【 နိုင်ငံတကာဆောင်းပါး 】ယနေ့ကမ္ဘာနှင့်စီးပွားရေးနာလန်ထမှုအလားအလာ

【 နိုင်ငံတကာဆောင်းပါး 】ယနေ့ကမ္ဘာနှင့်စီးပွားရေးနာလန်ထမှုအလားအလာ

အရှေ့ဖျားကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ၏ တည်ငြိမ်သောစီးပွားရေး ပြန်လည်ဦးမော့လာမှုက အနာဂတ်တိုးတက်မှုအတွက် ကမ္ဘာ့မျှော်လင့်ချက်များကို မြှင့်တင်ပေးခဲ့သည်။ ထိုအခြေအနေမှာ ယခင်က ငြင်းခုန်စရာ စကား ဖြစ်သော်လည်း ယခုအခါထိုစကားကို အများစုကလက်ခံလာနေကြပြီ ဖြစ် သည်။ ထိုသည်မှာ ကိုဗစ်ကာလအတွင်း ယိုင်လဲသွားမည်ဟု ယူဆထားသည့် ကမ္ဘာ့စီးပွားရေးမှာ အာရှအရှေ့ဖျား နိုင်ငံကြီးတစ်ခု ဖြစ်သည့် တရုတ်၏ အားကောင်းသော ရောင်းလိုအားနှင့် ဝယ်လိုအားက ကိုဗစ်ကာလတစ်လျှောက်လုံး ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နိုင်ခဲ့မှုကြောင့် ဖြစ်လေသည်။ 

 
ယနေ့ ကမ္ဘာတွင် နိုင်ငံကြီးများနှင့်စီးပွားရေးနိုင်ငံကြီးများမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော စွမ်းအင်အကျပ်အတည်းနှင့် နိုင်ငံရေး အကျပ်အတည်းများကို ရင်ဆိုင်နေရသည်။ ထိုနိုင်ငံရေးအကျပ်အတည်းများ ကြောင့် စီးပွားရေးပိတ်ဆို့ကန့်သတ်မှုကို လက်နက်အဖြစ် သုံးနေရသည့်ယနေ့ အချိန်အခါမှာ သာမန်အချိန်ကာလမျိုး မဟုတ်ဘဲ ကိုဗစ်ကျန်းမာရေးကပ်ဘေးကြောင့် ကမ္ဘာ့စီးပွားရေးမှာ ယိုင်နဲ့နေသော အချိန်အခါဖြစ်သည်။ 
 
ကူးစက်မှုလျော့ပါးလာချိန်တွင် ကမ္ဘာ့စီးပွားရေးကို ဆွဲမတ်ထူရန်အချိန် ကျသည့်အချိန်တွင် ယူကရိန်းတွင် ရုရှား၏ စစ်ရေးကျူးကျော်မှု ဖြစ်လာခြင်းက ယိုင်နဲ့နဲ့ ကမ္ဘာ့စီးပွားရေးကို ဆိုးဝါးစွာထိခိုက်စေသည်။ထိုအကျိုးဆက်ကြောင့် ကမ္ဘာ့စွမ်းအင်ပြဿနာနှင့် စားနပ်ရိက္ခာဖိစီးလာသည့် ယနေ့ခေတ်အချိန်အခါတွင် ကမ္ဘာ့စီးပွားရေး ကိုဗစ်မတိုင်မီ ကာလအတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့၊နာလန်ထူလာနိုင်ဖို့က ကမ္ဘာ့နိုင်ငံတိုင်းအတွက် အရေးကြီးလာသည်။ 
 
 
အထူးသဖြင့် စားသုံးသူများ၏ ကျခံသည့် အသုံးစရိတ် တဖြည်းဖြည်း သတိပြုစရာဖြစ်လာအောင် ကျ ဆင်းလာသည်နှင့်အမျှ လူဦးရေ တစ်ဘီလျံခွဲရှိသည့် တရုတ်နိုင်ငံ၏ ကြီးမားသောပြည်တွင်းဈေးကွက်သည် ကျဆင်းနေသော ဖိအားများ၏ သက်ရောက်မှုများကို တွန်းလှန်ရာတွင် အရေးပါသောအခန်း ကဏ္ဍ မှ ပါဝင်ခဲ့လာသည်။ တရုတ်နိုင်ငံသည် ၎င်း၏ ကြီးမားသော လူဦးရေနှင့် ပြည်တွင်းဝယ်လိုအားကြောင့် စီးပွားရေးတိုးတက်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ရှိပြီး၊ စီးပွားရေးကို ရေရှည်တွင် ကျိုးကြောင်းဆီလျော်စွာ တည်ငြိမ်စွာ ဆက်လက်ထားရှိနိုင်စေသည်အခြေအနေ ရှိနေသည်။
 
