ့ သတင်းစကားတွေ ထွက်ပေါ်လာချိန်နောက်မှာ‌ ပြောခဲ့တဲ့စကားဖြစ်သလို ဒီလိုလေ့ကျင့်ပေးမှုနဲ့ပတ်သက်ပြီး ရှီ က “ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်ဆိုတာ ရှင်းလင်းနေပြီး ပြည်ပရဲ့ ကြားဝင်စွက်ဖက်မှုတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး” ဆိုပြီး သတိပေးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီရက်ပိုင်း နိုင်ငံတကာမှာဖြစ်နေတဲ့ စစ်ရေးဆိုင်ရာတင်းမာမှုတွေ၊ နိုင်ငံရေးဆိုင်ရာ သံတမန်လှုပ်ရှားမှုတွေမှာ အမေရိကန်နဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေက ခန့်မှန်းရခက်နေသလို အတည်ပြုလို့မရတဲ့ သတင်းတွေကို ဗဟိုပြုနေသလို နိုင်ငံတကာကလည်း ဒီလိုနိုင်ငံကြီးနှစ်ခုကစားနေတဲ့အပေါ်မှာ မူတည်ပြီး လိုက်ကစားနေရတာကို တွေ့ရပါတယ်။

မကြာမီကဖြစ်ခဲ့တဲ့ အမေရိကန် ရေငုတ်သင်္ဘော USS Connecticut ကိစ္စဆိုရင် နိုင်ငံတကာအနေနဲ့ နှစ်နိုင်ငံအကြားစစ်ရေးတင်းမာမှုကို ကျော်လွန်သွားနိုင်တဲ့ မှားယွင်းမှုဖြစ်လို့ စိုးရိမ်ကြပေမယ့် ထင်သလိုမဖြစ်တာကိုလည်း တွေ့ရပါတယ်။နှစ်နိုင်ငံစလုံးက စစ်ကိုစလိုက်ပြီဆိုရင် နောက်ပြန်ဆုတ်လို့မရနိုင်သလို အလုံးစုံပျက်သုဉ်းရေးကိုပါ ဦးတည်သွားနိုင်တဲ့အတွက် အဲဒီအခြေအနေထိမရောက်အောင် သတိထားကိုင်တွယ်နေကြတာကိုလည်း တွေ့နေရပါတယ်။

အထူးသဖြင့် တရုတ်နဲ့ အမေရိကန် ဦးဆောင်နေတဲ့ အနောက်အုပ်စုကြား ထိပ်တိုက်တွေ့မှုဟာ မကြာခဏဆိုသလိုတွေ့နေရပြီး နယ်ပယ်စုံမှာဖြစ်နေတာကို တွေ့နေရပါတယ်။အပေါ်ပိုင်းမှာ ညှိနိုင်းမှုတွေ၊ သဘောတူညီချက်တွေ လုပ်နေပေမယ့်လည်း အောက်ခြေမှာ အပြန်အလှန်အငြင်းပွားမှုတွေ မကြာခဏဆိုသလို ဖြစ်နေပါတယ်။အထူးသဖြင့် ထိုင်ဝမ်ကို တရုတ်ဘက်က လေကြောင်းကနေ ဝင်ရောက်တာကြောင့် တင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်သမ္မတ ဘိုင်ဒင် က တရုတ်သမ္မတ ရှီကျင့်ဖျိန်ဆီ ဖုန်းဆက်ပြီး ဆွေးနွေးခဲ့ပြီးနောက် တင်းမာမှု အရှိန်လျော့ကျမလို အရိပ်အယောင်တွေ မြင်ခဲ့ရပါတယ်။
ဒါဟာလည်း ရက်ပိုင်းသာကြာခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ တရုတ်နဲ့ အမေရိကန်အကြား မတ်လနောက်ပိုင်း အလက်စကာမှာ အငြင်းပွားမှုဖြစ်ခဲ့ရတဲ့ တွေ့ဆုံမှု့နောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ လေဆိပ်ဟိုတယ်တစ်ခုတွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် တရုတ်ထိပ်တန်းသံတမန် ယန်ဂျီချီတို့ တံခါးပိတ်အစည်းအဝေးလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဒီအစည်းအဝေးမှာ တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ရဲ့ ထိပ်သီးအစည်းအဝေးကို ယခုနှစ်မကုန်မီမှာ အွန်လိုင်းကနေကျင်းပဖို့ မူအားဖြင့် သဘောတူညီမှုရခဲ့တာရှိပါတယ်။  

