【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဘီလာရုစ်ပြဿနာနှင့် အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဘီလာရုစ်ပြဿနာနှင့် အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲ

ယခုရက်သတ္တပတ်ထဲ သတင်းတွေက မျက်ခြေပြတ်လို့မရနိုင်အောင်ဘဲ အရမ်းကိုမြန်ဆန်နေပါတယ်။ကြားဖြတ်ကောင်စီကို ဖျက်သိမ်းပြီး အာဏာသိမ်းခဲတဲ့ ဆူဒန်မှာ အာဏာသိမ်းကောင်စီက နောက်ထပ်ကြားဖြတ်အုပ်ချုပ်ရေးကောင်စီကိုဖွဲ့ပြီး နိုင်ငံတကာဖိအားကို ပမာမခန့်ပြုခဲ့သလို အီသီယိုးပီးယားမြောက်ပိုင်း တီဂရေးမှာ နှစ်ဖက်လုံးက အမျိုးသမီးတွေအပေါ် ကျူးလွန်မှုတွေရှိနေလို့ ကုလက သတိပေးခဲ့နေရတာ၊ ဥရောပနဲ့ ကမ္ဘာ့အချို့နိုင်ငံတွေမှာ ကိုဗစ်မျိုးကွဲသစ်အတွက် ကြိုတင်ပြင်ဆင်နေရတဲ့ သတင်းတွေအပါအဝင် သတင်းများစွာရှိနေခဲ့ပါတယ်။ဒီထဲမှာ စိတ်ဝင်စားစရာကောင်းနေခဲ့တာက ဘီလာရုစ်ပြဿနာနဲ့ ဒီနေ့ညမှာပြုလုပ်မယ် တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ အကြောင်းပါပဲ။

ဒီအကြောင်းအရာနှစ်ခုထဲမှာ ဘီလာရုစ်ပြဿနာက နောက်ခံအကြောင်းအရာတွေများစွာရှိနေသလို သတိထားစရာကောင်းနေတဲ့ အာဏာရှင်စနစ် စရိုက်က ကမ္ဘာကို ဘယ်လိုဒုက္ခပေးနေနိုင်သလဲဆိုတာ မီးမောင်းထိုးပြနေပါတယ်။

ရွှေ့ပြောင်းတွေနဲ့ နိုင်ငံတကာပြဿနာဖန်တီးတဲ့ လူကာရှန်ကို  

အတိုက်အခံများကို ပြင်းထန်စွာနှိပ်ကွက်ခြင်းနဲ့ နိုင်ငံအပေါ် ဖြတ်ကျော်နေစဉ် နိုင်ငံတကာလေကြောင်းလိုင်းကို စီးနင်းပြီး အတိုက်အခံကို ဖမ်းဆီးခဲ့လို့ အီးယူနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာကပိတ်ဆို့ခြင်းကို ခံထားရတဲ့ ဘီလာရုစ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှ ကာ့ဒ်လူမျိုးအများစုပါဝင်တဲ့ ရွှေ့ပြောင်းတွေကို သက်ဆိုင်ရာ အီရတ်၊ ဆီးရီးယား၊ ယီမင်၊ အာဖဂန်ကနေ လေကြောင်းကနေ နိုင်ငံထဲဝင်ခွင့်ပြုပြီး ပိုလန်နယ်စပ်ကနေ ဥရောပကို တရားမဝင်ဝင်ရောက်စေကာ ပြဿနာဖန်တီးခဲ့ပါတယ်။  

