【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်ရဲ့ ပြဇာတ်တစ်ပုဒ် စကပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်ရဲ့ ပြဇာတ်တစ်ပုဒ် စကပြီလား

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆူဒန်ပြဿနာ ပြေလည်မှုရတဲ့ သတင်းတွေ၊ ဘီလာရုစ်ပြဿနာကို စတင်ဆွေးနွေးနေတဲ့ သတင်းတွေအပြင် နိုဝင်ဘာ ၁၆ ရက်က တရုတ်နဲ့ အမေရိကန်သမ္မတ အွန်လိုင်းကနေတွေ့ပြီး ဆွေးနွေးခဲ့တဲ့ သတင်းတွေက ဒီတစ်ပတ်ရဲ့  နိုင်ငံတကာမျက်နှာဖုံးသတင်းတွေပါ။ဒီထဲမှာ စိတ်ဝင်စားစရာက ယခုထိမပြီးနိုင်သေးတဲ့ ကိုဗစ် ၁၉ ကူးစက်မှုတွေ ဥရောပမှာဖြစ်ပွားမှု ပိုများလာလို့ကန်သတ်မှုတွေပြန်လုပ်ရာမှာ လူထုနဲ့ထိပ်တိုက်တွေ့လို့ ပဋိပက္ခတွေဖြစ်ခဲ့သလို နိုင်ငံတကာမှာ တရုတ် - အမေရိကန်၊ NATO - ရုရှား တင်းမာမှု သတင်းတွေကလည်း ဆက်စောင့်ကြည့်ရတော့မယ့် အခြေအနေကိုရောက်လာနေတဲ့ သတင်းတွေပါပဲ။
ဒီလိုစိတ်ဝင်စားဖွယ်ရာ သတင်းတွေရှိနေပေမယ့် စောင့်ကြည့်စရာက တရုတ်နဲ့ အမေရိကန် သမ္မတနှစ်ဦး တွေ့ဆုံမှုသတင်းပါပဲ။ဒီလိုတွေ့ဆုံမှုတွေနောက်မှာ ဘာတွေဖြစ်လာတတ်သလဲဆိုတာ လူတိုင်းစိတ်ဝင်စားသလို ဖြစ်ကောဖြစ်လာရဲ့လားဆိုတာလည်း မေးခွန်းထုတ်စရာပါ။ကမ္ဘာကို အချိန်မရွေး ကပြောင်းကပြန်လုပ်နိုင်တဲ့ နိုင်ငံတွေဖြစ်လို့ ဒီတွေ့ဆုံမှုရဲ့ နောက်ခံအကြောင်းအရာနဲ့ အစဉ်အလာတွေ၊ နောက်ဆုံးအခြေအနေကို ဒီတစ်ပတ်မှာ အထူးဖော်ပြချင်ပါတယ်။

နှစ်နာရီကျော်ကြာခဲ့တဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ နိုဝင်ဘာ ၁၆ ရက် အွန်လိုင်းကနေ တွေ့ဆုံမှုအပြီးမှာ ထူးခြားတဲ့အဖြေမထွက်ခဲ့ပေမယ့် နှစ်နိုင်ငံအကြား ထိတွေ့မှုရှိဖို့က အဓိကဦးတည်ချက်ဖြစ်ပါလိမ့်မယ်။နှစ်နိုင်ငံခေါင်းဆောင်အကြား မတွေ့ဆုံဖြစ်တဲ့အတွက် သဘောထားကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်းဖြစ်နေတာတွေဟာ ဒီလိုတွေ့ဆုံတာကနေ ချေဖျက်နိုင်လိမ့်မယ်လို့ နိုင်ငံတကာသုံးသပ်သူတွေကတော့ မယူဆပါဘူး။ဒီမတိုင်ခင်မှာ တရုတ်က နှစ်တစ်ရာသက်တမ်းရှိ ကွန်မြူနစ်ပါတီအတွင်း သုံးကြိမ်မြောက် ပါတီဆန်းစစ်မှုကိုလုပ်ခဲ့သလို လက်ရှိ ခေါင်းဆောင် ရှီကျင့်ဖျိန်အတွက် ရေရာသေချာစေမယ့် နောက်ထပ်သက်တမ်းကို တာဝန်ယူခွင့်ရမယ့်လမ်းကို ဖွင့်ပေးထားတဲ့အတွက် တရုတ်ဟာ တည်ငြိမ်တဲ့ ခေါင်းဆောင်မှုနဲ့ သွားဖို့ပြင်ဆင်နေတာ သေချာနေပါပြီ။

