【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နောက်ဆုံးထိုးစစ် ရုရှားဆင်နွှဲနေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နောက်ဆုံးထိုးစစ် ရုရှားဆင်နွှဲနေပြီလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲ စိတ်ဝင်စားစရာကောင်းခဲ့တဲ့ သတင်းအချို့ရှိခဲ့ပါတယ်။ဒီထဲမှာ စစ်ပွဲအဆုံးသတ်ဖို့ ပူတင်က စကားပစ်နေပေမယ့် တစ်ဖက်မှာ ယူကရိန်းကို ထိုးစစ်သစ်ဆင်နွှဲတာက တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေပါ။  

ဒီတစ်ပတ်မှာ  သဘာ၀ဘေးသတင်းတွေနဲ့ မြောက်ကိုရီးယားဘက်က တောက်လျှောက် စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုသတင်းတွေလည်း ရှိခဲ့ပါတယ်။အမေရိကန်ကို ဒီတစ်ပတ်ဝင်တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် နိုင်ငံရဲ့ ဒေသအတော်များများမှာ  လူအသေအပျောက်များခဲ့ပါတယ်။အာရှက ဂျပန်မှာလည်း နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ နှင်းတွေထူထူထပ်ထပ်ကျဆင်းခဲ့လို့ လူ ၁၄ ဦးသေဆုံးပြီး ၈၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ဖိလစ်ပိုင်မှာတော့ ခရစ္စမတ်နေ့မှာဖြစ်ခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်က တိုးနေပြီး အခုထိ ၄၂ ဦးအထိ ရှိလာနေပါတယ်။ထိုင်းနယ်စပ်အနီးမှာ ဖွင့်ထားတဲ့ ကမ္ဘောဒီးယား ကာစီနိုဟိုတယ်တစ်ခုကတော့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ  မီးလောင်လို့ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ပြင်သစ်နိုင်ငံ ပါရီမှာဆိုရင် ကာ့ဒ်လူမျိုးသုံးယောက် သတ်ဖြတ်ခံရတဲ့ ပြဿနာကြောင့် ကာ့ဒ်လူမျိုးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ကာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။အကျင့်ပျက်ခြစားမှုတွေ၊ အလွဲသုံးစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရတဲ့ အသက် ၈၁ နှစ်အရွယ် သမ္မတဟောင်း လီမြောင်ဘက်ကို တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက  လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

          ဗလောင်းဗလဲ ပူတင်နှင့် ရုရှားရဲ့ ပုန်လျှိုးကွယ်လျှိုး ထိုးစစ်

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ပူတင်ဟာ ဒီဇင်ဘာ ၂၂ ရက်က စစ်ပွဲကို အဆုံးသတ်လိုကြောင်း ပြောခဲ့ပေမယ့် ယခုနှစ်သစ်ကူးဖို့အလို တစ်ရက်ကစပြီး ယူကရိန်းနိုင်ငံတစ်ဝန်းကို ဒုံးကျည်တွေပစ်လွှတ်ပြီး လေကြောင်းကနေ တိုက်ခိုက်နေလို့ ယူကရိန်းဘက်မှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုဖြစ်နေပါတယ်။အကာအကွယ်မရှိတဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တဲ့အကျင့်က ရုရှားနဲ့ သူ့မဟာမိတ်နိုင်ငံတွေအတွက် လုပ်နေကြလုပ်ရိုး လုပ်နည်းတွေပါ။ဒါပေမဲ့ ဒီလိုမလုပ်ဘူးဆိုတာတော့ ပုံမှန်ငြင်းလေ့ရှိပါတယ်။အခုလဲ အဲဒီလိုပါပဲ။