ဒါဟာ ဘီလာရုစ်မှာ အာဏာရှင်ဖြစ်တဲ့ လူကာရှန်ကိုရဲ့ ဆိုးရွားတဲ့လုပ်ရပ်ဖြစ်သလို နိုင်ငံတကာက ၀ိုင်းကြဉ်ထားတဲ့အတွက် သံတမန်နည်းလမ်းအရ အထီးကျန်ဖြစ်နေအတွက် နိုင်ငံတကာကို အကြမ်းဖက်တဲ့နည်းနဲ့ အကျပ်ကိုင်တာဖြစ်လို့ ဒီလုပ်ရပ်ကို ဥရောပနိုင်ငံများနှင့် အမေရိကန်တို့က ဘီလာရုစ်ကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ပိုလန်နယ်စပ်မှာ ဒီရွှေ့ပြောင်းတွေကို စုရုံးစေပြီး ဘီလာရုစ်တပ်တွေကို နယ်စပ်အနားချထားခဲ့တဲ့အတွက်လည်း နယ်စပ်မှာ စစ်ရေးအရ အချိန်မရွေးပြဿနာပေါ်နိုင်တဲ့အတွက် နိုင်ငံတကာက ပိုလန်နယ်စပ်ပြဿနာဟာ သတိထားစောင့်ကြည့်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှာဆိုရင် ယူကရိန်းသမ္မတနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့ရာမှာ ထွက်လာတဲ့ သတင်းအရ ယူကရိန်းနယ်စပ်အနီးမှာ ရုရှားတပ်တွေ စုဝေးနေလို့ အမေရိကန်ဘက်က စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့တာရှိသလို ယူကရိန်းဘက်ကလည်း ရုရှားကို အင်အားရှိကြောင်း ရှင်းရှင်းလင်းလင်းသိစေလိုတယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ရုရှားက ပိုလန်နယ်စပ်နဲ့ နီးတဲ့နေရာအထိ လေထီးတပ်တွေကိုချထားခဲ့သလို နျူကလီးယားဗုံးတပ်ဆင်ထားတဲ့ စူပါဆိုးနစ်လေယာဉ်တွေကိုပါ ဘီလာရုစ်-ပိုလန် နယ်စပ်မြို့အနီးထိ လေ့ကျင့်မှုတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။ဘီလာရုစ်ရဲ့ ရွှေ့ပြောင်းတွေကို လူသားဒိုင်းအဖြစ် နယ်စပ်ကိုပို့ပြီး ပိုလန်ကနေတစ်ဆင့် အီးယူတစ်ခုလုံး မတည်ငြိမ်အောင်လုပ်နေတဲ့လုပ်ရပ်ဟာ ကမ္ဘာကို စစ်ပွဲတွေဆီခေါ်ဆောင်သွားတဲ့ ၁၉၀၀ ကျော်ကာလတွေကို ပြန်မြင်နေရသလိုပါပဲ။

ဘီလာရုစ်အနေနဲ့ ဒီလောက်ထိ အတင့်ရဲနေတာ ရုရှားကြောင့်ဆိုတာ အနောက်အုပ်စုက သိနေသလို ဘာကိုနိုင်ငံရေးကစားနေသလဲဆိုတာ သိထားတဲ့အတွက် NATO က ပိုလန်ဘက်ကနေ ရပ်တည်တယ်လို့ ပြောခဲ့သလို ဘီလာရုစ်နယ်စပ်ကို လုံခြုံရေးတိုးချထားခဲ့ပါတယ်။ဗြိတိန်ကလည်း ပိုလန်နယ်စပ်တံတိုင်းတည်ဆောက်ဖို့ သဘောတူညီချက်ကို အားချင်းရေးထိုးခဲ့သလို့ တပ်ဖွဲ့အချို့စေလွှတ်ခဲ့တဲ့အတွက် ပိုလန်-ဘီလာရုစ် နယ်စပ်က ရွှေ့ပြောင်းတွေပြဿနာဟာ NATO နဲ့ ရုရှားပြဿနာ ဖြစ်လာခဲ့ပါတယ်။

