【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်-ရုရှား စစ်ရေးအပြိုင်လေ့ကျင့်မှု၏ နောက်ကွယ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်-ရုရှား စစ်ရေးအပြိုင်လေ့ကျင့်မှု၏ နောက်ကွယ်

ယခုရက်သတ္တပတ် အများစောင့်ကြည့်နေခဲ့တဲ့ ရုရှားနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုကပြီးခဲ့ပါပြီ။ဘာတွေထူးသလဲဆိုတာ  လူတိုင်းသိချင်ကြတဲ့ မေးခွန်းဖြစ်ပြီး သတင်းတွေအရဆိုရင် အခြေအနေက တစ်မျိုးဖြစ်လာနေတာကို တွေ့နေရပြီဖြစ်ပါတယ်။ယခုရက်အတွင်း ယူကရိန်းပြဿနာနဲ့ လူတိုင်းရင်တမမဖြစ်နေချိန်မှာ အမေရိကန်ရေတပ်ဖျက်သင်္ဘောက တရုတ်က သူပိုင်တယ်လို့ တောက်လျှောက်ပြောနေခဲ့တဲ့ စပရက်တလီကျွန်းစုထဲကနေ ဖြတ်မောင်းလိုက်လို့ တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုက ရုတ်တရက်ပြန်ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။

မကြာခင်က ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ကို မီဒီယာတွေက ကမ္ဘာ့ကဒုတိယစစ်အေးခေတ်ကို ရောက်နေပြီလားလို့ မေးခဲ့ရာမှာ ဂူတာရက်စ် က ဒုတိယစစ်အေးခေတ်ကို မရောက်သေးပေမယ့် ဆိုးရွားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုပုံစံသစ်ကိုကြုံရဖို့ နီးကပ်နေပြီဆိုပြီး ပြောခဲ့တာရှိပါတယ်။လက်ရှိ ကမ္ဘာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာစစ်ကြီးဖြစ်ဖို့ အနီးစပ်ဆုံးအချိန်ကာလကိုရောက်နေတာဖြစ်ပြီး တချို့အရာတွေက လိုက်လို့မမီအောင် ဖြစ်ပျက်နေတာက မြန်ဆန်နေပါတယ်။

ဒီတစ်ပတ်အတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ရေးတင်းမာမှုကြောင့် ဖြစ်လာနိုင်တာတွေကို အဓိကထားဖော်ပြချင်ပါတယ်။

ဒီလိုစစ်ရေးသတင်းတွေအကြားမှာ တွန်ဂါမှာ ရေအောက်မီးတောင်လှုပ်လို့ ကျွန်းပေါ်ကို ဒီရေလှိုင်းတွေတက်လာရာမှာ ဆုံးရှုံးမှုကြီးခဲ့တာတွေက ကမ္ဘာကိုထိတ်လန့်စေခဲ့သလို အမေရိကန်နဲ့ ကနေဒါမှာ ကြုံနေရတဲ့ ဆောင်းတွင်းမုန်တိုင်းဘေးကြောင့် လူတွေအေးခဲပြီးသေကုန်တာတွေ၊ ရုရှားနဲ့ အီရန်မှာ ကိုဗစ်ကြောင့် သေဆုံးမှုမြင့်တက်လာတာတွေ၊ ပါကစ္စတန်နဲ့ အာဖဂန်မှာ အသေခံဗုံးခွဲအကြမ်းဖက်မှုတွေကြောင့် သေဆုံးမှုမြင့်တက်လာနေတာတွေ၊ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေ ပြန်လုပ်လာတာတွေ စတဲ့ စိတ်ပျက်စရာသတင်းတွေလည်းရှိခဲ့ပါတယ်။ဒီလိုစိတ်ပျက်စရာကောင်းနေတဲ့သတင်းတွေထဲမှာ ထပ်စိတ်ပျက်စရာက ရုရှားနဲ့ အမေရိကန် အပြိုင်အဆိုင် စစ်ရေးလေ့ကျင့်ကြမယ့် သတင်းပါပဲ။

