【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်း တန်ပြန်ထိုးစစ်ကို ရုရှား စိုးရိမ်နေသလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်း တန်ပြန်ထိုးစစ်ကို ရုရှား စိုးရိမ်နေသလား

ယခုတစ်ပတ် နိုင်ငံတကာမှာဖြစ်ခဲ့တဲ့ သတင်းတွေက နိုင်ငံတကာသတင်းပရိသတ်တွေကို ခေတ်ရဲ့အခြေအနေကို ဖွင့်ဟပြနေပါတယ်။အထူးသဖြင့် ယူကရိန်းစစ်နဲ့ ဆိုင်တဲ့ သတင်းတွေပါပဲ။

ယူကရိန်းကို NATO ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ခေတ်မီလက်နက်တွေ စတင်ပေးပို့မှု စလာတဲ့အချိန်မှာ ယခင်က ယူကရိန်းကို အနောက်နိုင်ငံက တင့်ကားတွေ ရောက်လာရင် မီးရှို့ဖျက်ဆီးမယ်ဆိုပြီး ကြုံးဝါးခဲ့တဲ့ ရုရှားဘက်က ယခုအခါမှာ ယူကရိန်းစစ်ပွဲထဲ NATO တိုက်ရိုက်ပါဝင်နေတယ်ဆိုပြီး စွပ်စွဲမှုတွေ လုပ်လာနေတာကို တွေ့လာနေရပါတယ်။

ဒီတစ်ပတ်မှာ ယူကရိန်းစစ်ပွဲ အကျပ်အတည်းနဲ့ပတ်သက်ပြီး ရုရှားဘက်က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကို စကားဦးသန်းသလို ရုရှားရဲ့ မဟာဗျူဟာကျတဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကလည်း အချက် ၁၂ ချက်ပါ အကျပ်အတည်းဖြေရှင်းဖို့ ကြေညာချက်ကို ထုတ်ခဲ့တာ တွေ့ရပါတယ်။ဒီလိုဖြစ်လာနေတာတွေကိုကြည့်ရင် ယူကရိန်းစစ်ပွဲမှာ ထင်သလိုမဖြစ်ခဲ့တဲ့ ပူတင်အနေနဲ့ စစ်ရှုံးမှာကို စိုးရိမ်နေပြီလားဆိုတဲ့ ယူဆချက်တွေ နိုင်ငံတကာမှာ ဒီတစ်ပတ် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။  

ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာမှာဖြစ်နေတဲ့ တခြားသတင်းတွေကို သတိမထားမိအောင် ဖြစ်နေပေမယ့် ဒေသတွင်းနဲ့ နိုင်ငံတကာအတွက် သတိထားရမယ့် အခြားသတင်းတွေလည်းရှိပါတယ်။စစ်ပွဲအကျိုးသက်ရောက်မှုအဖြစ် နေထိုင်ကုန်ကျမှုစရိတ်တွေ နိုင်ငံတကာမှာ မြင့်တက်နေရာမှာ ပေါ်တူဂီမှာ ဆန္ဒပြမှုတွေ ဖြစ်နေသလို စစ်သားစုဆောင်းခံရတဲ့အထဲ ပါမှာစိုးပြီး ထိုင်းနိုင်ငံမှာ လာရောက်တိမ်းရှောင်နေတဲ့ ရုရှားနိုင်ငံသားတွေ များလာနေတဲ့ သတင်းလည်းရှိပါတယ်။

ကျန်းမာရေးဆိုင်ရာ သတင်းမှာဆိုရင် အခုထိ မပြီးသေးတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဟာ မျိုးကွဲအိုမီခရွန်ကနေ ထပ်ပွားတဲ့ မျိုးကွဲသစ် XBB.1.5 အမေရိကန်နိုင်ငံမှာ ဖြစ်တဲ့ ကူးစက်မှုရဲ့ ၈၅ ရာခိုင်နှုန်းအထိ ရှိနေတာ၊ ဂါနာမှာ ကလေးသူငယ်တွေအတွက် ကာကွယ်ဆေးပြတ်လပ်မှုဖြစ်နေတာ၊ ကမ္ဘောဒီးယားမှာ ကြက်ငှက်တုပ်ကွေး (H5N1) ဗိုင်းရပ်စ်ကနေ လူကိုကူးပြီး သေဆုံးမှုဖြစ်ခဲ့လို့ WHO က အနီးကပ်ပူးပေါင်းဆောင်ရွက်နေရတာ၊ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားမှာ မိုင်းတွင်းပြိုကျလို့ လူအသေအပျောက်ရှိခဲ့တာ စတဲ့ သတင်းတွေရှိပါတယ်။

