【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်တဲ့သဘာ၀ဘေးတွေ ကြုံနေရပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်တဲ့သဘာ၀ဘေးတွေ ကြုံနေရပြီလား

ယခုရက်သတ္တပတ်သတင်းတွေထဲမှာ သဘာ၀ဘေးသတင်းတွေက ထိပ်ဆုံးကနေရှိနေခဲ့ပါတယ်။အထူး သဖြင့် အာရှနိုင်ငံတွေမှာ မုတ်သုန်ရာသီလို့ခေါ်တဲ့ မိုးရာသီကိုရောက်နေတာဖြစ်လို့ နှစ်စဉ်ကြုံနေကြပြဿနာကို ယခုနှစ်မှာလည်းရင်ဆိုင်ရတာဖြစ်ပေမယ့် ကျန်းမာရေးကပ်ဘေးဖြစ်တဲ့ ကိုဗစ်ကပ်ဘေးကို ဒုတိယမြောက်နှစ်အဖြစ် ဆက်ရင်ဆိုင်နေရတာမှာ ယခုကြုံရတဲ့ ရာသီဘေးတွေကြောင့် ကြုံရတဲ့ နိုင်ငံတိုင်းကို အထိနာစေခဲ့ပါတယ်။ဒီလိုဘေးတွေကြုံနေရသလိုဘဲ နိုင်ငံရေးမှာလည်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ တရုတ်အကြား တင်းမာမှုကလည်း မြင့်တက်နေသလို တောင်တရုတ်ပင်လယ်ကို အနောက်အုပ်စုက စစ်သင်္ဘောတွေမှန်သမျှ သွားနေတဲ့အတွက်  စစ်ရိပ်စစ်ငွေ့သန်းနေတဲ့ အနေအထားပါဘဲ။

ဒီရက်သတ္တပတ်မှာ တခြားသော စိတ်ဝင်စားစရာသတင်းတွေလည်း ရှိပါသေးတယ်။ကမ္ဘာတစ်ဝန်း လူသန်းနဲ့ချီပြီးသေဆုံးစေခဲ့တဲ့ COVID-19 ကူးစက်ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် ကမ္ဘာ့ဘဏ်က ၁၅ လအတွင်း ဒေါ်လာ ၁၅၇ ဘီလီယံ ထုတ်သုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာ၊ အီရတ်က ဆာဒါမြို့စျေးထဲ အကြမ်းဖက်သမားတွေဗုံးခွဲလို့ လူ ၃၀ ကျော်သေဆုံးတာ၊ အီရတ်နိုင်ငံ ကာဒစ္စတန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို အီရန်လိုလားတဲ့ အကြမ်းဖက်သမားတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ၊ ဆီးရီးယားမြောက်ပိုင်း အလက်ပိုမှာရှိတဲ့ အီရန်ထောက်ခံတဲ့ စစ်သွေးကြွတွေရဲ့စခန်းတွေကို အစ္စရေးက လေကြောင်းကနေတိုက်ခိုက်ခဲ့တာ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ Eid Al-Adha နေ့အတွက် ဆုတောင်းနေစဉ် အာဖဂန်နစ္စတန်သမ္မတအိမ်တော်အနီးသို့ ဒုံးကျည် ကျရောက်ခဲ့တာ၊ ဆိုမာလီရှိ အယ်လ်ရှာဘတ်အကြမ်းဖက်အဖွဲ့ကို ဘိုင်ဒင်လက်ထက်မှာ ပထမဆုံးအကြိမ် လေကြောင်းကနေတိုက်ခိုက်ခဲ့တာ၊ သမ္မတဟောင်း ဂျိမ်းဇူးမား ကို ထောင်ချလို့ဖြစ်လာတဲ့ တောင်အာဖရိက ဆူပူဆန္ဒပြမှုအတွင်း ၂၇၆ ဦးသေဆုံးခဲ့တာ၊ ဗြိတိန်မှာ သီးခြားခွဲနေရမယ့် သတ်မှတ်ချက်ကြောင့် အစားအစာနဲ့ လောင်စာဆီပြတ်လတ်မှုတွေဖြစ်ပေါ်နေတာ၊ ဟေတီသမ္မတဈာပနပွဲကျင်းပစဉ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့လို့ အမေရိကန်သံအမတ် နိုင်ငံတွင်းကနေ အမြန်ထွက်ခွာခဲ့ရတာ၊ ဗီယက်နမ်မှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာလို့ ဟနွိုင်းကို ၁၅ ရက် လော့ခ်ဒေါင်းချခဲ့ရတာ၊ အာဖဂန်မှာ ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၃၁ ခုကို ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့တာ စတဲ့ တစ်ပတ်အတွင်းလှုပ်လှုပ်ရှားရှား နိုင်ငံတကာဖြစ်ရပ်တွေကို တွေ့ရမှာဖြစ်ပါတယ်။

