【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်း တန်ပြန်ထိုးစစ် ဘယ်လောက်ထိ အလုပ်ဖြစ်မလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်း တန်ပြန်ထိုးစစ် ဘယ်လောက်ထိ အလုပ်ဖြစ်မလဲ

ဒီတစ်ပတ်မှာ သတင်းအချို့က သတိထားစရာကောင်းလောက်အောင် ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို တရုတ်က အာရုံစိုက်ပြီး လုပ်ဆောင်နေတဲ့အချိန်မှာ တရုတ်တည်ရှိရာ အာရှ-ပစိဖိတ်ဒေသမှာ စစ်ရေးနဲ့ နိုင်ငံရေးတင်းမာမှုတွေ ဖြစ်နေခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် တင်းမာချိန် ထိုင်ဝမ်အနီး တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုအပြီးမှာ အမေရိကန်ရေတပ်ဖျက်သင်္ဘော ဖြတ်သန်းခဲ့တာ၊အမေရိကန်ဘက်က တရုတ်လူမျိုး အမေရိကန်နိုင်ငံသားနှစ်ဦးကို လျှို့ဝှက် တရုတ်ရဲစခန်း ထူထောင်ဖို့ ကြိုးစားတယ်ဆိုပြီး ဖမ်းဆီးတရားစွဲခဲ့တာ၊ ဂျပန်က သူ့နိုင်ငံရဲ့ ၅ နှစ်တာ မူဝါဒမှာ တရုတ်စစ်သြဇာထူထောင်လာခြင်းကို ကာကွယ်ဖို့ ရေအောက် မောင်းသူမဲ့ဒရုန်းထုတ်ဖို့ ထည့်ခဲ့တာ၊ ဂျာမနီက ရုရှားသံတမန် ၂၀ ဦးကို နှင်ထုတ်ခဲ့တာ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယယ်လန်က တရုတ်နှင့် အပြုသဘောဆောင် မျှတသည့် စီးပွားရေးဆက်ဆံရေး လိုလားကြောင်း ပြောခဲ့တာ၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ မြောက်ကိုရီးယားစစ်ရေးကို တန်ပြန်ဖို့ စစ်ရေးလေ့ကျင့်ခဲ့တာ၊ မြောက်ကိုရီးယားခေါင်းဆောင်က  သူလျှိုဂြိုဟ်တုလွှတ်တင်ဖို့ အမိန့်ပေးထားတာ စတဲ့ ဒေသတွင်းသတင်း သတိထားရမယ့် သတင်းတွေလည်း ရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက အကြမ်းဖက်မှုသတင်းတွေမှာဆိုရင် ဘာကီနာဖာဆိုမှာ  လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုသတင်းတွေ၊  ၂၀၂၀ ခုနှစ်က တီဟီရန်မှာ ယူကရိန်းလေယာဉ်ကိုပစ်ချတဲ့ အီရန်တပ်မှူးကို ထောင် ၁၃ နှစ် ချလိုက်တာတွေ၊ ယီမင်က ရာမာဒန်အလှူပွဲမှာ လူအုပ်ပြိုကျလို့ အနည်းဆုံး ၇၈ ဦးသေဆုံးခဲ့တဲ့ သတင်းတွေ၊ မှိုကောက်သည့် အရပ်သား လူ ၄၁ ဦးကို ISIS က ဆီးရီးယားမှာ တနင်္ဂနွေနေ့က သတ်ဖြတ်ခဲ့တာတွေ၊ အမေရိကန်နိုင်ငံ အလာဘားမားမှာ မွေးနေ့ပါတီကျင်းပစဉ် ဝင်ပစ်ခတ်ခဲ့လို့ ၄ ဦးသေဆုံးခဲ့တဲ့ သတင်းတွေ၊ ပေကျင်းဆေးရုံ မီးလောင်မှု လူ ၂၁ ဦးသေဆုံးတဲ့ သတင်းတွေ၊ ဆူဒန်မှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ပြည်သူစစ်တွေကြား တိုက်ပွဲတွေပြင်းထန်လာပြီး အနည်းဆုံး အရပ်သား ၄၂၀ သေဆုံးခဲ့တဲ့ သတင်းတွေ၊ အမေရိကန်သံတမန်ယာဉ်တန်း ဆူဒန်မှာ ပစ်ခတ်ခံရလို့ အမေရိကန်စစ်တပ် ဆူဒန်နားရောက်လာတဲ့ သတင်းတွေ၊ SpaceX ရဲ့ ဧရာမ Starship အာကာသဒုံးပျံ ပစ်လွှတ်ပြီး မကြာခင် ပေါက်ကွဲတဲ့သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးဆိုင်ရာ သတင်းတွေဆိုရင်လည်း  ဂျပန်မှာ ကျင်းပတဲ့ G-7 အစည်းအဝေးမှာ မြောက်ကိုရီးယားနှင့် ရုရှား ရန်စမှုများကို ကန့်ကွက်ခဲ့တာ၊  တရုတ်က G-7 နိုင်ငံတွေရဲ့ ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်ပြီး တာဝန်မဲ့ မှတ်ချက်ကို ကန့်ကွက်ခဲ့တာ၊ ရုရှားဘက်ပါတဲ့ ဘရာဇီးသမ္မတကို အမေရိကန်က ရုရှား၏ ဝါဒဖြန့် "ကြက်တူရွေး" လို့ ခေါ်ခဲ့တာ၊ အီရန်နှင့် အိုမန်အကြား ဟော်လ်မုဇ်ရေလက်ကြားကို အမေရိကန် မောင်းသူမဲ့သင်္ဘော ပထမဆုံးဖြတ်သန်းခဲ့တာ၊ ဟွန်ဆန်နေရာကို ဆက်ခံမယ့် သားဖြစ်သူကို ကမ္ဘောဒီးယားစစ်တပ်က ရာထူးတက်ပေးခဲ့တာ စတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ယခုတစ်ပတ် ဆူဒန်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်နေတဲ့ သတင်းတွေ၊ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စတင်ဖို့ အနောက်မဟာမိတ်နိုင်ငံတွေက လက်နက်ခဲယမ်းမီးကျောက်တွေ ပြင်ဆင်စုဆောင်း ပေးပို့နေတဲ့  သတင်းတွေကသာ ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။ဒီသတင်းနှစ်ခုထဲမှာ  ယူကရိန်း တန်ပြန်ထိုးစစ်သတင်းက  စိတ်ဝင်စားစရာ နောက်ခံတွေရှိနေသလို ယနေ့ ကမ္ဘာ့ပါဝါအခြေအနေကို ရုတ်ခြည်းပြောင်းလဲသွားနိုင်တဲ့အထိ ဖြစ်လာနိုင်တာမို့ စိတ်ဝင်စားစရာပါ။

