【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်စစ်မက်ဗျူဟာနဲ့ ဒေသတွင်းအခင်းအကျင်း

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်စစ်မက်ဗျူဟာနဲ့ ဒေသတွင်းအခင်းအကျင်း

ယခုရက်သတ္တပတ် သတင်းအများစုကို ကုလသမဂ္ဂသတင်းတွေက ကြီးစိုးနေခဲ့ပါတယ်။အထူးသဖြင့် ကုလစင်မြင့်မှာ နိုင်ငံတကာခေါင်းဆောင်တွေပြောခဲ့တဲ့ မိန့်ခွန်းတွေဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခြေအနေကို ထင်ဟပ်နေသလို ရှေ့ဆက်ဖြစ်လာနိုင်တဲ့အခင်းအကျင်းကို မြင်သာတဲ့အတွက် နိုင်ငံတကာအကဲခတ်သူတွေနဲ့ စာနယ်ဇင်းတွေအဖို့ စောင့်ကြည့်ရတဲ့ မူဝါဒရေးရာအရ မိန့်ခွန်းတွေပါ။ဒီတစ်ခေါက်ကျင်းပတဲ့ ကုလညီလာခံမှာ နိုင်ငံတကာရေးရာမှာ တင်းမာမှုတွေ ဆိုးဆိုးရွားရွားဖြစ်နေတဲ့အချိန်မှာ ကျင်းပတဲ့ ညီလာခံဖြစ်နေသလို ကုလသမဂ္ဂရဲ့အခန်းကဏ္ဍကလည်း အတော်လေးထိုးကျနေတဲ့အချိန်ဖြစ်နေတဲ့အတွက် ကုလစင်မြင့်ဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကြိမ်းဝါးရာ စင်မြင့်တစ်ခုလိုဖြစ်သွားမလားဆိုတဲ့ ထင်ကြေးပေးမှုတွေရှိခဲ့ပါတယ်။

တကယ်ကျင်းပတဲ့အခါ ထင်သလိုဖြစ်မလာခဲ့ပေမယ့် အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျိန်တို့ မိန့်ခွန်းတွေမှာ နိုင်ငံကြီးနှစ်နိုင်ငံအကြားကွဲလွဲမှု နက်နက်ရှိုင်းရှိုင်းရှိနေတာကို နိုင်ငံတကာကမြင်လိုက်ရပါတယ်။ဒါ့အပြင် ကုလညီလာခံကာလအတွင်းမှာဘဲ ကျင်းပခဲ့တဲ့ QUAD အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ ဆုံမှုဟာ ကုလညီလာခံကို လွှမ်းမိုးမှုရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ စစ်ရေးအရ မဟာမိတ်ဖွဲ့ခဲ့လို့ ဖြစ်ခဲ့တဲ့ AUKUS အဖွဲ့နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းတွေနဲ့အပြိုင် ဖြစ်ခဲ့တာက သဘာ၀ဘေးသတင်းနဲ့ ကိုဗစ်မျိုးကွဲ ဒယ်လ်တာနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေပါပဲ။

သတင်းတွေ အတော်များများဖြစ်ခဲ့ရာမှာ သတိထားစရာဖြစ်တဲ့ ဥရောပသမဂ္ဂက ရုရှားကို ဂျာမနီက ဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စွပ်စွဲခဲ့တဲ့သတင်း၊ ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားသမ္မတ တောင်းဆိုတာကို မြောက်ကိုရီးယားဘက်က ပယ်ချခဲ့တဲ့သတင်း၊ ပစိဖိတ်ကုန်သွယ်ရေးသဘောတူစာချုပ်မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ တရုတ်နဲ့ ထိုင်ဝမ်က တရားဝင်လျှောက်ထားခဲ့ကြတဲ့သတင်း၊ တာလီဘန်ခေါင်းဆောင်တွေ ခရီးသွားကင်းလွတ်ခွင့် ရက်ပေါင်း ၁၈၀ အထိပေးဖို့ တရုတ်ရဲ့အဆိုပြုချက်ကို အိန္ဒိယဦးဆောင်တဲ့ လုံခြုံရေးကောင်စီကော်မတီက ပယ်ချလိုက်တဲ့သတင်း၊ ပါကစ္စတန်မှာ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ပါကစ္စတန် တာလီဘန်တွေ တိုက်ခိုက်နေမှုကြောင့် တရုတ်စီမံကိန်းများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်နေတဲ့သတင်းတွေ၊ တရုတ်တာဝန်ရှိသူများက ထိုင်ဝမ်မှ သကြားနှင့် နှင်းသီးများထဲ  ပိုးမွှားများတွေ့ရှိတဲ့ အကြောင်းပြချက်နဲ့ တင်သွင်းမှုကို စက်တင်ဘာ ၂၀ ရက်မှစတင်၍ ရပ်ဆိုင်းတော့မယ့်သတင်း၊ တာလီဘန်တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သာ သတ်မှတ်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက သမ္မတ ဂျိုးဘိုင်ဒင် ကို တိုက်တွန်းနေတဲ့သတင်း၊ ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီးကို  ဗြိတိန်နိုင်ငံ၏ ပါလီမန်အခမ်းအနားတစ်ခုကို  တက်ရောက်ခွင့် ပိတ်ပင်တားမြစ်ခဲ့တဲ့သတင်း၊ ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်ညီ က Google နှင့် Apple တို့ကို  ပူတင်ရဲ့ ကြံရာပါတွေလို့  စွပ်စွဲလိုက်တဲ့သတင်း၊ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်ကို လူ ၇ သန်း သေဆုံးနေတယ်လို့  WHO က ထုတ်ပြန်ခဲ့တဲ့သတင်းတွေလို စိတ်ဝင်စားစရာသတင်းတွေ ရှိခဲ့ပါတယ်။