ဒီသတင်းတွေထဲကနေ ဆိုးရွားလာတဲ့ သဘာ၀ဘေးသတင်းတွေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြားဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေကို သုံးသပ်ဖော်ပြချင်ပါတယ်။

စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုတွေ

ရုပ်ရှင်တွေထဲမှာသာမြင်ရနိုင်တဲ့ မြို့ကြီးထဲ ရေတွေ ဝါးလုံးထိုးစီးဆင်းလာတဲ့ မြင်ကွင်းမျိုးလို ဆိုးဝါးတဲ့သဘော၀ဘေးကို ယခုရက်သတ္တပတ်မှာ အာရှနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်မှာ တွေ့ကြုံခဲ့ရပါတယ်။ယခုအချိန်အခါက အာရှနဲ့ တောင်အာရှ၊ အာရှအရှေ့ဘက်မှာ မုန်သုန်ရာသီနဲ့ တိုင်ဖွန်းရာသီဝင်ရောက်တဲ့အချိန်ဖြစ်ပြီး နိုင်ငံတိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကို ကြုံနေရတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း ရေကြီးလေ့ရှိတာကိုတွေ့ရပေမယ့် နောက်ပိုင်းနှစ်တွေဖြစ်တဲ့ ယခုတစ်နှစ် နှစ်နှစ်အတွင်းမှာ မြစ်ဝါမြစ်တစ်လျှောက်စီးဝင်တဲ့ ချောင်းတွေမြောင်းတွေက မိုးသည်းထန်ရင် သည်းထန်သလို ရေကြီးနေတာကို ယခင်နှစ်ကလည်း တွေ့ခဲ့ရပါတယ်။ယခုနှစ်မှာတော့ လေးရက်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ဝါမြစ်ကမ်းပေါ်ရှိ လူဦးရေ ၁၂ သန်းကျော်ရှိတဲ့ ကျန်ကျိုးမြို့ကို ရေဘေးသင့်ခဲ့ပါတယ်။သတင်းတွေထဲမှာတော့ ရာစုဝက်နီးပါးအတွင်း အဆိုးရွားဆုံးလေ ပြင်းတိုက်မှုတွေကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်း ၉၈ ဦးထိရှိခဲ့ကာ လူပေါင်း ၈၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တရုတ်မှာတိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် အိမ်များစွာပြိုလဲခဲ့ရတယ်ဆိုပြီး အိမ်အပျက်အစီးတွေအောက် ကနေ သေဆုံးသူတွေကိုဆွဲထုတ်ရတာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ခဲ့ရတာကို တွေ့ရပါတယ်။အ ထူးသဖြင့် မြစ်ကမ်းပါးကိုရေကျော်လာတာနဲ့ တာတမံကျိုးမှာစိုးတဲ့အတွက် ဖောက်ချခဲ့တာတွေကြောင့် ရေရုတ်တရက်ကြီးပြီး လူအသေအပျောက်တွေရှိခဲ့တာကိုတွေ့ရပါတယ်။ဟီနန်ပြည်နယ်၏မြို့တော် ကျန်ကျိုးမှာ နှစ်တစ်ထောင်အတွင်း သမိုင်းဝင်စံချိန်ကိုချိုးဖျက်သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း ရေကာတာတွေ မနိုင်မနင်းဖြစ်ခဲ့တာကို တွေ့ရတာဖြစ်နိုင်ပြီး ရေကြီးမှုကြောင့်‌ သေဆုံးသူတွေထဲမှာ မြေအောက်ရထားလမ်းအတွင်း ရေကြီးတဲ့အတွက်  ၁၂ ဦးသေဆုံးပြီး လူ ၅၀၀ ကျော်ကို ကယ်ထုတ်ခဲ့ရတာကိုလည်းတွေ့ရပါတယ်။