လက်ရှိမှာ တရုတ်ဘက်က အမေရိကန်နဲ့ ထိပ်တိုက်တွေ့မှု ပြဿနာအရင်းခံဖြစ်တဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး နောက်မဆုတ်တမ်းမူကို စွဲစွဲမြဲမြဲကိုင်ထားတာကို ဆက်တိုက်ပြထားခဲ့ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ မတွေ့ဆုံခင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး အပြန်အလှန် သံတမန်သွေးတိုးစမ်းမှုမှာလဲ တရုတ်ဘက်က ထိုင်ဝမ်နဲ့ပတ်သက်ပြီး အားပေးအားမြှောက်ပြုမှုတွေက နောက်ဆုံးမှာ ကိုယ့်အတတ်ကိုယ်စူးမယ်ဆိုပြီး ဝမ်ယိ က ဘလင်ကန် ကို ပြောခဲ့တာ တွေ့ရပါတယ်။

ဘလင်ကန် က ထိုင်ဝမ်အပေါ် တရုတ်ရဲ့ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးနေမှုနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်ဆိုပြီး ပြောခဲ့တာပါ။တရုတ်က ထိုင်ဝမ်နဲ့ပတ်သက်လာရင် သူ့ရဲ့ခွဲထွက်ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး တစ်ချိန်ကျရင် ပြန်လည်ပေါင်းစည်းမယ့် ပြည်နယ်အဖြစ် သတ်မှတ်ထားတာပါ။ဒါကြောင့် ထိုင်ဝမ် သီးသန့်ဖြစ်မယ့် အနေအထားကို လက်မခံသလို ထိုင်ဝမ်က အနောက်အုပ်စုနဲ နီးကပ်နေတာ တရုတ်အတွက် နောက်ကျောမလုံစရာပါ။ဒါကြောင့်လည်း ထိုင်ဝမ်နဲ့ပတ်သက်လာရင် တရုတ်ဘက်က မလျှော့စတမ်းမူကို ကိုင်ဆွဲထားသလို ယခုနောက်ပိုင်း မကြာခဏဆိုသလို လုံခြုံရေးဇုန်လို့ ထိုင်ဝမ်ဘက်က သတ်မှတ်ထားတဲ့ လေကြောင်းပိုင်နက်ထဲ တရုတ်ဘက်ကနေ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ ဝင်ရောက်ပြနေတာ၊ စစ်သင်္ဘောတွေ မကြာခဏဖြတ်နေတာဟာ အနောက်အုပ်စုကို တိမ်းညွှတ်နေတဲ့ ထိုင်ဝမ်နဲ့ အနောက်အုပ်စုကို အင်အားပြနေတဲ့ သဘောပါပဲ။

