【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ နီးလာပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းစစ်ပွဲ  အဆုံးသတ်ဖို့ နီးလာပြီလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲက နိုင်ငံတကာသတင်းမီဒီယာတွေမှာ ထိပ်တန်းသတင်းအဖြစ် နေရာယူခဲ့တဲ့သတင်းကတော့ ရုရှားရေနံရောင်းချမှုကို ထိန်းချုပ်ဖို့ စျေးနှုန်းကန့်သတ်ရာကနေ စလာတဲ့ သတင်းတွေပါပဲ။ဒီသတင်းက ဒီတစ်ပတ်မှာ စိတ်ဝင်စားဖို့ကောင်းသလို လက်ရှိအခြေအနေမှာ စစ်ရပ်စဲဖို့ အရိပ်ယောင်ပြနေတဲ့ ရုရှားကိုလည်း တုံ့ဆိုင်းစေခဲ့ပါတယ်။ယူကရိန်းကို ရုရှားကျူးကျော်မှုက ဆယ်လထဲဝင်လာတဲ့အခါ နိုင်ငံတကာစီးပွားရေးနဲ့ အခြားသောကဏ္ဍတွေဖြစ်တဲ့ စားသောက်ကုန်နဲ့ လောင်စာဆီတွေမှာ သက်ရောက်မှုပြင်းထန်လာနေတာကို တွေ့ရပါတယ်။

ဒီတစ်ပတ်မှာ ဒီလိုစိတ်ဝင်စားစရာသတင်းတွေအပြင် အခြားသတင်းတွေလဲရှိပါတယ်။တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ဝင်ရောက်လာလို့ တောင်ကိုရီးယားလေတပ်က သတိပေးခဲ့ရတာ၊ မြောက်ကိုရီးယားက အမေရိကန်ထိပစ်နိုင်တဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့တာ၊ မြောက်ကိုရီးယား နျူစမ်းသပ်ခဲ့ရင် မကြုံစဖူး တုံ့ပြန်မှုရှိမယ်လို့ တောင်ကိုရီးယားသမ္မတက သတိပေးခဲ့တာ၊ ထိုင်ဝမ် ဒေသန္တရရွေးကောက်ပွဲတွေမှာ ဒီပီပီပါတီ ရှုံးနိမ့်မှုကြောင့် သမ္မတ ဆိုင်အင်းဝမ် ပါတီအကြီးအကဲကနေ နုတ်ထွက်ခဲ့ရတာ၊ တရုတ်က တီယန်ဂေါင်း အာကာသစခန်းကို လူလိုက်ပါတဲ့ အာကာသယာဉ် စေလွှတ်နိုင်ခဲ့တာ၊ တရုတ်က နှစ်အနည်းငယ်အတွင်း နျူကလီးယားထိပ်ဖူး ၁၅၀၀ အထိ ပိုင်ဆိုင်လာတော့မယ်လို့ ပင်တဂွန်က သတိပေးခဲ့တာ၊အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင်အဖြစ် လူမည်းတစ်ဦး ပထမဆုံးရွေးချယ်ခံရတာ စတဲ့ ပုံမှန်သတင်းတွေထက် ထူးတဲ့သတင်းတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ တရုတ်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ကျန်ဇီမင်း ကွယ်လွန်ခဲ့ပါတယ်။အသက် ၉၆ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ကျန်ဇီမင်းဟာ သွေးကင်ဆာရောဂါအပြင် ခန္ဒာကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်မလုပ်တော့တာကြောင့်  နိုဝင်ဘာ ၃၀ ရက်မှာ ရှန်ဟိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတဖြစ်လာတဲ့ ကျန်ဇီမင်းဟာ တရုတ်နိုင်ငံကို ကမ္ဘာမှာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်အောင် ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်သွားတဲ့အတွက် ဒီဇင်ဘာ ၁ ရက်ကပြုလုပ်တဲ့ ကုလလုံခြုံရေးညီလာခံမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ကြာငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီလိုသတင်းတွေနဲ့ သတင်းပရိသတ်တွေကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ချိန်မှာပဲ အမေရိကန်ပြည်ထောင် စု ဟာ၀ိုင်အီကျွန်းက ကမ္ဘာ့အကြီးဆုံးမီးတောင်ကြီး ပေါက်ကွဲခဲ့လို့ ဒေသခံတွေနဲ့ သိပ္ပံပညာရှင်တွေ အလုပ်များခဲ့ရပါတယ်။နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးပြန်လည်ပေါက်ကွဲခဲ့တဲ့ ဒီမီးတောင်ဟာ ဟာဝိုင်အီကျွန်းမကြီးရဲ့ တစ်ဝက်ကျော်ကို နေရာယူထားပြီး ပင်လယ်ရေမျက်နှာမြင်အထက် ပေ ၄ ထောင်ကျော်မြင့်တဲ့ မာအူနာလိုအာ မီးတောင်ပေါက်ကွဲမှုက လူအများနေထိုင်တဲ့နေရာထိ ရောက်ရှိနိုင်လားဆိုတာ စောင့်ကြည့်နေရပါတယ်။ဒီမီးတောင်က မီးတောင်ရှင်ဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ နောက်ဆုံးပေါက်ခဲ့သေးတာပါ။ဟာ၀ိုင်အီကျွန်းက မီးတောင်သတင်းကို စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာပဲ အင်ဒိုနီးရှားက  ဆမရူမီးတောင် ထပေါက်ကွဲခဲ့ပါတယ်။မီးတောင်ပေါက်ကွဲရာမှာ လေထုထဲ ပြာမှုန်တွေမှုတ်ထုတ်သလို ချော်ရည်တွေစီးဆင်းလာနေတဲ့အတွက် အလျင်အမြန်ရွှေ့ပြောင်းရတဲ့အထိပါပဲ။  