သတင်းတစ်ပုဒ်မှာတော့ မူလတန်းကျောင်းထဲရေဝင်လာလို့ ကလေးတွေကို နီးစပ်ရာကုန်းမြင့်ကို လက်မတင်လေးကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားသလို ဗီဒီယိုရုပ်သံတွေမှာလည်း မြို့ထဲလမ်းတွေမှာ အရှိန်ပြင်းပြင်းစီးဆင်းနေတဲ့ရေထုထဲ လူတွေမျောပါနေတာကို ကယ်ဆယ်နေတာတွေကိုလည်း တွေ့ရပါတယ်။ရေကြီးမှုက တရုတ်တွင်မကပါဘူး။အာရှက အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့မှာလည်း ဒီရက်ပိုင်းဆက်တိုက်ဖြစ်ခဲ့လို့ း လူအသေအပျောက်တွေများခဲ့ပါတယ်။

အိန္ဒိယမှာဆိုရင်လည်း အနောက်ဘက်ပိုင်းပြည်နယ်ဖြစ်တဲ့ မဟာသျှတပြည်နယ်မှာ ရေကြီးမြေပြိုလို့ အသေအပျောက်တွေရှိခဲ့ပြီး အစောပိုင်းစာရင်းတွေအရ လူ ၄၀ နီးပါးရှိခဲ့ပါတယ်။အဲဒီမှာလည်း မိုးသည်းထန်စွာ ရွာခဲ့တာဖြစ်ပြီး မိုးရေချိန်က စံချိန်တင်ခဲ့တာကြီးပါပဲ။နောက်ထပ်အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်တို့ အင်ဒိုနီး ရှားတို့မှာလည်း ရေကြီးတာတွေဖြစ်ခဲ့တာ ရှိပါသေးတယ်။ဖိလစ်ပိုင်ဆိုရင် တစ်နှစ်ကို မုန်တိုင်း ၁၀ လုံး ၁၅ လုံး သူ့နိုင်ငံထဲကို ဝင်တိုက်ခတ်နေကြပါ။ဒီရက်သတ္တပတ်ထဲမှာ အပူပိုင်းမုန်တိုင်းနဲ့ မုန်သုန်မိုးရောပြီး ပြင်းထန်စွာရွာသွန်းခဲ့လို့  မြို့တော်မနီလာရဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့သူတွေကို အားချင်း‌ရွှေ့ပေးခဲ့ရပါတယ်။

