【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ စိမ်းလန်းသော စွမ်းအင်စီမံကိန်း ဘယ်အထိ အကျိုးသက်ရောက်မလဲ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ စိမ်းလန်းသော စွမ်းအင်စီမံကိန်း  ဘယ်အထိ အကျိုးသက်ရောက်မလဲ 

ကာဗွန် ရုပ်ကြွင်းလောင်စာကဖြစ်သည့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်လာသည့် ရာသီဥတုပြောင်းလဲခြင်းကိုလည်း ယခုအခါ ကမ္ဘာတစ်ဝန်းကြုံနေရပြီ ဖြစ်သည်။ မည်မျှ ပြောင်းလဲမှုရှိလာသည်ဆို ကန္တာရဒေသ များဖြစ်သည့် အရှေ့အလယ်ပိုင်းဒေသ ပူပြင်းခြောက်သွေ့သည့် အီရန်လိုနိုင်ငံမျိုးတွင် မိုးကြီးကာ ရုတ်တရက် ရေကြီးရေလျှံဖြစ်သည်အထိ ရာသီဥတုကမောက်ကမဖြစ်ခဲ့သည်။

 ယခုလတ်တလော ရာသီဥတုဖောက်ပြန်မှုများကို ကြည့်ပါ။ မကြာသေးမီက ပါကစ္စတန်နိုင်ငံ ဘလူချီစ္စ တန်ပြည်နယ်တွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ၁၆၂ ဦးထိရှိခဲ့သည်။ တစ်နိုင်ငံလုံးဆိုပါက အနည်းဆုံး လူ ၅၀၂ ဦးသေဆုံးပြီး ၅၉၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ပျက်စီးဆုံးရူံးမှုကိုကြည့်ပါက  တိရစ္ဆာန်ပေါင်း ၂၄,၈၀၀ ကျော် ဆုံးရှုံးခဲ့ပြီး အိမ်ခြေပေါင်း ၃၉,၃၄၃ လုံး ပျက် စီးခဲ့သည်ဟုဆိုသည်။ဒါက ပါကစ္စတန် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဌာနက သြဂုတ် ၂ ရက် တရားဝင်ထုတ်ပြန်ချက်ဘဲရှိသေးသည်။ အာဖရိကမှ ယူဂန္ဓာနိုင်ငံတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ယခုသီတင်း ပတ်တွင် ၂၄ ဦး သေဆုံးခဲ့သည်။ ရာသီဥတုဖောက်ပြန်ခြင်းက ရေကြီးရေလျှံခြင်းတစ်ခုတည်းသာ ဖြစ်နေခြင်းမဟုတ်။ ဂျပန်လို့ ရာသီဥတုအေးမြသည့် နိုင်ငံတွင်လည်း နေရာအနှံ့ အပူချိန်မြင့်တက်ကာ ၄၀ ဒီဂရီစင် တီဂရိတ်ခန့်ထိ စံချိန်တင်မြင့်မားခဲ့သည်။ ဥရောပစပိန်တွင် တောမီးများလောင်သည်။  ဗြိတိန်တွင် အပူချိန် စံချိန်တင်မြင့်တက်သည်။ အမေရိကန် ကာလီဖိုးနီးယားတွင် တောမီးလောင်မှုက ငြှိမ်းသတ်နိုင်သေး။ အန္တာတိကတွင် အပူချိန်တိုးလာသဖြင့် ရေခဲပြင်များအရည် ပျော်လာသဖြင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခဲ့သည်။ မကြာမီက သတင်းတစ်ခုတွင် ဟိမ၀န္တာ တောင်ထိပ်က ရေခဲမြစ်ဖျားပိုင်းတွင် ရေခဲပြင်အရည်ပျော်လာသဖြင့် အိန္ဒိယနှင့် တောင်အာရှနိုင်ငံများ အားထားနေရသည့် မြစ်ကြီးများ တိမ်ကောလာမည့် ဘေးကို စိုးရိမ်နေရပြီ ဖြစ်သည်။