ဒီသတင်းတွေထဲကနေ တရုတ်-အမေရိကန် တင်းမာမှုအခြေအနေပုံစံက ဘယ်အထိရောက်လာနိုင်သလဲဆိုတာနဲ့ သဘာ၀ဘေးအခြေအနေက ကမ္ဘာကို ဘယ်လောက်ထိဖျက်ဆီးနေပြီလဲ၊ လူသားတွေပြင်ဆင်နေမှုကရော အချိန်မီပါ့မလားဆိုတာကို လတ်တလောကြားဖြစ်ခဲ့တဲ့သတင်းတွေနဲ့ ချိန်ထိုးပြီး သုံးသပ်ဖော်ပြချင်ပါတယ်။

အထွဋ်အထိပ်ရောက်လာတဲ့ တရုတ်-အမေရိကန် တင်းမာမှု

ဝါရှင်တန်မှာကျင်းပတဲ့  အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျှတို့ရဲ့ Quad အဖွဲ့ ပထမဆုံး လူကိုယ်တိုင်တက်ရောက်တဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တရုတ်နိုင်ငံက ဒီအုပ်စုဟာကျဆုံးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဒါဟာ တရုတ်နိုင်ငံအတွက် ဒီအုပ်စုရဲ့စုစည်းမှုကို အာရုံစိုက်နေသလို ဒီအဖွဲ့ရဲ့ဦးတည်ချက်က သူ့နိုင်ငံဖြစ်နေတာကို စိတ်မသက်မသာဖြစ်နေတာ ထင်ရှားနေခဲ့ပါတယ်။အများနဲ့တစ်ယောက်ဖြစ်နေတဲ့ တရုတ်နိုင်ငံအဖို့ ဒီလိုတွေ့ကြုံရမှုမျိုးဆိုတာ သူကြုံခဲ့ဖူးတဲ့အနေအထား မဟုတ်ပါဘူး။

သမ္မတ ရှီကျင့်ဖျိန်လက်ထက် တရုတ်နိုင်ငံဟာ အဘက်ဘက်က အင်အားကြီးပြီး နိုင်ငံတကာမျက်နှာစာမှာ ထိုးထွက်လာတာဟာ သိသာထင်ရှားလာသလို ရုရှားနဲ့ တရုတ်ခေါင်းဆောင်တွေ သူတို့ရဲ့အခြေခံဥပဒေကိုပြင်ပြီး နိုင်ငံကိုရေရှည်ဦးဆောင်ဖို့ ပြင်ဆင်လာတာဟာ အနောက်အုပ်စုနိုင်ငံတွေ ထူးထူးခြားခြားသတိထားမိတဲ့ လုပ်ရပ်တွေပါပဲ။အနောက်အုပ်စုအဖို့ ဆိုဗီယက်ခေတ်မှာ အရမ်းကိုမောက်မာလွန်းခဲ့တဲ့ ကရူးရှက်ဖ်လို အာဏာရှင်ကို ရင်ဆိုင်ခဲ့ဖူးသလို ဘယ်တော့မှမပြိုလဲနိုင်ဘူးလို့ ယုံကြည်ထားတဲ့ ဆိုဗီယက်ပြည်ထောင်စုကိုတောင် ဖြိုခွဲနိုင်ခဲ့တဲ့အတွက် ယခုလို အနောက်အုပ်စုရဲ့ ပစ်မှတ်အဖြစ် ‘တည်’ ခံလိုက်ရတာဟာ တရုတ်အတွက် အိပ်မက်ဆိုးဖြစ်လာနေပါတယ်။  

