【 နိုင်ငံတကာဆောင်းပါး 】ကိုယ်စားလှယ်များနှင့် ရှီ၏ ဆွေးနွေးမှုများမှ အဓိကအချက်များ

【 နိုင်ငံတကာဆောင်းပါး 】ကိုယ်စားလှယ်များနှင့် ရှီ၏ ဆွေးနွေးမှုများမှ အဓိကအချက်များ

တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်၏ များပြားလှသော အစီအစဉ်များတွင် အဓိကအချက်တစ်ခုမှာ ကိုယ်စားလှယ် ၂၀၀၀ ကျော်ဖြင့် အုပ်စုလိုက် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းဖြစ်သည်။
ယခုအပတ်အစောပိုင်းက Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်စားလှယ်များနှင့် အုပ်စုလိုက် ဆွေးနွေးပွဲများတွင် ရှီက တရုတ်ပြည်သူများအနေဖြင့် အမျိုးသား အားသစ်လောင်းရေးအတွက် တောင့်တင်းသော သံမဏိခဲသဖွယ် စည်းရုံးကျရန် တောင်းဆိုသည်။
ထိုသို့သော ဆွေးနွေးချက်များသည် တရုတ်နိုင်ငံ အမျိုးသားအားသစ်လောင်ရေး မဟာသေနင်္ဂဗျူဟာနှင့် သာပတ်သက်နေသည်မဟုတ်ပေ။ ထိုဆွေးနွေးချက်များတွင် အခြားအသေးစိတ်များကိုလည်း ဖေါ်ပြသည်။ Guangxi Zhuang မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် ရှီ က လက်ဖက်စိုက်ခင်းတစ်ခုအတွက် အကြံပေးပြီး ကျော်ကြားလှသော ပန်းခြံတစ်ခုမှ ဝင်ခွင့်လက်မှတ်ဆိုင်ရာ မူဝါဒအကြောင်း ဆွေးနွေးသလို အထူးကျွမ်းကျင်သည့် ပညာရှင်တစ်ဦး မည်မျှဝင်ငွေရသည်ကိုလည်း မေးမြန်းသည်။
စကားဝိုင်းများသည် အလွတ်သဘော စကားဝိုင်းများ သဖွယ်ဖြစ်နေသော်လည်း ရှီက ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာမှ အဓိကအချက်တစ်ခုကို အာရုံစိုက်ဆွေးနွေးသည်။ ထိုအချက်မှာ တရုတ် နိုင်ငံခေတ်မီရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သော ဘုံကြွယ်၀ ချမ်းသာရေး အောင်မြင်စေရန် တရုတ်ကွန်မြူနစ်ပါတီ၏ ကတိကဝတ်ဖြစ်သည်။
ယောင်လူမျိုးစု ကျေးရွာမှ ပါတီအကြီးအကဲ ကျူးရွှယ်လန်က လက်ဖက်လုပ်ငန်း တိုးတက်လာခြင်းသည် သူမ၏ တစ်ခါက ဆင်းရဲနွမ်းပါးသည့် ကျေးရွာကို မည်သို့တိုးတက်စေခဲ့သည်ကို ရှင်းပြသည်။ ကျူးသည် လက်ဖက်ရည်တည်ခင်းသည့် ဆရာကြီးများ မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ရွာသားများ၏ တစ်နှစ်ဝင်ငွေ ယွမ် ၂၀၀၀၀ ကျော် (၂၇၇၈ အမေရိကန် ဒေါ်လာ) ကျော်ရရှိအောင် ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်သည်။
"လက်ဖက်လုပ်ငန်းက အလားအလာအရမ်းကောင်းတယ်" ဟု ရှီ ပြောကြားပြီးနောက် အကြံပေးရာတွင် ရှီက "နောက်တစ်ဆင့်က ခင်များအနေနဲ့ ခင်များတို့ ကုန်အမှတ် တံဆိပ်ကို တည်ဆောက်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်အောင်လုပ်ရမယ်"  ဟု ပြောသည်။
 
စန်းဖင်ရွာမှ ကျူး၏ ကျေးရွာသားများသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား သန်းတစ်ရာကျော်တွင် ပါဝင်သည်။ တရုတ်နိုင်ငံက ရည်မှန်းထားသည့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအရ ထိုအောင်မြင်မှုသည် လူ့သမိုင်းတွင် မကြုံဖူးသည့် အောင်မြင်မှုရှိသည်။
 
"တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ဘုံကြွယ်ဝချမ်းသာမှု ရရှိစေရေးအတွက် ကျမတို့ အပြည့်အ၀ ယုံကြည်စိတ်ပိုင်းဖြတ်ထားတယ်" ဟု ကျူးပြောသည်။
 