ထိုအချက်များက ရေရှည်တွင် ကာဗွန်ရုပ်ကြွင်းလောင်စာကို မဖြစ်မနေ သုံးစွဲမှုရပ်ဆိုင်းကာ အခြားသော သဘာ၀မထိခိုက်သည့် လောင်စာဖြင့် အစားထိုးရတော့မည့် သဘာ၀၏ သတိပေးချက်ဖြစ်သည်။  ထိုထဲ ရုရှားက ယူကရိန်းကို ကျူးကျော်သဖြင့် ဖြစ်လာသည့် ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့တစ်ဝန်း ရေနံနှင့် သဘာ၀ဓာတ်ငွေ့ အကျပ်အတည်းဖြစ်လာသည့်အခါ  ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများအတွက် ရေရှည်တွင် နိုင်ငံများ၏စွမ်းအင် လုံခြုံရေးအတွက် အစိမ်းရောင်စွမ်းအင်ဘက်ကို ပြောင်းမှ ဖြစ်မည်ဆိုသည်ကို လက်ခံလာကာ အာရုံစိုက်လာ ကြသည်။ ထိုနေရာတွင် အစိမ်းရောင်စွမ်းအင်ကို အားပေးဖို့ ယခုမှ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ မူဝါဒပြင် နေချိန်တွင် ထိုနိုင်ငံများထက် စောစွာခရီးရောက်နေသည်မှာ တရုတ်၏ အစိမ်းရောင်စွမ်းအင်ကဏ္ဍပင် ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ပေါ်၌ ပြန်လည်ပြည့်ဖြိုးမြဲဟုခေါ်သည့် အစိမ်းရောင်စွမ်းအင်သုံးစွဲမှုတွင် ထိပ်ဆုံး မှ ဦးဆောင်နေသည်မှာ တရုတ်နိုင်ငံဖြစ်သည်။  ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဆိုလာ နှင့် လေအား တပ်ဆင်မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ နေရောင်ခြည်စွမ်းအင်သုံး၏ ၇၀ ရာခိုင်နှုန်း ကျော်ကို ထုတ်လုပ်ခဲ့သည်။ IHA ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် တပ်ဆင်နိုင်စွမ်းအား ၃၇၀,၁၆၀ မဂ္ဂါဝပ်ဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ခဲ့သည်။ ထိုနှစ်တွင်ပင် လေအားလျှပ်စစ် ပမာဏ ၇၁.၆၇ ဂစ်ဂါဝပ်ကို ထုတ်လုပ်နိုင်ခဲ့ရာ ၂၀၁၉ ခုနှစ်အဆင့်ထက် သုံးဆနီးပါး ပိုမိုများပြားခဲ့သည်။

လျှပ်စစ်စွမ်းအင် ၇၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးကနေထုတ်လုပ်နေသည့်  အိန္ဒိယက ၂၀၇၀ ခုနှစ်တွင် ကာဗွန်ကြားနေမှုရောက်ရှိရန် ကတိပြုခဲ့သည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် ရှီကျင့်ဖျင်ဦးဆောင်သော  တရုတ်နိုင်ငံက  ၂၀၆၀ ခုနှစ်တွင် ကာဗွန် ကြားနေမှုရောက်ရှိရန် ကတိပြုခဲ့သည်။ တရုတ်နိုင်ငံကမူ ၂၀၃၀ ခုနှစ်တွင် ၎င်း၏ လျှပ်စစ်ဓာတ်အား ၃၅ရာခိုင်နှုန်းအထိ ပြန်လည်ပြည့်ဖြိုးမြဲဖြစ်စေရန် ကတိပြုထားသည်။ တရုတ်ဟာ ၂၀၂၆ ခုနှစ်ကစပြီး ကျောက်မီးသွေးကို မှီခိုနေတာတွေ လျှော့ချသွားမယ်ဆိုတာကို ကတိပြု ထားသည်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency) ရဲ့ အဆိုအရ တရုတ်နိုင်ငံအနေဖြင့် ၎င်းချမှတ်ထားတဲ့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်တွေကို ပြည့်မီအောင် ကျောက်မီးသွေးအပေါ် မှီခိုနေရတာကို ၂၀၆၀ ခုနှစ်အရောက်မှာ ၈၀ ရာခိုင်နှုန်းကျော်အထိ ဖြတ်တောက်သွားဖို့ရှိကြောင်းဆိုသည်။