မကြာသေးခင်က စစ်အေးခတ်နောက်ပိုင်း ပထမဆုံး အမေရိကန်ပါဝင်တဲ့ စစ်ရေးမဟာမိတ်ဖွဲ့လိုက်တဲ့ AUKUS ဆိုတဲ့ ဩစတြေးလျှ၊ ဗြိတိန်နဲ့ အမေရိကန်ပါဝင်တဲ့ စစ်ရေးအဖွဲ့ဟာ တရုတ်နိုင်ငံ ဩဇာကြီးမားလာနေတဲ့ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ချဲ့ထွင်မှုတွေကို ကန့်သတ်လိုက်တဲ့ အနေအထားပါပဲ။သောကြာနေ့ကကျင်းပခဲ့တဲ့ Quad အဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မီဒီယာတွေကို အသေးစိတ်ထုတ်ပြန်မှာမဟုတ်ဘူးလို့ အစောပိုင်းကတည်းက အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့အတွက် အစည်းအဝေးမှာ ဘာတွေလုပ်ဖို့ဆွေးနွေးခဲ့ကြသလဲ၊ ဘာတွေသဘောတူညီချက်ရလဲဆိုတာ လောလောဆယ်မှာ သိရဖို့ ခက်ဦးမှာပါ။ ၂ နာရီကြာ ဆွေးနွေးမှုအပြီး ထုတ်ပြန်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဆူဂါ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ သြစတြေးလျှဝန်ကြီးချုပ် မော်ရစ်ဆင်တို့ရဲ့ ပူးတွဲကြေညာချက်မှာတော့ “အင်ဒို-ပစိဖိတ်ဒေသနဲ့ အခြားဒေသများမှာ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာမှုကို ကျားကန်ပေးရန် လွတ်လပ်၊ ပွင့်လင်းပြီး နိုင်ငံတကာဥပဒေကို အခြေခံပြီး အတင်းအကျပ်လုပ်ခြင်းကိုခံနိုင်သည့် စည်းမျဉ်းအခြေပြုစနစ်ကို မိမိတို့အတူတကွတောင်းဆိုသည်” လို့ ဆိုထားပြီး ဂျပန်ဝန်ကြီးချုပ်က မီဒီယာတွေကိုပြောရာမှာတော့ နိုင်ငံများအနေနဲ့ ကာကွယ်ဆေး၊ သန့်ရှင်းသောစွမ်းအင်နှင့် အာကာသကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့  ထိပ်သီးဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပဖို့ သဘောတူထားကြောင်း ပြောခဲ့တာကို တွေ့ရပါတယ်။

ဩစတြေးလျှဝန်ကြီးချုပ် မော်ရစ်ဆင်ကတော့ AUKUS နှင့် Quad တို့ဟာ အပြန်အလှန်အင်အားတောင့်တင်းစေမှာဖြစ်တယ်လို့ မီဒီယာတွေကိုပြောခဲ့သလို လေးနိုင်ငံထုတ်ပြန်ချက်မှာလည်း “မိမိတို့သည် တရားဥပဒေစိုးမိုးမှု၊ ရေကြောင်းနှင့် လေကြောင်းသွားလာရေး လွတ်လပ်မှု၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေး၊ ဒီမိုကရေစီတန်ဖိုးများနှင့် နိုင်ငံများ၏ နယ်မြေတည်တံ့ခိုင်မြဲရေးတို့အတွက် ရပ်တည်သည်” ဆိုပြီး ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ဒီထုတ်ပြန်မှုတွေဟာ တရုတ်ကို တိုက်ရိုက်မရည်ညွှန်းထားပေမယ့် ဘယ်လိုပဲငြင်းဆိုသည့်ဖြစ်စေ တရုတ်နိုင်ငံကို ရည်ရွယ်နေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။