ဒီတစ်ပတ်မှာတော့ ယူကရိန်းစစ်ပွဲသတင်းတွေနဲ့ ရုရှားဘက်က ခပ်လှုပ်လှုပ်ဖြစ်လာနေတဲ့ သတင်းတွေက ပိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

           အနောက်နိုင်ငံ တင့်ကားတွေ ယူကရိန်းရောက်ပြီ

ဒီတစ်ပတ်မှာ ယူကရိန်းကို ပိုလန်က ဂျာမနီရဲ့ Lepoard-2 တင့်ကား တပ်ခွဲ တစ်ခုစာ စတင်ပေးပို့ခဲ့ပါတယ်။ဒါဟာ  အနောက်နိုင်ငံက တင့်ကားတွေ ယူကရိန်းမြေကိုနင်းတာနဲ့ မီးရှို့ချေမှုန်းပစ်မယ်ဆိုပြီး ကြိမ်းဝါးခဲ့တဲ့ ရုရှားအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အထိနာစရာဖြစ်ခဲ့ပါတယ်။

ရုရှား ကျူးကျော်စစ် တစ်နှစ်ပြည့်မှာ ပိုလန်ဝန်ကြီးချုပ်ဟာ ဂျာမန်လုပ် Leopard 2A6 တင့်ကား ပထမအသုတ်နဲ့အတူ ကိယက်ဗ်မြို့တော်ကို ရောက်ရှိလာတာဖြစ်ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဆွီဒင်အစိုးရကလည်း ရုရှားကျုးကျော်စစ် တစ်နှစ်ပြည့်နေ့မှာပဲ Leopard 2 တင့်ကား ၁၀ စီး အမြန်ဆုံးပေးပို့မယ်လို့ ပြောခဲ့သလို အမေရိကန်ကတော့ ယူကရိန်းကို စစ်ရေးအကူအညီ နောက်ထပ် ဒေါ်လာ ၂ ဘီလျံဖိုး ပေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ တစ်နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်တဲ့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်နဲ့ပတ်သက်ပြီး ရုရှားခေါင်းဆောင် ပူတင်က သူ့ရဲ့မအောင်မြင်မှုကို ဖုံးကွယ်နိုင်ဖို့ သူ့ကိုထောက်ခံတဲ့ ရုရှားနိုင်ငံသားတွေကို ဒီစစ်ပွဲဟာ အနောက်နိုင်ငံတွေက စခဲ့တာဖြစ်ပြီး ဒါကို သူက အင်အားသုံးရပ်တန့်ခဲ့ရတာအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောခဲ့ပါတယ်။အဲဒီရက်မှာဘဲ နျူကလီးယားထိန်းချုပ်ရေးစာချုပ်ကနေ နုတ်ထွက်တယ်လို့ ပြောခဲ့ပေမယ့် နောက်ရက်တွေမှာတော့ နုတ်ထွက်တာမဟုတ်ဘဲ ရပ်တန့်တာဖြစ်ပြီး နျူကလီးယားဒုံးကျည် စမ်းသပ်ရင် အမေရိကန်ကို သတိကြိုပေးမယ်လို့ ပြောခဲ့ပြန်ပါတယ်။