အမေရိကန်တွင် သုံးစွဲနေသည့် စွမ်းအင်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရုပ်ကြွင်းလောင်စာကနေ ထုတ်လုပ်နေခြင်းဖြစ်သည်။ အမေရိကန်သမ္မတဘိုင်ဒင်က မကြာသေးမီ ကာလအတွင်း  အစိမ်းရောင်စွမ်းအင် (green energy) ထုတ်လုပ်မှုကို ချဲ့ထွင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစီမံကိန်းကို ရန်ပုံငွေ ဒေါ်လာ ၁၅၀ ဘီလျံထိ သုံးစွဲဖို့ ပြောခဲ့သည်။ထိုအစီအစဉ်တွင် ရုပ်ကြွင်းလောင်စာတွေကို မှီခိုနေတဲ့ စွမ်းအင်ထုတ်ကုမ္ပဏီတွေ သန့်ရှင်း လျှပ်စစ် စွမ်းအင်ထုတ်လုပ်မယ့်ဘက် ပြောင်းရန်အတွက် ထောက်ပံ့ပေးရန်လည်း ပါသည်။ သို့ရာတွင်အမေရိကန် လွှတ်တော်အမတ်တချို့က  ကျောက်မီးသွေးထုတ်လုပ်ရေးလုပ်ငန်းနှင့် မြေအောက်ကျောက်လွှာထဲမှ သဘာဝ ဓာတ်ငွေ့ထုတ်မယ့် လုပ်ငန်းတွေ  ထိခိုက်မည်စိုးရိမ်သည့်အတွက် ကန့်ကွက်ဟန့်တားခဲ့ကြသည်။

 တရုတ်နိုင်ငံသည် အနာဂတ် သန့်ရှင်းသောစွမ်းအင် အကူးအပြောင်း၌ ကမ္ဘာပေါ်တွင် ဦးဆောင်လျက် ရှိပြီး တရုတ်နိုင်ငံသည် အခြားမည်သည့်နိုင်ငံထက်မဆို ဆိုလာစွမ်းအင်ကို ပိုမိုထုတ်လုပ်လျက်ရှိကြောင်း၊ နိုင်ငံ၏ လေစွမ်းအင်တပ်ဆင်ခြင်းများသည်လည်း ၂၀၂၀ ပြည့်နှစ်၌ အခြားမည်သည့်နိုင်ငံထက်မဆို သုံးဆကျော် ရှိကြောင်း ဆိုသည်။ အစိမ်းရောင်စွမ်းအင် ပြောင်းလဲခြင်းဖြင့် တရုတ်နိုင်ငံသည် ပိုမိုစိမ်းလန်းလာပြီဖြစ်ကြောင်း သဘာဝ ပေါက်ပင်ဖုံးလွှမ်းထားသော ကုန်းမြေဧရိယာ တိုးမြှင့်လာခြင်းက ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူသော သစ်ပင်များအဖြစ် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း BBCက ၂၀၂၁ခုနှစ်အတွင်း ဖော်ပြခဲ့သည့်ဆောင်းပါးတွင် ဖော်ပြထားသည်။ 

နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA) ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သစ်(အစိမ်းရောင် စွမ်းအင်) ၂၉၅ ဂစ်ဂါဝပ်ထုတ်လုပ်နိုင်ခဲ့ကာ  စံချိန်တင်ခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ယခုနှစ်အထိ တိုးတက်မှုနှုန်းကို တရုတ်၊ ဥရောပသမဂ္ဂနှင့် လက်တင်အမေရိကရှိ ခိုင်မာသောမူဝါဒထောက်ခံမှုဖြင့် တွန်းအားပေးမှုကြောင့် ဆိုသည်။ တရုတ်နှင့် အိန္ဒိယတွင် ဆိုလာ၏တိုးတက်မှုနှုန်းသည် ကြီးမားသောစီမံကိန်းများအတွက် ခိုင်မာသောမူဝါဒပံ့ပိုးမှုဖြင့် တွန်းအားပေးနေသည်။

တရုတ်အာဏာပိုင်များသည် စိမ်းလန်းသောစွမ်းအင်တွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ထို့အတွက် တရုတ်နိုင်ငံသည် နေရောင်ခြည်နှင့် လေစွမ်းအင်ဆိုင်ရာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်လာသည်။ တရုတ်နိုင်ငံတွင် ယခင်က စွမ်းအင်အတွက် ရေနံ၊ ကျောက်မီးသွေးကို မှီခိုခဲ့ရပြီး အများစုကို ကျောက်မီးသွေးစွမ်းအင်မှ ရရှိသည်။ ထိုအတွက် ယခုနှစ်ပိုင်းတွင် ကျောက်မီးသွေးအပေါ်မှီခိုမှုကိုလျော့ချခဲ့သည်။ ကျောက်မီး သွေးစွမ်းအင်သည် နိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှု၏ အကြီးမားဆုံးဝေစုကို ယခုအချိန်အထိ ရယူထားဆဲဖြစ်သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် အချိန်တိုအတွင်း အများအပြားတိုးတက်ခဲ့သည်။

တရုတ်နိုင်ငံ၏ လေနှင့် ဆိုလာစနစ် ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများတွင် တရုတ်အာဏာပိုင်များ၏ ထူးခြားသော စီမံခန့်ခွဲမှုချဉ်းကပ်မှုက အခန်းကဏ္ဍတစ်ခုအဖြစ်ရှိနေခဲ့သည်။  အာဏာပိုင်များသည် သတ်မှတ်ထားသော ဧရိယာတွင် ရှေ့ပြေးပရောဂျက်များကို ဖော်ဆောင်ကြပြီး မူဝါဒချမှတ်ခြင်းကို သေးငယ်သော စမ်းသပ်မှုတစ်ခုအနေဖြင့် စတင်လေ့ရှိပြီး စမ်းသပ်မှုမှာ အလုပ်ဖြစ်မြောက်လာပါက အတိုင်းအ တာကို တိုးမြှင့်ခဲ့သည်။

တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်နေပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း သိသိသာသာတိုးမြင့်လာခဲ့သည်။ စက်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီး မြှုပ်နှံမှု လျင်မြန်စွာကြီးထွားလာလေလေ ကုန်စည်ထုတ်လုပ်မှုတွင် လျှပ်စစ်ဓာတ်အားလိုအပ်မှု သိသိသာသာတိုးလာလေဖြစ်သည်။ ထို့ကြောင့် စွမ်းအင်ထောက်ပံ့နိုင်မှုမှာ စီးပွားရေးတိုးတက်မှုအတွက် အဓိကလိုအပ်သည့် အထောက်အပံ့ဖြစ်သည်။

