【 နိုင်ငံတကာဆောင်းပါး 】အနောက်ပုံစံ ဒီမိုကရေစီကို သဘောကျမှုနည်းလာတဲ့ အာရပ်ပြည်သူများ

【 နိုင်ငံတကာဆောင်းပါး 】အနောက်ပုံစံ ဒီမိုကရေစီကို သဘောကျမှုနည်းလာတဲ့ အာရပ်ပြည်သူများ 

အာရပ်နိုင်ငံပြည်သူအများစုက အနောက်တိုင်းစတိုင် ဒီမိုကရေစီစနစ်၏ထိရောက်မှုအပေါ် ယုံကြည်ချက်နည်းလာပြီး တရုတ်မိုဒယ်နိုင်ငံရေးစနစ်ဆိုသည်အပေါ် စိတ်ညွှတ်မှုတိုးလာသည်ဟု  “Arab Barometer” ဆိုသည့် အဖွဲ့၏ အစီရင်ခံစာနှစ်ခုတွင်ဖော်ပြခဲ့သည်ကို တွေ့ရသည်။

အဆိုပါစစ်တမ်းကောက်ယူမှုကို မော်ရိုကို၊ တူနီးရှား၊ အီရတ်၊ ဆူဒန်၊ လစ်ဗျား၊ ဂျော်ဒန်၊ လက်ဘနွန်၊ မော်ရီတေးနီးယားနှင့် ပါလက်စတိုင်းစသည့် နိုင်ငံပေါင်း ၉ နိုင်ငံတွင် ပြုလုပ်ခဲ့ကာ စစ်တမ်းတွင်အာရပ်ပြည်သူ ၂၃၀၀၀ ခန့်က ဖြေကြားခဲ့သည်။ အထက်ပါစစ်တမ်းကောက်ယူမှု၏ ရလဒ်ကို “Arab Barometer” အဖွဲ့က ၎င်း၏ website ၌ “အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၏ ဒီမိုက ရေစီ” ၊ “တရုတ်-အမေရိကန်၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် ယှဉ်ပြိုင်မှု အပေါ် အများပြည်သူ၏အမြင်” ဟူသည့်ခေါင်းစဉ်ဖြင့် ဇူလိုင်လဆန်းပိုင်းတွင် အများပြည်သူသိရန် ဖော်ပြခဲ့သည်။

 “အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၏ဒီမိုကရေစီ” အစီရင်ခံစာတွင် လွန်ခဲ့သည့် ၁၀ နှစ် အတွင်း အထူးသဖြင့် လွန်ခဲ့သည့် ၅ နှစ်တာကာလတွင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသရှိ အာရပ်နိုင်ငံပြည်သူများက အနောက်တိုင်းစတိုင် ဒီမိုကရေစီ၏ ကောင်းကျိုးကို တစ်နေ့ တစ်ခြား သံသယဝင်လာကြကြောင်း၊ အများစုက အနောက်တိုင်းစတိုင် ဒီမိုကရေစီစနစ်သည် “စီးပွားရေး မြှင့်တင်ရေး၊ လူနေမှုအဖွဲ့အစည်းအစီအစဉ် တည်ငြိမ်ရေးအတွက် ကာကွယ်ထိန်းသိမ်းမှုတွင်  အစိုးရက ပြတ်ပြတ်သားသားဆောင်ရွက်ရန်အတွက် အကျိုးမရှိ” ဟု ယူဆလာကြ‌ကြောင်း ဖော်ပြခဲ့သည်။ တူနီးရှားနှင့် အီရတ်မှ မေးခွန်းဖြေကြားသူများကြားတွင် အနောက်တိုင်းစတိုင် ဒီမိုကရေစီစနစ်သည် အထက်ပါအားနည်းချက်များတည်ရှိသည်ဟု ယူဆသည့် အချိုးအစားနှုန်းမှာ လွန်ခဲ့သည့် ၁၀ နှစ်ကထက် ၅၀ရာခိုင်နှုန်း တက်လာခဲ့သည်။  စစ်တမ်းကောက်ယူသည့် နိုင်ငံတိုင်းတွင် စစ်တမ်း ဖြေဆိုသူများ၏ တစ်ဝက်နှင့်အထက်က အနောက်တိုင်းဒီမိုကရေစီစနစ်က  အစိုးရကမူဝါဒဖော်ဆောင်မှုကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်းရှိ/မရှိအား ပိုမိုဂရုပြုသည်ဟု ယူဆကြသည် သို့မဟုတ် ပြင်းပြင်းထန်ယူဆကြသည်။

