【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အာဆီယံခရီးစဉ်လားရာ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အာဆီယံခရီးစဉ်လားရာ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံသို့ ဇူလိုင် ၃ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တရားဝင်လာရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံ ပုဂံဒေသတွင် ကျင်းပမည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ကာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပမည့် G20 အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုပါ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်းကြီး၏ အာရှ ၅ နိုင်ငံခရီးစဉ်သည် ဒေသတွင်း တင်းမာသည့် သံတမန်ရေးရာ ကိစ္စရပ်များပေါ်ပေါက်နေချိန်တွင် သွားရောက်သည့်ခရီးစဉ်ဖြစ်သဖြင့်  နိုင်ငံတကာမှ စောင့်ကြည့်မှုများလည်း ရှိခဲ့သည်။ အဆိုပါ နိုင်ငံများသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်မှုများလည်း ရှိခဲ့သဖြင့် သံတမန်ရေးရာ လွန်ဆွဲပွဲတစ်ခု အာဆီယံဒေသအတွင်း ဖြစ်နေမှုက စိတ်ဝင်စားဖို့ ကောင်းနေခဲ့သည်။

အစောပိုင်းတွင် ဖိလစ်ပိုင် သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဖာဒီနန်မားကိုစ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒုတိယသမ္မတ ဝမ်ချီဆန်း တက်ရောက်ခဲ့သည့်အတွက် အမေရိကန်၏အာဆီယံဒေသအတွင်း အနီးကပ်ဆုံး မဟာမိတ်ဖိလစ်ပိုင်အပေါ် တရုတ်ဘက်က အလေးစိုက်မှုအတွက် တရုတ်၏ သေနင်္ဂဗျူဟာက အမေရိကန်ထက် ပို၍ အလေးသာနိုင်ကြောင်း တွက်ဆမှုရှိခဲ့သည်။ ယခုနှစ်ပိုင်းတွင် အမေရိကန်၏ အာရှ-ပစိဖိတ်မူဘောင်က ဒေသတွင်း နိုင်ငံများအပေါ် အနည်းနှင့် အများဆိုသလို ရိုက်ခတ်မှုရှိခဲ့သည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် လေးနိုင်ငံဖြစ်သည့် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် တရုတ်၏ ကျယ်ပြောလှသော ရေကြောင်းနှင့် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုမှုများ ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအငြင်းပွားမှုက အမေရိကန်အတွက် ဒေသတွင်း တကျော့ပြန်ဩဇာထူထောင်မှုကို အထောက်အကူပြုနိုင်သည့် အနေအထားဖြစ်နေသည်။

မကြာသေးမီက ထိုဒေသအတွင်း အမေရိကန်ထိပ်တန်းတာဝန်ရှိသူများ လာရောက်မှုရှိခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ထိုင်းသို့ သွားရောက်ပြီး ရက်ပိုင်းအတွင်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထိုင်းသို့ G-20 ဆွေးနွေးပွဲမှအပြန် ဝင်ရောက်ခဲ့သည်။ ထိုအခြေအနေက အာရှ-ပစိဖိတ်ဒေသအတွင်း တရုတ်၏ အဓိက ကုန်သွယ်ဖက်ဖြစ်လာနေသည့် အာဆီယံနိုင်ငံများနှင့် ဆက်ဆံမှုကို အမေရိကန်ဘက်က ရအောင် ထိုးဖောက်နေသည်ကို မြင်ရသလို တရုတ်ဘက်ကလည်း ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်နေသည့် အခင်းအကျင်းကိုလည်း မြင်နေရသည်။

ဝမ်ယိ၏ ယခုခရီးစဉ်သည် အာဆီယံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ပြီးနောက် ပထမနှစ်တွင် တရုတ်နိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန် ရည်ရွယ်ပြီး ဒေသတွင်း၌ ၎င်း၏ ကတိကဝတ်ကို ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုခရီးစဉ်အတွင်း အဆိုပါဒေသတွင်းရှိ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများ ဆွေးနွေးရန် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် မလေးရှားနိုင်ငံများသို့ ၁၁ ရက်ကြာ ခရီးစဉ်ကို G20 အစည်းအဝေး မတိုင်မီ စတင်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ဝမ်သည် မြန်မာနိုင်ငံ ပုဂံမြို့ရှိ Lancang-Mekong ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မူဝါဒမိန့်ခွန်း ပြောကြားခဲ့သည်။  