ပူတင်က စစ်ပွဲကို အဆုံးသတ်လိုကြောင်း လေသံကောင်းဟစ်နေပေမယ့် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ပက်စကော့ဗ်က ရုရှားနယ်ထဲ မတရားသိမ်းယူထည့်ထားတဲ့ နယ်မြေ ၄ ခုကို ရုရှားကိုပေးမှ ငြိမ်းချမ်းမယ်၊ မပေးရင် မငြိမ်းချမ်းဘူး ပြောခဲ့ပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗက်ဗရော့ကလည်း ဒီလိုတစ်သံတည်းထွက်ခဲ့ပါတယ်။ရုရှားအနေနဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေလုပ်ပြီး ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့ လေသံပစ်ဖို့လုပ်ပေမယ့် အမေရိကန်ကတော့ ပူတင်ဘက်က စစ်ပွဲအဆုံးသတ်လိုတယ်လို့ပြောပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပူတင်အနေနဲ့ လက်တွေ့အခြေအနေကို အသိအမှတ်ပြုဖို့နဲ့ ရုရှားစစ်သားတွေ ယူကရိန်းကနေ ရုပ်သိမ်းဖို့ တုံ့ပြန်ခဲ့ပါတယ်။အထူးစစ်ဆင်ရေး အမည်တပ်ပြီး ယူကရိန်းကိုကျူးကျော်မှုဟာ ကြာလာလေ ရုရှားအတွက် အထိနာလေဖြစ်နေတာကို ပူတင်အနေနဲ့ လက်မခံဘဲမရတဲ့ အနေအထားကို ရောက်နေပါတယ်။

နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော် ဆင်ယင်ကျင်းပမှုများမတိုင်မီ ရုရှားက ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ဒီဇင်ဘာ ၂၉ ရက်မှာ ယူကရိန်းကို ရုရှားက ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်မြို့ကနေ  ပိုလန်နယ်စပ်အနီး၊ နိုင်ငံအနောက်ပိုင်းရှိ လဗီမြို့အထိ နေရာအနှံ့အပြားမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကာ အရပ်သားလေးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီဇင်ဘာ ၃၀ ရက်မှာ နိုင်ငံအရှေ့တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဒရုန်း ၁၆ စင်း ပစ်လွှတ်ပေမယ့် ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ပစ်ချခဲ့ပေမယ့် လူသုံးဦးသေဆုံးခဲ့ရပါတယ်။ခရုဇ်ဒုံးကျည် ဒါဇင်နှင့်ချီကာ ပစ်ခတ်ခဲ့ပေမယ့် ယူကရိန်းဘက်က အများစုကိုပစ်ချနိုင်ခဲ့လို့ ထင်သလောက် မထိရောက်ခဲ့ပါဘူး။ဒါပေမဲ့ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာတွေကြောင့် ယခု ဆောင်းရာသီကာလအလယ်မှာ ယူကရိန်းပြည်သူတွေ သန်းနှင့်ချီပြီး အေးခဲတဲ့ ရာသီဥတုဒဏ်ကို ခါးစည်းခံနေရပါတယ်။

၂၀၂၃ ခုနှစ်သို့ မကူးပြောင်းမီ တစ်နာရီပင်မလိုတော့သည့်အချိန် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီမထိုးမီ မိနစ် ၃၀ ခန့်အလိုမှာ မြို့တော်ကိယက်ဗ်နှင့် အခြားမြို့များကို ရုရှားကပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ခရိုင်နှစ်ခုကို ထိမှန်ခဲ့ပါတယ်။ရုရှားအဖို့ ယခုနွေနဲ့ ဆောင်းဦးရာသီ စစ်မြေပြင်မှာ အခက်အခဲတွေ ကြုံတွေ့နေရပြီး သိမ်းထားတဲ့နယ်မြေတွေ ဆုံးရှုံးလာနေလို့ ယူကရိန်းတပ်တွေ တက်မလာနိုင်အောင် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ထပ်တလဲလဲ တိုက်ခိုက်နေသလို သိမ်းထားတဲ့ ယူကရိန်းအရှေ့ပိုင်း ဒိုးနက်စ်ဒေသကို ထိန်းချုပ်နိုင်ဖို့ ရုရှားတပ်တွေကလည်း အပြင်းအထန်ကြိုးပမ်းနေရပါတယ်။ပြင်းထန်တဲ့ ယူကရိန်းတန်ပြန်ထိုးစစ်ကြောင့် လက်ရှိမှာ ဘက်ခ်မွတ်မြို့ဟာ တိုက်ပွဲဗဟိုချက်ဖြစ်လာနေပါတယ်။