ဥရောပတစ်ခုလုံး မတည်ငြိမ်အောင် ပိုလန်ကို ရွှေ့ပြောင်းလမ်းကြောင်းဖြစ်အောင်ဖောက်မယ့် အကြံကို ဖြစ်မြောက်စေဖို့ ရုရှားဘက်က အီးယူကို ဘီလာရုစ်နဲ့ဆွေးနွေးဖို့ တိုက်တွန်းခဲ့တာကို တွေ့ရသလိုပဲ။ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး အပူချိန် ရေခဲမှတ်နီးပါးရှိတဲ့ နယ်စပ်မှာနေရတဲ့ ရွှေ့ပြောင်းတွေအတွက် ဘီလာရုစ်ကို အပြစ်တင်ခဲ့ပါတယ်။ဒါဟာ နိုင်ငံတကာအမြင်မှာ ယုတ်ညံ့တဲ့ လုပ်ဆောင်ချက်ပါပဲ။ပိုလန်ကတော့ သူ့နိုင်ငံထဲ ဒီဒုက္ခသည်တွေကို ဝင်ခွင့်ပေးလိုက်ရင် နောက်ထပ်ဝင်လာမှာ စိုးရိမ်တဲ့အတွက် ငြင်းဆန်ထားလို့ ဘီလာရုစ်ထဲမှာ ဒီဒုက္ခသည်တွေ သောင်တင်ဖို့များနေသလို  အစ္စလာမ်ဒုက္ခသည်တွေကို လက်ခံထားလေ့ရှိတဲ့ တူရကီကလည်း ဒီလိုဒုက္ခသည်တွေ သူ့နိုင်ငံဘက်ကို ရောက်လာနိုင်တဲ့ဘေးကနေ ကြိုတင်ပြီး ဒီရွှေ့ပြောင်းတွေကို တူရကီထဲဝင်တဲ့ လေကြောင်းတွေမှာ လက်မှတ်မရောင်းဖို့ ကြိုတင်တားမြစ်နေတာကိုလည်း တွေ့ရပါတယ်။

လွန်ခဲ့သောနှစ်က ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့တဲ့ လူကာရှန်ကိုအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့မှုတွေ ချမှတ်အရေးယူကာ တိုက်ရိုက်ဆက်သွယ်မှုမှန်သမျှကို ယခုအချိန်ထိ ငြင်းဆန်ထားတာပါ။ဒီလိုဒဏ်ခတ်အရေးယူတာကို ဘီလာရုစ်က လက်စားချေတဲ့အနေနဲ့ ရွှေ့ပြောင်းတွေ ဘီလာရုစ်ကိုလာဖို့ စည်းရုံးပြီး နယ်စပ်ဖြတ်ကျော်ရေးအတွက် ရွှေ့ပြောင်းများကို စေလွှတ်နေတာလို့ ပိုလန်ဘက်က စွပ်စွဲသလို ရုရှားက နောက်ကနေ ပေါင်းကြံနေတယ်ဆိုပြီး ပြောခဲ့တာပါ။

လက်ရှိမှာတော့ ဘီလာရုစ်အသုံးချတာကို ခံလိုက်ရတဲ့ ရွှေ့ပြောင်းနှစ်ထောင်ပြဿနာက ဘီလာရုစ်မှာသောင်တင်ဖို့များနေသလို ဘယ်လေကြောင်းကမှ ပြန်သယ်ပေးဖို့လည်းမရှိလို့ ဒုက္ခရောက်နေပါပြီ။လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများကတော့ လူ့အသက်များစွာကို အန္တရာယ်တောထဲရောက်စေခဲ့တဲ့ ဘီလာရုစ်ရဲ့ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် လက်နက်အဖြစ်အသုံးချတာကို ပြစ်တင်ရှုတ်ချခဲ့ကြသလို အိမ်နီးချင်းနိုင်ငံများနှင့် ဥရောပသမဂ္ဂ၏ အပြင်ဘက် နယ်စပ်တို့ကို မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်လုပ်ဆောင်နေတာ၊ သူ့နိုင်ငံထဲ လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာခြင်းကို အာရုံလွှဲတာလို့ ဆိုပါတယ်။