အမေရိကန်သမ္မတ ဘိုင်ဒင်ကလည်း ပူတင်ပြောပြီး နာရီပိုင်းမှာပဲ ဝါဆောလ်မှာပြုလုပ်တဲ့ ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့်အတွက် မိန့်ခွန်းမှာ ယူကရိန်းအပေါ် ထောက်ခံမှုဟာ ဘယ်တော့မှယိုင်လဲမှာ မဟုတ်ဘူး။နေတိုးဟာလည်း ဘယ်တော့မှသွေးကွဲမှာ မဟုတ်သလို မိမိတို့ဟာ ခြေကုန်လက်ပန်းကျမှာလဲ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ပူတင်ကို ရည်ရွယ်ပြီး အနောက်နိုင်ငံများအနေဖြင့် ရုရှားကို တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်းနှင့် ယခုစစ်ပွဲဟာ ပူတင်ရဲ့ ရွေးချယ်မှုသာဖြစ်ပြီး နေ့စဉ်နေ့တိုင်းသည်လည်း ပူတင်၏ ရွေးချယ်မှုသာ ဖြစ်နေမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ဒါ့အပြင် ယခုစစ်ပွဲကို အာဏာရှင်နှင့် ဒီမိုကရေစီကြားမှ စစ်ပွဲအဖြစ် ဘိုင်ဒင်က သတ်မှတ်ခဲ့ပါတယ်။

စစ်ပွဲ တစ်နှစ်ပြည့်လာချိန်မှာ အခြေအနေတွေက ပြောင်းလဲစပြုလာနေပါတယ်။မဟာမိတ်တွေက ယူကရိန်းကို ထပ်တိုးမြှင့်ထောက်ပံ့ဖို့ ကြိုးစားနေသလို NATO နိုင်ငံတွေကလည်း လက်နက်ထုတ်လုပ်မှု တိုးမြှင့်ဖို့ ကြိုးစားနေပါတယ်။ယခုအချိန်မှာ ယူကရိန်းစစ်ပွဲက အရေးပါသောအချိန်ကိုရောက်နေပြီး ရုရှားက တိုက်စစ်ထိုးပြီးနောက် မကြာမီမှာ ယူကရိန်းဘက်ကနေ တန်ပြန်တိုက်စစ်ထိုးလာဖို့ ပြင်ဆင်နေတာကြောင့် ယူကရိန်းထိုးစစ် အောင်မြင်မှာကို ရုရှားဘက်က စိုးရိမ်တကြီးဖြစ်နေပါတယ်။

အမေရိကန်က ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားကို ယူကရိန်းပိုင်အဖြစ် ယခုထိ သတ်မှတ်ထားပြီး အတင်းအကျပ် ရုရှားနယ်ထဲ ထည့်သွင်းထားတဲ့ ဒေသလေးခုကို ယူကရိန်းက ပြန်တိုက်ယူနေတာကိုလည်း စစ်လက်နက် ပုံအောထောက်ပံ့နေလို့ မကြာခဏဆိုသလို ရုရှားဘက်က ခြိမ်းခြောက်ဟန့်တားမှုတွေ ပြုခဲ့ပါတယ်။ဒါပေမဲ့ အမေရိကန်နဲ နေတိုးနိုင်ငံတွေက ဂရုမပြုသလို ယခုအခါမှာ F-16 တိုက်လေယာဉ်တွေပေးဖို့ နှပ်ကြောင်းပေးမှုတွေ တွေ့လာနေရပြီဖြစ်ပါတယ်။

ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ ဒီမီထရီ မက်ဗီဒက်ဆိုရင် ပိုလန်က ဂျာမန်လုပ် Leopard 2 တင့်ကားတွေ ယူကရိန်းကိုပေးလို့ ပိုလန်ဟာ ငြိမ်းချမ်းရေးကို မလိုချင်ဘူးဆိုတာ ထင်ရှားနေတယ်ဆိုပြီး ဒေါသူပုန်ထနေပါတယ်။ရုရှားပြည်တွင်းမှာလည်း ရုရှားလွှတ်တော်အမတ်တွေကိုယ်တိုင် ပူတင်ရဲ့ မိန့်ခွန်းကို ပြက်ရယ်ပြုလို့ ဖမ်းဆီးစစ်ဆေးတာတွေ ဖြစ်နေပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ တရုတ်ဘက်က အချက် ၁၂ ချက်ပါ ယူကရိန်းအကျပ်အတည်း နိုင်ငံရေးပြေလည်မှုဆိုင်ရာ သဘောထားစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ဒီမတိုင်ခင် ရုရှားကို တရုတ်အထူးသံတမန် ဝမ်ယိ သွားခဲ့လို့ ဝေဖန်မှုတွေ အနောက်မီဒီယာတွေမှာ မြင့်တက်ခဲ့ပါတယ်။ဒီသဘောထားစာတမ်းမှာ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရန်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန်ပါပြီး လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကိုလည်း တရုတ်နိုင်ငံက ကန့်ကွက်တာကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။ဒါအပြင် နျူလက်နက်သုံးတာကိုလည်း နှစ်ဘက်လုံးကို သဘောမတူတာကို တိတိကျကျ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီသဘောထားစာတမ်းထွက်ပြီး အဲဒီရက်မှာဘဲ ABC သတင်းဌာနက အမေရိကန်သမ္မတကိုမေးရာမှာ ဘိုင်ဒင်က “ရုရှားမှလွဲ၍ အခြားမည်သူ့ကိုမျှ အကျိုးရှိစေမယ့် တစ်စုံတစ်ရာကို အစီအစဉ်ထဲ ကျွန်ုပ်မတွေ့ခဲ့ရဘူး” လို့ ပြောခဲ့ပါတယ်။တရုတ်ရဲ့ ဒီအစီအစဉ်ကို ရုရှားဘက်က လက်ခံခဲ့ပေမယ့် အနောက်နိုင်ငံတွေဘက်က ယူကရိန်းကနေ ရုရှားတပ်တွေ ဆုတ်ခွာရုပ်သိမ်းဖို့ မပါတဲ့အတွက် လက်ခံတဲ့အနေအထား မပြခဲ့ပါဘူး။ယူကရိန်းသမ္မတ ဇီလင်စကီးက ဒီအစီအစဉ်အရ တရုတ်သမ္မတနဲ့တွေ့ဖို့ သူမျှော်လင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါ့အပြင် ရုရှားကို တရုတ်က လက်နက်တွေ ထောက်ပံ့မှာ မဟုတ်ဘူးလို့ ကျွန်တော် တကယ်ယုံကြည်ချင်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ဖေဖော်ဝါရီ ၂၆ ရက် ရုရှားအစိုးရရုပ်သံ မေးမြန်းခန်းမှာ အနောက်အုပ်စုရဲ့ မူလပန်းတိုင်ဟာ ဆိုဗီယက်ပြည်ထောင်စုနဲ့ သူ့ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ရုရှားနိုင်ငံကို ဖျက်သိမ်းဖို့ပဲဖြစ်တယ်လို့ ပြောခဲ့ပြန်ပြီး အနောက်နိုင်ငံတွေရဲ့ ရုရှားပြိုကွဲရေးစီမံချက်ကို ကြိုတင်ကာကွယ်ဖို့ ယူကရိန်းအထူးစစ်ဆင်ရေးကို မဖြစ်မနေလုပ်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။ဒါကြောင့် အနောက်နိုင်ငံတွေရဲ့ ရည်ရွယ်ချက်ကို မဖြစ်မနေတုံ့ပြန်ဖို့ ဖိအားပေးခံနေခဲ့ရတာဖြစ်ပြီး ရုရှားလုံခြုံရေးအတွက် ယူကရိန်းအထူးစစ်ဆင်ရေးကို ဆင်နွှဲရတာလို့ ပြောခဲ့ပါတယ်။

အဲဒီ ၂၆ ရက်မှာပဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ယူကရိန်းနိုင်ငံထဲကနေ ရုရှားတပ်တွေ ဆုတ်ခွာပြီး စစ်ပွဲရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ အဆိုကို မဲခွဲခဲ့ပါတယ်။အဲဒီအဆိုကို ထောက်ခံမဲ ၁၄၁ မဲ၊ ကြားနေမဲ ၃၂ မဲ ကန့်ကွက်မဲ ၇ မဲနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့ပါတယ်။ဒီအဆိုကို ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ မာလီ၊ နီကာရာဂွါနဲ့ ဆီးရီးယားတို့က ကန့်ကွက်ပြီး တရုတ်၊ အီရန် ၊ အိန္ဒိယ၊ လာအိုနဲ့ ဗီယက်နမ်အပါအဝင် ၃၂ နိုင်ငံက ကြားနေခဲ့ပါတယ်။ဒီအဆို အောင်မြင်တာကို ရုရှားအမြဲတမ်းကိုယ်စားလှယ် ဒုတိယခေါင်းဆောင် ဒီမီထရီ ပိုလ်ယံစကီက နိုင်ငံအားလုံးကမဟုတ်ဘဲ ၁၄၁ နိုင်ငံ ကပဲ ထောက်ခံခဲ့တာလို့ ပြောခဲ့ပြန်ပါတယ်။