ထိုမူဝါဒမိန့်ခွန်းတွင် ဝမ်ယိက တရုတ်နှင့်အာဆီယံနိုင်ငံများသည် COVID-19 ကို တိုက်ဖျက်ရန် စည်းလုံးညီညွတ်စွာ အတူတကွရပ်တည်ခဲ့ကြသည်က နက်ရှိုင်းသောချစ်ကြည်ရင်းနှီးမှုကို ကွက်ကွက်ကွင်းကွင်းသက်သေပြခဲ့သည့်အပြင် ဗိုင်းရပ်စ်ကိုတိုက်ဖျက်ရန် အတူတကွလုပ်ဆောင်ခြင်း၏ စံနမူနာကောင်း တစ်ခုလည်းဖြစ်ကြောင်း၊ အားတက်ဖွယ်ရာ တိုးတက်မှုမှာ တရုတ်နှင့် အာဆီယံတို့ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု ထွန်းကားလာခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ပူးပေါင်းမှု၏ အကောင်းဆုံး အောင်မြင်မှုမှာ တရုတ် -အာဆီယံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာ တိုးတက်နေခြင်း၊ ကွဲပြားမှုများနှင့် အငြင်းပွားမှုများကို ထိထိ ရောက်ရောက် စီမံခန့်ခွဲခြင်းနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးနယ်ပယ်များတွင် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့ကာ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို အခွင့်အ လမ်းတစ်ရပ်အဖြစ် ထူထောင်ရန်အတွက် ကောင်းမွန် ခိုင်မာသောခြေလှမ်းများချမှတ်ကာ ရှေ့အတွက် စသင့်ပြီဟု ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိနိုင်ငံတကာဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြောခဲ့ရာတွင်လည်း  နိုင်ငံများအနေဖြင့် ပွင့်လင်းမြင်သာမှု သို့မဟုတ် အထီးကျန်မှုကို ရွေးချယ်သည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှု၊ စည်းလုံးညီညွတ်မှု သို့မဟုတ် ကွဲပြားမှု၊ တိုးတက်မှု သို့မဟုတ် ဆုတ်ယုတ်မှုတို့က ဒေသတွင်းရှိ နိုင်ငံအားလုံး၏ အနာဂတ်အပေါ် အခြေခံကျသော အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်းပြောခဲ့ကာ လွတ်လပ်ရေးနိယာမကို အမြဲတမ်း လက်ကိုင်ထားပြီး အနာဂတ်နဲ့ ကိုယ့်ဒေသရဲ့ အနာဂတ်ကို ကိုယ့်လက်ထဲမှာ ထားရှိဖို့ လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

ဝမ်ယိ၏ ယခုမိန့်ခွန်းက အာဆီယံဒေသတွင်း မူဝါဒရေးရာကို လှုပ်ခတ်ခဲ့သည်။ အရှေ့တောင်အာရှသည် ၎င်း၏ မဟာဗျူဟာအရ အရေးပါသော ပါဝါများကြား သဘောထားကွဲလွဲမှုတွင် ကာလကြာရှည်စွာ တည်ရှိနေခဲ့သည်။ ယခုအခါ ဒေသတွင်းနိုင်ငံများသည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအလယ်တွင် ရှိနေခဲ့သည်။ ဝမ်ယိက ဒေသတွင်းနိုင်ငံအများအပြားသည် နှစ်ဖက်ပူးပေါင်းရန် ဖိအားပေးခံနေရသည်ဟု ပြောခဲ့သည်။ ဝမ်ယိက ကမ္ဘာ့အင်အားကြီးနိုင်ငံများက နိုင်ငံများအား စစ်တုရင်အပိုင်းအစများအဖြစ် အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ပြောခဲ့သည်။

