【 နိုင်ငံတကာဆောင်းပါး 】အကောက်ခွန် သုည သို့ ဦးတည်နေသည့် RCEP၏ လားရာ

【 နိုင်ငံတကာဆောင်းပါး 】အကောက်ခွန် သုည သို့ ဦးတည်နေသည့် RCEP၏ လားရာ

ပြင်းထန်လာသော အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုမှ လှိုင်းလုံးကြီးများ၏ သက်ရောက်မှုများအတွင်း RCEP သည် Covid-19 လွန်ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာစေရန် အင်ဂျင်တစ်ခုအဖြစ် ဆောင်ရွက်မည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုအစီအစဉ်သည် အသက်ဝင်လာနေပြီ ဖြစ်သည်။လွန်ခဲ့သည့်ဆယ်စုနှစ်များတွင် အာဆီယံသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့နှင့်အတူ RCEP ညှိနှိုင်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ နိုဝင်ဘာလတွင် အိန္ဒိယသည် နောက်ဆုံးအချိန်မှ နုတ်ထွက်ခဲ့သဖြင့် သဘောတူညီချက်မှာ နှောင့်နှေးခဲ့သည်။

လက်ရှိတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဖြစ်သည့် RCEP အဖွဲ့သည် ယခုအခါ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်နေပြီဖြစ်ပြီး မကြာတော့သည့်ကာလတွင် မူလပါဝင်မည်ဟု သဘောတူထားသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံစလုံးအပြည့်အ၀ပါဝင်လာတော့မည် ဖြစ်သည်။ အဆိုပါ ၁၅ နိုင်ငံထဲတွင် အာဆီယံ ၁၀ နိုင်ငံနှင့်  တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်မည်ဖြစ်ရာ RCEP သည် ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၃၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံမည်ဖြစ်ပြီး ဒေါ်လာ ၂၆.၂ ထရီလီယံ (ယူရို ၂၃.၁၇ ထရီလီယံ) နှင့် ဒေသတွင်းနေထိုင်သူအရေအတွက်မှာ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနီးပါး လူ ၂.၂ ဘီလီယံ ခန့် ထိုအဝန်း၀ိုင်းတွင် ပါဝင်သည်။

ယခင်တွက်ဆမှုအရဆိုလျှင် RCEP ၏စျေးကွက်မှာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအဖွဲ့ဖြစ်လာမည် ဖြစ်သည်။ အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်ရေးသဘောတူညီချက် (USMCA) နှင့် နှိုင်းယှဉ်ကြည့်ပါက  USMCA မှာ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်သဖြင့်  RCEP စျေးကွက်နောက် ဒုတိယနေရာတွင်သာရှိသည်။ ဥရောပသမဂ္ဂမှာမူ ကမ္ဘာ့ကုန်သွယ်မှု၏ ၁၈ ရာခိုင်နှုန်းသာယူထားနိုင်သဖြင့် ကမ္ဘာ့စီးပွားရေးအဖွဲ့များတွင် တတိယနေရာသာ ရှိသည်။

၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ဒေသတွင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံရှိခဲ့သည့် RCEP အဖွဲ့မှာ နောက်ဆုံးတွင်  အဖွဲ့ဝင်အချင်းချင်း ကုန်သွယ်မှုခွန်ကို ၉၀ ရာခိုင်နှုန်းအထိ ဖယ်ရှားမည် ဖြစ်သဖြင့် ဒေသတွင်းနိုင်ငံများအတွက် အကျိုးများစေမည့် ဆောင်ရွက်မှု ဖြစ်သည်။ ကုန်သွယ်သည့် နိုင်ငံများအချင်းချင်း အဟန့်အတားဖြစ်စေသည်မှာ ကုန်သွယ်မှု အခွန်အခများဖြစ်သည်။ ထိုကုန်သွယ်မှု အခွန်အခကို အသုံးပြုကာ တစ်ဘက်နှင့် တစ်ဘက် အသာစီးရယူကြပြီး ကိုယ်နိုင်ငံထဲကနေ ထုတ်သည့် ထုတ်ကုန်များကို အကာအကွယ်ပေးကြသည်။ ထိုသို့ ကာကွယ်ပေးခြင်းမှာ စျေးကွက်စီးပွားရေးသဘောအရ ကြည့်ပါက ယှဉ်ပြိုင်ခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်ပြီး စားသုံးသူဘက်က ကြည့်ပါက ရွေးချယ်ခွင့်နှင့် ချိုသာပြီး တန်ဖိုးသင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်သွယ်ခွန်ကို ၉၀ ရာခိုင်နှုန်းထိလျော့ချရန် ရည်မှန်းထားသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (RCEP)တွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကုန်သွယ်မှု၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု၊ e-commerce နှင့် ပြိုင်ဆိုင်မှုဆိုင်ရာ ဘုံစည်းမျဉ်းများကို ချမှတ်ကာ အာရှ-ပစိဖိတ်ဒေသကို ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအတွက် “ဆွဲငင်အား၏ဗဟို” အဖြစ် မြှင့်တင်ရန် ဦးတည်ချက်ထားခဲ့ခြင်းဖြစ်သည်။ အကောက်ခွန်ဖယ်ရှားရေးသည် ဆယ်စုနှစ် နှစ်ခုကြာမည်ဖြစ်သည်။