ကမ္ဘာတွင် အလှပဆုံးသော တောင်တန်းရှုခင်းများ တည်ရှိသည့် ကွေ့လင်မှ ပါတီအကြီးအကဲ ကျိုးကျားပင်းက ထိုမြို့သည် သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းတိုးတက်အောင် မည်သို့ လုပ်ဆောင်ခဲ့သည်ကို ရှီကို ရှင်းပြသည်။
 
ထိုမြို့တွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရန် အလွန်ရှုခင်းလှပသော နေရာဖြစ်သည့် ဆင်နှာမောင်းတောင်သို့ ဝင်ခွင့်လက်မှတ်ရောင်းချခြင်းကို ပယ်ဖျက်ထားကြောင်း ရှီကို ရှင်းပြသည်။
 
“လက်မှတ်စနစ်ပယ်ဖျက်တာက ယာယီလား ရေရှည်အတွက်လား”ဟု ရှီက ပြန်မေးသည်။ “အပြီးတိုင် ဖျက်သိမ်းလိုက်တာပါ”ဟု ကျိုးက ကဖြေသောကြောင့် ရှီက ကျေနပ်စွာခေါင်းညိတ်သည်။
 
“ကွေ့လင်ရဲ့ ရှုခင်းလှပမှုက ကမ္ဘာမှာ အလှဆုံးပဲ” ဟု ရှီပြောပြီး ထိုမြို့၏ ကြွေးကြော်သံဖြစ်သော သဘာ၀ ပေးသောအလှဖြင့် ချမ်းသာကြွယ်ဝစေအံ့ဟူသော စကားကို ကိုးကားပြောဆိုသည်။
 
ထိုမြို့ကို ဖြတ်သန်းစီးဆင်းနေသော လိကျန်းမြစ်သည်  ရှီ၏ နှလုံးသားကို ဆွဲဆောင်နိုင်သော နေရာဖြစ်သည်။ သူသည်ထိုမြို့သို့ အသက် ၁၃ နှစ်သားက သွားရောက်လည်ပတ်ခဲ့သည်။
 
သူ၏စိတ်တွင် သဘာဝအတိုင်းရှိနေသည့် မြစ်များနှင့် ခုန်နေသော ရွှေရောင် ငါကြင်းများသည် မယုံနိုင် လောက်အောင် ဖြစ်နေပြီး သူသည် သဘာဝကို ထာဝရ မြတ်နိုးသူဖြစ်သည်။
 
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဂေဟဗေဒနှင့် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ သမိုင်းတွင်သည့်  အပြောင်းအလဲများဖြစ်ပွားလာသည်။ တစ်နိုင်ငံလုံးမှ ပြည်သူများသည် ပိုမိုပြာလွင်သောကောင်းကင်နှင့် ပိုမိုစိမ်းလန်းသော တောင်တန်းများနှင့် ပိုမိုသန့်ရှင်းသော ရေကို တွေ့ကြုံခံစားလာရသည်။
 
ပါတီကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ရှီက တရုတ်နိုင်ငံခေတ်မီရေးတွင် လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်ရေးလည်း ပါဝင်ကြောင်းပြောကြားခဲ့သည်။
 
“ကျနော်တို့ဟာ စီးပွားရေးတိုးတက်ရေး တစ်ခုတည်းကိုပဲစိတ်ထဲမှာ ထားလို့မရဘူး။ ကွေ့လင်တောင်တန်းနဲ့ ရေမြေဟာ နိုင်ငံအတွက် အမှန်တကယ်တန်ဖိုးရှိတယ်” ဟု ရှီက အုပ်စုလိုက်ဆွေးနွေးပွဲတွင်ပြောသည်။
 
ထို့နောက်တွင် ရှီသည် စက်ဆရာဘဝမှအဆင့်မြင့်နည်းပညာရှင်ဖြစ်လာသည့် ကျန့်ကျစ်မင်ထံ အာရုံ ရောက်သွားသည်။
 
သူ၏ကုမ္ပဏီ ကွမ်ရှီးအော်တိုသည် ဂျပန်ကားထုတ်လုပ်သူများထံမှ စတင်လေ့လာခဲ့ကြောင်း ပြောသည်။ ယခုအခါ ဂျပန်မှ ကားထုတ်လုပ်သူများသည် သူ၏ ကုမ္ပဏီမှ ထုတ်ကုန်များကို ဂရုစိုက်လာရပြီဖြစ်သည်။
 