 
ထို့ကြောင့် လက်ရှိအခြေအနေတွင် ကမ္ဘာ့စီးပွားရေးနာလန်ထူလာနိုင်ရေးမှာ အမေရိကန်နှင့် အနောက်ကမ္ဘာ မဟုတ်တော့ဘဲ တရုတ်နိုင်ငံ၏စီးပွားရေးတည်ငြိမ်မှုနှင့် တရုတ်စားသုံးသူစျေးကွက်၏ဝယ်လိုအား၊ တရုတ်ရှိ လုပ်ငန်းများ၏ ရှင်သန်မှုကိုကြည့်ရတော့မည့်  အနေအထားဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ ခိုင်မာသော စီးပွားရေးအခြေခံအုတ်မြစ်နှင့် ခံနိုင်ရည်ရှိမှုတို့ဖြင့် ကမ္ဘာ့ယုံကြည်စိတ်ချရဆုံး တိုးတက်မှုအင်ဂျင်များထဲမှ တစ်ခုအဖြစ်ဆက်ရှိနေကြောင်း ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးပညာရှင်များနှင့် လေ့လာစောင့်ကြည့်သူများက ထောက်ပြထားသည်။ မကြာသေးမီက စစ်တမ်းတစ်ခုတွင် တရုတ်၏ စီးပွားရေး အပေါ် ယုံကြည်မှု ရာခိုင်နှုန်းက အားကောင်းပြီး တရုတ်စီးပွားရေးကို ကမ္ဘာ့စီးပွားရေးမောင်းနှင်အားအဖြစ် ယူဆထားသည်ကို တွေ့ရသည်။ 
 
 
 
တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာလုံးဆိုင်ရာတွင် ရှေ့တန်းတွင်ရှိပြီး၊ ၎င်းက နိုင်ငံ၏အလယ်အလတ်နှင့် ရေရှည်တိုးတက်မှုအတွက် စီးပွားရေးတိုးတက်မှုအတွက်  မောင်းနှင်အားအသစ်နှစ်ခုလည်းဖြစ်သည်။ ထိုအားနှစ်ခုက လက်ရှိတွင် ကိုဗစ်ကဲ့သို့ ဖြတ်ကျော်နိုင်ခဲ့သည့် အကျပ်အတည်းကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသကို ကမ္ဘာ့စီးပွားရေးမောင်းနှင်သည့် ရပ်ဝန်းအဖြစ် ပြောင်းလဲစေခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂမှာ ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်နေသလို စားသုံးသူစျေးနှုန်းညွှန်းကိန်းများမြင့်တက်နေခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် အမေရိကန်၏စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) မှာ ၁၉၈၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ၁၂ လအတွင်း အကြီးမားဆုံးတိုးမြင့်လာခဲ့ပြီး ယူရိုဇုန်အတွက် ငွေကြေးဖောင်းပွမှုသည် ဇွန်လအထိ တစ်နှစ်တာအတွင်း ၈.၆ ရာခိုင်နှုန်း အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ စီးပွားရေးနှစ်ခုစလုံးသည် “ဆုတ်ယုတ်ကျဆင်းမှုသို့ ပိုကျလာ”နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ COVID-19 ပြန်လည်ကူးစက်မှုမြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းများက အဓိကစီးပွားရေးနိုင်ငံအများအပြား၏ ခံနိုင်ရည်အားကို ကျဆင်းစေခဲ့သည်။ 
 
 
 
ထိုအခြအနေတွင် တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ခြောက်လဆက်တိုက် ဖြေလျှော့ချခဲ့ပြီးနောက် ၎င်း၏ အဓိကစီးပွားရေးညွှန်းကိန်းများသည် ဇွန်လတွင် ပြန်တက်လာခဲ့သည်။ အကောက်ခွန်အထွေထွေ အုပ်ချုပ် ရေး၏ အချက်အလက်များအရ ဇွန်လတွင် နိုင်ငံခြားကုန်သွယ်မှု တိုးတက်မှုနှုန်းသည် ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ အရှိန်မြှင့်လာခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလမှ ဇွန်လအထိ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်စည်ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၉.၄ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး ယွမ် ၁၉.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၉၄ ထရီလီ ယံခန့်) ရှိသည်။ ထိုအခြေအနေကြောင့် ပြင်ပတွင် ဖော်ပြနေသလို တရုတ်စီးပွားရေးအတွက် ခန့်မှန်းမှုမှာ လွဲချော်မှုရှိနေခဲ့သည်ကိုတွေ့ရသည်။ 
 