ရုရှားအတွက် ဒီတစ်ပတ်ဟာ ခက်ခဲတဲ့ ရက်သတ္တပတ်ပါ။ဒီဇင်ဘာ ၂၉ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လာမည့်နှစ်တစ်လျှောက်လုံး ယူကရိန်းကို စစ်ရေးနှင့် စီးပွားရေးအကူအညီ ဒေါ်လာ ၄၅ ဘီလျံပေးဖို့ပါတဲ့ ဒေါ်လာ ၁ ဒသမ ၇ ထရီလျံရှိ လျာထားငွေ ဥပဒေကြမ်းကို လက်မှတ်ထိုးခဲ့ပါတယ်။ဒါဟာ အနောက်နိုင်ငံတွေက ရုရှားရဲ့ ဝင်ငွေရရှိမှုကိုဖြတ်တောက်တဲ့ ရေနံစျေးနှုန်းကန့်သတ်မှုကို အပြင်းအထန်အာခံနေရတဲ့ ရုရှားအတွက် အရှိုက်ထိစေတဲ့ ထိုးနှက်ချက်ပါပဲ။ယူကရိန်းကို စစ်ရေးနဲ့ စီးပွားရေးထောက်ပံ့မှုတွေ အနောက်အုပ်စုကနေ အလုံးအရင်းပေးနေလို့ ထင်သလို မတိုက်ခိုက်နိုင်မှုဟာ လာမည့်နှစ်အတွက်ပါ ယူကရိန်းကို ထောက်ပံ့မှုတွေပေးဖို့ ဘတ်ဂျက်တွေထဲ ထည့်ပေးခဲ့ကြလို့ ရုရှားကြိုးကိုင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ကရင်မလင်ရဲ့အကြံက ဖြစ်နိုင်ဖို့ အတော်ကိုနည်းသွားပါပြီ။ဒါကြောင့်လည်း ဒီဇင်ဘာ ၂၆ ရက်က အမျိုးသားရုပ်သံနဲ့တွေ့ဆုံခန်းမှာ အနောက်နိုင်ငံတွေက ရုရှားနိုင်ငံကို ဖြိုခွဲရန် ကြိုးစားနေတယ်ဆိုပြီး ပြောခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။လက်ရှိမှာ ဥရောပနိုင်ငံတွေက ပိုစည်းလုံးလာနေပြီး ရုရှားရေနံနဲ့ သဘာ၀ဓာတ်ငွေ့ မတင်သွင်းဘဲ ရပ်တည်နိုင်အောင် ကြိုးပမ်းနေသလို ရုရှားရဲ့ ဘဏ္ဍာရေးဆိုင်ရာ အဆောက်အအုံတွေ ရှင်သန်ခွင့်မရအောင် ပိတ်ဆို့မှုတွေ လုပ်နေတာကို တွေ့ရပါတယ်။ပူတင်က သူ့ရဲ့ရေနံကို စျေးနှုန်းကန့်သတ်တဲ့ နိုင်ငံတွေကို ရေနံမရောင်းချဖို့ အမိန့်ဒီဂရီကို ဒီတစ်ပတ်မှာ လက်မှတ်ထိုးခဲ့ပေမယ့် အီးယူနဲ့ ဂျာမနီလိုနိုင်ငံတွေက ရုရှားရေနံကို ဂရုမစိုက်တဲ့ လက္ခဏာတွေပြခဲ့ပါတယ်။ရုရှားဘက်က ဒီရက်ပိုင်းမှာ ယူကရိန်းကို လေကြောင်းကနေ အပြင်းအထန်တိုက်နေပေမယ့် ဥရောပနဲ့ အီးယူကိုတော့ ရေနံသဘာ၀ဓာတ်ငွေ့ရောင်းဖို့ အသင့်ရှိတယ်လို့ ပြောခဲ့တာလည်း တွေ့ရပါတယ်။ဒါပေမဲ့ ရုရှားအနေနဲ့ တရုတ်သမ္မတကို ဒီဇင်ဘာ ၃၀ ရက်က ဖုန်းနဲ့ စကားပြောပြီး နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ပြောခဲ့တာကိုကြည့်ရင် ရုရှားရဲ့ စစ်လက်နက်ခဲယမ်း လိုအပ်ချက်ရှိလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။   