ဝမ်ယိ၏ ခရီးစဉ်ကို ကြည့်ပါက ဤသို့မြင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ဇူလိုင် ၃ ရက်တွင် လာရောက်ကာ ပုဂံတွင် လန်ချမ်း-မဲခေါင်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။ ထိုနောက် ထိုင်းသို့ဆက်သွားကာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့် ဇူလိုင် ၅ ရက်တွင်တွေ့သည်။ ဇူလိုင် ၆ ရက်တွင် ဖိလစ်ပိုင်သို့ သွားရောက်ကာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်နှင့်တွေ့သည်။ ထို့နောက် ဇူလိုင် ၇ ရက်နှင့် ၈ ရက်တွင် ကျင်းပသည့် G-20 အစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ သွားရောက်ခဲ့သည်။ ဇူလိုင် ၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့သည်။ ဇူလိုင် ၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံသည်။ ဇူလိုင် ၁၁ ရက်တွင် အင်ဒိုနီးရှားရှိ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တွေ့သည်။ ဇူလိုင် ၁၂ ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ဆုံခဲ့သည်။

ခရီးစဉ်များအတွင်း ပြုုလုပ်ခဲ့သည့် သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲများကို ကြည့်ပါက တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း အခြေခံအဆောက်အအုံပိုင်းနှင့် ကုန်သွယ်ရေးပိုင်းကို အလေးထားပြီး ပြင်ပဩဇာအာဏာကြောင့် ဒေသတွင်းမတည်မငြိမ်ဖြစ်မှုကို ဒေသတွင်းနိုင်ငံများခြင်းသာ ညှိနိုင်းဖြေရှင်းသည့်နည်းဖြင့် ဖြေရှင်းစေလိုသည့် သဘောကိုပြသခဲ့သည်ကို တွေ့ရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်  တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ယခုခရီးစဉ်တစ်လျှောက်လုံးတွင် ဒေသတွင်းနိုင်ငံအသီးသီး၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုလိုလားသော ဆန္ဒကို လေးလေးနက်နက်ခံစားရကြောင်း၊ တရုတ်နှင့် အာဆီယံအဖွဲ့ ဝင်နိုင်ငံအသီးသီးရှိ ပြည်သူများအကြား နက်ရှိုင်းသော ချစ်ကြည်ရေးကို လေးလေးနက်နက်ခံစားရကြောင်း၊ တရုတ်နှင့်အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု အရေးတကြီး လိုအပ်ချက်ကို လေးလေးနက်နက်ခံစားရကြောင်းပြောခဲ့ကာ တရုတ် နိုင်ငံအနေဖြင့် မလေးရှားအပါအဝင် အာဆီယံ မိတ်ဆွေများနှင့် လက်တွဲကာ မဟာဗျုဟာမြောက် အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ ဒေသတွင်း တည်ငြိမ်မှုကို စိတ်တူကိုယ်တူ ထိန်းသိမ်းရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို တစိုက်မတ်မတ် တွန်းအားပေးရန်၊ တရုတ်နှင့် အာဆီယံ နိုင်ငံ အသီးသီးမှ ပြည်သူများအပေါ် အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်ပေးရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု မြှင့်တင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကိုတွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်များအတွင်း တရုတ်ဘက်က ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နေသည့် အခင်းအကျင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပြီး ကိုဗစ်အလွန် အာဆီယံနိုင်ငံများလိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခင်းအကျင်းကိုလည်း သေချာစွာလုပ်ဆောင်နိုင်ခဲ့သည်ကိုတွေ့ရသည်။ ဒေသတွင်းတည်ငြိမ်ရေးကို အာရုံစိုက်နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ခရီးစဉ်မှာ နိုင်ငံတကာက စောင့်ကြည့်ရအောင်ပင် ဒေသတွင်းနှင့် တရုတ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုရှိ/မရှိဆိုသည်ကို နောက်လာမည့် အနာဂတ်တွင် မြင်ရလိမ့်မည် ဖြစ်လေသည်။

လင်းသစ်အောင်