ကမ္ဘာတစ်ဝန်း အိုမီခရွန်ကြောင့် ထပ်ပြီးအလဲလဲအပြိုပြိုဖြစ်ဖို့ နီးစပ်လာနေချိန်မှာ ကမ္ဘာကို စစ်ထဲဆွဲသွင်းသွားနိုင်တဲ့ စစ်ရေးတင်းမာမှုက  ကမ္ဘာ့ပြည်သူတွေအတွက် စိတ်မအေးစရာပါ။ဒီတစ်ပတ်မှာ စစ်မက်ဖက်ပြိုင်ဖို့ အင်အားကြီးနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှုက သတိထားစောင့်ကြည့်ရမယ့်အနေအထား ဖြစ်လာခဲ့ပါတယ်။ဒီပြိုင်ဆိုင်မှုနောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေလဲဆိုတာ စိတ်ဝင်စားစရာပါ။

အမေရိကန်နှင့် ရုရှားတို့ရဲ့ ရေပြင်စစ်အင်အားပြိုင်ဆိုင်မှု

ယူကရိန်းပြဿနာအတွက် နောက်တစ်ကျော့ အမေရိကန်နဲ့ ဆွေးနွေးဖို့မစခင်မှာ ရုရှားက ပစိဖိတ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာအထိ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မယ်ဆိုပြီး ဇန်နဝါရီ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။အဲဒီရက်က ဂျီနီဗာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ်လက်ဗ်ရော့တို့ မတွေ့ဆုံမီမှာ ကြေညာခဲ့တာပါ။ဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောနှင့် အကူသင်္ဘောပေါင်း ၁၄၀ စင်း၊ လေယာဉ်အစင်း ၆၀၊ အကြီးစားစစ်လက်နက် ယူနစ်ပေါင်း ၁,၀၀၀ နှင့် စစ်သားပေါင်း ၁၀,၀၀၀ ခန့် ပါဝင်မယ် ဆိုပါတယ်။ဒါ့အပြင် သောကြာနေ့မှာ အီရန်၊ တရုတ်နှင့် ရုရှားတို့ပေါင်းပြီး အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ရေပြင်နှင့် ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒီမတိုင်ခင်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဂျပန်ပင်လယ်အတွင်း ရေအောက်တစ်နေရာရှိ ဒီဇယ်-လျှပ်စစ်သုံး ရေငုပ်သင်္ဘောအသစ်ကနေ ကာလီဘာ (Kalibr) ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်ခ်မှာမျှဝေပြီး အင်အားပြခဲ့တာကို တွေ့ရပါတယ်။ဒီဒုံးကျည်က ကီလိုမီတာ ၁,၀၀၀ အကွာမှာရှိတဲ့ ရုရှားအရှေ့ပိုင်း ကာဘာရိုဗက်စ်ခ်ဒေသက ကမ်းရိုးတန်းပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။

မြေထဲပင်လယ်၊ မြောက်ပင်လယ်၊ အော့ဟော့စ်က်ပင်လယ်နှင့် ပစိဖိတ်ဒေသတွေမှာ ပြုလုပ်မယ့် ရုရှားရဲ့ ဆိုင်းမဆင့်ဗုံမဆင့် ရေတပ်စစ်ရေးလေ့ကျင့်မှုကို နိုင်ငံတကာကတော့ ရုရှားရဲ့ အင်အားပြမှုလို့ပဲ သတ်မှတ်ကြပါတယ်။လက်ရှိဖြစ်နေတဲ့ တင်းမာမှုမှာ ရုရှားအနေနဲ့  အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကို ဒီလိုစစ်အင်အားပြပြီး သူလိုချင်တဲ့ရလဒ်ကိုရဖို့ လုပ်ဆောင်တဲ့သဘောပါ။ဒီလိုမျိုးက သိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး။ယခင်ခေတ်အဆက်ဆက် နိုင်ငံကြီးတွေလုပ်ဆောင်လာခဲ့တဲ့ နည်းလမ်းဟောင်းပါ။ယူကရိန်းအရေးမှာလည်း  ရုရှားက အဲဒီအတိုင်းပြုမူခဲ့တာဖြစ်ပါတယ်။တကယ်စဉ်းစားကြည့်ရင် ယူကရိန်းပြဿနာဟာ ရုရှားအတွက် လုံခြုံရေးအရ စိုးရိမ်မှုဖြစ်စရာရောရှိရဲ့လားဆိုတာ တွေးစရာပါ။တကယ်က ပူတင်ဟာ  ဆိုဗီယက်ခေတ်ကာလလို နိုင်ငံတကာကို လွှမ်းမိုးသြဇာတည်ဆောက်လိုနေတာကို ဒီပြဿနာတွေကိုကြည့်ရင် မြင်နိုင်မှာဖြစ်ပါတယ်။

ရုရှားရဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို အနောက်အုပ်စုဖြစ်တဲ့ နေတိုးက ပယ်ချခဲ့သလို အမေရိကန်ကလည်း ဝင်စွက်ဖက်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး စောစောကတည်းက ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ပထမအကြိမ်တွေ့ဆုံမှုမှာ အဆင်မပြေဘဲ ရပ်သွားတဲ့အခါ ရုရှားက ယူကရိန်းနယ်စပ်မှာရှိတဲ့ သူ့စစ်အင်အားကို ပြန်မရုတ်သိမ်းဘဲ ထပ်တိုးသလို ဘီလာရုစ်နဲ့ စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ရှိတယ်ဆိုပြီး ရုတ်တရက်ကြေညာခဲ့ပါတယ်။ဒီနောက်မှာ ဘီလာရုစ်ကို တပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတပ်ဖွဲ့တွေပါ စေလွှတ်ခဲ့ပါတယ်။ဒီလို ရုရှားရဲ့ အကဲမရမှုတွေကြောင့်‌ အမေရိကန်နဲ့ အနောက်အုပ်စုက ယူကရိန်းကို စစ်ရေးအထောက်အပံ့တွေ အလျင်အမြန်ပေးခဲ့ရသလို ယူကရိန်းကိုကျူးကျော်ရင် ဖြစ်လာမယ့် အကျိုးဆက်ကိုလည်း မြင်သာအောင် သတိပေးခဲ့ပါတယ်။အထူးသဖြင့် ယိုင်နဲ့နေတဲ့ ရုရှားစီးပွားရေးကို ပြိုလဲသွားစေနိုင်တဲ့ အမေရိကန်ဒေါ်လာသုံးစွဲခွင့်ကို ပိတ်မယ်ဆိုတာမျိုးတွေအထိ သတိပေးခဲ့ပါတယ်။

ယခု ထပ်မံဆွေးနွေးမှုမစခင်မှာ ရုရှားဘက်က ကြိုတင်ပြီး တောင်းဆိုချက်ကို ထုတ်ခဲ့ပါတယ်။ဒီတောင်းဆိုချက်တွေက  ယခင်တောင်းဆိုချက်ထက် ပိုလာခဲ့ပါတယ်။လက်မခံနိုင်စရာ သေချာပေါက်ငြင်းပယ်မယ့် တောင်းဆိုမှုတွေကို ရုရှားဘက်က လုပ်ခဲ့ပါတယ်။