“တရုတ်-အမေရိကန်က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် ယှဉ်ပြိုင်မှုအပေါ် အများပြည်သူ၏အမြင်” အစီရင်ခံစာတွင်မူ  တရုတ်နိုင်ငံက “Belt and Road” အဆိုပြုချက်မှ တစ်ဆင့် ယခုစစ်တမ်းကောက်ယူသည့် ဒေသနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်မှုကို မြှင့်တင်ခဲ့ကြောင်း၊ အမေရိကန်ကမူ အဆိုပါဒေသမှ အသုံးစရိတ်ကို လျှော့ချ၍ မဟာဗျူဟာဗဟိုအား အာရှ-ပစိဖိတ်ဒေသ သို့ ပြောင်းလဲလိုက်ကြောင်း ဆိုသည်။ ထို့ကြောင့် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ၉ နိုင်ငံတွင် မော်ရိုကို မှလွဲ၍ အခြား ၈ နိုင်ငံ၌ တရုတ်နိုင်ငံကို အမေရိကန်ထက် ပိုမိုသဘောကျကြောင်း ဖြေကြသည်ကိုတွေ့ရသည်။ အဆိုပါနိုင်ငံ ၈ နိုင်ငံတွင် စစ်တမ်းဖြေဆိုသူများအနက် အနည်းဆုံး ၃ ပုံ ၁ ပုံခန့်က အမေရိကန်သည် ပြင်းထန်သည့် စီးပွားရေးခြိမ်းခြောက်မှု၏ အမှတ်အသားအဖြစ်ယူဆကြပြီး တရုတ်နိုင်ငံသည် အမေရိကန်ထက် စီးပွားရေးအပိုင်းတွင် ပိုမိုကြီးမားသည့် ခြိမ်းခြောက်မှုရှိသည်ဟု မယူဆကြပေ။ အဆိုပါ နိုင်ငံအားလုံးနီးပါးက အမေရိကန်၏ကူညီမှုသည် အဆိုပါနိုင်ငံအပေါ် လွှမ်းမိုးမှု ရယူရန်ဖြစ်သည်ဆိုသည့် ယူဆချက်ရှိပြီး ဒေသခံပြည်သူများက တရုတ်နိုင်ငံ၏ကူညီမှုအပေါ် သံသယဝင်သည့်အတိုင်းအတာမှာ အမေရိကန်ထက်နည်းပါးကြောင်း ဖော်ပြခဲ့သည်။

အစီရင်ခံစာ၌ အနောက်တိုင်းပုံစံ ဒီမိုကရေစီစနစ်တွင် ထိရောက်မှုစွမ်းရည်သည် မလုံလောက်ကြောင်း၊ အမေရိကန်၏ ဒေသန္တရအပေါ်စီးပွားရေးဆိုင်ရာခြိမ်းခြောက်မှုနှင့် ဒေသခံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာမှေးမှိန်လာခြင်းစသည့် အကြောင်းအချက်များကို ဖော်ပြထားပြီး အာရပ်ဒေသပြည်သူများအနေဖြင့်  အနောက်တိုင်းပုံစံ ဒီမိုကရေစီစနစ်အစား အခြားနိုင်ငံရေးစနစ် ဥပမာအားဖြင့် တရုတ်ပုံစံဖော်ဆောင်ရန် တွန်းအားပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

စုံစမ်းသည့်အစီရင်ခံစာရေးသားသူ၊ အမေရိကန် Princeton University မှ ပါမောက္ခ Michael Robbins က လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း  အဆိုပါတရုတ်မိုဒယ်နိုင်ငံရေးစနစ်သည် တရုတ် နိုင်ငံမှ လူဦးရေ အများအပြားကို ဆင်းရဲနွမ်းပါးမှုပပျောက်သွားစေပြီး  “ထိုကဲ့သို့ လျင်မြန်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လူအများအပြားက မျှော်လင့်တောင့်တကြပါတယ်” ဟုဆိုသည်။

Michael Robbins က ထို့အပြင် ယခုနှစ်အတွင်း ရုတ်တရက်ဖြစ်ပွားခဲ့သည် ရုရှား-ယူကရိန်း ပဋိပက္ခက ဒေသတွင်းစားနပ်ရိက္ခာဘေးကင်းမှုပြဿနာကို ဆိုးရွားသွားစေသကဲ့သို့ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသရှိ လူများ၏  နိုင်ငံအနာဂတ်စီးပွားရေးအခြေအနေပေါ် အဆိုးမြင်လာစေကာ အနောက်တိုင်းစတိုင်ဒီမိုကရေစီအစား အခြားနိုင်ငံရေးစနစ်ကို ရှာဖွေလာစေသည်ဟု ဆိုသည်။

“တရုတ်-အမေရိကန်က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် ယှဉ်ပြိုင်မှုအပေါ် အများပြည်သူ၏အမြင်” အစီရင်ခံစာ နောက်ဆုံးပိုဒ်တွင်  တရုတ်နိုင်ငံသည် ကိုလိုနီဝါဒမဟုတ်သော နိုင်ငံဖြစ်သဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသကိစ္စရပ်များကို တိုက်ရိုက်စွက်ဖက်ခြင်း မရှိ ကြောင်း၊ များမကြာမီသောအနာဂတ်တွင် တရုတ်နိုင်ငံက အမေရိကန်ထက်ပိုမိုနှစ်သက်ခြင်း ခံရနိုင်ကြောင်း ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

 

Ref: arabbarometer-org:wp-content/uploads/ABVII_US-China

     :arabbarometer-org:wp-content/uploads/ABVII_Governance