ဒီဆွေးနွေးပွဲမှာ သေချာတာကတော့ တရုတ်ရဲ့ ဒေသတွင်းသြဇာကြီးမားလာမှုနဲ့ပတ်သက်ပြီး ဦးစားပေးဆွေးနွေးကြမှာ သေချာပြီး တရုတ်ရဲ့ တောင်တရုတ်ပင်လယ်ဒေသတွင်းမှာ စစ်စခန်းတွေ တိုးမြှင့်ဆောက်လုပ်နေတာတွေ၊ အဲဒီစခန်းတွေကို သူတို့ပိုင်နက်အဖြစ်ကြေညာပြီး အရေးပါတဲ့ ရေလမ်းကြောင်းတွေထိန်းချုပ်ဖို့ အသုံးပြုနေတာတွေ၊ မကြာခင်ကဖွဲ့စည်းခဲ့တဲ့ AUKUS  စစ်ရေးမဟာမိတ်အဖွဲ့နဲ့ QUADအဖွဲ့အကြား ဘယ်လိုချိတ်ဆက်မှုတွေရှိလာနိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့မှာ အသေအချာပါပဲ။

ဒီဆွေးနွေးပွဲလုပ်တဲ့ရက်မှာပဲ အမေရိကန်ဖိအားနဲ့ ကနေဒါမှာထိန်းသိမ်းခံထားရတဲ့ ဟွာဝေး ဘဏ္ဍာရေး စီအီးအို မန်ဝမ်ဇူ ကို ကနေဒါကပြန်လွှတ်ပေးခဲ့သလို မန်ဝန်ဇူ လေယာဉ်ပေါ်ရောက်ပြီး နာရီပိုင်းအကြာမှာ တရုတ်ဘက်က နိုင်ငံအတွင်း သူလျှိုလုပ်တယ်ဆိုပြီးဖမ်းထားတဲ့ ကနေဒါနိုင်ငံသားနှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့တာကို တွေ့ရပါတယ်။ဒါဟာ သံတမန်ရေးရာကစားမှုလို့ဆိုရပေမယ် ‘ပါးကိုက်ရင် နားကိုက်မယ်’ ဆိုတဲ့ အရပ်ဆန်ဆန် တုံ့ပြန်မှုတွေလုပ်တဲ့ နိုင်ငံကြီးတွေရဲ့ သံတမန်ရေးရာပုံစံက ခန့်မှန်းရခက်လွန်းနေပါတယ်။

QUAD အစည်းအဝေးမလုပ်ခင် ကုလညီလာခံကို ဗီဒီယိုနဲ့ပေးပို့တဲ့ မိန့်ခွန်းတွေမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက ဖိနှိပ်မှုတွေ၊ ပဋိပက္ခတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ကပ်ရောဂါတွေလို စိန်ခေါ်မှုတွေကိုဖြေရှင်းရာမှာ သံတမန်ရေးနည်းလမ်းတွေကို အပြင်းအထန်ကျင့်သုံးမှာဖြစ်ကြောင်းပြောခဲ့ပြီး၊ အမေရိကန်အနေနဲ့ တရုတ်နဲ့ စစ်အေးတိုက်ပွဲမဖြစ်အောင် ရှောင်လွှဲလိုတယ်ဆိုပြီး အမေရိကန်ဦးဆောင်သော သံခင်းတမန်ခင်းခေတ်ကာလသို့ ဗဟိုပြုလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်အနေနဲ့ စစ်ရေးအရဖြေရှင်းတဲ့နည်းလမ်းကို နောက်ဆုံးမလွှဲမရှောင်သာအခြေအနေမှသာ အသုံးပြုမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ဒါ့အပြင် ဘိုင်ဒင် က တရုတ်နှင့် ရုရှားကဲ့သို့ နိုင်ငံများအား အာဏာရှင်နှင့် ဒီမိုကရေစီစနစ်အကြား ကမ္ဘာလုံးဆိုင်ရာ လွန်ဆွဲအားပြိုင်မှုမှာ အာဏာရှင်တွေအဖြစ်လည်း ရည်ညွှန်းခဲ့ပြီး ဒီမိုကရေစီထွန်းကားတဲ့ ကမ္ဘာကြီးမှာ အာဏာရှင်တွေအတွက် နေရာမရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