အောက်တိုဘာ ၈ ရက်မှာ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်နဲ့ တရုတ် ကုန်သွယ်ရေးအကြီးအကဲ လျူဟဲတို့ ဗီဒီယိုကွန်ဖရန့်စင်းနဲ့ အွန်လိုင်းကနေ တွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာ နှစ်ဖက်လုံးက အငြင်းပွားမှုတွေကို ရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။အဲဒီရက်မှာပဲ တရုတ်သမ္မတနဲ့ မကြာမီကမှ ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ ကီရှီဒါတို့ တွေ့ဆုံပြီး ဒေသတွင်းပြဿနာတွေကို ဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။ဆူဂါနေရာကို ဆက်ခံတဲ့ ယခုဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန်နဲ့ နီးစပ်တဲ့ဆက်ဆံရေးကို ဆက်ထိန်းမယ်ဆိုပြီး ပြောထားခဲ့တဲ့သူပါ။

ဒီလိုအခြေအနေတွေမှာ တောင်တရုတ်ပင်လယ်ကို ဦးတည်ဖွယ်ရှိတဲ့ ရုရှား ပင်လယ်နက် ရေတပ်စစ်သင်္ဘောအုပ်စု အိန္ဒိယသမုဒ္ဒရာဘက်ကို လာနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။

သမိုင်းတစ်ကျော့လည်နိုင်တာကို နိုင်ငံတကာဖြစ်စဉ်တွေကို လေ့လာနေသူတွေ စိုးရိမ်နေတဲ့ကိစ္စပါ။ ၁၉၂၀ ကာလမှာ စပိန်တုပ်ကွေးအပြီး ပထမကမ္ဘာစစ်ဖြစ်တာဟာ ကျန်းမာရေးကပ်ဘေးကြောင့် နိုင်ငံတွေ စီးပွားရေး ကပ်ဆိုက်ရာကနေ နယ်အပြိုင်ချဲ့ရာကနေ စခဲ့လို့ပါ။သေးဖွဲတဲ့ လုပ်ကြံမှုကနေ ကမ္ဘာစစ်ဖြစ်တဲ့အထိ ချဲ့ကားပြီး အင်္ဂလန်၊ ပြင်သစ်တို့ တိုက်ခဲ့ကြပြီး အင်ပါယာတွေကို ဖြိုခွဲခဲ့ကြတာပါ။ယခုလည်း အာရှမှာ ဖိလစ်ပိုင်အာဏာရှင်ဟောင်း မားကို့စ်ရဲ့ သားက ရွေးကောက်ပွဲဝင်နေသလို ဂျာမနီမှာလည်း ဆိုရှယ်လစ်တွေ အနိုင်ရထားပါတယ်။အီတလီမှာ အာဏာရှင် မူဆိုလီနီရဲ့ မြေးက ရွေးကောက်ပွဲဝင်လာတာကို မြင်ရပါတယ်။အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ တောင်အမေရိကနဲ့ ဥရောပမှာ အာဏာရှင်တွေ ပြန်ခေါင်းထောင်လာတာကို ဘယ်သူကအားပေးအားမြှောက်လုပ်နေသလဲဆိုတာကို အနောက်အုပ်စုက သတိထားစောင့်ကြည့်နေတဲ့ သဘောပါ။ဒီလိုနိုင်ငံတွေ အားကောင်းလာပြီး  အင်အားမကြီးလာခင် ကမ္ဘာ့လုံခြုံရေးအတွက် ခေါင်းဉ်တပ်ပြီး ဖြိုချလေ့ရှိတဲ့အတွက် လက်ရှိ နိုင်ငံတကာတင်းမာမှု လျော့ကျတာဟာ အခိုက်အတန့်သာဖြစ်နိုင်ပြီး မကြာခင်မှာ ပိုပြီးပြင်းထန်လာနိုင်တဲ့အတွက် အတွက်အချက်မတတ်တဲ့ ဒေသတွင်းက နိုင်ငံ့ခေါင်းဆောင်တွေ အပြောင်းအလဲထဲ ပါသွားနိုင်စရာရှိပါတယ်။ဒီအတွက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာအကြမ်းဖက်သမားတွေ အခြေပြုလာတဲ့ အာဖဂန်