ရိုးရိုးရှင်းရှင်းတွေးမယ်ဆိုရင် တရုတ်က စစ်မက်မဟုတ်တဲ့နည်း၊ အေးချမ်းတဲ့နည်းနဲ့ ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားနေသလို လိုအပ်လာရင် စစ်အင်အားသုံးဖို့ ဝန်မလေးဘူးဆိုတာကို ပြောနေတာ တွေ့ရပါတယ်။တကယ်သာ စစ်မက်ဖြစ်လာရင် တရုတ်အဖို့ အရှေ့ဘက်ကမ်းခြေကနေ လက်တစ်ကမ်းသာရှိတဲ့ ထိုင်ဝမ်ကို လျှင်လျှင်မြန်မြန်တက်သိမ်းနိုင်တဲ့အတွက် နိုင်ငံတကာစစ်ရေးအကဲခတ်သူတွေက တရုတ်သာ တကယ်သိမ်းမယ်ဆိုရင် ထိုင်ဝမ်ကို အနောက်နိုင်ငံတွေ ကာကွယ်နိုင်ဖို့ ခက်နိုင်တယ်ဆိုပြီး သုံးသပ်ချက်တွေ ထွက်လာတာဖြစ်ပါတယ်။  

ဒါဖြင့် ဘာကြောင့် ထိုင်ဝမ်ကို မသိမ်းတာလဲဆိုရင် ထိုင်ဝမ်ကိုသိမ်းလို့ ဖြစ်လာနိုင်တဲ့ စစ်ပွဲဟာ ဘယ်အတိုင်းတာထိသွားနိုင်မလဲဆိုတာ မသိနိုင်သလို လက်ရှိ တိုးတက်နေတဲ့ တရုတ်စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးကို  အကြီးအကျယ်ထိခိုက်နိုင်တာကို နှစ်ဖက်စလုံးကသိနေသလို ရုရှားက ထောင်တက်ပြီး ကမ္ဘာကိုစိုးမိုးသွားနိုင်တဲ့ အန္တရာယ်ကိုလည်း တရုတ်ရော အမေရိကန်ပါ တွေးနေပုံရပါတယ်။ဒါကြောင့် တစ်ဖက်နဲ့ တစ်ဖက် သိပ်မလွန်လာအောင် သံတမန်ရေးအရ ချည်းကပ်နေတာ၊ တစ်ခါတရံ အင်အားပြခြောက်လှန့်နေတာဆိုတဲ့ ယူဆချက်ကလည်း ထွက်နေတာရှိပါတယ်။

သေချာတာက နှစ်နိုင်ငံသမ္မတကြား တွေ့ဆုံမှုမှာ ထိုင်ဝမ်ပြဿနာဟာ ထိတွေ့လို့မရတဲ့ အရေးပါတဲ့ ပြဿနာတစ်ခုဆိုတာ နှစ်ဖက်လုံးက လက်ကိုင်ထားကြတာကို တွေ့ကြပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုမတိုင်ခင် အမေရိကန်ဘက်က ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ဘက်ကနေ ထိုင်ဝမ်ကို ဘယ်လိုပဲသဘောထားနေသည်ဖြစ်စေ ထိုင်ဝမ်အပေါ် တိုက်ခိုက်မှုတစ်စုံတရာရှိခဲ့ရင် ကိုယ်တိုင်ဝင်ရောက်ကာကွယ်ပေးမယ်ဆိုပြီး ကတိကဝတ်ပေးခဲ့လို့ တရုတ်သမ္မတ ရှီကျင့်ဖျိန် က အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံတဲ့အခါ ထိုင်ဝမ်လွတ်လပ်ရေးအတွက် လုပ်ဆောင်နေတာတွေကို အားပေးအားမြှောက်ပြုနေတာဟာ မီးနှင့်ကစားသလို ဖြစ်စေလိမ့်မယ်ဆိုပြီး သတိပေးခဲ့တာကို တွေ့ရပါတယ်။ဒါကိုကြည့်ရင် တရုတ်ဘက်က ထိုင်ဝမ်နဲ့ပတ်သက်ရင် လုံး၀အလျှော့ပေးသည်းခံမယ့်သဘောကို မတွေ့ရတဲ့သဘောပါပဲ။  