ဥရောပအရှေ့ပိုင်းမှာရှိတဲ့ နေတိုးအဖွဲ့ဝင် ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယားက နေတိုးတပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းဖို့အထိ တောင်းဆိုခဲ့ပါတယ်။ဒီထဲမှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်မပေးရေးနဲ့ ဥရောပအရှေ့ပိုင်းရှိ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နေတိုးတပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းရေးအထိပါဝင်တဲ့ အလွန်ကျယ်ပြန့်တဲ့ တောင်းဆိုချက်နှစ်ခုပါ။ဒါကို နေတိုးမဟာမိတ်အုပ်စုက သိပ်တောင်အချိန်ကုန်မစဉ်းစားဘဲ တောင်းတဲ့ရက်ဖြစ်တဲ့ ဇန်နဝါရီ ၂၁ ရက်မှာပဲ ပယ်ချခဲ့ပါတယ်။ကာယကံရှင်နိုင်ငံနှစ်ခုဖြစ်တဲ့ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယားကလည်း ရုရှားရဲ့ ဒီတောင်းဆိုမှုကို လက်မခံနိုင်စရာအဖြစ် ပယ်ချခဲ့ပြီး ထည့်သွင်းဆွေးနွေးဖို့ မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချခဲကြပါတယ်။

ဇန်နဝါရီ ၂၁ ရက် ဂျီနီဗာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးရာမှာ နိုင်ငံတကာက ကြိုတင်အကဲဖြတ်ထားသလို ဘာအဖြေမှမထွက်ခဲ့ပါဘူး။ဆွေးနွေးပွဲမှာ ယူကရိန်းနယ်စပ်မှာချထားတဲ့ တပ်တွေကို ရုရှားဘက်က ပြန်ရုတ်သိမ်းဖို့ အမေရိကန်က တောင်းဆိုသလို ရုရှားက ဥရောပအရှေ့နဲ့ အလယ်ပိုင်းမှာ NATO မဟာမိတ်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကိုရပ်တန့်ဖို့၊ ယူကရိန်းကို NATO အဖွဲ့ထဲ အဝင်မခံဖို့ တောင်းဆိုခဲ့ပါတယ်။မိနစ် ၉၀ ကြာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတွေ့ဆုံမှုဟာ မျှော်လင့်ထားတဲ့အတိုင်းပဲ ဘာမှမထူးခြားခဲ့ပါဘူး။ထူးခြားတဲ့ ရလဒ်တစ်ခုမှ ထွက်ပေါ်မလာခဲ့ပါဘူး။ဆွေးနွေးပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက “ကျနော်တို့ဘက်က ရှင်းပါတယ်။တကယ်လို့ ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ကို ဖြတ်လာမယ်ဆိုရင် ဒါဟာ နောက်ထပ်ကျူးကျော်တာဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေဘက်က တစုတစည်းထဲ အလျင်အမြန်၊ ပြင်းပြင်းထန်ထန်တုံ့ပြန်တာ ခံရမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။  

ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ယူကရိန်းကို ကျူးကျော်ဖို့ လုပ်နေတယ်ဆိုတာကို ထပ်မံငြင်းဆိုခဲ့ပါတယ်။ယူကရိန်းအနေနဲ့ NATO မှာ မဝင်ဖို့အပါအဝင် ရုရှားအတွက် လုံခြုံရေးအာမခံပေးဖို့ တောင်းဆိုတဲ့ ယခုဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး အသုံးဝင်တယ်ဆိုပြီး အမေရိကန်နဲ့ ဆန့်ကျင်ဘက်ပြောခဲ့ပါတယ်။ဒီနောက်မှာ အမေရိကန်ဘက်က ရုတ်တရက်ဆိုသလို မြေထဲပင်လယ်မှာ ၁၂ ရက်ကြာ ရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ဒီလို အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်ဖို့ကြေညာချက်ဟာ  ရုရှားဘက်က စစ်ရေးလေ့ကျင်ဖို့ကြေညာခဲ့တာနဲ့ တစ်ရက်ပဲခြားပါတယ်။တိုက်ဆိုင်မှုသက်သက်မဟုတ်ပါဘူး။အမေရိကန် ပင်တဂွန်က ဒါဟာ ပုံမှန်ကြိုတင်စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုလို့ပြောပေမယ့် နေတိုးကနေ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွက် စစ်ရေးလေ့ကျင့်မှုအစီအစဉ်ထဲမှာ ဒီအစီအစဉ်မပါခဲ့ပါဘူး။ဒါကြောင့် ဇန်နဝါရီ ၂၁ ရက် ဆွေးနွေးမှုအပြီးမှာ ရုတ်တရက်ဖြစ်လာတဲ့ နေတိုးပါဝင်တဲ့   အမေရိကန်ရဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်ဖို့ ထုတ်ပြန်ချက်ဟာ ဆွေးနွေးပွဲမှာ ဘယ်လောက်အချေအတင်ဖြစ်ပြီး စစ်မက်အရေးဘက် ယိုင်လာခဲ့နေပြီလဲဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။

အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ထရူးမင်းပါဝင်တဲ့ နေတိုးစစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ အနောက်အုပ်စုအကြား အင်အားပြပွဲထက် ပိုပြီး တစ်ဖက်နဲ့ တစ်ဖက် စစ်ရေးအရ မဖြစ်ပွားခင် နောက်ဆုံးအခင်းအကျင်းအဖြစ် အင်အားပြတာလို့ နိုင်ငံတကာအကဲခတ်တွေက ယူဆထားကြပါတယ်။အထူးသဖြင့် ယူကရိန်းကို ကျူးကျော်ဖို့ ကြံရွယ်ရင်းရှိတဲ့ ရုရှားအနေနဲ့ နေတိုးအဖွဲ့ကို ထိန်းချုပ်နိုင်လောက်အောင် စစ်အင်အား ရှိ/မရှိ ယခုရက်သတ္တပတ်နဲ့ လာမယ့်ရက်သတ္တပတ်အတွင်းပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ ပြရမှာဖြစ်သလို နောက်ဆုံးထုတ် စစ်လက်နက်အချို့ရဲ့ အစွမ်းအစကိုလည်း ထုတ်ပြမှာဖြစ်ပါတယ်။နေတိုးနဲ့ အမေရိကန်ကလည်း ရုရှားနဲ့ အပြိုင်လုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ ရုရှားကို ဦးနှိမ်လောက်တဲ့ စစ်ရေးအစွမ်းရှိကြောင်း ပြရမှာဖြစ်ပါတယ်။

ရုရှားဘက်ကသာ  စစ်ရေးအစွမ်းအသာရခဲ့ရင် ယူကရိန်းကို ကျူးကျော်မယ့်စစ်က ဖြစ်လာဖို့ သေချာသလောက်ဖြစ်ပြီး နေတိုးနဲ့ အမေရိကန်ဘက်က အသာရအောင် အင်အားပြနိုင်ရင် စစ်အစား စေ့စပ်ဆွေးနွေးမှုတွေဖြစ်လာမှာဖြစ်သလို ထင်သလိုမဖြစ်လာတဲ့ နိုင်ငံတကာအခင်းအကျင်းကြောင့် ပြည်တွင်းမှာ ပူတင်ရဲ့ သြဇာအာဏာထိုးကျမှာဖြစ်သလို အခန့်မသင့်ရင် သူ့ရာထူးနေရာကနေပါ လျော့ကျသွားနိုင်ပါတယ်။ဒါကြောင့် ဘိုင်ဒင် က ယူကရိန်းကို ရုရှားကျူးကျော်တာကို ဖြစ်စေချင်နေတာပါ။

