【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန် အကဲဆတ်မှုနဲ့ အချိန်ကိုက်ရောက်လာတဲ့ တရုတ်လေသင်္ဘော

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန် အကဲဆတ်မှုနဲ့ အချိန်ကိုက်ရောက်လာတဲ့ တရုတ်လေသင်္ဘော

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေက ယခင်ကနဲ့မတူဘဲ အတော်လေးကို သတိထားစောင့်ကြည့်ရတဲ့ သတင်းတွေ များလာပါတယ်။ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲက ပြင်းထန်ဖို့ အစပျိုးလာချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်ကို သွားရောက်မယ့် သတင်းကလည်း ကမ္ဘာအတွက် စောင့်ကြည့်စရာဖြစ်လာပါတယ်။ဒီအချိန်မှာ အမေရိကန်နိုင်ငံတစ်ဝန်းကို ဖြတ်ပျံနေတဲ့ တရုတ်မိုးလေဝသပူဖောင်းကိစ္စကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ် ဖျက်သိမ်းလိုက်လို့ တရုတ်-အမေရိကန်အကြား ဆက်ဆံရေးက အနိမ့်ဆုံးအဆင့်ထိရောက်သွားပြီး အာရှ-ပစိဖိတ် ဒေသတွင်း တရုတ်-အမေရိကန် အားပြိုင်မှုက ပြင်းထန်လာနိုင်တဲ့ အနေအထားဖြစ်လာပါတယ်။

ဒီတစ်ပတ်မှာ ဥရောပခေါင်းဆောင်တွေ ကိယက်ဗ်ကို သွားပြီး ယူကရိန်းသမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့တာ၊ ရုရှားက သန့်စင်ရေနံတွေရဲ့ဈေးကို တစ်ညီထဲ ဈေးဖြတ်သတ်မှတ်ဖို့  G-7 နိုင်ငံတွေ သဘောတူညီမှုရခဲ့တာ၊ ရေခဲတမျှအေးတဲ့ လေအေးလှိုင်း အမေရိကန်အရှေ့မြောက်ပိုင်း ဝင်ရောက်နေတဲ့အတွက် ဝါရှင်တန်မြို့တော်အပါအဝင် အရှေ့မြောက်ပိုင်းမြို့တွေက ဒေသခံသန်းနဲ့ချီ အေးခဲတဲ့ဒဏ်ကို ခံစားနေကြရတာ၊ လိမ်လည်အကျင့်ပျက်ခြစားမှုတွေနဲ့ တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်းတစ်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာ၊ ဘဏ္ဍာရေးအကူအညီရယူဖို့ IMF ကြိုတင်သတ်မှတ်ချက်တွေ ပါကစ္စတန် လက်ခံရဖို့ရှိနေတာ၊ ယူကရိန်းနိုင်ငံ အီးယူအဖွဲ့ဝင်ဖြစ်လာရေး ကြိုးပမ်းနေတာတွေကို ထောက်ခံအားပေးသွားမယ့်အကြောင်း ဥရောပကောင်စီအကြီးအကဲ ကတိပြုလိုက်တာ၊ နှစ်ဖက်အလုပ်သမားတွေကြား ပြဿနာကြောင့် အင်ဒိုနီးရှားနိုင်ငံက တရုတ်ပိုင် နီကယ်အရည်ကျိုစက်ရုံမှာ တင်းမာမှုတွေ ဆက်ရှိနေတာ၊ ရုရှားတပ်ဖွဲ့တွေက အဆင့်မြင့် T-90M တင့်ကားတွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့တာ၊ အစ္စရေးသိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းမှာ ပါလက်စတိုင်းနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာ၊ ပီရူးနိုင်ငံမှာ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ် ဆက်ဖြစ်နေတာ စတဲ့ သတင်းအချို့လည်းဖြစ်ခဲ့ပါတယ်။