ဒီလို ထိုင်ဝမ်နဲ့ပတ်သက်ရင် မာမာထန်ထန်ဖြစ်နေတဲ့ တရုတ်ကို အမေရိကန်ဘက်က ဘာကြောင့်တွေ့ဆုံဖို့ စတင်ကမ်းလှမ်းသလဲဆိုတာ စဉ်းစားစရာပါ။လတ်တလောမှာ နိုင်ငံတကာမှာဖြစ်နေတဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ရုရှားက အာကာသထဲက ဂြိုဟ်တုကို ပစ်ချတာကနေ အာဖဂန်အရေး၊ လောင်စာဆီ၊ ကာဗွန်သုည၊ ကုန်သွယ်ရေး၊ တောင်တရုတ်ပင်လယ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆူဒန်၊ အီသီယိုးပီးယား၊ မြန်မာ စတဲ့ ဆွေးနွေးရမယ့်ကိစ္စတွေ အများကြီးပါပဲ။တချို့ပြဿနာတွေမှာ တရုတ်နဲ့ အမေရိကန်၊ တချို့ပြဿနာတွေမှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ တချို့ပြဿနာတွေမှာ အမေရိကန်၊ နေတိုး၊ ရုရှား၊ တရုတ် စသဖြင့် ဘက်ပေါင်းစုံ ပါဝင်နေပါ တယ်။

ဆွေးနွေးမှုကိုပြန်ကြည့်မယ်ဆိုရင် အမေရိကန်ရော တရုတ်ပါ ရင်ဆိုင်နေရသော စိန်ခေါ်မှုအများအပြားကို ဖြေရှင်းဖို့ နှစ်နိုင်ငံအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ လိုနေတယ်ဆိုတာကို လက်ခံထားသလို နှစ်နိုင်ငံစလုံးအကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ဖို့ နှစ်နိုင်ငံဆက်ဆံရေး အပြုသဘောဆောင်တဲ့လားရာသို့ ဦးတည်စေရေးအတွက် ဘုံသဘောတူညီချက်များကို တည်ဆောက်ဖို့ဆိုတာတွေကို ပြောခဲ့တာကို တွေ့ရပါတယ်။ဆိုရမယ်ဆိုရင် တူတာတွေကို ပေါင်းလုပ်ကြမယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။

ယေဘုယျစဉ်းစားမယ်ဆိုရင် အမေရိကန်ဘက်က ပြင်ဆင်ထားပြီး အဆင်သင့်ဖြစ်မှ ဒီဆွေးနွေးပွဲကိုစတာလို့ ယူဆလို့ရနေတဲ့ သဘောပါပဲ။ဘာတွေဆွေးနွေးမယ် ဘာတွေမဆွေးနွေးဘူးဆိုတာ မဆွေးနွေးခင်ကတည်းက နှစ်ဖက်သဘောတူထားတဲ့ သဘောပါပဲ။ဘာကြောင့် အမေရိကန်ရဲ့ ပြင်ဆင်ပြီး ကစားကွက်ကို တရုတ်ဘက်ကကော လက်ခံရတာလဲဆိုတာလဲ စဉ်းစားချင်စရာပါ။ပိုစဉ်းစားစရာကောင်းတာက အမေရိကန်က ဘာကြောင့် ဒီလိုတွေ့ဆုံချင်ရတာလဲဆိုတာပါ။

အမေရိကန်မှာ ဘိုင်ဒင် တက်လာတဲ့ အချိန်က ထရမ့်လက်ထက်က စခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲက ဗိုင်းရပ်စ်ကြောင့် ခေတ္တရပ်ထားရတဲ့အချိန်ပါ။နောက်ထပ် ပိုပြီး ထည့်တွက်ရမှာက ကိုဗစ်ပြဿနာပါ။ထရမ့် က ဒီဗိုင်းရပ်စ်ဟာ တရုတ်ဘက်က ဇီ၀လက်နက်အဖြစ်နဲ့ အမေရိကန်ဘက်ကို တိုက်ခိုက်တယ်ဆိုတဲ့ အယူအဆကို တရားသေစွဲကိုင်ထားပြီး သူ့ရဲ့ ကျန်းမာရေးဆိုင်ရာကိုင်တွယ်မှု အမှားအယွင်းကြောင့် သိန်းချီတဲ့ အမေရိကန်ပြည်သူတွေကို သေဆုံးခဲ့ရတာကို ဖုံးကွယ်ခဲ့တာပါ။ဒီလိုကိုင်တွယ်မှုမှားခဲ့လို့ ရွေးကောက်ပွဲမှာ ဘိုင်ဒင် ကို ပွတ်ကာသီကာ ရှုံးခဲ့ရတဲ့အထိ‌ ဖြစ်ခဲ့တာပါ။  