ယူကရိန်းတောင်းခံနေတဲ့ လေကြောင်းရန်ကာကွယ်စနစ်

သတင်းတွေက  စိတ်ဝင်စားစရာကောင်းတာမှန်ပေမယ့် ကမ္ဘာနဲ့ချီပြီး စိတ်ဝင်စားနေတာက ယူကရိန်းသတင်းတွေပါပဲ။မြေပြင်စစ်ပွဲမှာ အလူးအလဲရှုံးနိမ့်ခဲ့တဲ့ ရုရှားတပ်တွေဟာ အဝေးပစ်မစ်ဇိုင်းတွေနဲ့ ယူကရိန်း လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ စွမ်းအင်အခြေခံအဆောက်အဦတွေကို ပျက်ဆီးအောင် ပစ်ခတ်နေလို့ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းစွမ်းအင်ကဏ္ဍကို ပြန်လည်ထူမဖို့ ကြိုးစားနေရပါတယ်။  

ဆောင်းရာသီဆိုရင် အပူချိန် အနုတ်ဒီဂရီအောက် ၁၀ ကျော်အထိ ကျဆင်းလေ့ရှိတဲ့ ယူကရိန်းရဲ့  စွမ်းအင်အခြေခံအဆောက်အဦတွေ၊ ဓာတ်အားပေးလိုင်းတွေ ရုရှားဒုံးကျည်လက်ချက်နဲ့ ပျက်စီးကုန်လို့ ဆိုးရွားလွန်းတဲ့ ဒီဆောင်းရာသီမှာ ယူကရိန်းပြည်သူတွေကို အနွေးဓာတ်ပေးနိုင်ဖို့ အရေးတကြီးလိုနေပြီဖြစ်ပါတယ်။ဒီလိုမှ အနွေးဓာတ်ပေးဖို့ မလုပ်နိုင်ရင် ယူကရိန်းပြည်သူသန်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေကို ထပ်ဝင်လာဖွယ်ရှိသလို သေဆုံးနိုင်မှုလည်းရှိနေပါတယ်။ဒါကြောင့် ရိုမေးနီးယားနိုင်ငံ ဘူခါရက်မှာ တွေ့ဆုံခဲ့တဲ့ နေတိုးအဖွဲ့ ဝင်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်းလျှပ်စစ်ကဏ္ဍကိုထောက်ပံ့ဖို့ အစီအစဉ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