          ရုရှားထိုးစစ် အရင်လား၊ ယူကရိန်းတန်ပြန်ထိုးစစ်က အရင်လား

အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားရဲ့ ယူကရိန်းစစ်ပွဲဟာ မကြာခင်မှာ တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ယူကရိန်းစစ်ဟာ ခါဆွန်ကို ယူကရိန်းတပ်တွေ ပြန်သိမ်းပြီးကတည်းက စစ်က တန့်နေခဲ့ပါတယ်။ဒါဟာလည်း ရုရှားကို ထိုးစစ်ဆင်နွှဲဖို့ ပြင်နေတဲ့ ယူကရိန်းကို လိုအပ်တဲ့လက်နက်တွေ မရောက်သေးခင် မစဖို့ အမေရိကန်ရဲ့ အကြံပြုချက်လည်း ပါဝင်ပါတယ်။ဒီရက်ပိုင်းမှာ ယူကရိန်းကို အမေရိကန်နဲ့ မဟာမိတ်တွေက တင့်ကားတွေ လက်နက်ကြီးတွေ ထောက်ပံ့ဖို့ ဆက်တိုက်ကတိပြုနေသလို စလည်း ပို့နေပါတယ်။ရုရှားက ဘတ်ခ်မွတ်ကိုရဖို့ အပြင်းအထန်တိုက်ပွဲဆင်နေရာမှာ ဒွန်ဘတ်စ်မှာ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ပွားနေသလို ယူကရိန်းမြို့တွေက အရပ်သားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ဆက်ပစ်နေဆဲပါ။

တနင်္ဂနွေနေ့မှာ ရုရှားဒုံးကျည်နှစ်စင်း ယူကရိန်းအရှေ့မြောက်ပိုင်းက ခါကိဗ်ကိုထိမှန်လို့ လူတစ်ဦးထိမှန်ခဲ့ပါတယ်။ဒီလိုဖြစ်နေတဲ့ကြားမှာ ယူကရိန်းနဲ့ ရုရှားကြား အပြန်အလှန်သုံ့ပန်းတွေတွေ လဲလှယ်ခဲ့ပါတယ်။ဒီတစ်ပတ်မှာ ခရိုင်းမီးယားပြန်လည်သိမ်းပိုက်ရေးအထူးတပ်မကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ယူကရိန်းလုံခြုံရေးကောင်စီ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သလို ခရိုင်မီးယားဒေသအပါအဝင် ရုရှားသိမ်းပိုက်နယ်မြေတွေကို အလွယ်တကူပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ ယူကရိန်းကို ပေးမယ်လို့ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ခရိုင်းမီးယားအထိရောက်နိုင်တဲ့ လက်နက်တွေပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ရုရှားဘက်က အမေရိကန်ကို အပြစ်တင်ခဲ့ပါတယ်။ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ သမ္မတဟောင်း မက်ဗီဒက်က ခရိုင်းမီးယားကို ပြန်လည်သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်လာမယ်ဆိုရင် ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာတွေရှိတော့မှာမဟုတ်ဘဲ ကိယက်ဗ်အစိုးရအောက်မှာရှိတဲ့ ယူကရိန်းအားလုံး မီးလောင်သွားတာတွေပဲ ဖြစ်လာလိမ့်မယ်လို့ ဖေဖော်ဝါရီ ၄ ရက်မှာ ပြောခဲ့ပါတယ်။ဒါ့အပြင် ရုရှားလုံခြုံရေးကောင်စီအနေနဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေရဲ့သဘောသဘာဝပေါ် မူတည်ပြီး "နျူကလီးယားတားဆီးကာကွယ်ရေး အယူဝါဒဆိုင်ရာ" ထုတ်ပြန်ထားချက်တွေနဲ့အညီ လက်နက်အမျိုးအစားအားလုံး အသုံးပြုဖို့ အဆင်သင့်ရှိတယ်ဆိုပြီး ပြောခဲ့ပြန်ပါတယ်။

နေတိုးရဲ့ စစ်ရေးကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရော့ဘ်ဘောင်ရာကတော့ ယူကရိန်းကို စတင်ကျူးကျော်ချိန်ကစပြီး ဥရောပအရှေ့ပိုင်းမှာ စစ်အင်အားတွေ စနစ်တကျတိုးချဲ့ပြင်ဆင်ထားတယ် ဆိုပါတယ်။ဒါကြောင့် ယခုအချိန်မှာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ အသင့်ဖြစ်နေပြီလို့ ပေါ်တူဂီရုပ်သံသတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ဘောင်ရာက  ရုရှားသမ္မတ ပူတင်ရဲ့ ရည်ရွယ်ချက်ဟာ ယူကရိန်းနဲ့တင် ပြီးမှာမဟုတ်ဘဲ ဆိုဗီယက်ခွဲထွက်နိုင်ငံတွေကိုပါ ပစ်မှတ်ထားတာမို့လို့ ဘယ်အချိန်မှာ ကျူးကျော်လာမယ်ဆိုတာ မသိနိုင်လို့ အရာရာအသင့်ပြင်ဆင်ထားဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် နျူကလီးယားလက်နက် ထုတ်သုံးရဲလောက်အောင် ပူတင်ဟာ ရူးသွပ်နေသူမဟုတ်ဘူးလို့လည်း  ဘောင်ရာက ပြောခဲ့ပါတယ်။