ဘီလာရုစ်ကတော့ နောက်က ရုရှားအားကိုးနဲ့ အီးယူကနေ နောက်ထပ် သူ့ကိုအရေးယူရင် ဥရောပသို့တင်ပို့သော သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဖြတ်တောက်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာကို တွေ့ရပါတယ်။ဘီလာရုစ်ဘက်က ဒီလိုတင်းတင်းမာမာတွေလုပ်ပြနေပေမယ့် NATO နဲ့ ထိပ်တိုက်တွေမှုက ရုရှားအတွက် အခြားသောအရေးတွေမှာ ပိုထိဖွယ်ရှိနေလို့ ယခုရက်သတ္တပတ်တွင်းမှာ ရုရှားလေသံကပျော့လာတာကို တွေ့ရပါတယ်။တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ခဲ့သော အင်တာဗျူးမှာ  ရုရှားသမ္မတ ပူတင် က ပင်လယ်နက်ဒေသထဲ NATO ရဲ့ သူလျှိုအစီအစဉ်များ၊ မဟာဗျူဟာကျ ဗုံးကြဲတိုက်ခိုက်ခြင်းများနှင့် အမေရိကန်စစ်သင်္ဘောနှစ်စီးရှိနေလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်ဖို့ တင်ပြတာကို ငြင်းခဲ့ပြီး ပင်လယ်နက်ဒေသအတွင်း တင်းမာမှုများကို ပိုမိုဆိုးဝါးအောင် မလုပ်ဆောင်လိုဘူးလို့ ပြောခဲ့တာကို တွေ့ရပါတယ်။

ဒီလိုပြောခဲ့တဲ့နောက် ဘီလာရုစ်ရဲ့လေသံ ဘယ်လိုပြောင်းလာမလဲဆိုတာ ထပ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါ့အပြင် အီးယူရဲ့ လုံခြုံရေးကိုတောင် လူသားဒိုင်းနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဘီလာရုစ်အပေါ် အီးယူနဲ့ နေတိုးအပါအဝင် အနောက်အုပ်စုက အလွတ်ပေးတော့မှာမဟုတ်ဘဲ နိုင်ငံရေးနဲ့ စီးပွားရေးအရ ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ များနေတဲ့အတွက် ဘာတွေထပ်ဖြစ်လာမလဲ၊ ဘီလာရုစ်ရဲ့ လူကာရှန်ကို ဘယ်လောက်ထိခေါင်းမာဦးမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေး တကယ်ဖြစ်ပြီလား

နိုဝင်ဘာ ၁၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံမှာ တရုတ်သမ္မတ ရှီကျင့်ဖျိန် က ထိုင်ဝမ်လုံခြုံရေးနှင့်ပတ်သက်ပြီး အာရှ-ပစိဖိတ်ဒေသဟာ စစ်အေးခေတ် တင်းမာမှုပုံစံ ပြန်ရောက်သွားလိမ့်မယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ဒီမှတ်ချက်စကားဟာ ဂလပ်စဂိုထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်နဲ့ တရုတ်အကြား အံ့အားသင့်စရာ နှစ်နိုင်ငံသဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း ထွက်လာခဲ့တာဖြစ်လို့ နိုင်ငံတကာအရေး လေ့လာနေသူတွေအဖို့ တရုတ်ရဲ့သဘောထားကို သုံးသပ်ဖို့ ခက်သွားခဲ့ပါတယ်။တရုတ်ဘက်က နိုင်ငံတကာအရေးတွေမှာ ဘယ်လိုမူတွေနဲ့ သွားနေပြီလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့ညမှာ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးအတွက် ထုတ်ပြန်ခဲ့တဲ့အခါ နိုင်ငံတကာအတွက် အာရုံစိုက်စရာက ဒီထိပ်သီးအစည်းအဝေး ဖြစ်လာခဲ့ပါတယ်။ဒီမတိုင်ခင်မှာ နိုင်ငံတကာအရေးတွေကိုကြည့်ရင် တရုတ်နဲ့ ရုရှားက တစ်ဖက်၊ အမေရိကန်နဲ့ NATO၊ အာရှက နိုင်ငံအချို့နဲ့ ဗြိတိန်တို့က တစ်ဖက် နိုင်ငံတကာအခင်းအကျင်းတွေ စစ်ရေးအခင်းအကျင်းတွေကို ကစားနေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။အာဖဂန်အရေး၊ ဆီရီးယားပြဿနာ၊ အီရတ်ကရွေးကောက်ပွဲ၊ မြန်မာပြဿနာ၊ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်၊ အိန္ဒိယနဲ့ နယ်စပ်အရေး စတာတွေမှာ တစ်ဖက်သို့မဟုတ် တစ်ဖက်က ဗြောင်ပါဝင်နေတာကိုတွေ့ရပြီး ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုတွေ၊ ဒီမိုကရေစီနိုင်ငံတွေမှာ  အာဏာသိမ်းမှုတွေ စတာတွေမှာ ဒီနှစ်ဖက်အုပ်စုအားပြိုင်မှုတွေ သက်ရောက်မှုကြောင့်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