ဒီဆွေးနွေးပွဲအပြီးမှာဖြစ်လာတဲ့  ကြိုတင်ပြင်ဆင်မှုတွေကို ကြည့်မယ်ဆိုရင် အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက စစ်ဖြစ်လာနိုင်တဲ့အထိ တွက်ဆပြီး ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေပေးနေတာကို တွေ့ရပါတယ်။ဒီရက်ထဲမှာပဲ အမေရိကန်ရဲ့ စစ်ရေးအကူအညီအဖြစ် ယူကရိန်းကို ပထမဆုံးအသုတ် စတင်ပေးပို့ခဲ့ပါ တယ်။ဇန်နဝါရီ ၂၂ ရက် ပေးပို့တဲ့ စစ်လက်နက်အကူအညီထဲမှာ ရှေ့တန်းက ခုခံတိုက်ပွဲဝင်မယ့် ယူကရိန်းစစ်သည်တွေအတွက် ခဲယမ်းများအပါအဝင် အလေးချိန်ပေါင် ၂ သိန်း (တန် ၉၀) ရှိ လက်နက်များ၊ လုံခြုံရေးအကူအညီပစ္စည်းများ ပါဝင်ပါတယ်။ဒါ့အပြင် ရုရှားက ယူကရိန်းကို တကယ်ကျူးကျော်လာရင် နောက်ထပ်စစ်ရေးအကူ ထပ်မံပေးဖို့ရှိတယ်ဆိုပြီး အမေရိကန်ဘက်က ကတိပြုထားပါတယ်။

ဒီမတိုင်ခင်က ဗြိတိန်ကလည်း တင့်ကားဖျက်ဒုံးကျည် ထောင်ပေါင်းများစွာကို ယူကရိန်းကို ထောက်ပံ့ခဲ့တာရှိပါတယ်။ဇန်နဝါရီ ၂၂ ရက် အစည်းအဝေးအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က ဘော်လ်ကန်သုံးနိုင်ငံဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူရေးနီးယားနိုင်ငံတွေကနေ ယူကရိန်းကို အမေရိကန်လုပ်လေယာဉ်ပစ်နဲ့ တင့်ကားဖျက် မစ်ဇိုင်းလက်နက်တွေ ပို့ပေးဖို့ကို ခွင့်ပြုပေးခဲ့ပါတယ်။ဒါ့အပြင် ယူကရိန်းမှာရှိတဲ့ သံရုံးမှာ ဝန်ထမ်းတွေကလွဲပြီး မိသားစုဝင်တွေကို ပြန်ခွင့်ပြုဖို့ စလုပ်နေတာကိုလည်း တွေ့ရပါတယ်။

ရုရှားရဲ့လုပ်ရပ်ဟာ ပတ်ဝန်းကျင်နိုင်ငံတွေသာမက နေတိုးနိုင်ငံထဲတွေမှာတောင် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ယူကရိန်းအရေးနဲ့ပတ်သက်ပြီး စကားမှားခဲ့တဲ့ ဂျာမနီရေတပ်အကြီးအကဲဆိုရင် သူ့စကားကြောင့်‌ ရာထူးကနုတ်ထွက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။နဂိုကတည်းက ဂျာမန်ကို ရုရှားနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတယ်ဆိုပြီး အခြားနေတိုးနိုင်ငံတွေက သတ်မှတ်ထားခဲ့တာပါ။ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယမှာကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ ဂျာမန်ရေတပ်အကြီးအကဲက ရုရှားဘက်ကနေလိုက်ပြီး ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်မယ်ဆိုတဲ့ အတွေးအခေါ်တွေဟာ ယုတ္တိမရှိကြောင်းနဲ့ ယူကရိန်းအရေးမှာ ရုရှားသမ္မတ ပူတင် လိုလားတာက သူကို့လေးစားသမှုရှိဖို့သာဖြစ်ကြောင်း ပြောခဲ့ကာ ပူတင် တောင်းဆိုတဲ့ လေးစားမှုကို ပေးလိုက်ရုံနဲ့ ဒီပြဿနာက လွယ်လင့်တကူပြီးသွားမှာပါဆိုပြီး ပြောခဲ့ပါတယ်။ဒီလိုပြောခဲ့လို့  နေတိုးနိုင်ငံတွေကော ယူကရိန်းပါ ဂျာမနီရေတပ်အကြီးအကဲကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။လက်ရှိမှာ ယူကရိန်းကို အနောက်နိုင်ငံတော်တော်များများက လက်နက်ခဲယမ်းတွေ ကူညီပေးပို့နေရာမှာ ဂျာမနီက ခါးခါးသီးသီး အကူအညီပေးဖို့ငြင်းဆန်ထားလို့  အချေအတင်ဖြစ်နေချိန်ဖြစ်လို့ ဒီလိုပြောဆိုမှုဟာ ဂျာမနီရဲ့ ယူကရိန်းပြဿနာရပ်တည်ချက်ကို ထိခိုက်ပြီး ပြဿနာကကြီးလာမယ့်သဘောရှိနေတဲ့အတွက် ဂျာမန်ရေတပ်အကြီးအကဲဟာ စနေနေ့က တာဝန်ကနေ နုတ်ထွက်ပေးလိုက်ရပါတယ်။