နေနှင့်လေတို့မှရှိသော စွမ်းအင်မှာ ရာသီဥတုအခြေအနေနှင့် ရာသီအလိုက်ထုတ်လုပ်နိုင်မှုကွဲပြားသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် လေတိုက်သောအခါ သို့မဟုတ် နေရောင်ရှိသောအချိန်တွင်သာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးသောကြောင့် ဓာတ်အားလိုင်းတွင် မညီညာသော ဓာတ်အားရရှိမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ထိုပြဿနာက တရုတ်တွင်မှာသာမဟုတ်၊ ဥရောပတွင်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကွန်ရက်ထဲကို ပေါင်းစည်းဖို့ကြိုးစားနေရသည်။ ထိုကဲ့သို့ စိန်ခေါ်မှုများနှင့် ပြဿနာများကို တရုတ်အာဏာပိုင်များက မူဝါဒအကောင်အ ထည်ဖော်ခြင်းဖြင့် ဖြေရှင်းပေးသည်။ထိုအတွက် သုတေသနဌာနများက အရေးပါလာသည်။ တရုတ်နိုင်ငံတွင် လေ့လာမှုနှင့် သုတေသနပြုမှုများစွာအတွက် ပေကျင်းတွင် နှစ်ခုနှင့် ရှန်ဟိုင်းတွင် တစ်ခုထားရှိသည်။

တရုတ်တွင် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့်  ဆိုလာဆဲလ်တွေ တပ်ဆင်ထားသည့် ရပ်ကွက်နှင့် မြို့ထဲဒေသတွေ ရှိသည်။ထိုနေရာများက စမတ်မြို့များအတွက် ရှေ့ပြေးဖြစ်သည်။ ၂၀၁၆ ခုနှစ်ခန့်မှ စတင်၍ အစိုးရသည် ကျေးလက်ဒေသများရှိ အိမ်ခေါင်မိုးများပေါ်တွင် ဆိုလာစွမ်းအင်ကို ပိုမိုထုတ်လုပ်ရန် အာရုံစိုက်ခဲ့သည်။ ထိုသို့ကြီးထွားလာသည့် တရုတ်ဆိုလာဆဲလ်လုပ်ငန်းသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သော ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်အထိ တရုတ်နိုင်ငံသည် ၎င်းတို့ထုတ်လုပ်သည့် ဆိုလာပြားများအားလုံးနီးပါးကို တင်ပို့ခဲ့သည်။တရုတ်ဆိုလာလုပ်ငန်းမှာ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည်ဆိုသော်လည်း ယခုအခါ ကမ္ဘာအကြီးမားဆုံးဆိုလာဆဲလ်ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရောက်နေသည်က တရုတ်အာဏာပိုင်များ၏ အစိမ်းရောင်စွမ်းအင်အပေါ် အလေးပေးမှုကြောင့် ဖြစ်သည်။

အစိမ်းရောင်စွမ်းအင်တစ်မျိုးဖြစ်သည့် လေအားလျှပ်စစ်ကိုလည်း တရုတ်နိုင်ငံတွင် ၂၀၀၂ ခုနှစ်အစောပိုင်းမှ စတင်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင်မူ တရုတ်လေအားတာဘိုင်လုပ်ငန်းများမှာ အလျင်အမြန်ဖွံ့ဖြိုးလာသည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း တရုတ်ကုန်းတွင်းလေအားလုပ်ငန်း အရှိန်အဟုန်မြင့်လာချိန်တွင် ဒေသဖွံ့ဖြိုးတိုးတက်မှုပါ မြန်ဆန်လာခဲ့သည်။ အထူးသဖြင့် ထိုသို့ဖွံ့ဖြိုးလာရခြင်းမှာ ဒေသတွင်း လေအားတာဘိုင်များကို မဟာဓာတ်အားလိုင်းနှင့် မချိတ်ဆက်ဘဲ စက်မှုလုပ်ငန်းများအတွက် ဒေသတွင်းသတ်မှတ်ချက်ကို ချမှတ်ခဲ့သဖြင့် အလျင်အမြန်တိုးတက်လာခဲ့ခြင်းဖြစ်သည်။ တရုတ်တွင် လေအားလျှပ်စစ်အတွက် ဒေသတစ်ခုလျှင်မဂ္ဂါဝပ် ၅၀ သတ်မှတ်ထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၌ လေအားလျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်ထုတ်လုပ်သည့်လုပ်ငန်းများမှာ အစောပိုင်းတွင် ပြည်ပရောင်းချခြင်းထက် ပြည်တွင်းတည်ဆောက်ခြင်းက ပိုများသည်။ ယခုအခါတွင်မူ ကမ္ဘာ့အကြီးဆုံးလေရဟတ်တာဘိုင်ကုမ္ပဏီအများအပြားမှာ တရုတ်ကုမ္ပဏီများဖြစ်နေပြီ ဖြစ်သည်။