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ စစ်ပွဲအဆုံးသတ်ချင်ရင် အခုသိမ်းယူနေတဲ့ လူဟန့်စ်၊ ဒွန်နက်စ်၊ ဇာပိုရေးရှားနှင့် ခါဆွန် ဒေသလေးခုသာမက ယခင်ကသိမ်းယူထားတဲ့ ခရိုင်းမီးယားကိုပါ ပြန်ပေးမှ စစ်ပွဲအဆုံးသတ်ဖို့ စဉ်းစားမယ်ဆိုတဲ့အတွက် ယူကရိန်းစစ်ပွဲက ပြီးဆုံးဖို့မမြင်ပါဘူး။လာမယ့်လတွေမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုက တစ်နှစ်ကာလထဲ ရောက်လာတော့မှာပါ။ယူကရိန်းကို နိုင်၊ မနိုင်ဆိုတာ ရုရှားအဖို့ မသေချာတော့ပေမယ့် သေချာတာ တစ်ခုကတော့ စစ်နွံထဲကနေ ရုရှားရုန်းထွက်ဖို့ မဖြစ်နိုင်တော့တာပါပဲ။  

          မြောက်ကိုရီးယားရဲ့ ခြောက်လှန့်ပြီး တောင်းရမ်းမှု စပြီလား

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုလုပ်မယ် ခြိမ်းခြောက်ရင် ဒါဟာ ပြင်းထန်တဲ့ဆောင်းရာသီကို မြောက်ကိုရီးယားရောက်နေပြီဆိုတဲ့ အမှတ်အသားပါ။အဲဒီကာလမှာ မြောက်ကိုရီးယားအတွက် လောင်စာဆီနဲ့ စာနပ်ရိက္ခာလိုအပ်ချက် ပြင်းထန်ပါတယ်။အဲဒီအတွက် အတောင်းအရမ်းရာသီစတဲ့ သဘောပါပဲ။ဒီလို လိုအပ်ချက်တွေ အိမ်နီးချင်း တောင်ကိုရီးယားဆီကနေရဖို့ ခြိမ်းခြောက်မှုများစွာလုပ်လေ့ရှိလို့ အာရှအရှေ့ဖျားဒေသမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို သိပ်ပြီးအရေးစိုက်စရာမရှိတဲ့ အကြောင်းအရာအဖြစ် သဘောထားလေ့ရှိပါတယ်။

ဒါပေမဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်ပိုင်းမှာ  မြောက်ကိုရီးယားဟာ ရုရှားနဲ့ ပိုနီးကပ်လာပါတယ်။နှစ်များစွာအတွင်း စံချိန်တင် ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ခဲ့သလို ခရစ္စမတ်အပြီး ဒီဇင်ဘာ ၂၆ ရက်မှာ တောင်ကိုရီးယားနိုင်ငံထဲ မြောက်ကိုရီးယား ဒရုန်းငါးစင်းက ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ငါးနာရီကြာတဲ့ ဒီကျူးကျော်ဝင်ရောက်မှုကို တောင်ကိုရီးယားစစ်တပ်က  ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး တုံ့ပြန်ပစ်ချဖို့ ကြိုးစားခဲ့ပေမယ့် သေးလွန်းတဲ့အတွက် မထိမှန်ခဲ့ပါဘူး။နောက်ပိုင်းမှာ ဒရုန်းတွေကိုပစ်ချဖို့ ပျက်ကွက်ခဲ့တဲ့ တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၂၇ ရက်မှာ တောင်းပန်ခဲ့သလို တစ်စိတ်တစ်ပိုင်း တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ စစ်စခန်းအဆောက်အအုံတွေကို ဓာတ်ပုံရိုက်ဖို့ မြောက်ကိုရီးယားဆီ ထောက်လှမ်းရေးလေယာဉ်ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကတော့ မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်ရှိပေမယ့် ရန်စမှုမှန်သမျှကို မဆိုင်းမတွ လက်တုံ့ပြန်မယ်ဆိုပြီး ပြောခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ ဒရုန်းငါးစင်းကြောင့် တောင်ကိုရီးယားဟာ ဒရုန်းတွေကို အထူးပြုတဲ့ စစ်ဘက်ဆိုင်ရာယူနစ်တစ်ခု ထူထောင်ရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ အရှိန်မြင့်လုပ်ဆောင်ဖို့ဖြစ်လာပါတယ်။