ဒါကိုကြည့်ရင် ယူကရိန်းပြဿနာဟာ နည်းနည်းလေးတောင်မှားလို့မရတဲ့ နိုင်ငံတကာပြဿနာတစ်ခုဖြစ်နေပြီး ယူကရိန်းအပေါ် ရုရှားရဲ့ အနိုင်ကျင့်မှုကို နိုင်ငံတကာက လက်မခံကြောင်း၊ အနိုင်ကျင့်ခံရတဲ့ ယူကရိန်းဘက်မှာ ရပ်တည်ကြောင်း နည်းပေါင်းစုံနဲ့ ပြနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။သတိထားမိတာက နိုင်ငံအတော်များများက ရုရှားကို သဘောမကျတာဖြစ်ပြီး ရုရှားဘက်လိုက်ပြောတာနဲ့ ခါးခါးသီးသီး တုံ့ပြန်ငြင်းဆန်နေကြတာက ရုရှားအတွက် ဂရုစိုက်ရမယ့် အချက်တစ်ခုဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယနေ့ တနင်္လာနေ့မှာ နှစ်ဖက်လုံးက စစ်ရေးလေ့ကျင့်မှုတွေ လုပ်ကြပါမယ်။တူညီတဲ့နေရာတစ်ခုဖြစ်တဲ့ မြေထဲပင်လယ်မှာလည်း  ရေကြောင်းလေ့ကျင့်မှုတွေကိုလုပ်ကြဖို့ ပါဝင်တဲ့အတွက် စစ်ရေးလေ့ကျင့်မှုကို ရုရှားနဲ့ နေတိုး တပြိုင်နက်လုပ်ကြမလား၊ ဒါမှမဟုတ် တစ်နေရာစီလုပ်ကြမှာလားဆိုတာ မသိရပါဘူး။ဒါပေမဲ့ ဒီလိုလေ့ကျင့်မှုက အလွန်ကိုအန္တရာယ်ကြီးတဲ့ အနေအထားပါ။ယခုဆို စစ်ဟာ နှုတ်ခမ်း၀တောင် မဟုတ်တော့ပါဘူး။အိမ်တွေရဲ့ အပေါက်၀အထိတောင် ရောက်လာနေပါပြီ။ဘယ်သူက အင်အားပိုကောင်းသလဲပြရင်း အမှားအယွင်းအချို့ကနေ စစ်ပွဲဆီကူးသွားမယ့် အလားအလာတွေလည်း ရှိနေခဲ့ပါတယ်။ဖြစ်ဖို့ အခွင့်အလမ်းနည်းတယ်ဆိုပေမယ့် မဖြစ်လာဘူးလို့ ယတိပြတ် စိတ်ချလက်ချပြောလို့မရတဲ့ အခြေအနေပါ။  

ယနေ့ကမ္ဘာဟာ ကုလအတွင်းရေးမှူးချုပ်ပြောသလို “ဆိုးရွားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုပုံစံသစ်” ကို ရင်ဆိုင်နေရဖို့ သေချာနေပါပြီ။ဒီရင်ဆိုင်မှုပုံစံသစ်ကို တနင်္လာနေ့မှာ ကမ္ဘာက စမြင်ရတော့မလားဆိုတာ ကျနော်တို့မှာ စောင့်ကြည့်ဖို့အခွင့်အရေးပဲ ရှိပါတော့တယ်။  

မင်းထက်
ဇန်နဝါရီ - ၂၄