ကိုဗစ်ပြဿနာဟာ ဘိုင်ဒင် ကို အမေရိကန်သမ္မတဖြစ်စေတဲ့ အဓိကအကြောင်းအရာလည်းဖြစ်ပါတယ်။မကြာခင်မှာ အမေရိကန်တစ်ဝန်း ကြားဖြတ်ရွေးကောက်ပွဲရှိပါတယ်။ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဘိုင်ဒင်လက်ထက် စွမ်းဆောင်ရည်ကို အမေရိကန်ပြည်သူတွေ ဘယ်လောက်ကြိုက်နှစ်သက်လဲဆိုတာကို ပကတိအဖြေမှန်ကို စစ်တမ်းထုတ်မှာဖြစ်သလို ရွေးကောက်ပွဲကြီးအထိ အကျိုးသက်ရောက်နိုင်လို့ ဘိုင်ဒင်အနေနဲ့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ရွေးကောက်ပွဲမှာ အားကောင်းဖို့ဆိုရင် ဘိုင်ဒင်ရဲ့ မူဝါဒက မာမာထန်ထန်နဲ့ အားကောင်းဖို့လိုသလို ကမ္ဘာ့အကြီးအကဲပုံစံမျိုး ပြန်ဖော်ဆောင်မှု ဘယ်လောက်ခရီးရောက်နေပြီလဲဆိုတာကိုလည်း ပြဖို့လိုနေပါတယ်။ဒီအတွက်  ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ သူ့ရဲ့ပုံရိပ်တက်အောင်လုပ်နေတာလား၊ ပြဿနာတွေကို ပြေလည်စေချင်တာလားဆိုတာ ဝေခွဲမရပါဘူး။ပြည်တွင်းမှာ လူကြိုက်များအောင် နိုင်ငံတကာမျက်နှာစာမှာ အမြင်လှအောင် တရုတ်ခေါင်းဆောင်နဲ့တွေ့ဖို့ ကြိုးစားတာလားဆိုတာလည်း  ထည့်တွေးရမယ့် စဉ်းစားချက်တစ်ခုဖြစ်နေပါတယ်။

နောက်တစ်ခုက မကြာခင်က အမေရိကန် စစ်ဘက်ထုတ်ပြန်ချက်တွေမှာ တရုတ်ရဲ့ ရေတပ်အင်အားနဲ့ နျူကလီးယားထိပ်ဖူးပိုင်ဆိုင်မှုအရေအတွက်က များလာနေတာ၊ ဒုံးခွင်ဒုံး၊ ဟိုက်ပါဆိုးနစ် စတာတွေက တရုတ်ရဲ့ စစ်လက်နက်အင်အားဟာ အဆင့်တစ်ဆင့်ထိရောက်နေတာကို ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ဒါဟာ အမေရိကန်အတွက် ယခင်စစ်အေးခေတ် ပြိုင်ဘက် ဆိုဗီယက်ထက် ပိုပြီးအားကောင်းတဲ့ ပြိုင်ဘက်ကို တွေ့နေလို့ အချိန်တစ်ခုရအောင် တရုတ်ဘက်ကို အပျော့ဆွဲနေလားဆိုတာလည်း စဉ်းစားစရာပါ။  