 
 
အထူးသဖြင့် တရုတ်စီးပွားရေးကို ခန့်မှန်းရာတွင် အဓိကအားဖြင့် တရုတ်စီးပွားရေးအချက်အခြာ နေရာများတွင် ကိုဗစ်ဖြစ်ပွားမှုပေါ် အခြေခံသည်။တရုတ်အာဏာပိုင်များ၏ လူအသက်အစားထိုးမရသဖြင့် လူ့အသက်ကို အလေးထားသည့် ကိုဗစ်သုည မူဝါဒအရ လောခ့်ဒေါင်းချမှုများအရ  စီးပွားရေးလုပ်ငန်းများထိခိုက်မှုရှိ သည့် အပေါ် အခြေခံထားခြင်းဖြစ်သည်။ သို့သော် လောခ်ဒေါင်းကာလမှာ ဩစတြေးလျကဲ့သို့ နှစ်နှင့်ချီကာ ချမှတ်ခြင်း မဟုတ်ဘဲ လပိုင်းမျှသာရှိပြီး လော့ခ်ဒေါင်းချမှုကင်းလွတ်သည်နှင့် နေ့ဆိုင်းညဆိုင်းဖြင့် မူလရည်မှန်းထားသည့် ပမာဏပြည့်အောင် ထုတ်လုပ်ခြင်းကြောင့် စီးပွားရေးထိခိုက်မှုမှာ ထင်သလောက်မဖြစ်ဘဲ ဆက်အရှိန်ရနေဆဲ ဖြစ်သည်။ထိုသို့သော သဘောသဘာ၀များကြောင့် ကမ္ဘာ့စီးပွားရေးကို တရုတ်က မောင်းနှင်အားဖြစ်လာသည်ဟု ယူဆလာကြခြင်းလည်း ဖြစ်သည်။
 
 
 
အဝေဖန်ခံရသော ကိုဗစ်သုညမူဝါဒနှင့် ပတ်သက်ပြီး ဂျာမနီနိုင်ငံဘရီမင်တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ Wolfram Elsner က  "တရုတ်နိုင်ငံသည် ကပ်ရောဂါကို တိုက်ဖျက်ရန် ထိရောက်သောချဉ်းကပ်မှုတစ်ရပ်ကို လက်ခံကျင့်သုံးခဲ့သည်" ဟု ပြောခဲ့ပြီး တရုတ်နိုင်ငံသည် "အလုပ်ပြန်လည်စတင်ရန်နှင့် ထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် ပြန်လည်စတင်ရန် တွန်းအားပေးခြင်းဖြင့် COVID-19 ဆန့်ကျင်ရေး အစီအမံများကို ပြတ်သားစွာ အကောင်အထည်ဖော်နိုင်သည်" ဟုဆိုခဲ့သည်။ထိုသည်က အစောပိုင်းက ဖော်ပြခဲ့သည့် တရုတ်စီးပွားရေးအရှိန်အဟုန်က ကိုဗစ်ကဲ့သို့ ကမ္ဘာ့ကူးစက်ရောဂါကပ်ဘေးကိုပင် ကျော်လွှားနိုင်ခဲ့သည့် အင်အားရှိနေခြင်းပင် ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကမ္ဘာ့တစ်ဝန်း စားသုံးသူအသုံးစရိတ်များ တဖြည်းဖြည်းသတိပေးမှုအဆင့်ထိ နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ကြီးမားသောပြည်တွင်းဈေးကွက်သည် ကမ္ဘာ့စီးပွားရေးအပေါ် ကျဆင်းနေသော ဖိအားများ၏သက်ရောက်မှုများကို တွန်းလှန်ရာတွင် အရေးပါသောအခန်းကဏ္ဍတွင်  ရှိလာခဲ့သည်။ 
 
 
 
မကြာသေးမီက အချက်အလက်တွေအရ တရုတ်စီးပွားရေးရဲ့ မဏ္ဍိုင်တစ်ခုဖြစ်သည့် မော်တော်ကား ဈေးကွက်မှာ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရသည်။ ဇွန်လတွင် စုစုပေါင်း ကားအစီးရေ ၂.၅ သန်း ရောင်းချခဲ့ရပြီး တစ်နှစ်ထက်တစ်နှစ် ၂၃.၈ ရာခိုင်နှုန်း တိုးလာပြီး တစ်လလျှင် ၃၄.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။ယခုနှစ် မေလနှောင်းပိုင်းတွင် တရုတ်နိုင်ငံသည် နယ်ပယ်ခြောက်ခုတွင် အစီအမံ ၃၃ ခုကို ထုတ်ဖော် ပြသခဲ့သည်။ လုပ်ငန်းဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန်အတွက် အခွန်နှင့်အခကြေးငွေအချို့ကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခဲ့ပြီး ဒေသခံများအား သုံးစွဲမှုမြှင့်တင်ရန် ဒစ်ဂျစ်တယ်ကူပွန်များကို ပေးအပ်ခဲ့သည်။
 
