【 နိုင်ငံတကာဆောင်းပါး 】အမြစ်တွယ်နေသည့် အမေရိကန်၏လူမျိုးရေးခွဲခြားဆက်ဆံမှု

【 နိုင်ငံတကာဆောင်းပါး 】အမြစ်တွယ်နေသည့် အမေရိကန်၏လူမျိုးရေးခွဲခြားဆက်ဆံမှု

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သြဇာအာဏာကို ကြီးမားစွာ ဆုပ်ကိုင်ထားသော်လည်း၊  လွန်ခဲ့သည့်ငါးနှစ်အတွင်း အသားအရောင်ရှိ အခြားလူမျိုးများအပေါ် ခွဲခြားဆက်ဆံမှု “ပိုမိုများပြား”လာသည်ကို တွေ့မြင်ခဲ့ရသည်။ စစ်တမ်းများတွင်မူ လူဖြူအမေရိကန်နိုင်ငံသား သုံးပုံတစ်ပုံနီးပါးကထိုသို့ ခွဲခြားသည်ကို မြင်ရသည်ဆိုပြီး ထက်ဝက်ကျော်ကမှု မမြင်ရဘူးကြောင်းဆိုသည်။ သို့သော် ရာဇဝတ်မှုများနှင့် ထင်ရှားသည့် ဖြစ်ရပ်များအရ လူမည်းနှင့် လက်တင်အမေရိကလူမျိုးများအပေါ် ခွဲခြားဆက်ဆံမှု မြင့်တက်လာသည်မှာ ငြင်းမရသည့် အဖြေဖြစ်သည်။

University of Maryland က ကောက်ယူခဲ့သည့် အရေးပါသော ပြဿနာများအတွက် စစ်တမ်းတွင် လူဖြူအမေရိကန်အများစုသည် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှု မြင့်တက်လာသည်ဟု မယုံကြည်ကြကြောင်း ထပ်မံတွေ့ရှိခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် လူမည်းအမေရိကန် အများစုကို ကောက်ယူရာတွင် အားလုံးက ခွဲခြားဆက်ဆံခံရခြင်း၏အဆုံးသတ်တွင် ရှိနေသည်ဟု ယုံကြည်ကြသည်ကို တွေ့ရှိရသည်။

ထိုအချက်များအရ အမေရိကန် လူ့အဖွဲ့အစည်းတွင် လွှမ်းမိုးထားသော လူမျိုးရေးအုပ်စုဖြစ်သည့် လူဖြူအမေရိကန် အများအပြားသည် ဤသို့ခွဲခြားဆက်ဆံမှုကို သမိုင်းတစ်လျှောက် ကျင့်သုံးနေဆဲဖြစ်ကာ ရံဖန်ရံခါ လျော့နည်းသည်မှအပ အများအားဖြင့် တရားဥပဒေဘောင်အတွင်း၌ပင် ထိုသို့ ခွဲခြားဆက်ဆံသော ဖြစ်ရပ်က ရှိနေဆဲ ဖြစ်လေသည်။ လူထုအမြင်နှင့် ဝိသေသလက္ခဏာနိုင်ငံရေးဆိုင်ရာ ပညာရှင်များအနေဖြင့်မူ ရှေးရိုးဆန်သော နိုင်ငံရေး၏ဗဟိုချက်တွင် ထိုသို့ အသားအရောင်ခွဲခြားမှုက ရှိနေဆဲဖြစ်ကာ ယခုနှစ် မေလ ၁၅ ရက်က ဖြစ်ခဲ့သည့် ဘက်ဖလို ပစ်ခတ်မှု ဖြစ်စဉ်ကိုကြည့်ပါက လူမည်းအများစုနေထိုင်ရာအရပ်ရှိ စူပါမားကတ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ၁၀ ဦးသေဆုံးခဲ့ပြီး အများစုမှာ လူမည်းများဖြစ်သည်။ ထိုဖြစ်ရပ်ကို နယူးယောက်ပြည်နယ် ရဲတပ်ဖွဲ့က လူမျိုးရေးနွယ်တဲ့အမုန်းတရားကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးခဲ့သည်။ ထိုဖြစ်ရပ်တွင်ရရှိသည့် သက်သေဗီဒီယိုဖိုင်တွင် သေနတ်သမားက မပစ်ခတ်ခင် လူမျိုးရေးခွဲခြားသည့် စကားများအော်ဟစ်ခဲ့ကြောင်း တွေ့ရှိရသည်ဆိုသည်။