အင်ဒိုမှာလည်း ကာလီမန်တန်ကျွန်းမှာ ရေကြီးမှုတွေ မြေပြိုမှုတွေဖြစ်လို့ ဒေသခံတွေကိုရွှေ့ပြောင်းပေးခဲ့ရတာတွေရှိသလို ဗီယက်နမ်၊ ထိုင်း၊ မြန်မာနိုင်ငံတွေဘက်မှာလည်း ရေကြီးမှုတွေဆက်တိုက်ဖြစ်နေတာ တွေ့ရပါ တယ်။ဒါပေမယ့် အာရှဘက်မှာ ဒီလိုရေကြီးနေပေမယ့် မြောက်အမေရိကဘက်နဲ့ ရုရှားဘက်မှာတော့ တောမီးလောင်တာတွေကြောင့် ရုရှားကျေးရွာများနှင့် မြို့ကြီးများတွင် မီးခိုးငွေ့တွေနဲ့ဖုံးကုန်တဲ့အထိဖြစ်သလို ဟက်တာ ၈ သိန်းကျော်ထိ မီးသင့်ခဲ့လို့ မနည်းငြှိမ်းနေရပါတယ်။သဘာ၀ပတ်ဝန်းကျင်သမားတွေကတော့ ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာနေတာကို ထောက်ပြခဲ့တာတွေရှိပေမယ့် ယခုချိန်ထိ ပြောင်းလဲမှုကြီးကြီးမားမားမပြုလုပ်ဘဲ နိုင်ငံကြီးတွေ ခေါင်းရှောင်နေတာ၊ ကိုယ့်နိုင်ငံတွင်းကိုသာ ကွက်ပြီးဂရုစိုက်တာတွေက ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်ရလာစေနေတာ ဒီဖြစ်ရပ်တွေကိုကြည့်ရင် သိနိုင်တဲ့ အနေအထားပါ။ 

ရေကြီးမှုရဲ့အခြေခံဖြစ်တဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းဟာ မုန်တိုင်းဖြစ်လာအောင် ပင်လယ်သမုဒ္ဒရာရေ အပူချိန်မြင့်တက်လာခြင်းနဲ့အတူ မုန်တိုင်းတွေအဖြစ်များလာတာကြောင့် ရေကြီးရေလွှမ်းမိုးမှုတွေက ယခုဆိုရာသီမရွေးဖြစ်နေတာကို တွေ့နေရတဲ့အနေအထားပါ။ယခုလည်း တရုတ်နိုင်ငံ ရှန်ဟိုင်းဘက်မှာ တိုင်ဖွန်းမုန်တိုင်း အင်ဖာ ဝင်နေသလို အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာဘက်တွေ၊ တောင်တရုတ်ပင်လယ်ဘက်တွေမှာ မုန်တိုင်း တွေ အစပျိုးနေပြီဖြစ်လို့ ရှေ့လျှောက် ရေကြီးမြေပြိုမှုတွေ အာရှမှာဘယ်လောက်ထိဖြစ်ပွားတာ မြင်တွေ့ရဦး မလဲဆိုတာ မသိနိုင်ပါဘူး။ဒီအတွက် မဖြစ်ပါစေနဲ့လို့ ဆုတောင်းလို့ရမှာမဟုတ်ဘဲ အသေအပျောက်နည်းအောင် ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လောက်လုပ်နိုင်ကြမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။  

ပြင်းထန်လာတဲ့အခင်းအကျင်း

ယခုရက်သတ္တပတ်ထဲမှာ ရုရှားက မြန်နှုန်းမြှင့် ခရုဇ်ဒုံးကျည်အသစ်ဖြစ်တဲ့ Zircon ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ထုံးစံအတိုင်းဆို ဒါကသိပ်မထူးဆန်းပေမယ့် ဒီလိုအောင်မြင်စွာပစ်ခတ်မှုအပြီး ရက်ပိုင်းအကြာ ဇူလိုင် ၂၅ ရက်က စိန့်ပီတာစဘတ်မှာကျင်းပခဲ့တဲ့ ရေတပ်နေ့အခမ်းအနားမှာ သမ္မတပူတင် က “ရေအောက်၊ ရေပေါ်နဲ့ လေထဲက မည်ကဲ့သို့သော ရန်သူမျိုးမဆို ကျွန်တော်တို့ကရှာဖွေတွေ့ရှိနိုင်ပြီး လိုအပ်လာပါကလည်း ထိုရန်သူတွေကာကွယ်နိုင်မှာမဟုတ်တဲ့ တိုက်ခိုက်မှုမျိုးကို ပြုလုပ်သွားမှာဖြစ်ပါတယ်” ဆိုပြီး ခပ်ပြင်းပြင်းပြောခဲ့ပါတယ်။