လက်ရှိမှာ ဒွန်ဘက်စ်ဒေသကို ယူကရိန်းက အနောက်နိုင်ငံလုပ် လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်ဆိုပြီး ရုရှားဘက်က ပြန်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် ရုရှားစီးပွားရေးလုပ်ငန်းရှင် ကွန်စတန်တင် မာလိုဖိဗ်ရဲ့ ဒေါ်လာ ၆ သန်းနီးပါးတန် ပိုင်ဆိုင်မှုတွေကို ယူကရိန်းရှေ့နေချုပ်ဆီ လွှဲပြောင်းပေးတာကိုလည်း ရုရှားက အပြင်းအထန်ကို ကန့်ကွက်ခဲ့ပါတယ်။ယူကရိန်းကာကွယ်ရေးဝန်ကြီးကတော့ ကျူးကျော်စစ် နှစ်ပတ်လည်ပြည့်မှာ ရုရှားထိုးစစ်ဆင်နိုင်တယ်လို့ နိုင်ငံတကာကို သတိပေးခဲ့ပါတယ်။သီတင်းပတ်နဲ့ချီ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ရုရှားတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းမှာ တဖြည်းဖြည်းချင်း ရှေ့တိုးလာနေတာပါ။

ရုရှားရဲ့ တိုက်ခိုက်မှုသစ်တွေကို ခုခံဖို့နဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်းထောင်ချီပေးဖို့ ကတိပြုထားကြသလို လက်နက်တွေ တင့်ကားတွေလဲ ထောက်ပံ့ဖို့ ကတိပြုကြ၊ ပေးပို့ကြတဲ့အတွက် ရုရှားဘက်က သူ့ရဲ့နောက်ဆုံးထုတ် T-90 တင့်ကားတွေကိုပြပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပြခဲ့ပါတယ်။

ဒီတစ်ပတ်မှာ အီးယူက ရုရှားဒီဇယ်နှင့် အခြားရေနံထုတ်ကုန်တွေကို ဥရောပမှာ ပိတ်ပင်လိုက်ပါတယ်။ဒါဟာ G-7 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံတွေက ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းအတွက် အပြစ်ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားရေနံဈေးနှုန်း ကန့်သတ်ချက်ကို သဘောတူလိုက်တာဖြစ်လို့ ဥရောပမှာ စွမ်းအင်အကျပ်အတည်း ပိုပြင်းထန်လာမှာဖြစ်သလို ရေရှည်မှာ ရုရှားရေနံလုပ်ငန်းကနေရတဲ့ ဝင်ငွေလည်းလျော့ကျလာမှာဖြစ်ပါတယ်။လက်ရှိမှာ ရုရှားကို စီးပွားရေးမှာရော စစ်ရေးမှာရော အကျပ်တွေ့အောင် အမေရိကန်ဦးဆောင်ပြီး အနောက်နိုင်ငံတွေက ညီညီညွတ်ညွတ်လုပ်ဆောင်နေတဲ့အတွက် ရေရှည်မှာ ရုရှားအတွက် အခက်တွေ့မှာ အသေအချာပါပဲ။

ရုရှားအနေနဲ့ စစ်ပွဲကို ဒီနှစ်ထဲမှာပြတ်အောင် ဘယ်လိုဖြတ်မလဲ၊ ယူကရိန်းထိုးစစ်နဲ့အတူ နောက်ကွယ်ကနေ လက်နက်ဖြည့်တင်းနေတဲ့ အနောက်နိုင်ငံတွေရဲ့ အင်အားကို ရေရှည်ပြိုင်ဆိုင်နိုင်ဖို့ ရုရှား ဘယ်လိုပြင်ဆင်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။     