တရုတ်နိုင်ငံ၏ လေအားလျှပ်စစ်စွမ်းအားအများစုသည် ကုန်းမြေအခြေခံဖြစ်သော်လည်း ကမ်းလွန်လေအားသည် တရုတ်၏ ကြီးထွားလာနေသော ဦးစားပေးလုပ်ငန်းဖြစ်သည်။ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စုစုပေါင်းသည် ယခုနှစ်ဇန်နဝါရီလမှ ဇွန်လကာလအတွင်း ယမန်နှစ်ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာကာ ကီလိုဝပ်နာရီ (kWh) ၄ ဒသမ ၁ ထရီလီယံ အထိ ရောက်ရှိလာခဲ့သည်။မကြာမီက တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်တွင် စွမ်းအင် မဂ္ဂါဝပ်ပမာဏအထိ ထုတ်လုပ်နိုင်သည့် ဟိုက်ဒရိုဂျင်ပေါင်းစပ်စွမ်းအင်ထုတ်လုပ်ရေးစက်ရုံကို ရှေ့ပြေးအဖြစ် စတင်လည်ပတ်ခဲ့သည်။ ယခုနှစ်ဇူလိုင်လအတွင်းကလည်း တရုတ်နိုင်ငံ ဟူပေပြည်နယ် ရင့်ချိန်မြို့တွင် ပထမဆုံး ၃၀၀ မဂ္ဂါဝပ် လေစွမ်းအင်သိုလှောင်ရေးစီမံကိန်းကို စတင်ခဲ့သည်။

 အစိမ်းရောင် သန့်ရှင်းသော စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်နေခြင်းကြောင့်လည်း မကြာမီက BRI စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများ၏ အစိမ်းရောင်စွမ်းအင်စီမံကိန်းများတွင် ဦးစားပေးရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုသည်က ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်ရန် ကြီးမားသည့် အထောက်အပံ့ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုမယ့်အစား အစိမ်းရောင်စွမ်းအင်ကို ပြောင်းလဲအသုံးပြုခြင်းက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ နိုင်ငံတကာ အစိမ်းရောင်စွမ်းအင် ဖွံ့ဖြိုးရေးကဏ္ဍတွင် တရုတ်သည် အဓိက ဦးဆောင်သူဖြစ်လာနေသည်။ မကြာမီက ဆိုလာထုတ်ကုန်များ ပါဝင်သော ကွန်တိန်နာအလုံး ၅၀ ကို ဂျာမနီနိုင်ငံ ဒစ်ဘချ်သို့ တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် လျောင်နင်ပြည်နယ် မြို့တော်စိန်ရန်မှတင်ပို့ခဲ့သည်။

ကမ္ဘာ့ရုပ်ကြွင်းလောင်စာ သုံးစွဲမှု ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည့် တရုတ်၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဖြစ်သည့် အစိမ်းရောင်သန့်ရှင်းသောစွမ်းအင်နည်းပညာဖွံ့ဖြိုးမှုက မည်မျှခရီးပေါက်မည်လဲဆိုသည်မှာ ကမ္ဘာ့ရာသီဥတုတိုက်ဖျက်ရေးတွင် အရေးပါသောအခန်းကဏ္ဍသို့ ရောက်လာနေပြီ ဖြစ်သည်။

လင်းသစ်အောင်