 
 
နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများကို လုပ်ငန်းလည်ပတ်မှုအခက်အခဲများမှ ကင်းဝေးစေရန်အတွက် တရုတ် နိုင်ငံတစ်ဝှမ်းရှိ အကောက်ခွန်အာဏာပိုင်များက  ကုန်သွယ်မှုထောက်ပံ့ပို့ဆောင်မှုချောမွေ့စေရန်၊ ဘဏ္ဍာရေး ပံ့ပိုးမှုအားကောင်းရန်နှင့် စက်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်စေရန် အသေးစိတ်အစီအမံ ၈၅၄ ခုကို တင်ပြခဲ့သည်။ အလုပ်အကိုင်အခြေအနေ တည်ငြိမ်နေသော်လည်း တရုတ်နိုင်ငံသည် အလုပ်သမားဈေးကွက် အတွက် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ထိုသို့သော အာဏာပိုင်များ၏ တွက်ချက်လုပ်ဆောင်မှုများကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည် ကောင်းမွန်လာမှုကို ကမ္ဘာအတွက် အကောင်းမြင်ပြီး စီးပွားရေးတွင် ကြီးမားသော အလားအလာများကို မြင်တွေ့နေရကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
 
 
 
ဆယ်စုနှစ်များစွာအတွင်း မမြင်နိုင်သော ငွေကြေးဖောင်းပွမှုများကြောင့် အချို့သောနိုင်ငံကြီးများ အရှိန် အဟုန်ဖြင့် ကျဆင်းလာနေသည့် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းကြားတွင် တရုတ်နိုင်ငံ၏  ပြန်လည်ထူထောင် ရေးက အချိန်နှင့်တပြေးညီဖြစ်လာရန်က စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ ဆိုသည်က တရုတ်မပါဘဲ ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်မဖြစ်နိုင်သည့်အခြေအနေဖြစ်သည်။ လက်ရှိကမ္ဘာ့စီးပွားရေးအချက်အခြာရပ်ဝန်းဖြစ်နေသည့် အာရှ-ပစိဖိတ်ရပ်ဝန်းဒေသတွင် တရုတ်နိုင်ငံက ဒေသတွင်း ထုတ်လုပ်မှုကွန်ရက်၏ ဗဟိုအချက်အချာကျ ထောက်မမှုကို ပေးထားသဖြင့် တရုတ်စီးပွားရေးသွက် လက်မှုက ကမ္ဘာ့စီးပွားရေးနာလံထမှုတွင် အရေးပါနေသည်။ တရုတ်နိုင်ငံ၏ ခံနိုင်ရည်ရှိသော စီးပွားရေးက ကမ္ဘာလုံး ဆိုင်ရာ တိုးတက်မှု၏ အင်ဂျင်အဖြစ် ဆက်လက်တည်ရှိနေခြင်းက ကမ္ဘာ့အတွက် ကောင်းသည့် အခြေအနေဖြစ်သည်။ 
 
 
 
ထိုသည်က တရုတ်သည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှု အမြတ်ဝေစုကို အခြားကမ္ဘာနှင့် မျှဝေပေးနေသည်ဟု စီးပွားရေးပညာရှင်များနှင့် ကျွမ်းကျင်သူများက ပြောသည့်အချက်ကို ထောက်ပံ့ပေးခြင်းပင်။ ခေတ်မီစီးပွားရေး စနစ်၊ ပထမတန်းစား အခြေခံအဆောက်အအုံနှင့် အရည်အချင်းပြည့်မီသော လုပ်သားအရင်းအမြစ်များ ရှိသည့် လူဦးရေ တစ်ဘီလျံကျော်လူသားရင်းမြစ်ရှိသည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုများလေလေ နိုင်ငံများ၏ စီးပွားရေး နာလံထမှုကို မြန်ဆန်လေဟု ပြောရမည့် အခြေအနေသို့ နီးကပ်လာတော့မည် ဖြစ်လေသည်။
 
 
လင်းသစ်အောင်