စစ်ရေးအရဆိုရင် နှစ်ဘက်လုံးမှာ စစ်ပန်းနေတယ်ဆိုပေမယ့် ရေရှည်မှာ ရုရှားက အများနဲ့ တစ်ယောက်ဖြစ်သလို သူအသေတွက်ထားတဲ့ စွမ်းအင်လက်နက်ကလည်း အနောက်နိုင်ငံတွေက သေချာပြင်ဆင် ရင်ဆိုင်ခဲ့တာမို့  တရွေ့ရွေ့ကျဆင်းဖို့က သေချာနေပါတယ်။ဒါ့အပြင် အနောက်နိုင်ငံထုတ် လက်နက်တွေနဲ့ တိကျသေချာတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းတွေထားတဲ့အတွက် အခု တန်ပြန်ထိုးစစ်မှာ အထူးအရေးပါတဲ့ ဂျာမန်တင့်ကားတွေ၊ အမေရိကန်ရဲ့ အဆင့်မြင့်တင့်ကားတွေ ပါလာတော့မှာမို့ စစ်ပွဲမှာ အနောက်နိုင်ငံလက်နက်တွေသုံးရင် NATO က စစ်ပွဲမှာ ပါဝင်နေတယ်ဆိုတဲ့ သဘောကို ပြောနေတာလည်း တွေ့လာနေရပါတယ်။

ဒီအခြေအနေမှာ တရုတ်ဘက်က ထုတ်ပြန်တဲ့ အချက် ၁၂ ချက်ပါ ယူကရိန်းအကျပ်အတည်းကို ပြေလည်စေမယ့် ကြေညာချက်ဟာ ရုရှားဘက်ကို အနားရစေတယ်လို့ အနောက်နိုင်ငံတွေက ယူဆပြီး စစ်ပွဲကိုရပ်မယ့်ပုံ မရှိပါဘူး။

ဒီတစ်ချီမှာ ရုရှားကို နိုင်အောင်တိုက်မှ အနောက်နိုင်ငံတွေအနေနဲ့ ဥရောပမှာ ရုရှားက ဩဇာပြန်လွှမ်းဖို့ ကြိုးစားနေတာကို ရပ်တန့်နိုင်မှာဖြစ်လို့ ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ပါဘူး။ကုလမှာလည်း ရုရှားတပ်တွေ ပြန်ဆုတ်ပေးဖို့ အဆိုအောင်မြင်ထားတာမို့ ရုရှားအနေနဲ့ စစ်ပွဲကို ပြီးအောင်မတိုက်ရင် ယခင်ကသိမ်းထားတဲ့ ခရိုင်းမီးယားပါ ယူကရိန်းကို ပြန်ပေးရမှာပါ။တကယ်လို့ တိုက်ရင်လည်း နိုင်ဖို့မသေချာတော့လို့ ရွေးချယ်စရာပျောက်နေတဲ့ အနေအထားဆီ ရွေ့နေပါ တယ်။  

ဒီတစ်ပတ်မှာ ရုရှားဘက်က ကြုံးဝါးသံတွေ များနေပေမယ့် အနောက်နိုင်ငံတွေက ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေတာကနေ ယူကရိန်းကို ပို့စရာရှိတာတွေ ပို့နေပါပြီ။ဒါကြောင့်  မကြာမီရောက်လာမယ့် ဥရောပနွေဦးရာသီမှာ ယူကရိန်းတန်ပြန်ထိုးစစ် ဆင်နွှဲမယ့်အထိ ပူတင် တောင့်ခံနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

နျူကလီးယားသုံးဖို့ဆိုတာ တရုတ်က တိတိလင်းလင်း တားလိုက်ပြီမို့  ယူကရိန်းစစ်ပွဲကနေ ရုရှား ဘယ်လိုရုန်းထွက်နိုင်မလဲ၊ အသက်တွေ ဘယ်လောက်ထပ်သေရဦးမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်