          တရုတ်လေပူဖောင်းကြောင့် ပြင်းထန်လာတော့မယ့် အားပြိုင်မှုတွေ

ဖေဖော်ဝါရီ ၃ ရက်မှာ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ထိုင်၀မ်ကို ၂၀၂၇ ခုနှစ်မှာ တိုက်ခိုက်ဖို့အတွက် အသင့်ရှိနေရန် တရုတ်သမ္မတက တရုတ်စစ်တပ်ကို အမိန့်ပေးထားကြောင်း ပြောလိုက်တဲ့အတွက် တရုတ်နဲ့ အမေရိကန် စစ်ဖြစ်လာနိုင်တယ်ဆိုပြီး အမေရိကန်လေတပ်က ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးတစ်ဦးပြောခဲ့လို့ တင်းမာမှုမြင့်တက်နေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးက ပိုဆိုးရွားသွားခဲ့ပါတယ်။

ဒီလိုဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုအပေါ် ဖြတ်ပျံနေတဲ့ မိုးလေဝသလေပူဖောင်းကြောင့်  ဖေဖော်ဝါရီ ၅ ရက်မှာ တရုတ်ကိုလာရောက်ဖို့ရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ပါ ပျက်ပြယ်သွား ခဲ့ပါတယ်။ဒါကိုကြည့်မယ်ဆိုရင် ယခုနှစ်ပိုင်း တရုတ်-အမေရိကန် ဆက်ဆံရေးက အဆိုးဆုံးအခြေအနေဆီကို ဦးတည်နေပြီလားဆိုတာ တွက်ဆချင်စရာပါ။ထိုင်၀မ်ကို ၂၀၂၇ ခုနှစ်မှာ တိုက်ခိုက်ဖို့ တရုတ်စစ်တပ်ကို အမိန့်ပေးထားခြင်းကို အမေရိကန်က ထောက်လှမ်းရေးသတင်းအရ သိရှိခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီရှိ ဂျော့တောင်းတက္ကသိုလ်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ပြောခဲ့တာပါ။ဒါဟာ တရုတ်သမ္မတအနေနဲ့ ၂၀၂၇ ခုနှစ်မှာ ထိုင်၀မ်ကို ကျူးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ မဆိုလိုကြောင်း၊ သို့သော် ထိုင်၀မ်ကို သိမ်းပိုက်ရေး ရည်မှန်းချက်အပေါ် တရုတ်သမ္မတက အလေးအနက်ထား အာရုံစိုက်ထားကြောင်း သတိပေးချက်ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ တရုတ်နဲ့ပတ်သက်ပြီး  အနောက်အုပ်စုဘက်ကပြောမှုတွေ များခဲ့ပါတယ်။အမေရိကန်လေတပ် ရွေ့လျှားမှု ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုက်မီနီဟန်ကလည်း  လာမယ့် (၂) နှစ်တာကာလမှာ အမေရိကန်က တရုတ်နဲ့ စစ်ဆင်နွှဲရဖွယ်ရှိတယ်လို့ စိတ်ထဲခံစားနေရတယ်ဆိုပြီး မှတ်ချက်ရေးပို့ခဲ့လို့ မီဒီယာတွေမှာ ပွက်လောရိုက်ခဲ့ပါသေးတယ်။
 
အာရှ-ပစိဖိတ် ဒေသတွင်း တရုတ်ရဲ့ဩဇာအာဏာ ကြီးထွားလာတာကို အမေရိကန်က အပြင်းအထန်ထိန်းချုပ်ဖို့ ကြိုးစားနေရာမှာ ဆော်လ်မွန်ကျွန်းစုမှာ ဒီတစ်ပတ်ထဲ အမေရိကန်က  သံရုံးတစ်ရုံး ဖွင့်လှစ်လိုက်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ရဲ့ ဖိလစ်ပိုင်ခရီးစဉ်မှာဆိုရင် စစ်အခြေစိုက်စခန်း (၄) ခု ဖိလစ်ပိုင်မှာ တည်ဆောက်ဖို့ သဘောတူညီချက်ရခဲ့ပါတယ်။တရုတ်ရေတပ်ကို စောင့်ကြည့်မယ့် ဒီရေတပ်အခြေစိုက်စခန်း သဘောတူညီချက်သစ်ကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက သဘောတူလိုက်တာပါ။ဖိလစ်ပိုင်မှာ စစ်အခြေစိုက်စခန်းတစ်ခု ရှိပြီးသားဖြစ်လို့ ဒီလေးခုနဲ့ပါဆို အမေရိကန်စစ်အခြေစိုက်စခန်း ၅ ခုရှိလာမှာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်အကြား စစ်ရေးတင်းမာမှုက ပိုမြင့်တက်လာဖွယ်ရှိနေပါတယ်။