ပူတင် ဆိုလိုနေတာက ယူကရိန်းရေပိုင်နက်ထဲဖြတ်သွားခဲ့တဲ့ ဗြိတိန်စစ်သင်္ဘော HMS Defender ကို နစ်မြုပ်အောင်ပြုလုပ်နိုင်တယ်ဆိုတာကို ရည်ညွှန်းလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။လတ်တလောမှာ အနောက်အုပ်စု နဲ့ တင်းမာမှုများစွာရှိနေတဲ့ ရုရှားရဲ့ထုတ်ပြောချက်က သတိထားရမှာဖြစ်သလို ယခုလနှောင်းပိုင်းမှာ အမေရိကန်နဲ့ နှစ်နိုင်ငံအဆင်မြင့်အရာရှိတွေ ဆွေးနွေးပွဲမတိုင်ခင် သံတမန်ရေးရာ အခင်းအကျင်းတွေလားဆိုတာ စိတ်ဝင်စားစရာပါ။

ဒီတစ်ပတ်ထဲမှာဘဲ အာရှဒေသက ပြဿနာပင်လယ်လို့ခေါ်နိုင်တဲ့ တောင်တရုတ်ပင်လယ်ကို အနောက်အုပ်စုက ရေတပ်သင်္ဘောတွေ ဝင်ထွက်သွားလာတာ ခပ်စိပ်စိပ်တွေ့နေရပါတယ်။လက်ရှိ နိုင်ငံတကာအခင်းအကျင်းနဲ့ ပြန်ကြည့်မယ်ဆိုရင် ပြဿနာပင်လယ်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ထဲကို  ၁၉၉၉ ခုနှစ်က ဟောင်ကောင်ကနေထွက်ခွာပြီးနောက် နှစ် ၂၀ ကျော် ဒီဒေသမှာ စစ်ရေးလှုပ်ရှားမှုမရှိခဲ့တဲ့ ဗြိတိန်ပြန်ပါဝင်လာသလို ဗြိတိန်ရဲ့ ခေတ်အမီဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ အဲလိဇဘက်က ဒီရက်ပိုင်းမှာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး ဂျပန်ကိုလာနေပြီး မကြာခင်မှာ အာရှရေပြင်မှာ ဗြိတိန်စစ်သင်္ဘောနှစ်စင်း အမြဲတမ်းချထားဖို့ အစီအစဉ်ဖြစ်လာတာ တွေ့ရပါတယ်။

အမေရိကန်ရဲ့ အစဉ်အလာရန်ဘက်ဖြစ်ခဲ့တဲ့ ရုရှားကလည်း ဒီရက်ပိုင်းမှာ ထူးထူးခြားခြား အာဖဂန်ကနေ ထွက်ခွာလာတဲ့ အမေရိကန်တပ်တွေကို အာဖဂန်က အစွန်းရောက်တွေကို ထောက်လှမ်းဖို့အတွက် အာရှအလယ်ပိုင်းမှာရှိတဲ့ ရုရှားစစ်အခြေစိုက်စခန်းတွေကို အသုံးပြုခွင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းလိုက်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီစစ်အခြေစိုက်စခန်းတွေက ယခင်ဆိုဗီယက်နိုင်ငံတွေဖြစ်တဲ့‌ ဗဟိုအာရှအလယ်ပိုင်းနိုင်ငံတွေမှာရှိတာဖြစ်သလို ဒီနိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းတွေ လုပ်နေတာတွေလည်း ရှိပါတယ်။ရုရှားရဲ့ ကမ်းလှမ်းချက်က ရိုးသားရဲ့လားဆိုတာ တရုတ်အတွက် ထည့်သွင်းတွက်ချက်ချင်စရာပါ။