ဒါကြောင့် ဒီတစ်ပတ်မှာ ဒီသတင်းကို အဓိကထားပြီး ဖော်ပြချင်ပါတယ်။   

          ယူကရိန်း တန်ပြန်ထိုးစစ် တကယ်လား

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ ရုရှားခရီးစဉ် စခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုးဂူရဲ့ ဖိတ်ကြားချက်အရ လာရောက်ခဲ့တယ်ဆိုပေမယ့် ဒါဟာ ပြီးခဲ့တဲ့မတ်လက သမ္မတ ရှီကျင့်ဖျင်ရဲ့ မော်စကိုခရီးစဉ် နောက်ဆက်တွဲဖြစ်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီး ခရီးစဉ်အပြီး တရုတ်ဘက်က ထုတ်ပြန်ချက်မှာ စစ်ဆင်ရေး စစ်မျက်နှာ၊ စစ်ရေးတပ်ဖွဲ့ခွဲများ၊ ကောလိပ်များအကြား အပြန်အလှန်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ရုရှားအနေနဲ့ လက်နက်ခဲယမ်းချို့တဲ့မှုကြောင့် ယူကရိန်းကို သိသိသာသာ တိုက်ခိုက်နိုင်မှု ကျဆုံးလာတဲ့ အခြေအနေမှာ အီရန်၊မြောက်ကိုရီးယားတို့ဆီကနေ လက်နက်ခဲယမ်း အားကိုးနေရပြီး တရုတ်ဘက်ကနေပါ လက်နက်ခဲယမ်းရယူဖို့ အားထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။