ဒီလိုအချိန်မှာ တရုတ်မိုးလေဝသပူဖောင်းက အမေရိကန်လေပိုင်နက်မှာ ပျံသန်းနေလို့ အမေရိကန်ဘက် တရုတ်ထောက်လှမ်းရေးလေပူဖောင်းလို့ စွပ်စွဲခဲ့ပါတယ်။ဒီလိုစွပ်စွဲပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ်ကို ဖျက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်တိုင်က ထောက်လှမ်းရေးလေပူဖောင်း မဟုတ်သလို အခုဖြစ်ရပ်ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ တရားဝင် တောင်းပန်စကားပြောပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တရုတ်အစိုးရအာဘော်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကတော့ အမေရိကန်လေပိုင်နက် အမေရိကန်အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ဗြောင်ချိုးဖောက်ခဲ့တဲ့ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေးလေပူဖောင်း လုပ်ရပ်အတွက် လက်ခံစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။စစ်ရေးနဲ့ ထောက်လှမ်းရေးအတွက်မဟုတ်ဘဲ ရာသီဥတုလေ့လာတဲ့ လေပူဖောင်းဆိုတဲ့ တရုတ်ရဲ့ပြောဆိုမှုကိုလည်း လက်မခံနိုင်ကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက ပြောခဲ့ပါတယ်။

ဘတ်စ်ကား ၃ စီးစာလောက်ရှိတဲ့ လေပူဖောင်းကို ပစ်ချဖို့ အစောပိုင်းကလုပ်ပေမယ့် မြေပြင်မှာ ထိခိုက်မှုတွေရှိနိုင်တဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်မှ မြေပြင်က အမေရိကန်ပြည်သူတွေနဲ့ အဆောက်အအုံတွေ ထိခိုက်မှုမရှိတဲ့နေရာမှာ F22 တိုက်လေယာဉ်နဲ့ ပစ်ချခဲ့ပါတယ်။

တရုတ်ကတော့ အမေရိကန်ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ကာ အမေရိကန်က လွန်ကဲစွာတုံ့ပြန်ခဲ့ကြောင်းနဲ့ နိုင်ငံတကာအလေ့အကျင့်ကို လေးနက်စွာ ချိုးဖောက်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အင်ဒိုချိုင်းနားဒေသမှာ ဩဇာလွှမ်းမိုးမှု ပြိုင်ဆိုင်နေတဲ့ နှစ်နိုင်ငံအကြား ဒီပြဿနာမျိုးက  သတိထားစရာပါပဲ။အကယ်၍ ဘလင်ကန်သာ တရုတ်ကိုသွားခဲ့ရင် ကမ္ဘာ့အခြေအနေအတော်များများ ဆွေးနွေးဖွယ်ရှိပြီး နိုင်ငံတကာအခြေအနေကောင်းလာဖွယ်ရှိနေတယ်ဆိုတဲ့ ကမ္ဘာ့ယူဆချက်က မတော်တဆရောက်လာဖွယ်ရှိတဲ့ မိုးပျံပူဖောင်းကြောင့် ပျက်ပြယ်သွားလို့ ကမ္ဘာအတွက် စိတ်မသက်မသာဖြစ်စရာပါပဲ။

သေချာတာကတော့ ရှေ့လျှောက် ကမ္ဘာတစ်ဝန်း တင်းမာမှုတွေက ပိုမြင့်တက်လာဖို့ပဲ ရှိပါတော့တယ်ဆိုတာ တင်ပြရင်း တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်ကို တင်ပြချက်ကို ဒီမှာပဲရပ်လိုက်ပါတော့မယ်။

မင်းထက်