ဘိုင်ဒင်လက်ထက်ကတည်းက စခဲ့တဲ့ တရုတ်ကိုဦးတည်ထားတဲ့ မဟာဗျူဟာအသစ်အတိုင်း အမေရိကန်ဘက်က သွားနေသလို တရုတ်နိုင်ငံပတ်လည်ကို ပိတ်ဆို့ပြီး ကစားမယ့် အမေရိကန်ရဲ့ ကစားကွက်က အခုထိဆက်သွားနေဆဲ ဖြစ်နေပါတယ်။

တရုတ် အိမ်နီးချင်းနိုင်ငံတွေကိုကြည့်မယ်ဆိုရင် ပြည်တွင်းစစ်နီးနေတဲ့ အာဖဂန်၊ နိုင်ငံရေးမတည်ငြိမ်တဲ့ ပါကစ္စတန်၊ နယ်စပ်ပြဿနာတင်းမာမှု မလျော့ကျသေးတဲ့ အိန္ဒိယ၊ စစ်ရိပ်စစ်ငွေ့သန်းနေတဲ့ ဗဟိုအာရှနိုင်ငံတွေ၊ သမိုင်းအစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ ဂျပန်နဲ့ အမေရိကန်မဟာမိတ် တောင်ကိုရီးယားနိုင်ငံတို့ ဒီလို၀ိုင်းပတ်မှုအကြားမှာ တရုတ်အနေနဲ့ ဘယ်လိုပုံစံနဲ့သွားနေသလဲဆိုတာ စဉ်းစားစရာပါ။

စီးပွားရေးအားကောင်းမှုကို အဓိကတည်ထားတဲ့ တရုတ်အတွက် ပတ်ဝန်းကျင်မှာ မတည်ငြိမ်မှုတွေဖြစ်လာရင် ရေရှည်မှာ ထိခိုက်လာမှာ အသေအချာပါ။အမေရိကန်အဖို့ ဒီလိုအခင်းအကျင်းနဲ့ တရုတ်ကိုကစားဖို့ ပြင်နေသလားဆိုတာ တွက်ဆချင်စရာပါ။မကြာသေးခင်က အာဖဂန်နစ္စတန်မှာ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရလို့ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်ကို တာလီဘန်ဘက်က စာရေးသား ပန်ကြားခဲ့တာကို အမေရိကန်ဘက်က ပယ်ချခဲ့တာကိုကြည့်ရင် အမေရိကန် အာဖဂန်ကနေ ဘာကြောင့်အလျင်အမြန်ထွက်ခွာခဲ့တဲ့ ရည်ရွယ်ချက်ကို မြင်နိုင်မယ် ထင်ပါတယ်။

အမေရိကန်ဟာ တရုတ်နဲ့ ပြေလည်ချင်တာလားဆိုတာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် နောက်ပိုင်းကို ပြန်ကြည့်ရင် ဘယ်သူကစားနေသလဲဆိုတာ မြင်နိုင်မှာဖြစ်သလို နိုင်ငံတကာအခြေအနေကိုလည်း ထင်သာမြင်သာရှိပါလိမ့်မယ်။  