(RCEP)အဖွဲ့ စတင် အသက်ဝင်ခဲ့သည့် ၂၀၂၂ခုနှစ်  ဇန်နဝါရီ ၁ ရက်အချိန်တွင် ကိုဗစ်ကပ်ဘေးက လျော့ပါးလာနေချိန်ဖြစ်သလို ကာကွယ်ဆေးက အတော်အသင့် လွှမ်းခြုံလာနိုင်နေသည့် ကာလသို့ ရောက်လာသဖြင့် ကုန်သွယ်ရေးမှာ ကမ္ဘာတစ်ဝန်းပြန်လည်နိုးထလာသည်။ တရုတ်နှင့် ဂျပန်၊တောင်ကိုရီးယားကဲ့သို့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများပါဝင်သည့် ဒေသဖြစ်သဖြင့် ကိုဗစ်လျော့ပါးချိန် စီးပွားရေးနာလန်ထမှုတွင် အခြားသောဒေသများထက် ပို၍ မြန်ဆန်ခဲ့သည်။

တရုတ်နှင့်ဒေသတွင်းစျေးကွက်များကို “ပေါင်းစပ်စျေးကွက်”အဖြစ် ရှုမြင်ကြသည့် RCEP ၏ ဒေသတွင်း စီးပွားရေးမှာ ပို၍ကျယ်ပြန့်လာခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ကုန်သွယ်ရေးကိုကြည့်လျှင် အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုမှာ ပို၍အားကောင်းအဆင်ပြေချောမွေ့လာမှုကို တွေ့ရမည် ဖြစ်သည်။ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ စတင်အသက်ဝင်ခဲ့သည့် နှစ်ဝက်ကျော်အတွင်း အာဆီယံနိုင်ငံ၏ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုမှာ ယွမ် ၂.၉၅ ထရီလီယံဖြစ်ပြီး ယခင်ကာလတူထက် ၁၀.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အာဆီယံနိုင်ငံများ၏ တင်ပို့မှုတွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီး ၊ မင်းကွတ်သီး ၊ ဗီယက်နမ်မှ ကော်ဖီ၊ အင်ဒိုနီးရှားမှ ဝေဖာ စသည်တို့ပင်ပါဝင်ကာ သစ်သီးဝလံ၊ အစားအစာ နှင့် လယ်ယာထွက်ကုန်စသည်တို့ကို တရုတ်နိုင်ငံဈေးကွက်သို့ မြန်ဆန်စွာ တင်ပို့ရောင်းချနိုင်ခဲ့သည်။

ဒေသတွင်း ဖွံ့ဖြိုးမှုအားကောင်းလာနေသည့် RCEPနှင့် ပတ်သက်ပြီး အဖွဲ့ဝင်ဒေသတွင်းနိုင်ငံများက အကောင်းဘက်က ရှုမြင်ကြသည်က များသည်။ စင်္ကာပူထိပ်တန်းဘဏ် DBS က ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ၏ အခွန်လျှော့ချခြင်းနှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်လျှော့ချခြင်းတွင် ဗီယက်နမ်မှာ အဓိက အကျိုးစီးပွားခံစားရနိုင်သည်ဟု မှတ်ချက်ပေးခဲ့သည်။  အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည်  RCEP အဖွဲ့ဝင်နိုင်ငံများသို့ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက် အတွင်း စုစုပေါင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃.၂၈ ဘီလီယံတင်ပို့နိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

သေချာသည်က RCEP အကောင်အထည်ဖော်ဆောင်ပြီးနောက် ဒေသတွင်း ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်လျင်မြန်စွာ တိုးတက်လျက်ရှိရာ RCEP ကုန်သွယ်စီးပွားရေး စည်းကမ်းသစ်များ အလျင်အမြန်ချိတ်ဆက်ပြီး  ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ကဏ္ဍအတွက် ပို၍ လွတ်လပ်၊လွယ်ကူအဆင်ပြေစေသော ပိုမိုကောင်းမွန်သည့် တရားစီရင်ရေးဝန်ဆောင်မှုနှင့်အာမခံမှု ပံ့ပိုးပေးခြင်းများဖြစ်လာမည် ဖြစ်သည်။ ကုန်သွယ်ခွန် ၉၀ ရာခိုင်နှုန်းထိ လျော့ချရန် ရည်မှန်းထားသည့် RCEP မှာ  ဒေသတွင်း အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကုန်သွယ်မှုကိုသာ တိုးတက်စေသည်မဟုတ်၊ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးတက်စေသည်။ လူဦးရေ ၂.၃ ဘီလီယံရှိသည့် စျေးကွက်ထဲ အကောက်ခွန်မပေးရသလောက်နည်းပါးသည့် ကုန်သွယ်ခွင့်က ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသည့် မက်လုံးဖြစ်သည်။