မြောက်ကိုရီးယားမှာ ဒီတစ်ပတ် အာဏာရပါတီဖြစ်တဲ့ အလုပ်သမားပါတီရဲ့  ပါတီညီလာခံကို ကျင်းပခဲ့ပါတယ်။ဒီဇင်ဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ဒီပါတီညီလာခံမှာ  ကင်မ်ဂျုံအန်းက ကိုရီးယားကျွန်းဆွယ်မှာ အသစ်ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုအခြေအနေတစ်ခုကို ရင်ဆိုင်နေရကြောင်း ပြောခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်အနေနဲ့ ဒုံး ကျည်အသစ်များကို အများအပြားထုတ်လုပ်ရေးအပါအဝင် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အင်အားကို လျင်မြန်စွာမြှင့်တင်ရန် ပြောခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်ထိပစ်နိုင်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) စနစ်များကို အများအပြားထုတ်လုပ်ရန် အာရုံစိုက်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါဟာ မကြာခင်က ကာကွယ်ရေးဘတ်ဂျက်တွေ အသီးသီးတိုးမြှင့်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့  ဂျပန်၊ တောင်ကိုရီးယားတို့အကြား တင်းမာမှုဟာ ပိုပြင်းထန်လာတော့မယ့် သဘောပါပဲ။

မြောက်ကိုရီးယားအနေနဲ့ စစ်အင်အားကြီးနိုင်ငံအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှားတို့နဲ့ ရင်ဘောင်တန်းဖို့ စိတ်ကူးရှိနေပေမယ့် မကြာခင်က ဘတ်ဂျက်တိုးမြှင့်မှုကြောင့် အချိန်တိုအတွင်း စစ်အင်အားကြီးနိုင်ငံဖြစ်လာဖွယ်ရှိနေတဲ့ ဂျပန်ကို ပြန်သတိထားနေရတော့မယ့် အခြေအနေကို စိုးရိမ်နေရမယ့်အနေအထားကို ရောက်နေပါတယ်။ဒါ့အပြင် ဒီဒေသမှာ ရုရှား-ဂျပန်၊ မြောက်ကိုရီးယား-တောင်ကိုရီးယား၊ အမေရိကန်-တရုတ် စတဲ့ နိုင်ငံတွေကြား ပဋိပက္ခတွေရှိသလို တောင်ကိုရီးယားမှာ အခြေစိုက်ထားတဲ့ အမေရိကန်ကြောင့်လည်း အာရှ အရှေ့ဖျားဒေသဟာ တကယ့်စစ်အင်အားကြီးနိုင်ငံတွေ စစ်လိုလားတဲ့နိုင်ငံတွေ စုထားသလို ဖြစ်နေပါတယ်။

ဒီအခြေအနေကြောင့် ယခင်ကလို ခြိမ်းခြောက်မှုတွေဟာ ပေါ့ဆလို့မရဘဲ တစ်ချက်သာမှားခဲ့ရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လက်ဦးမှုရယူပြီး တိုက်ခိုက်ကြမှာဖြစ်လို့ နျူကလီးယားစစ် စဖြစ်လာနိုင်တဲ့နေရာဟာ အာရှအရှေ့ဖျားဒေသ ဖြစ်လာနိုင်တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်မှုအစီအစဉ်ကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။

မင်းထက်