အစည်းဝေးမစမီပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတိုးအတွင်းရေးမှူးချုပ် ဂျင်းန်စတိုလန်ဘတ်ချ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဆောင်းရာသီကို လက်နက်တစ်ခုလို အသုံးပြုနေတယ်လို့ ပြောခဲ့ပါတယ်။အဲဒီအစည်းအဝေးမှာ နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ယူကရိန်းအတွက် နိုင်ငံရေးအရရော လက်တွေ့ကျတဲ့ အခြားအထောက်အကူတွေကိုပါ လိုအပ်သလို ဆက်လက်ပံ့ပိုးပေးသွားဖို့ ကတိပြုခဲ့ကြပါတယ်။ယူကရိန်းပြည်သူတွေ ဆောင်းတွင်းအမှောင်ထုကြီးထဲ အအေးဒဏ်ခံမလား၊ အသေခံမလားဆိုပြီး တမင်ရည်ရွယ်တိုက်ခိုက်နေမှုဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ယူကရိန်းအစိုးရနဲ့ မဟာမိတ်တွေက ဆိုပါတယ်။ရုရှားက ယူကရိန်း အဆောက်အအုံတွေကို တိုက်ခိုက်ကြောင်း ဝန်ခံပြောဆိုပေမယ့် အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်တာမဟုတ်ဘူးလို့တော့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရုရှားဘက်က တိုက်ခိုက်မူတွေကြောင့် လျှပ်စစ်ပေးဝေရေးစနစ် ပြတ်တောက်ခဲ့ရတဲ့ ယူကရိန်းကို အကူအညီပေးမယ့် ကန်ဒေါ်လာ ၅၃ သန်းတန် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သလို ရုရှားဒုံးကျည်တွေကို တန်ပြန်ဖို့ ပက်ထရီယော့ ဒုံးကျည်စနစ်ပေးဖို့ စဉ်းစားနေပါတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီလို အမေရိကန်ရဲ့ ပက်ထရီယော့ ဒုံးကျည်စနစ် ထောက်ပံ့မယ့်သတင်းကို ရုရှားသမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဒီမီထရီမက်ဗီဒက်က နေတိုးအဖွဲ့ကို သတိပေးခဲ့ပြီး  ရုရှားပစ်မှတ်ဖြစ်လာမယ်လို့ သတိပေးခဲ့ပါတယ်။

အစည်းအဝေးမှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ဒီအစည်းအဝေးမှာ  ရုရှားရဲ့တိုက်ခိုက်မှုဒဏ်က သက်သာရာရစေဖို့ မဟာမိတ်အနောက်နိုင်ငံတွေဖက်က IRIS ၊ ဟားဝပ်ခ်၊ ပက်ထရီယော့တို့လို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်ပွဲရပ်ဖို့လား၊ နားဖို့လား

ဒီတစ်ပတ်ထဲ ယူကရိန်းစစ်ကိုရပ်တန်ဖို့ အမေရိကန်နဲ့ ရုရှားဘက်က စတင်အသံတွေထွက်လာတာကို တွေ့ရပါတယ်။ပြင်သစ်သမ္မတ မက်ခရွန် ဝါရှင်တန်ကိုလာရောက်တဲ့ ခရီးစဉ်အပြီး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က စစ်ပွဲသာရပ်မယ်ဆို ပူတင်နဲ့တွေ့ဖို့ အသင့်ပဲလို့ ပြောခဲ့ပါတယ်။မက်ခရွန်နဲ့ ဘိုင်ဒင် တွေ့ဆုံမှုမှာ ယူကရိန်းနိုင်ငံကို စစ်တိုက်နေတဲ့ ရုရှားကိုဖိအားပေးဖို့ နှစ်နိုင်ငံအနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြဖို့ကို သဘောတူခဲ့ကြတာပါ။ဒါ့အပြင် ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေကြတဲ့ ယူကရိန်းကို ဆက်လက်ကူညီ ပံ့ပိုးသွားမယ်လို့လည်း ကတိပြုခဲ့ကြတာပါ။ဒီတွေ့ဆုံမှုမှာ အမေရိကန်နဲ့ ပြင်သစ်တို့ ညီနောင်တွေအဖြစ် နောက်တစ်ကြိမ်လက်တွဲဖို့ လိုအပ်တဲ့ အခြေအနေတွေဖြစ်တယ်လို့ ပြောခဲ့တာလည်းရှိခဲ့ပါတယ်။ဒီနောက်မှာ ဘိုင်ဒင်က စစ်ပွဲရပ်မယ်ဆိုရင် ပူတင်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်ဆိုပြီး ပြောခဲ့တာပါ။  