အမေရိကန် သမ္မတ ဘိုင်ဒင် က နိုဝင်ဘာ ၁၈ ရက်မှာ ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ဖို့ စဉ်းစားနေတယ်ဆိုပြီး အိမ်ဖြူတော်မှာ ကနေဒါဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ ပြောခဲ့တာကို တွေ့ရပါတယ်။နိုဝင်ဘာ ၁၈ ရက်မှာဘဲ ထိုင်ဝမ်မှာ အမေရိကန်ရဲ့အကူအညီနဲ့ အဆင့်မြှင့်တင်ခဲ့တဲ့ F-16 တိုက်လေယာဉ်တွေထဲက ပထမဆုံး တိုက်ပွဲဝင်လေယာဉ်အုပ်စုရဲ့ တပ်တော်ဝင်အခမ်းအနားကျင်းပခဲ့ပြီး ထရမ့်လက်ထက်က တရုတ်နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကို ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း ထပ်သက်တမ်းတိုးခဲ့ပါတယ်။အဲ့ဒီရက်ပိုင်းမှာပဲ အမေရိကန် လွှတ်တော်အမတ်များရဲ့  ထိုင်ဝမ်ခရီးစဉ်၊ ဥရောပပါလီမန်အဖွဲ့ဝင်အချို့ရဲ့ ထိုင်ဝမ်ခရီးစဉ်တွေ ပေါ်ပေါက်ခဲ့သလို  နိုဝင်ဘာ ၁၉ မှာ တောင်တရုတ်ပင်လယ်မှာဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်စစ်တပ် ရိက္ခာထောက်ပံ့သည့် သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက မီးသတ်ပိုက်နဲ့ပက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်ကို ဖိလစ်ပိုင်နဲ့ထားတဲ့ ကာကွယ်ရေးကတိကဝတ်တွေ လုပ်ဆောင်ရမည့်အခြေအနေ ရောက်ရှိစေမယ်ဆိုပြီး သတိပေးခဲ့ပါတယ်။  

ဒါတွေအားလုံး ပြန်ကောက်ချက်ချကြည့်မယ်ဆိုရင် ဘိုင်ဒင်ဟာ တရုတ်နဲ့ ပြန်လည်စေ့စပ်ညှိနှိုင်းရန် ကြိုးစားနေချိန်မှာ တစ်ပြိုင်နက်တည်း အင်ဒို-ပစိဖိတ်မှာ တရုတ်ရဲ့ စီးပွားရေးနှင့် စစ်ရေးအင်အားကြီးထွားလာမှုကို တန်ပြန်ဖို့  အလေးထားလုပ်ဆောင်နေတာဟာ သိသာထင်ရှားနေပါတယ်။တရုတ်နဲ့ အမေရိကန်အကြား ခေါင်းဆောင်တွေ တွေ့တာက တခြား၊ လက်ရှိဖြစ်နေတာက အမေရိကန်ရဲ့ တရုတ်ကိုဦးတည်ထားတဲ့ မဟာဗျူဟာအသစ်အတိုင်း မူလအတိုင်းသာသွားနေတာဖြစ်လို့ တရုတ်-အမေရိကန်အကြား အားပြိုင်မှုက ဆက်လက်ဖြစ်နေမှာ သေချာနေပါတယ်။

တရုတ်ဘက်ကလည်း အမေရိကန်ဆင်တဲ့ ကစားကွက်ထဲ လိုက်ကစားနေတဲ့အထိဖြစ်နေတာ တရုတ်ဘက်မှာ ဘယ်လိုအားသာချက်တွေရှိနေပြီလဲဆိုတာ စဉ်းစားစရာပါ။လက်ရှိမှာ နေတိုးနဲ့ ရုရှားအကြား ဘီလာရုစ်၊ ယူကရိန်း၊ လောင်စာပိုက်လိုင်း စတဲ့ ထိပ်တိုက်တွေ့စရာတွေရှိနေသလို သံတမန်ရေးရာ ကစားနေကြရတဲ့အတွက် တရုတ်ကိုဦးတည်ထားတဲ့ မဟာဗျူဟာထဲမှာ ရုရှားဝင်လာလို့ မရနိုင်အောင်ဖြစ်နေတာကို တွေ့ရပါတယ်။  

မကြာခင်ကစခဲ့တဲ့ အမေရိကန်ရဲ့ တရုတ်နဲ့ စကစားတဲ့ ကစားကွက်ရဲ့ ဦးတည်ချက်ဟာ ဘာလဲ၊ ဘယ်လိုအဆုံးသတ်မလဲ၊ ထင်သလို တရုတ်ကို အမေရိကန် ကစားနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
နိုဝင်ဘာ - ၂၂