ရုရှားက အာဖဂန်မှာ သူထမ်းရမယ့်စစ်စရိတ်ကို မကုန်ချင်လို့ အမေရိကန်ကို ထပ်ဆွဲထည့်နေတာလို့ ယူဆလို့ရပေမယ့် သူဩဇာညောင်းတဲ့ ဗဟိုအာရှနိုင်ငံတွေမှာ တရုတ်ဩဇာတက်လာတာကို အမေရိကန်နဲ့ ချိန်ခွင်လျှာညှိပြီး ဘေးထွက်ထိုင်ပြီး အမြတ်ထုတ်ဖို့ကြံနေသလားဆိုတာလည်း စဉ်းစားချင်စရာပါ။ဒီရက်ပိုင်းမှာ အမေရိ ကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်း အာရှ-ပစိဖိတ် ဒေသထဲက တောင်ကိုရီးယား၊ ဂျပန်နဲ့ မွန်ဂိုလီးယား နိုင်ငံတွေကို  တရားဝင်ခရီးစဉ်အဖြစ် လာရောက်ပါ တယ်။အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်ကလည်း ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတွေကို ယခုလထဲသွားမှာဖြစ်လို့ ဒီခရီးစဉ်တွေက အပျော်သဘောမဟုတ်ဘဲ ဘိုင်ဒင်ရဲ့ တရုတ်ကို၀ိုင်းပတ်ပိတ်ဆို့ရေးအတွက် ဒေသတွင်းနိုင်ငံတွေ အထူးသဖြင့် တရုတ်နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဆက်ဆံရေးမကောင်းတဲ့နိုင်ငံတွေကိုပဲဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းရဲ့ အာရှခရီးစဉ်ထဲမှာ တရုတ်ခရီးစဉ် ရုတ်တရက်ဖြစ်လာပြီး တီယန်ကျင်းမှာ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။ဒီတွေ့ဆုံမှုဟာ အလက်စကာမှာ ဘလင်ကန်နဲ့ ပြီးခဲ့သည့်မတ်လက မပြေလည်တဲ့‌ တွေ့ဆုံမှုနောက်ပိုင်း အဆင် မြင့်ဆုံး တရုတ်-အမေရိကန်နိုင်ငံ အရာရှိတွေ တွေ့ဆုံမှုပါ။ဒီတွေ့ဆုံမှုမှာ တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ရှီဖန့် က အမေရိကန်ဟာ တရုတ်ကို ‘စိတ်ထဲကနေ ရန်သူတစ်ဦး’ အဖြစ် ရှုမြင်ထားတယ်လို့ပြောခဲ့သလို ဆက်ဆံရေးဟာ ‘ကြားကျပ်နံကျပ်အခြေအနေ’ ထဲမှာ ရောက်နေပြီး ‘စိုးရိမ်ရတဲ့ သဘောထားမတိုက်ဆိုင်မှုတွေ’ ကိုလည်း မျက်နှာမူထားရတာဖြစ်တယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

လက်ရှိမှာ ဗိုင်းရပ်စ်ပြဿနာကြောင့်လည်း တရုတ်နဲ့ အမေရိကန်အကြား ဆက်ဆံရေးက ဆိုးရွားနေသလို ထိုင်ဝမ်အရေး၊ ဟောင်ကောင်အရေးတွေကြောင့် နှစ်နိုင်ငံအကြားပြဿနာက ဆက်ပြီးဆိုးဝါးနိုင်တဲ့ အနေအထား ကို ရောက်နေပါတယ်။ဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ကို ဒုတိယအကျော့ စုံစမ်းစစ်ဆေးဖို့ WHO ရဲ့တောင်းဆိုချက်ကို ပယ်ချလို့လဲ တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုက မှန်းလို့ရသေးတဲ့အနေအထား မရသေးပါဘူး။