မကြာမီက အာဖဂန်ရှိ ဗလီတစ်ခုမှာ အိုင်အက်စ်တွေက ဗုံးခွဲခဲ့တဲ့အတွက် လူအတော်များများသေခဲ့သလို ထိခိုက်ဒဏ်ရာရသူ အရေအတွက်က ဒါဇင်နဲ့ချီပြီးရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွက် ထုတ်ပြန်ချက် ထုတ်ပြန်ရာမှာ ဒီတိုက်ခိုက်မှုဟာ တာလီဘန်တွေက တရုတ်ကို ကတိပေးထားတဲ့ အိုင်အက်စ်တွေကို နှိမ်နင်းဖို့ဆိုတာကို တုံ့ပြန်တာဆိုတဲ့ စကားတစ်ခုပါခဲ့ပါတယ်။ဒါဟာ အာဖဂန်မှာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေရှိနေချိန်မှာ မဟာဗျူဟာကျကျ တိုက်ခိုက်ခဲ့ကျတဲ့ အဖွဲ့နှစ်ခုအကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာတော့မယ်ဆိုတဲ့ အချက်ပေးမှုပါပဲ။

အလုပ်အကိုင်ရှားပါးမှု၊ ဖိနှိပ်မှုနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံဖိနှိပ်မှုတွေကြောင့် အာဖဂန်အခြေအနေက အလျင်အမြန် အကြမ်းဖက်သမားတွေခိုလှုံရာ နေရာတစ်ခုဖြစ်လာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။အမေရိကန် လုံခြုံရေးကျွမ်းကျင်သူတစ်ဦးကဆိုရင် အာဖဂန်နစ္စတန်ဟာ အကြမ်းဖက်သမားများအတွက် ခိုလှုံရာနေရာတစ်ခု နောက်တစ်ကြိမ်ထပ်ဖြစ်လာနေတဲ့ အလားအလာကို တွေ့နေရတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

ဒီလိုသတိပေးမှုက သိပ်တော့မမှားပါဘူး။ဒီလထဲမှာပဲ လူအသေအပျောက်များတဲ့ အသေခံဗုံးခွဲမှုနှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။အောက်တိုဘာ ၃ ရက်ဖြစ်တဲ့ အာဖဂန်မြို့တော် Eid Gah ဗလီဝတ်ကျောင်း ဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၈ ရက် ကွန်ဒုဇ်မြို့ ရှီးဟိုက်ဗလီတစ်ခု အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ၅၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကဘူးလ်ကနေ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေဆုတ်ခွာပြီး ဩဂုတ် ၁၅ ရက်ကစပြီး အပြည့်အ၀ထိန်းချုပ်ခွင့်ရပြီးနောက်မှာ အာဖဂန်အခြေအနေဟာ ဘက်ပေါင်းစုံကနေ ထိုးကျလာပါတယ်။အဆိုးဆုံးက နိုင်ငံသားတွေရဲ့ လုံခြုံမှုအခြေအနေပါ။အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ရဲ့ စက်တင်ဘာ ၃၀ ရက် သတိပေးချက်အရဆိုရင်  နိုင်ငံတကာအကူအညီ အချိန်မီမရခဲ့ရင် ကြောက်မက်ဖွယ် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်နဲ့ ပိုမိုဆိုးရွားမယ့် စီးပွားရေးအကျပ်အတည်းတစ်ခု ရင်ဆိုင်ရတော့မယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