ဒီလို အမေရိကန်သမ္မတပြောပြီး နာရီပိုင်းအကြာမှာ တရုတ်သမ္မတ ရှီကျင့်ဖျိန် က တရုတ်အနေနဲ့ ဗိုလ်ကျစိုးမိုးရေးကို လုပ်ဆောင်မှာမဟုတ်ဘူးလို့ပြောခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအချင်းချင်း အငြင်းပွားနေတာတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ဖယ်ကျဉ်မှုကို ရှောင်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့  အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းက နောင်လာမယ့် ကမ္ဘာ့အခင်းအကျင်းတွေမှာ နှစ်နိုင်ငံအနေနဲ့ ကွဲလွဲမှုတွေ၊ ထိပ်တိုက်တွေ့မှုတွေကို စစ်မက်ရေးရာ၊ အရေးယူမှုတွေထက် တွေ့ဆုံဆွေးနွေးရေးကို ပိုအားပြုမယ့်သဘောမျိုး ပြောခဲ့ကြတာပါ။ဒါပေမယ့် တကယ့်လက်တွေ့မှာက ဒီလိုမဟုတ်ပါဘူး။
အမေရိကန်ဦးဆောင်ပြီးဖွဲ့ခဲ့တဲ့ စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်တဲ့ AUKUS နဲ့ပတ်သက်ပြီး တရုတ်ဘက်က သတိထားနေပြီး ဒေသတွင်းပြိုင်ဘက်ဖြစ်လာတဲ့ ဩစတြေးလျှမှာ နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောတွေရှိလာတာဟာ တရုတ်အတွက် နေမထိထိုင်မသာဖြစ်စေတဲ့ အနေအထားဖြစ်နေတာကို တွေ့ရပါတယ်။ဒါကြောင့်လည်း ဩစတြေးလျှဟာ နျူကလီးယားတိုက်ခိုက်မှုအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်တစ်ခုဖြစ်လာပြီဆိုပြီး တရုတ်နိုင်ငံထုတ် ကွန်မြူနစ်ပါတီသတင်းစာတစ်စောင်မှာ ဖော်ပြခဲ့တယ်ဆိုပြီး အမေရိကန်ထုတ် နယူးယောက်ခ်ပို့စ်သတင်းစာမှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ဒီဖော်ပြမှုမှာ “တကယ်လို့များ နျူကလီးယားစစ်ပွဲတစ်ခုပေါ်ပေါက်ခဲ့ရင် ဒီ အောကက်စ် (AUKUS) ကြောင့် သြစတြေးလျှဟာ နျူကလီးယားတိုက်ခိုက်မှုရဲ့ ပစ်မှတ်တစ်ခုဖြစ်သွားနိုင်ခြေရှိတယ်လို့ တရုတ်စစ်ဘက်ကျွမ်းကျင်သူတွေက သတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ သြစတြေးလျှမှာ ဒီရေငုတ်သင်္ဘောတွေရှိသွားချိန်မှာ အမေရိကန်ဘက်က အဲဒီနိုင်ငံကို နျူကလီးယားလက်နက်တွေနဲ့ ရေငုတ်သင်္ဘောကနေပစ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ပေးဖို့ လွယ်ကူမှာဖြစ်လို့ပါပဲ” လို့ ဆိုပါတယ်။