မက်ခရွန်ကတော့ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်အနေနဲ့ ဆွေးနွေးလာမယ်ဆိုရင် လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားကို ဘယ်လိုအာမခံချက်ပေးမလဲဆိုတာကို အနောက်နိုင်ငံတွေအနေနဲ့ စဉ်းစားသင့်တယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ဘိုင်ဒင်ရဲ့ ဒီစကားထွက်ပြီး မရှေးမနှောင်းမှာ ကရင်မလင်ဘက်ကနေ ယူကရိန်းစစ်ပွဲကိုဖြေရှင်းဖို့ တံခါးဖွင့်ထားကြောင်းနှင့် သံတမန်ရေးဖြေရှင်းမှုကို ယုံကြည်ကြောင်း ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူလို့သိထားတဲ့ ပက်စကော့ဗ့်က ပြောခဲ့ပါတယ်။ဒါပေမဲ့ ဘိုင်ဒင်ပြောသလို ယူကရိန်းမှ ရုရှားတပ်တွေ ရုပ်သိမ်းပြီးမှ တွေ့နိုင်မယ်ဆိုတာကို တပ်တွေရုပ်သိမ်းမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဒီလို လေသံတွေထွက်လာချိန်မှာ မက်ခရွန်က ယူကရိန်းနိုင်ငံသားတွေ လက်မခံနိုင်မယ့် အလျှော့ပေးမှုတွေအတွက် ဝင်ညှိနှိုင်းပေးမှာ မဟုတ်ဘူးဆိုပြီး ပြောခဲ့တာကလည်း သတိထားမိဖွယ်ဖြစ်ပါတယ်။ဒါပေမဲ့ ဒီအခင်းအကျင်းတွေက သောကြာနေ့အစောပိုင်းမှာ ပြိုပျက်သွားခဲ့ပါတယ်။ဒါက ရုရှားပင်လယ်ထွက် ရေနံတွေကို G-7 နိုင်ငံတွေနဲ့ ဩစတြေးလျနိုင်ငံက တစ်စည်ကို ဒေါ်လာ ၆၀ စျေးနှုန်းသတ်မှတ်ပြီး ဝယ်ကြဖို့ သတ်မှတ်လိုက်တာပါ။ဒါဟာ လက်ရှိပေါက်စျေးထက် ၅ ရာခိုင်နှုန်းလျော့နည်းပြီး ဒီလိုသတ်မှတ်ရတဲ့ ရည်ရွယ်ချက်ကလည်း ရုရှားရဲ့ ရေနံကရတဲ့ ဝင်ငွေကို လျှော့ချနိုင်ဖို့ဆိုပါတယ်။ယူကရိန်းဘက်က‌တော့ ဒါဟာ နည်းလွန်းတယ်ဆိုပြီး ထိရောက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီလိုစျေးသတ်မှတ်တာကို ရုရှားက ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။ဒါ့အပြင် ထောက်ခံတဲ့နိုင်ငံတွေကို ရေနံမရောင်းဘူးဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ဒီလိုစျေးနှုန်းသတ်မှတ်တာဟာ ဒီဇင်ဘာ ၅ ရက်က စတင်အသက်ဝင်တာမို့ ဈေးကွက်ကနေ ရုရှားရေနံအများအပြား လျော့ကျသွားဖွယ်ရှိတာမို့ စျေးကွက်က မရေမရာဖြစ်သွားပါတယ်။လက်ရှိမှာ ရေနံစျေးနှုန်းကလည်း ကျဆင်းနေတာမို့ စျေးကွက် ကမောက်ကမဖြစ်လာဖို့ များနေပါတယ်။

နိုင်ငံရေးမှာလည်း ပြန်လည်တင်းမာလာနိုင်မှုတွေ မြင့်တက်လာတာမို့ ယူကရိန်းစစ်ပွဲပြီးဆုံးဖို့ဆိုတာ ခန့်မှန်းဖို့တောင်ဝေးနေတဲ့ အနေအထားဖြစ်နေပါတယ်။နိုင်ငံတကာစစ်ရေးသုတေသီတွေ ခန့်မှန်းထားသလိုပဲ နှစ်ဘက်စလုံးမှာ တစ်ဘက်ဘက်က စီးပွားရေးပြိုလဲမှသာ စစ်ပွဲကပြီးမှာမို့ ဒီဆောင်းရာသီအပြီး ရုရှားရဲ့အခြေအနေက ပြိုသွားမလား၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ စီးပွားရေးကပြိုသွားမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

မင်းထက်