လက်ရှိ အာဖဂန်ပြည်သူတွေအခြေအနေက အကိုင်ရှားပါးပြီး ဝင်ငွေမရှိကြလို့ စားဝတ်နေရေးအတွက် အိမ်ထဲက အဖိုးတန်တဲ့ပစ္စည်းတွေ လမ်းဘေးချရောင်းရတဲ့စျေးကွက် ကြီးကြီးမားမားဖြစ်နေသလို သတင်းထောက်လုပ်ခဲ့သူတွေတောင် အုတ်ဝင်ဖုတ်ရအထိ ဖြစ်ပျက်နေတာပါ။  

ဒီလိုအခြေအနေမှာ လောင်စာဆီစျေးနှုန်းကလည်း နိုင်ငံတစ်ဝန်းမှာ သိသိသာသာမြင့်တက်နေသလို ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာနေတာကို တာလီဘန်တွေ ရင်ဆိုင်နေရတာပါ။ဒီကြားထဲ မိုးခေါင်မှုကလည်း ရှိနေပါသေးတယ်။ဒီအခြေအနေမှာ တာလီဘန်တွေနဲ့ ရှီးဟိုက်ဘာသာ၀င် လူနည်းစု ဟာဇရာ တိုင်းရင်းသားတွေကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှုတွေကို တာလီဘန်နဲ့ ပြိုင်ဘက် အိုင်အက်စ်တွေ၊ အူဂါမွတ်ဆလင်တွေက ကျူးလွန်နေတဲ့အတွက် အာဖဂန်ကို တာလီဘန်တွေ အုပ်စီးမိဖို့ မလွယ်သေးသလို အကြမ်းဖက်အစွန်းရောက်တွေ အခြေချဖို့ ဝင်လာမယ့်ဘေး၊ ပြည်တွင်းစစ်ဖြစ်ဖို့ တာစူနေတဲ့ဘေးကို ဦးတည်နေပါတယ်။

ဒီလိုအခြေအနေက ရှောင်ဖို့ဆိုရင် တာလီဘန်တွေအဖို့ နိုင်ငံတကာအကူအညီဖြစ်ဖြစ်၊ အမေရိကန်ပိတ်ဆို့မှုကြောင့် နိုင်ငံရပ်ခြားမှာ တားမြစ်ခံထားရတဲ့ ဘီလျံနဲ့ချီတဲ့ အာဖဂန်နိုင်ငံခြားအရန်ငွေတွေ ပြန်သုံးခွင့်ရမှဖြစ်မှာပါ။ဒါကလည်း တာလီဘန်တွေကို  နိုင်ငံကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့နဲ့ သွားချိတ်နေပါတယ်။

လပိုင်းသာအုပ်ချုပ်ခွင့်ရသေးတဲ့ အချိန်မှာ တာလီဘန်တွေရဲ့ ရက်စက်တဲ့ လက်စားချေမှုတွေ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဖိနှိပ်ထားမှုတွေက ဗီဇပေါ်သလို ပေါ်နေတဲ့အတွက် မလွယ်လှပါဘူး။  

လက်ရှိမှာ အာဖဂန်အခြေအနေနဲ့ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အီရန်လောက်သာ အသိအမှတ်ပြုထားပြီး ရုရှားကလည်း စောင့်ကြည့်နေသလို၊ ပါကစ္စတန်ကလည်း အားလုံးကိုယ်စားပြုတဲ့ အစိုးရဖွဲ့ဖို့ တိုက်တွန်းနေတာကို တွေ့နေရပါသေးတယ်။