ဒေသတွင်းမှာ ဩစတြေးလျှဟာ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ဖို့ လက်တစ်ကမ်းဖြစ်သွားတာ၊ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ ပြည်ပတပ်ဖွဲ့ဖြစ်လာမှာကို တရုတ်အပါအဝင် မြောက်ကိုရီးယားနဲ့ အခြားနိုင်ငံအချို့က စိုးရိမ်မှုရှိနေခဲ့ပါတယ်။ဒီလိုရှိနေရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စိုးရိမ်မှုကတော့ တူမှာမဟုတ်ပါဘူး။မြောက်ကိုရီးယားလို နျူကလီးယားလက်နက်တပြပြနဲ့ လုပ်စားနေတဲ့ ခြိမ်းခြောက်မှုနဲ့နေတဲ့ အာဏာရှင်နိုင်ငံတွေအဖို့ သူ့ခြိမ်းခြောက်မှုက ဘာမှအရာမရောက်တော့မှာမို့လို အနောက်အုပ်စုဝင် တောင်ကိုရီးယား၊ ဂျပန်နဲ့ ဩစတြေးလျှတို့မှာ နျူကလီးယားလက်နက်ရှိမှာကို အသေအလဲကန့်ကွက်နေတာဖြစ်ပါတယ်။တရုတ်အတွက်တော့ ဒေသတွင်းမှာ နျူကလီးယားလက်နက် အလွယ်တကူတပ်ဆင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံရှိနေတာ အချိန်မရွေး သူ့ကိုဒုက္ခပေးနိုင်တဲ့အနေအထား ဖြစ်နေလို့ပါ။အင်ဒို၊ မလေးရှားနိုင်ငံတွေအဖို့ကြတော့ ဒေသတွင်းမှာ နျူကလီးယားလက်နက် အပြိုင်အဆိုင်ဖြစ်လာခဲ့ရင် ဒေသတွင်းစစ်ရေးအားပြိုင်မှုတွေနဲ့ မတည်မငြိမ်ဖြစ်လာမှာမို့ ကန့်ကွက်နေတာဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ တရုတ် နှစ်ဖက်လုံးက ကတ္တီပါလက်အိပ်စွပ်ထားတဲ့ အနေအထားဖြစ်နေသလို နှစ်နိုင်ငံလုံးမှာ ပြည်တွင်းပြဿနာကိုယ်စီရှိနေတဲ့အတွက် လတ်တလော နိုင်ငံတကာပြဿနာတွေမှာ ကိုယ်ထိလက်ရောက်ပါဝင်လိုဟန်မရှိဘဲ လက်ရှိအနေအထားကို ထိန်းသိမ်းထားချင်တဲ့အနေအထားရှိနေပါတယ်။အမေရိကန်ဆိုရင် ပြည်တွင်းမှာ ဘတ်ဂျက်ကိစ္စ ပြေလည်သွားတာမှန်ပေမယ့် ဒီလပိုင်းထဲမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဘတ်ဂျက်အတွက် လွှတ်တော်မှာ မဲခွဲဖို့ရှိနေပါတယ်။ထရီလျံနဲ့ချီတဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးတောင်းဆိုခဲ့တဲ့ ဒီဘတ်ဂျက်က တရုတ်ကိုယှဉ်နိုင်ဖို့အတွက်ဖြစ်နေလို့ အရေးကြီးနေပါတယ်။ဒါ့အပြင် တရားမဝင်လာရောက်နေတဲ့ ဟေတီနိုင်ငံသားတွေကို လေယာဉ်နဲ့ပြန်လွှတ်လို့ အတော်လေးဝေဖန်ခံနေရတာတွေရှိပါတယ်။

တရုတ်ဆိုရင်လည်း နိုင်ငံတွင်းမှာ  ၃၀၅ ဘီလျံအထိ ကြွေးမြီပြဿနာတက်နေတဲ့ အဲဗားဂရန်ဒီ ဆောက်လုပ်ရေးလုပ်ငန်းစု ဒေဝါလီခံရမယ့်အရေးကို ကြုံနေရသလို ကိုဗစ်မျိုးကွဲ ဒယ်လ်တာကြောင့် မြို့တွေပြန်ပိတ်နေရသလို နိုင်ငံအတွင်းလာရောက်ရင်းနှီးမြုပ်နှံတဲ့ အနောက်အုပ်စုက ကုမ္ပဏီတွေ ပြန်ထွက်စပြုလာနေလို့အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်ရမယ့် အခြေအနေဖြစ်နေပါတယ်။ဒီကြားထဲ အမေရိကန်တပ်တွေထွက်သွားတဲ့ အာဖဂန်မှာ ပြည်တွင်းစစ်ဖြစ်နိုင်တဲ့အခြေအနေကြောင့် အာဖဂန်လုံံခြုံရေးပြဿနာက တရုတ်အတွက် ခေါင်းခဲစရာပြဿနာ ဖြစ်စပြုလာနေပါပြီ။ဒီလိုအခြေအနေမှာ တရုတ်အနေနဲ့ အမေရိကန်နဲ့ အနောက်အုပ်စုက ဆက်တိုက်ပေးနေတဲ့ သံတမန်ရေးရာဖိအားနဲ့ စစ်ရေးဆိုင်ရာဖိအားတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။တောင်တရုတ်ပင်လယ်ထဲရောက်နေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုက စစ်သင်္ဘောတွေ၊ အိန္ဒိယနဲ့ ဂျပန်အပါအဝင် တရုတ်နဲ့ အစဉ်အလာ ပထဝီဆိုင်ရာ ပြိုင်ဘက်နိုင်ငံတွေ ပေါင်းစည်းလာမှုတွေ၊ အရှေ့တောင်အာရှနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ အမေရိကန်ရဲ့ ဩဇာအာဏာပြန်လည်ဖြန့်ကျက်လာတဲ့အတွက် ဖြစ်လာနိုင်တဲ့တင်းမာမှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