ယခုရက်သတ္တပတ်  ဇူလိုင်လ ၂၃ ရက်နေ့တွင် ကူမင်းမြို့၌ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) မူဘောင်အရ နိုင်ငံတကာ ခရီးသွားလာရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကိုကျင်းပခဲ့သည်။ RCEP ကြောင့် ယာယီနယ်စပ်ဖြတ်ကျော် သွားလာမှုအတွက် ပိုမိုအဆင်ပြေချောမွေ့စေကာ ကာလတိုနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ ပိုမိုလွယ်ကူ အဆင်ပြေစေခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍများတိုးမြင့်လာနိုင်ကာ နယ်စပ်ဖြတ်ကျော် ခရီးသွားဈေးကွက် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများရှိနေသည်ကို ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၂၈ ရက်တွင် တရုတ်နိုင်ငံချင်းတောင်မြို့၌ RCEP စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ်ကို “အခွင့်အလမ်းသစ်၊ ပုံစံသစ်နှင့် စမှတ်သစ်”ဟူသော ဆောင်ပုဒ်ဖြင့် အွန်လိုင်းနှင့် အော့ဖ်လိုင်း နည်းလမ်းနှစ်မျိုးနှင့် ပေါင်းစပ်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (RCEP) ကို ​​ဆက်လက်အကောင်အထည်ဖော်ရန်အတွက် တာဝန်ရှိသူများနှင့် ကိုယ်စားလှယ် ၃၀၀ ကျော်တို့ အွန်လိုင်းနှင့် အော့ဖ်လိုင်းနှစ်မျိုးဖြင့် ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် RCEP အဖွဲ့စတင်အသက်ဝင်လာသည့် နှစ်ဝက်အတွင်း ကြုံလာရသည့် အခက်အခဲများ၊ အခွင့်အလမ်းများနှင့် ကုန်သွယ်ရေးဆိုင်ရာ အဖုအထစ်များကို လျော့ချရန် ဆွေးနွေးကြမည် ဖြစ်သည်။ ထိုသည်က RCEP ကို ပို၍အားကောင်းစေမည် ဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံတကာပြဿနာများ ပို၍များလာသလို မတည်မငြိမ်မှုများကလည်း အာရှ-ပစိဖိတ်ဒေသကို ဗဟိုပြုနေသည်။ အမေရိကန်နှင့် တရုတ်စီးပွားရေးနှင့် နိုင်ငံရေးအားပြိုင်မှုများကြားတွင် RCEP မှာ နှစ်ဝက်အတွင်း သိသိသာသာဖွံ့ဖြိုးလာသည်။ အမေရိကန်က တရုတ်ပါဝင်ခွင့်မပေးသည့် အာရှ-ပစိဖိတ်မူဘောင် (IPEF) ကို ယခုနှစ်အတွင်း ထူထောင်ခဲ့သော်လည်း အာရှ-ပစိဖိတ်ဒေသ၏ အကြီးမားဆုံးစီးပွားရေးစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံမပါဝင်သည့်အတွက် အာရှ-ပစိဖိတ်မူဘောင် (IPEF)ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

ဒေသတွင်း အကျိုးဖြစ်ထွန်းမှုအခြေခံပြီး အမေရိကန်ဦးဆောင်သည့် အာရှ-ပစိဖိတ်မူဘောင် (IPEF)နှင့် တရုတ်ပါဝင်သည့် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (RCEP) ကို နှိုင်းယှဉ်ကြည့်ပါက နိုင်ငံရေးပါနေသည့် IPEF ထက် စီးပွားရေးသက်သက်သွားသည့် RCEPမှာ ပို၍ အကျိုးဖြစ်ထွန်းသည်ကို တွေ့ နေရသည်။ ကုန်သွယ်ရေး၏ အဓိက အတားအဆီးဖြစ်သည့် အကောက်အခွန်ကို ၉၀ ရာခိုင်နှုန်းထိလျော့ချမည့် RECP က ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မှုအားပိုကောင်းနေသည်ကို တွေ့ရသည်။ စတင်ခဲ့သည့် နှစ်ဝက်ကုန်သွယ်မှုတစ်ခုတည်းတွင်ပင် အဖွဲ့ဝင်နိုင်ငံများအကြား တိုးတက်မှုအများအပြားရှိခဲ့ရာ နိုင်ငံများအပြည့်အ၀ပါဝင်လာပါက RCEP အဖွဲ့၏ ဒေသတွင်း ကုန်သွယ်ရေးမှာ ပိုမိုကြီးမားလာဖို့ အသေအချာပင် ဖြစ်လေသည်။

လင်းသစ်အောင်