WHO လို နိုင်ငံတကာအဖွဲ့အစည်းကနေ ယခုလိုစစ်ဆေးခွင့်တောင်းဆိုတာကို တရုတ်ဘက်က ငြင်းပယ်လိုက်တဲ့ အတွက် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ စဉ်းစားကြည့်ချင်စရာပါ။တစ်ခုက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဩဇာအာဏာက စူပါပါဝါနိုင်ငံတွေကို ဘာမှထိထိရောက်ရောက်မလုပ်ဆောင်နိုင်တဲ့အတွက် ထိခိုက်ဖွယ်မရှိပါဘူး။ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ ဒီပြဿနာနဲ့ဆက်နွယ်ပြီး တခြားသောနယ်ပယ်တွေမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ဆန့်ကျင်တဲ့အမြင်တွေ၊ လှုပ်ရှားမှုတွေ ယခင်ကထက်ရင်ဆိုင်လာရဖွယ်ရှိနေပါတယ်။နောက်တစ်ခုက တရုတ်ကို၀ိုင်းပတ်ပြီး ဟန့်တားကန့်သတ်နေတဲ့ ဘိုင်ဒင်လက်ထက် အနောက်အုပ်စုရဲ့ လုပ်ဆောင်နေမှုဖြစ်တဲ့ တရုတ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ သီးခြားဖယ်ထုတ်ထားချင်တဲ့ အစီအစဉ်ကို ပိုအားကောင်းစေလာနိုင်တဲ့ အနေအထားပါဘဲ။ဒါဟာ ကမ္ဘာ့နိုင်ငံအချို့မှာ လက်ရှိဖြစ်နေတဲ့ တရုတ်ဆန့်ကျင်ရေးတွေကို ပိုဆိုးရွားလာနိုင်တဲ့ လမ်းကြောင်းပါဘဲ။

ဒီလိုစစ်ဆေးခွင့်တောင်းရင် တရုတ်ဘက်က သူ့နိုင်ငံထဲ ထင်သလိုစစ်ဆေးခွင့် အထူးသဖြင့် ဓာတ်ခွဲခန်းတွေမှာတိုးတက်နေတဲ့ နည်းပညာတွေ ဘာတွေလုပ်နေလဲဆိုတာကို နိုင်ငံတကာကိုပေးသိရမှာဖြစ်နေတဲ့အတွက် အမေရိကန်ဓာတ်ခွဲခန်းတွေကိုပါစစ်ဆေးဖို့ တွဲခေါ်လိုက်တာက  တကယ်ကော အမေရိကန်ဘက်က စစ်ဆေးခွင့်ပေးမယ်ဆိုရင် ရှင်းသွားနိုင်မယ့် အနေအထားရှိပေမယ့် ဒါကို WHO က တရားဝင်တောင်းဆိုမှဖြစ်နိုင်မယ့် အနေအထားပါ။ဒါကြောင့် အမေရိကန်အနေနဲ့ စစ်ဆေးခွင့်ပေးဖို့ဆိုတာ သူနဲ့သက်ဆိုင်ခြင်းမရှိတဲ့အတွက် ဖြစ်နိုင်ခြေကနည်းနေလို့ ဒီပြဿနာဟာ တရုတ်အတွက်တော့  အနောက်အုပ်စုနဲ့ ရင်ဆိုင်ရတဲ့အပြင် ကိုဗစ်ကြောင့် အထိနာနေတဲ့ နိုင်ငံတကာနဲ့ပါတိုက်ပေးလိုက်တဲ့ အမေရိကန်ရဲ့ အခင်းအကျင်းအသစ်အဖြစ် တရုတ်ဘက်က ရှုမြင်ဖွယ်ရှိနေပါတယ်။

ရှေ့လျှောက် တရုတ်ဘက် အမေရိကန်ကို ခပ်မာမာတုံ့ပြန်မယ့်အနေအထားကို လက်ရှိ ရှားမင်းနဲ့ တွေ့ဆုံမှုကိုကြည့်ရင် မြင်နိုင်မယ်ထင်ပါတယ်။သံတမန်ရေးရာမှာ ဘယ်သူက ဘယ်သူ့အလိုပါအောင် ဆွဲဆောင်ကြမလဲဆိုတာထက် ခြိမ်းခြောက်ပြီးသွားနေတဲ့ သံတမန်ရေးရာက ပိုအလုပ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်
ဇူလိုင် - ၂၆