အပြန်အလှန်ထိပ်တိုက်တွေ့ရင် ဒီဒေသတွင်းမှာ စစ်မီးတောက်ဖို့က အသေအချာဖြစ်တာမို့ ကုလမှာ တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ ပြောခဲ့တဲ့အတိုင်း ပြဿနာတိုင်းကို ထိပ်တိုက်တွေ့တာထက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့မယ်ဆိုရင် ဒီဖြစ်လာနိုင်တဲ့ စစ်မက်ဘေးကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် ပြောတခြား၊ ဆိုတခြားလုပ်တတ်တဲ့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့စကားနဲ့ မီးစင်ကြည့်ကတတ်တဲ့ နိုင်ငံတကာသဘောသဘာ၀ကြောင့် စစ်မီးဟာ လက်တကမ်းအလိုရောက်မှန်းမသိရောက်နေတာကို သတိထားမိကြမှာဖြစ်ပါတယ်။ရှေ့လျှောက် ဘာအပြောင်းအလဲတွေဖြစ်လာမလဲ၊ ခေါင်းဆောင်အပြောင်းအလဲတွေဖြစ်ပြီး ဒီအခြေအနေကနေ ရုန်းထွက်နိုင်မလား၊ ဒါမှမဟုတ် ဒီအတိုင်းဆက်သွားပြီး အားလုံးဆုံးရှုံးသွားရနိုင်တဲ့အခြေအနေအထိ ဆိုက်ရောက်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

သဘာ၀တရားဒဏ်ခတ်မှုနဲ့ အချိန်မီပြင်ဆင်မှု

ယခုရက်ထဲမှာ ထူးထူးခြားခြား ဩစတြေးလျှမှာ အင်အားကြီးငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။မဲလ်ဘုန်းမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး (၆) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာပါ။ကမ္ဘာပေါ်မှာ နေ့စဉ်ငလျင်တွေ လှုပ်ခတ်နေတာဖြစ်ပြီး ဒီငလျင်ကြမှ ဘာကြောင့် ထူးထူးဆန်းဆန်းလုပ်ပြီး ပြောနေရတာလဲဆိုရင် ဩစတြေးလျှဆိုတာ ငလျင်တွေကြီးကြီးမားမားလှုပ်ခတ်လေ့ရှိတဲ့ ဒေသမဟုတ်ပဲ ဒီလိုပြင်းအားကြီးတဲ့ငလျင်လှုပ်ခတ်ခဲ့တာဟာ သတိပြုစရာပါ။

စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဘိုင်ဒင် က ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းကို တိုက်ဖျက်ရန်အတွက် ပိုမိုသန့်ရှင်းသောစွမ်းအင်သုံးနိုင်ရေးအတွက် ဆင်းရဲသောနိုင်ငံများသို့ပေးနေသော အကူအညီကို နှစ်ဆတိုးပြီး ဒေါ်လာ ၁၁.၄ ဘီလီယံပေးမယ်လို့ ပြောခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျိန်ကလည်း ပြည်ပမှ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများကို ငွေကြေးပံ့ပို့တော့မည်မဟုတ်ဘူးလို့ ပြောခဲ့တဲ့အတွက် ဒါဟာ ကမ္ဘာ့ဂေဟစနစ် ဆိုးဆိုးရွားရွားပျက်စီးလာတာကို နိုင်ငံတကာခေါင်းဆောင်တွေက ပါဝင်ကိုင်တွယ်လာတဲ့ အရွေ့တစ်ခုပါပဲ။

ဗြိတိန်ဝန်ကြီးချုပ်ကတော့ “ဒီနေ့ဟာ ကမ္ဘာကြီးအတွက် မင်္ဂလာရှိတဲ့နေ့ဖြစ်တယ်” လို့ ပြောရတဲ့အထိပါပဲ။ကမ္ဘာ့ဂေဟစနစ်ပျက်ယွင်းခြင်းရဲ့ အကျိုးဆက်လို့ပြောလို့ရမယ့် ကျန်းမာရေးကပ်ဘေးကြောင့် ကမ္ဘာတဝန်း လူပေါင်းလေးသန်းကျော်အထိ သေဆုံးခဲ့ရတဲ့အထိဖြစ်နေတာဟာ ဒီပြဿနာကိုမကိုင်တွယ်ရင် အားလုံးအတွက် ဒုက္ခတွေ့မှာကို သတိပေးခဲ့သလိုပါပဲ။ယခုထိလည်း ဆင့်ကဲဖြစ်လာတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေကို ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေက မထိန်းချုပ်နိုင်သေးသလို နောက်ထပ်လာနိုင်တဲ့ ကပ်ဘေးတွေကလည်း တန်းစီနေတဲ့အတွက် ကမ္ဘာကြီးပူနွေးမှုမှာ အဓိကကျတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို ယခုလိုရပ်ဆိုင်းဖို့ဟာ အရေးတကြီးဖြစ်လာခဲ့တာပါ။

ဒါပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျိန် ပြောခဲ့သလို ပြည်ပမှ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကို ငွေကြေးမပံ့ပိုးတော့ဘူးဆိုတဲ့ မူဝါဒက ဘယ်အချိန်မှ အသက်ဝင်လာမလဲဆိုတာ နောက်ထပ်ထွက်ပေါ်လာတဲ့ မေးခွန်းတစ်ခုပါပဲ။ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ မှ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံစီမံကိန်းများ ရပ်ဆိုင်းသွားမယ့် ဒီမူဝါဒက သက်ဆိုင်ရာနိုင်ငံတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ဆောင်လာခဲ့ရင် ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်နဲ့ အန္တာတိကဘက်မှာ ရေခဲတောင်တွေ အရည်ပျော်တာက အတော်လေးဆိုးနေလို့ ကုန်းမြေအသစ်တွေပေါ်လာပြီး နယ်မြေလုနေတာတွေအထိတောင် ဖြစ်နေတဲ့အထိပါပဲ။ကမ္ဘာနှင့်အဝန်း ပင်လယ်နဲ့ထိစပ်နေတဲ့ နိုင်ငံတိုင်းမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းတွေ ရေအောက်ရောက်သွားနိုင်တဲ့ဘေးကို ရင်ဆိုင်နေရတဲ့အတွက် ငလျင်လှုပ်တာ၊ မီးတောင်ပေါက်တာနဲ့ မုန်တိုင်းတွေဖြစ်လာတိုင်း ဂယက်လာရိုက်တဲ့အတွက် အတော်လေးစိုးရိမ်ရတဲ့အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့လအတွင်း တရုတ်နဲ့ အမေရိကန်မှာ ဖြစ်ရပ်တူ ရေကြီးမှုတွေဖြစ်ခဲ့လို့ ရေကြီးစဉ် မြေအောက်ရထားနဲ့ ကားအတွင်းပိတ်မိလို့ သေဆုံးခဲ့ရတဲ့ ကြေကွဲစရာဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။လက်ရှိမှာ တောင်အာရှ၊ အာရှအနောက်ပိုင်းနဲ့ အရှေ့တောင်အာရှမှာ မုန်တိုင်းဘေးတွေကြောင့် ရေကြီးမှုတွေကြုံနေရတာရှိပါတယ်။ယခုရက်သတ္တပတ်ထဲမှာ တရုတ်နိုင်ငံ စီချွမ်မှာ ငလျင်လှုပ်လို့  လူ ၃ ဦးသေဆုံးခဲ့သလို အလက်စကာမှာ ပြင်းအားကြီးငလျင်တစ်ခု လှုပ်ခတ်ခဲ့တာရှိပါတယ်။အတ္တလန္တိတ်သမုဒ္ဒရာကျွန်းတစ်ခုဖြစ်သော စပိန်ပိုင် လက်စ် ပဲလ်မက်စ်ရှိ မီးတောင်တစ်ခုပေါက်ကွဲတာမှာ  အိမ်တွေထဲထိ ချော်ရည်တွေစီးကျလာလို့ ဒေသခံတွေကို ရွှေ့ပြောင်းပေးရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ဒီမီးတောင် နောက်ဆုံးပေါက်တာ ၁၉၇၁ ခုနှစ်ကဆိုတဲ့အတွက် နှစ်ပေါင်း ၅၀ ကျော်မှာ ပြန်ထပေါက်တာဖြစ်လို့ တစ်ကျော့ပြန်တွေလာပြီလားဆိုတာ ကမ္ဘာအတွက် သတိထားစရာပါ။

ကျန်းမာရေးကပ်ဘေး မပြီးခင်မှာ စစ်မက်ဘေးကိုကြုံနေရတဲ့ ကမ္ဘာအတွက် သဘာ၀ဘေးကလည်း ထိုးနှက်နေတဲ့အတွက် နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး အစီအစဉ်တွေက ထင်သလိုဖြစ်လာပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၂၇