ဒီရက်ထဲမှာ အမေရိကန်နဲ့ တာလီဘန်တွေအကြား အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ အပြီးသတ်ရုပ်သိမ်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာ အမေရိကန်ဘက်က အာဖဂန်နစ္စတန်မှာ ကျန်နေသေးတဲ့ အမေရိကန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအားလုံး ဘေးအန္တရာယ်ကင်းကင်း ထွက်ခွာနိုင်ရေးနဲ့ အာဖဂန်နစ္စတန်ကနေ ထွက်ခွာချင်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေကို ထွက်ခွာခွင့်ပြုရေးတို့ကို အဓိကထားတောင်းဆိုခဲ့သလို လူ့အခွင့်အရေးဆိုင်ရာစံနှုန်းတွေကို တာလီဘန်တွေအနေနဲ့ လေးစားလိုက်နာဖို့ တိုက်တွန်းသွားခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို မချိုးဖောက်ဖို့၊ ကျယ်ပြန့်တဲ့ပံ့ပိုးမှုနဲ့ အလွှာပေါင်းစုံပါဝင်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တာလီဘန်တွေကလည်း အာဖဂန်နစ္စတန် ဗဟိုဘဏ်ရဲ့ အရန်ငွေကို ပြန်လည်ခွင့်ပြုပေးဖို့ကို အဓိကထားတောင်းဆိုခဲ့တာကို တွေ့ရပါတယ်။အာဖဂန်အရေးက ဒေသတွင်းနိုင်ငံတွေအတွက် ခေါင်းခဲစရာကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ဒီနိုင်ငံမှာ ဂျီဟတ်ဒစ် အကြမ်းဖက်အဖွဲ့တွေ အားကောင်းနေပြီး စိုးရိမ်စရာကောင်းတဲ့ အလားအလာရှိနေသလို ကဘူးလ်ကိုသိမ်းရာမှာ ဒီအဖွဲ့တွေရဲ့အကူအညီကို တာလီဘန်တွေ ယူခဲ့ရတာပါ။ဒါကြောင့် လည်း အာဖဂန်နစ္စတန်တွင် ဖြစ်ပွားနေသည့် အခြေအနေတွေကို အိန္ဒိယနဲ့ တရုတ်အပါအဝင် အခြားနိုင်ငံတွေ စိုးရိမ်နေတာဖြစ်ပြီး အမေရိကန်နဲ့ တာလီဘန်တွေ ဘယ်လောက်ပဲ သဘောတူတူ အာဖဂန်ကို အကြမ်းဖက်လုပ်ငန်းအတွက် အသုံးမပြုဘူးဆိုတာ စိတ်မချရဘူးလို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ပြောခဲ့တာပါ။

အာဖဂန်ကနေ အစပြုလာနိုင်တဲ့ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်သတ်ဖြတ်မှုတွေက ဒေသတွင်းမှာရှိနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ၊ ခွဲထွက်ဖို့ကြိုးစားနေတဲ့ ပြဿနာတွေကို ပိုပြီးအားကောင်းလာစေမှာကို ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။အာဖဂန်ကိုအုပ်ချုပ်နေတဲ့ တာလီဘန်တွေအတွက် နိုင်ငံခြားတပ်တွေကို ကဘူးလ်ကနေ ဖယ်ထုတ်နိုင်ခဲ့တယ် ထင်စရာဖြစ်ပေမယ့် ယခုမှ တာလီဘန်တွေအတွက် အာဖဂန်ကို ထိန်းနိုင်၊ မထိန်းနိုင်ဆိုတာ ကြုံရတော့မှာဖြစ်ပါတယ်။

တစ်သက်လုံး အကြမ်းဖက်လုပ်လာတဲ့ တာလီဘန်တွေ နိုင်ငံကို တရားဝင်ဖြစ်အောင်နဲ့ ကြုံနေရတဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ဆိုတာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ တရားဝင်အသိအမှတ်ပြုမှုက လိုအပ်နေပါတယ်။ဒီအတွက် တာလီဘန်တွေ အမေရိကန်တောင်းဆိုတာကို လုပ်ပေးပြီး အသိအမှတ်ပြုမှုကိုယူမလား၊ တရုတ်/ရုရှား အသိအမှတ်ပြုတာနဲ့ အမေရိကန်ကို ပြန်လှန်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်
အောက်တိုဘာ - ၁၁