လတ်တလောနှစ်များအတွင်း ကျန်းမာရေးကပ်ဘေးဖြစ်သည့် ကိုဗစ်ကြောင့် ကျပ်တည်းမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတိုးပွားလာချိန်တွင် အမေရိကန်တစ်ဝန်း အသားအရောင်ရှိသူများပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုမှာ တိုးပွားလာခဲ့သည်။ စာရင်းအင်းတွေအရ ၂၀၂၀ ပြည့်နှစ်ကတည်းက အမေရိကန် ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးမှုအရဆိုပြီး လူပေါင်း ၂,၅၆၃ ဦးကို သတ်ဖြတ်ခဲ့ရာတွင် ၂၂ ရာခိုင်နှုန်းဖြစ်သည့် ၅၆၅ ဦးမှာ လူမည်းများဖြစ်သည်။ ယခုနှစ်စတွင် အမေရိကန်ရဲတပ်ဖွဲ့က လူမည်းစုစုပေါင်း ၄၉ ဦး ကို ထိုခေါင်းစဉ်ဖြင့် ပစ်သတ်ခဲ့ပြီး ဖြစ်သည်။ လူမျိုးရေးခွဲခြားမှုဆိုသည်မှာ တကယ်တမ်းအားဖြင့် စာနာမှုကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။

Nielsen Scarborough မှ ပြုလုပ်ခဲ့သည့် လူမျိုးစုများကြား စာနာမှု ကွာဟချက် စစ်တမ်းတွင်  မတူညီသော လူနည်းစုများအပေါ် ယခင်ကထက် ခွဲခြားဆက်ဆံမှု မည်မျှရှိသနည်း၊ ကွဲပြားသော လူနည်းစုအုပ်စုများသည် အမေရိကန်လူ့အဖွဲ့အစည်းကို အားနည်းစေခြင်း (သို့မဟုတ်) အားကောင်းစေခြင်း ရှိ/မရှိ စသည့် မေးခွန်းများကို မေးမြန်းခဲ့ရာတွင် ရလဒ်တွေက လူမျိုးရေးနှင့် လူမျိုးစုများကြားတွင် စာနာနားလည်မှု ကွာဟချက်က သိသိသာသာကြီး ပြတ်သားနေခဲ့သည်။

လူဖြူအမေရိကန်တွေက တခြားလူဖြူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ တိုးလာတယ်လို့ ပြောကြပြီး လူမည်းနှင့်လက်တင်အမေရိကန်တွေအပါအဝင် တခြားအုပ်စုတွေက  ခွဲခြားဆက်ဆံမှု နည်းပါးသွားတယ်လို့ တစ်ချိန်တည်းမှာ ပြောကြသည်။ ဆန့်ကျင်ဘက်အားဖြင့် လူမည်းနှင့် လက်တင်အမေရိကန်လူမျိုးများက ၎င်းတို့အုပ်စုများသည် ခွဲခြားဆက်ဆံခံရသည်ဟု ဆိုကြပြီး အခြားအုပ်စုများမှာလည်း အလွန်ခွဲခြားဆက်ဆံခံရသည်ဟု ဆိုကြသည်။လက်တင်အမေရိကန်များကိစ္စတွင် အာရှလူမျိုးများသည် ၎င်းတို့၏အုပ်စုထက်ပင် အမေရိကန် လူဖြူများ၏ ခွဲခြားဆက်ဆံမှုကို ပိုခံရသည်ဟု သူတို့ယုံကြည်ကြသည်။

အထူးသဖြင့် လူဖြူနှင့် လက်တင်အမေရိကန်လူမျိုးများကြားတွင် စာနာနားလည်မှု ကွာဟချက်သည် ပို၍ပင် ကြီးမားသည်။စစ်တမ်းများအရ  လူဖြူဖြေဆိုသူ ၁၀ ယောက်တွင် ၃ ယောက်ဖြစ်သည့် ၃၀ဒသမ ၁ ရာခိုင်နှုန်းက  လူဖြူ အမေရိကန်များသည်လွန်ခဲ့သည့်ငါးနှစ်အတွင်း ခွဲခြားဆက်ဆံမှု "ပိုမိုများပြား" သည်ဟု ဆိုကြသည်။ လူမည်းအမေရိကန်များ၏ ထက်ဝက်ကျော် ၅၃.၂ ရာခိုင်နှုန်းက ၎င်းတို့အုပ်စုသည် လွန်ခဲ့သော ငါးနှစ်အတွင်း ခွဲခြားဆက်ဆံမှုများ ပိုမိုကြုံတွေ့ခဲ့ရသည်ဟု ဆိုကြပြီး၊ လက်တင်အမေရိကလူမျိုးများက အခြား အုပ်စုများထက် အာရှလူမျိုးများ အပေါ် ခွဲခြားဆက်ဆံမှု “ပိုမိုများပြား” သည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။ ဆိုလိုသည်က အမေရိကန်လူဖြူများတွင် စာနာစိတ်လျော့နည်းလာနေခြင်းကို ဖော်ပြနေခြင်းဖြစ်ပြီး ထိုအကျိုးဆက်က လူမျိုးရေးခွဲခြားမှုမှာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွင် အားကောင်းမောင်းသန် ဖြစ်နေဆဲကို နိမိတ်ပြနေခြင်းဖြစ်သည်။  