လတ်တလောမှာ နိုင်ငံရေးအားပြိုင်မှုထက် စစ်ရေးအားပြိုင်မှုဘက်ကို ပိုအလေးပေးလာတာကို တွေ့ရသလို သြစတြေးလျလိုနိုင်ငံမျိုးတောင် နျူကလီးယားလက်နက် ပိုင်ဆိုင်လာတော့မယ့် အနေအထားက နိုင်ငံကြီးတွေ အထူးသဖြင့် တရုတ်နဲ့ အာရှဒေသတွင်းက နိုင်ငံတွေအတွက် သတိထားစရာဖြစ်လာခဲ့ပါတယ်။လတ်တလောအရေးကိစ္စမှာ ဘီလာရုစ်ကိစ္စက ပေါ်လာခဲ့ပေမယ့် ဒါဟာ ရုရှားရဲ့စနက်အဖြစ် အနောက်အုပ်စုက စွပ်စွဲတာကိုကြည့်ရင် တစ်ဖက်နဲ့ တစ်ဖက်ကြား နိုင်ငံရေးစစ်ရေးကစားမှုက မြင်သာထင်သာမှုတွေရှိလာတာ၊ ဗြောင်ကျလာတာတွေကို သတိထားမိမှာဖြစ်ပါတယ်။ရုရှား ဘာလိုနေလဲဆိုတာကို အနောက်အုပ်စုက သိနေသလို တရုတ်ကလည်း အနောက်အုပ်စု ဘာတွေကစားနေလဲဆိုတာ သိနေတဲ့ အနေအထားပါပဲ။

ကျန်းမာရေးကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ယနေ့ကမ္ဘာမှာ ပဋိပက္ခတွေက ဆက်တိုက်ဖြစ်နေပြီး သတ်ဖြတ်မှုတွေက တွေ့ဆုံဆွေးနွေးမှုထက် အရေးပါလာနေတာက အင်အားကြီးနိုင်ငံတွေနဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေအတွက် သတိထားစရာ ဖြစ်လာနေပါတယ်။အာဖဂန်မှာ သတ်ဖြတ်မှုတွေပြန်ဖြစ်နေတာ၊ ဆူဒန်မှာ အာဏာသိမ်းတာ၊ အီသီယိုးပီးယားကနေ မကြာသေးခင်ကထိဖြစ်နေတဲ့ ဘီလာရုစ်ပြဿနာတွေဟာ ကမ္ဘာ့တည်ငြိမ်ရေးကို ကိုင်လှုပ်နေသလို ရုရှားနောက်ကွယ်ကနေပါနေတဲ့ ပြဿနာအများစုဟာ ဒေသတွင်းတည်ငြိမ်မှုကို ဘယ်လောက်ထိ ဂယက်တွေထစေလဲဆိုတာ တရုတ်နဲ့ အမေရိကန် ထိပ်သီးဆွေးနွေးပွဲအကြား ဆွေးနွေးစရာတွေ ဖြစ်လာမလားဆိုတာ စဉ်းစားချင်စရာပါ။