“ဒါက တရုတ်နိုင်ငံတိုးတက်မှုနဲ့ အသွင်ကူးပြောင်းမှုကို ပြသတယ်” ဟု ရှီပြောပြီး တိုးတက်မှုအတွက် ဝမ်းသာကျေနပ်သည်။
 
ယခုအခါ ကွမ်ရှီးအော်တိုတွင် ကိုယ်ပိုင်အလုပ်ရုံဖြင့် ကုမ္ပဏီအတွက် စက်ပြင်နှင့် နည်းပညာရှင်များ မွေးထုတ်ပေးနေသည့် ကျန့်သည် ကုန်ထုတ်လုပ်ငန်းမှ အောက်ခြေလူတန်းစားကိုယ်စားလှယ်ဖြစ်သည်။ ထို ကိုယ်စားလှယ်များသည် ကွန်ဂရက်သို့ တက်ရောက်သည့် ကိုယ်စားလှယ် ၂၂၉၆ ဦး၏ ၃ ပုံ ၁ ပုံ ရှိသည်။
 
စက်မှုလုပ်သားများ၏ အကျိုးခံစားခွင့်များကို စိတ်ဝင်စားသော ရှီ ကျန့်၏ ဘ၀ အသေးစိတ်များကိုလည်း မေးမြန်းသည်။
 
စက်မှုလုပ်ငန်းကို လမ်းဖွင့်ပေးသည့် နိုင်ငံ၏ မူဝါဒများမရှိပါက အသက်ဝမ်းကြောင်းပညာသာတတ်သောသူကဲ့သို့သောသူများသည် အဆင့်မြင့်နည်းပညာရှင် ဖြစ်လာမည်မဟုတ်ကြောင်း ပြောသည်။
 
“ဝင်ငွေဘယ်လောက်ရလဲ” ဟု ရှီက ဆက်မေးသည်။
 
“အရမ်းကို ကျေနပ်အားရစရာကောင်းပါတယ်” ဟု သူဖြေသောကြောင့် ကျန်ကိုယ်စားလှယ်များ ရယ်မောကြသည်။
 
ကိန်းဂဏန်းဖြင့် သူမဖြေသော်လည်း တရုတ်နိုင်ငံ၏ နှစ်စဉ် တစ်ဦးချင်းဝင်ငွေသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ယွမ် ၁၆၅၀၀ မှ ယွမ် ၃၅၁၀၀ သို့ ရောက်လာသည်။ တရုတ်နိုင်ငံတွင် အလယ်အလတ် ဝင်ငွေရသူ သန်း ၄၀၀ ကျော်ရှိပြီး ကမ္ဘာတွင် အများဆုံးဖြစ်သည်။
 
တရုတ်၏ ကုန်ထုတ်ရေးကဏ္ဍသည် ကမ္ဘာတွင် အကြီးမားဆုံးဖြစ်သည်။ ရှီသည် ထိုကဏ္ဍကို တိုးတက် စေရန် အထူးစိတ်ဝင်စားနေသည်။
 
“တရုတ်နိုင်ငံခေတ်မီရေး အောင်မြင်စေဖို့ ကျနော်တို့ ကုန်ထုတ်လုပ်ငန်းလုပ်ရမယ်။ စစ်မှန်တဲ့ စီးပွားရေး ဖြစ်အောင်လုပ်ရမယ်။ စိတ်ဓာတ်ကိုပြောင်းလဲရမယ်။ စက်မှုလုပ်သားတွေကို ပိုမိုပြုစုပျိုးထောင်ရမယ်” ဟု သူပြောသည်။
 
တနင်္လာနေ့က ဆွေးနွေးပွဲသည် တစ်နာရီခွဲကြာပြီး ဆွေးနွေးပွဲမပြီးမီ ရှီက ပါတီ၏ ရှေ့ခရီးနှင့်ပတ်သက်ပြီး အကျဉ်းချုံးပြောသည်။
 
ပါတီတစ်ရပ်လုံးနှင့်တရုတ်ပြည်သူများအားလုံးသည် ပါတီအလံတော်အောက်တွင် စည်းလုံးရန် လိုပြီး ဘုံရည်မှန်းချက်အတွက် ဆက်လက်အတူတကွလုပ်ကိုင်ကာ လှိုင်းလေမျာအကြား အမျိုးသား အားသစ်လောင်းရေး မဟာသင်္ဘောကြီး ခရီးပန်းတိုင်ရောက်ရေးအတွက် အတူတကွလုပ်ဆောင်ကြရန် ရှီက တိုက်တွန်းခဲ့သည်။ 
 
Linko
 
(Ref:Xinhua: Xi Focus-Closeup: In conversation with fellow delegates)