လတ်တလောနှစ်များအတွင်း သိသာထင်ရှားသည့် လူမျိုးရေးခွဲခြားမှုမှာ ဂျော့ဂျ်ဖလွိုက်၏ ဖြစ်ရပ်ဖြစ်သည်။ အမေရိကန်လူမျိုးရေးခွဲခြားမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ကိုင်ဆောင်သည့် ပိုစတာမှာ  “ကျွန်တော် အသက်ရှူလို့မရတော့ဘူး”ဆိုသည့် ရဲတပ်ဖွဲ့၏ လူမဆန်စွာ ပြုမူမှုကြောင့် သေဆုံးခဲ့ရသည့် ဂျော့ဂျ်ဖလွိုက် (George Floyd) ၏ နောက်ဆုံးထွက်သက် ရေရွတ်စကားသံဖြစ်သည်။ ထိုစကားက အာဖရိကန် အမေရိကန် လူမျိုးများအကြားတွင် စိတ်မလုံခြုံစရာ အမှတ်သင်္ကေတတစ်ခုဖြစ်လာခဲ့သည်။

မကြာသေးသည့်ဖြစ်ရပ်က ထိုစစ်တမ်းကဖော်ပြချက်မှန်သည်ကို သက်သေပြနေခဲ့သည်။ အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုး ပြည်နယ်ရှိ အက်ခရွန်မြို့ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက် ညသန်းခေါင်ယံအချိန်တွင်  ယာဉ်စည်းကမ်းချိုးဖောက်သည့် အာဖရိကန်အမေရိကန်လူမျိုး Jayland Walker အား အင်အားအများအပြားသုံးကာ အသေ ပစ်ခတ်ဖမ်းဆီးခဲ့မှုက အမေရိကန်တွင် လူမျိုးရေးခွဲခြားမှု မည်မျှ အမြစ်တွယ်နေသည်ကို ပြသခဲ့သည်။ အဆိုပါအခင်းဖြစ်ပြီးချိန်တွင် အသက် ၂၅ နှစ်အရွယ် Walker ၏ ခန္ဓာကိုယ်တွင် သေနတ်ပစ်ခတ်ခံရမှု အချက်ရေပေါင်း ၆၀ ကျော် ရှိပြီး အခင်းဖြစ်ပွားချိန်၌ ၎င်းသည် လက်နက်မဲ့ဖြစ်နေခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တိုက်ရိုက်ပါဝင် ပတ်သက်သူ ရဲအရာရှိ ၈ ဦး အား တာဝန်မှယာယီ ရပ်ဆိုင်းခဲ့သည်။ ထိုအတွက် ဆန္ဒပြသူများက အက်ခရွန်မြို့ လမ်းများပေါ်တွင် ရက်ပေါင်းများစွာ စီတန်းလှည့်လည်ကာ ရဲတပ်ဖွဲ့၏ ရက်စက်မှုများနှင့် လူမျိုးရေးခွဲခြား ဆက်ဆံမှုများကို ဆန့်ကျင်ခဲ့ကြပြီး Walker အတွက် တရားမျှတမှုကို တောင်းဆိုခဲ့ကြသည်။Walker ၏ သေဆုံးမှုဖြစ်စဉ်ကြောင့် ဆန္ဒပြမှုများပေါ်ပေါက်လာခဲ့သည့်အတွက် အက်ခရွန်မြို့၏ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပမှုများကိုလည်း ပယ်ဖျက်ခဲ့ရသည်။

လူမျိုးရေးခွဲခြားမှုကြောင့် အမေရိကန် လူ့အသိုင်းအဝိုင်းအကြား ရင်နင့်ဖွယ်အဖြစ်အပျက်များမှာ ကြိမ်ဖန်များစွာ ဖြစ်ပေါ်ခဲ့ရပြီးဖြစ်သည်။ လူမျိုးရေးခွဲခြားမှုများသည် အမေရိကန် ပြည်သူလူထုအကြား ဝမ်းနည်းစရာ အဖြစ်အပျက်များ ဖြစ်လာစေခဲ့သည်။ အထူးသဖြင့် အာဖရိကန်အမေရိကန်လူမျိုးများ အပေါ်ရဲတပ်ဖွဲ့၏ ရက်စက်စွာနှိပ်စက်မှုများက အဆုံးသတ်မည့် လက္ခဏာမရှိပေ။ထို့အတူ အမေရိကန်တွင် အသားအရောင်ရှိသူများ အပေါ် အကြမ်းဖက်မှုကလည်း လျော့ကျဖွယ်မရှိပေ။       

လင်းသစ်အောင်