စွမ်းအင်လိုအပ်ချက်ကြီးမားတဲ့ ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အတွက် ဒေသတွင်းအရေးပြီးရင်  စွမ်းအင်အရေးက ရှေ့တန်းရောက်လာစရာရှိနေပါတယ်။လက်ရှိမှာ ဥရောပရဲ့ နာမည်ကြီးဆောင်းရာသီမှာ လောင်စာအကျပ်အတည်းက မလွဲမသွေဖြစ်လာစရာရှိနေပါတယ်။ဒါ့အပြင် ပြင်းထန်တဲ့ ဆောင်းရာသီနဲ့အတူ  ကျန်းမာရေးကပ်ဘေးဖြစ်တဲ့ ကိုဗစ် ဒယ်လ်တာမျိုးကွဲ ဘေးအန္တရာယ်လည်းရှိနေတဲ့အတွက် ဒီဆောင်းရာသီမှာသာ လောင်စာအကျပ်အတည်း ဖြစ်လာနိုင်တာကို မဖြေရှင်းနိုင်ခဲ့ရင် ကိုဗစ်စတုတ္ထလှိုင်းက မတွေးဝံ့စရာဖြစ်လာနိုင်တဲ့ အခြေအနေရှိနေပါတယ်။ဒါကြောင့်လည်း ဘီလာရုစ်လို နိုင်ငံက အီးယူကို သဘာ၀ဓာတ်ငွေ့ဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်နေတာကိုကြည့်ရင် လောင်စာပြဿနာက ဘယ်လောက်ထိဆိုးဝါးနေလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာ ဥရောပရဲ့ စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်တာ အိုပက်နဲ့ ရုရှားဖြစ်နေတာကို တွေ့ရမှာပါ။ရုရှားအနေနဲ့ သူ့ရဲ့ Nord Stream-2 ပိုက်လိုင်းနဲ့ပတ်သက်ပြီး ဂျာမနီရဲ့ အတည်ပြုချက်မရသေးတဲ့အတွက် Nord Stream-1 ပိုက်လိုင်းကနေ တင်ပို့လို့ရတာကို မတင်ပို့ဘဲ ထားနိုင်တဲ့အတွက် ဒီစွမ်းအင်ပြဿနာမှာ တရုတ်နဲ့ အမေရိကန်အကြား ဆွေးနွေးစရာဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် တရုတ်ရဲ့ အရန်ရေနံသိုလှောင်နေမှုက ရေနံစျေးနှုန်းကို ဆွဲတင်သလိုဖြစ်နေသလို ရေနံလောင်စာကစားချင်တဲ့ အိုပက်နဲ့ ရုရှားအတွက် အခွင့်အရေးဖြစ်စေမှာကို ပြန်သုံးသပ်ဖို့လည်းများနေပါတယ်။

ယေဘုယျသဘောတရားအရ ဒေသတွင်း တင်းမာမှုတွေလျှော့ချဖို့ အရေးတကြီးလိုနေသလို ကမ္ဘာ့စီးပွားရေးပြန်ကောင်းဖို့ ဒီနှစ်နိုင်ငံအကြား ကုန်သွယ်မှုကလည်း အရေးကြီးနေပါတယ်။ဒါ့အပြင် ကျန်းမာရေးကပ်ဘေးမှာ ကာကွယ်ဆေးတွေ ပိုထုတ်လုပ်ဖို့နဲ့ ဖြန့်ဖြူးတာတွေ၊ မျိုးကွဲဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးကိစ္စတွေမှာလည်း ဒီနှစ်နိုင်ငံရဲ့လုပ်ဆောင်မှုက အရေးပါတဲ့အနေအထားမှာ ရှိနေပါတယ်။ဒါတွေ ဆွေးနွေးဖို့ ရှိ/မရှိ မသိရပေမယ့် သေချာတာကတော့ ထိုင်ဝမ်ကိစ္စကတော့ အရေးပါတဲ့ ခေါင်းစဉ်အဖြစ် ဆွေးနွေးဖို့များနေပါတယ်။ဘာကြောင့်လဲဆို ဒီလိုဆွေးနွေးဖို့ရှိကြောင်း သတင်းထွက်ပြီးနောက် နိုဝင်ဘာ ၁၃ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်ကို တရုတ်က စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးနေမှုနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် အခြားကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆက်ဆံရေးယိုယွင်းလာခဲ့တဲ့ ကမ္ဘာ့စီးပွားရေးနဲ့ စစ်ရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား နိုဝင်ဘာ ၁၅ ရက်မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲဟာ နှစ်နိုင်ငံအကျိုးစီးပွားနှင့် ဆက်စပ်နေတဲ့ နယ်ပယ်ရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာဖို့ အခွင့်အလမ်းတစ်ခု ရရှိစေမှာတော့ သေချာနေပါတယ်။ဒါပေမယ့် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်
နိုဝင်ဘာ - ၁၅