ဧပြီ ၁၆ ရက်က ယူကရိန်းအရှေ့ပိုင်းကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်လို့ လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။အရပ်သားအခြေချနေထိုင်တဲ့ အဲဒီနေရာတွေကို ရုရှားက ၁၆ နာရီအတွင်း စုစုပေါင်းတိုက်ခိုက်မှု ၅၆ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၁၇ ရက်မှာ ဆွီဒင်နိုင်ငံရဲ့ အင်အားအကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ AURORA 23 ကို စတင်ခဲ့ပါတယ်။မေ ၁၁ ရက်အထိ ပြုလုပ်သွားမယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ ဆွီဒင်တပ်မတော်က အင်အားသုံးသောင်းနီးပါးနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေ၊ ပိုလန်နဲ့ အက်စတိုနီးယားအပြင် ယူကရိန်းတပ်ဖွဲ့တွေပါ ပါဝင်လေ့ကျင့်မယ်လို့ ထုတ်ပြန်ထားလို့ ယူကရိန်းနဲ့ ဥရောပတစ်ခုလုံးနီးပါး ပေါင်းစည်းနေတဲ့ အခင်းအကျင်းကိုပြနေတဲ့ သဘောပါပဲ။

ရုရှားရန်ကို စိုးရွံတဲ့ အရှေ့ဥရောပက နိုင်ငံတွေဟာ ယူကရိန်းကို ယခုရက်ပိုင်း ဘက်ပေါင်းစုံကနေ ခပ်စိပ်စိပ်ထောက်ပံ့နေတာကို မြင်လာနေရပါတယ်။ဆလိုက်ဗက်အစိုးရဟာ ဒီတစ်ပတ်မှာ သူ့မှာရှိတဲ့ ဆိုဗီယက်လုပ် MiG 29 တိုက်လေယာဉ် ၁၃ စင်းစလုံး ယူကရိန်းကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ဒါကို ရုရှားက ကန့်ကွက်ခဲ့ပါတယ်။  

ရုရှားက ယူကရိန်းဘက်မှာ စစ်ရေးအားလျော့တယ်ဆိုပေမယ့် ပတ်ဝိုင်းတာခံနေရတဲ့ သူ့အခြေအနေကိုလည်း သတိထားမိပုံရပါတယ်။ဒီတစ်ပတ်မှာ အငြင်းပွားနေတဲ့ ဆခါလင်ကျွန်းစုနဲ့ ဂျပန်ကူရီလ်ကျွန်းအနားမှာ ရုရှားပစိဖိတ်ရေတပ်ရဲ့ အဆင့်မြင့်စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

ပထမအဆင့် စမ်းသပ်မှုမှာ အောင်မြင်တယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒီစမ်းသပ်မှုမှာ မဟာဗျူဟာမြောက်ဒုံးကျည် တင်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောတွေ အသင့်ဖြစ်မှုကို စမ်းသပ်ခဲ့တယ် ဆိုပါတယ်။ဒီနောက်မှာတော့ ရုရှားအစိုးရသတင်းတွေမှာ ရုရှားပစိဖိတ်ရေတပ်ဌာနချုပ်ရဲ့ ဌာနမှူးချုပ် ဗိုလ်ချုပ်ကြီး ဆာဂေး အဗာရန့်တ်ကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ဖော်ပြမှုကို တွေ့ရပါတယ်။

ရုရှားဟာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတင် မကပါဘူး။တခြားဘက်မှာလည်း ခပ်သွက်သွက်လှုပ်ရှားမှုတွေ ရှိနေပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုးဂူဟာ ဧပြီ ၁၈ ရက်က ရုရှားနျူကလီးယားတပ်ဖွဲ့ အခြေစိုက်စခန်းဖြစ်တဲ့ ကလူဂါကို သွားရောက်ပြီး နျူကလီးယားဒုံးကျည်စနစ်အသစ် တပ်ဆင်ပွဲကို တက်ရောက်ခဲ့ပါတယ်။အဲဒီအချိန် ပိုလန်မှာ ဥရောပ မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့များ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်ဖြစ်ပြီး ရုရှားတပ်တွေကို အထိနာစေတဲ့ ဟိုင်းမားစ်ဒုံးကျည်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးနေတာဖြစ်လို့ ဒါဟာ ပိုလန်ကို သွယ်ဝိုက်ပြီး နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်တဲ့ သဘောပါပဲ။ဒါပေမဲ့ ပိုလန်ကတော့ အမေရိကန် ဟိုင်းမားစ်ဒုံးကျည် ပစ်ခတ်နည်း အကယ်ဒမီသင်တန်းကျောင်း ဖွင့်လှစ်ဖို့ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးနေပြီဆိုပြီး ရုရှားကို ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဧပြီ ၁၉ ရက်မှာ ဘီလာရုစ်နယ်စပ်က နယ်ခြားစောင့်စစ်စခန်းတွေကို သမ္မတ ဇီလန်စကီး သွားရောက်ကြောင်း ယူကရိန်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ဒီခရီးစဉ်ဟာ ရုရှားကျူးကျော်စစ်ကာလမှာ ဘီလာရုစ်နယ်စပ်ကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် ကျူးကျော်စစ် လေ့လာသူတွေက အထူးစိတ်ဝင်တစားဖော်ပြတဲ့ သတင်းဖြစ်ပါတယ်။အဲဒီရက်မှာပဲ နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ Minuteman III တိုက်ချင်းပစ်ဒုံးကျည်ကို အမေရိကန်က စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။အမေရိကန်မဟာဗျူဟာလေတပ်ဦးစီးချုပ်ရုံးက ဆိုတာတော့ နှစ်ဆယ့်တစ်ရာစုရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးကို အချိန်မရွေး အာမခံကြောင်း သက်သေပြဖို့ စမ်းသပ်ပစ်ခတ်တာလို့ ပြောခဲ့ပါတယ်။ဒီလိုဆိုရင် ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားစစ်ပွဲမှာ အခြေအနေမကောင်းတဲ့ သဘောလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အနောက်နိုင်ငံ ထောက်လှမ်းရေးသတင်းတွေအရဆိုရင် လာမည့်အပတ်တွေမှာ စတင်လိမ့်မယ်လို့ မျှော်လင့်ရတဲ့ ယူကရိန်းထိုးစစ်ကြီးမတိုင်မီ ရုရှားက သူ့ခံစစ်ကြောင်းတွေ တောင့်တင်းအောင် ပြင်ဆင်နေတယ် ဆိုပါတယ်။ဒီလိုပြင်ဆင်ရာမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀ နီးပါးက အသုံးပြုခဲ့တဲ့ T-55 တွေကိုတောင် ပြန်ပြင်ပြီး ထုတ်သုံးလာနေတာကို တွေ့ရတယ် ဆိုပါတယ်။ဒါ့အပြင် အီရန်လုပ် Shahed-131 နှင့် Shahed-136 ဒရုန်းတွေကိုလည်း စုဆောင်းနေတယ် ဆိုပါတယ်။ရုရှားအတွက် လက်နက်ခဲယမ်းမီးကျောက်နဲ့ လူအင်အား မလုံလောက်မှုက ပြဿနာဖြစ်နေဟန်ရှိပါတယ်။

ဧပြီ ၁၉ ရက်မှာ ယူကရိန်းကို လက်နက်တွေ ပေးပို့ကူညီမယ်ဆိုတဲ့ တောင်ကိုရီးယားအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီ မက်ဗီဒက်က ပြောခဲ့ပါတယ်။ဒါဟာ ရိုက်တာနဲ့ အင်တာဗျူးမှာ တောင်ကိုရီးယားသမ္မတက ယခင်ရပ်တည်ချက်ကို စွန့်လွှတ်ပြီး အရပ်သားများ ကြီးမားသော တိုက်ခိုက်မှုခံရရင် လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးအကူအညီများ ကျော်လွန်ပြီး ယူကရိန်းကို ပံ့ပိုးကူညီမှု တိုးချဲ့နိုင်တယ်ဆိုပြီး ပြောခဲ့လို့ပါ။      

အမေရိကန်ရဲ့ အဓိကမဟာမိတ်နဲ့  အမြောက်ကျည်ထုတ်လုပ်တဲ့ အဓိကနိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားသာ ယူကရိန်းကို ခဲယမ်းတွေ ထောက်ပံ့မယ်ဆိုရင်  ရုရှား အခက်တွေ့နိုင်ပါတယ်။ဒါကြောင့် ယူကရိန်းကို လက်နက်မထောက်ပံ့ဖို့ လိုက်ခြိမ်းခြောက်နေရတဲ့ ရုရှားအနေအထားဟာ အနောက်နိုင်ငံတွေ တွက်ဆထားသလို တန်ပြန်ထိုးစစ်မှာ ပြိုလဲနိုင်တဲ့အနေအထား ရောက်နေလားဆိုတာ စဉ်းစားစရာပါ။ဒီရက်မှာပဲ ရုရှားက ယူကရိန်းမြေပေါ်ရောက်လာရင် ချေမှုန်းမယ်ဆိုပြီး ကြိမ်းဝါးခဲ့တဲ့ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အမေရိကန်၊ နယ်သာလန်နှင့် ဂျာမနီတို့က ယူကရိန်းဆီ အရောက်ပို့လိုက်ပါပြီ။အဆိုပါ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်တွေဟာ ရုရှား ခရုဇ်ဒုံးကျည်များနှင့် UAV တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားတဲ့အတွက် ယူကရိန်း တန်ပြန်ထိုးစစ်အတွက် လေကြောင်းကာကွယ်မှုကို ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ အနေအထားပါ။

ဂျပန်နိုင်ငံအလယ်ပိုင်း အပန်းဖြေစခန်းမြို့ ကာရူရီဇာဝါ အပန်းဖြေစခန်းမြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ G-7 ဆွေးနွေးပွဲမှာ ရုရှားစစ်ပွဲထဲကို တတိယကြားနိုင်ငံ ဝင်ပါလာရင် တန်ဖိုးကြီးကြီးပေးဆပ်ရမယ်ဆိုပြီး မြောက်ကိုရီးယား၊ အီရန် စတဲ့ ရုရှားနဲ့ ရောယှက်နေတဲ့ နိုင်ငံတွေကို G-7 နိုင်ငံတွေက ထုတ်ပြန်သတိပေးခဲ့ပါတယ်။ဒီထုတ်ပြန်မှုမှာ ယူကရိန်းစစ်မှာ ရုရှားကို ရုပ်ဝတ္တုထောက်ပံ့တဲ့ ဘယ်တတိယနိုင်ငံကိုမဆို ဆက်လက်အရေးယူသွားမယ်ဆိုပြီး ပါဝင်ပါတယ်။

အားလုံးကိုခြုံကြည့်ရင် ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်တွေ တိုက်ပွဲဖြစ်နေတဲ့ ယူကရိန်းအရှေ့ပိုင်းစစ်မြေပြင်ကို အသီးသီးသွားခဲ့တာတွေ၊ လက်နက်ခဲယမ်းရဖို့ အပြင်းအထန်ကြိုးစားနေတာတွေ၊ စစ်ပွဲထဲ နောက်ထပ်နိုင်ငံတွေ ဝင်မလာစေဖို့ တားနေတာတွေ၊ နျူလက်နက် စမ်းသပ်ပြနေတာတွေကိုကြည့်ရင် ဒီနွေဦးရာသီဟာ ရုရှားအခက်တွေ့ဖို့များတဲ့ကာလဖြစ်ဖို့ များလာပါတယ်။

သူတစ်ပါးနိုင်ငံကို ကျူးကျော်တဲ့ ရုရှားရဲ့ အဆုံးသတ်ဟာ သူလိုချင်တဲ့ရလဒ် ထွက်မလား၊ အရှက်တကွဲအကျိုးနည်းနဲ့ အဆုံးသတ်သွားမလားဆိုတာ နှစ်ဖက်ခတ်ကွင်းပြင်နေတာကိုကြည့်ရင် မြင်နေနိုင်ပြီဖြစ်ပါတယ်။

မင်းထက်