【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ရဲ့ ခေတ်မီစက်မှုစနစ် တိုးတက်မှု အရှိန်မြှင့်တင်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ရဲ့ ခေတ်မီစက်မှုစနစ် တိုးတက်မှု အရှိန်မြှင့်တင်ခြင်း

ခေတ်မီတဲ့နိုင်ငံတစ်ခုရဲ့ အခြေခံအုတ်မြစ်ဟာ ခေတ်မီတဲ့ စက်မှုစနစ်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို အာရုံစိုက်ခြင်းဟာ တရုတ်နိုင်ငံရဲ့ ဒုတိယရာစုနှစ်ပန်းတိုင်အတွက် ခိုင်မာတဲ့ အုတ်မြစ်ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မေလတုန်းက ကျင်းပခဲ့တဲ့ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင် ပထမဆုံးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။  

တရုတ်နိုင်ငံအတွက် ခေတ်မီတိုးတက်တဲ့ ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ပြီး ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုတွေအကြား အနာဂတ်ဖွံ့ဖြိုးမှုကို ရှာဖွေဖို့ဆိုရင် ကုန်ထုတ်လုပ်မှု စီးပွားရေးနောက်ခံရှိတဲ့ မဟာဗျူဟာကျ အခန်းကဏ္ဍကို ဖန်တီးဖို့လိုပါတယ်။ယှဉ်ပြိုင်မှုရှိပြီး တစ်ချိန်တည်းမှာ ထောက်ပံ့မှုရှိတဲ့ စက်မှုစနစ်နဲ့ ကုန်ထုတ်လုပ်မှုစီးပွားရေးကို ထင်ဟပ်တဲ့ မူဝါဒနဲ့ နည်းလမ်းတွေရှိဖို့လိုပါတယ်။  

တရုတ်အနေနဲ့ ထွက်ပေါ်လာတဲ့ စက်မှုနယ်ပယ်များနဲ့ သမားရိုးကျ စက်မှုနယ်ပယ်များ ပူးပေါင်းတိုးတက်မှု၊ ခေတ်မီနဲ့ သမားရိုးကျ ဝန်ဆောင်မှုလုပ်ငန်းများကို အပြန်အလှန်တွန်းအားပေးမှု၊ သတင်းအချက်အလက်နည်းပညာနှင့် စက်မှုဖွံ့ဖြိုးရေးကို ပေါင်းစပ်မှုနဲ့ စစ်ဘက်-အရပ်ဘက် ပေါင်းစည်းရေးတို့ကနေတစ်ဆင့် ပိုမိုအဆင့်မြင့်လုံခြုံသော စက်မှုစနစ်တစ်ခုကို လျင်မြန်စွာတည်ဆောက်ပြီး ဒုတိယရာစုနှစ်ပန်းတိုင်အတွက် အုတ်မြစ်ချပေးနိုင်မှာဖြစ်ပါတယ်။   

ကုန်ထုတ်လုပ်မှု စီးပွားရေးတွင် အဆင့်မြင့်ထုတ်လုပ်ရေးလုပ်ငန်းဟာ အဓိကနယ်ပယ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို မည်သည့်အချိန်တွင်မှ ကုန်ထုတ်လုပ်မှုစီးပွားရေး ဖယ်ထုတ်ထားလို့မရကြောင်း သမ္မတရှီက ဆိုပါတယ်။

ယခုအချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများကိုကြည့်လျှင် စက်မှုစနစ်များမှာ ခေတ်မီရေးလုပ်ငန်းစဉ်များကို ဖြတ်သန်းပြီးချိန်တွင် ကုန်ထုတ်လုပ်ရေးတွင် ကမ္ဘာ့ခေါင်းဆောင်များဖြစ်နေတာကို တွေ့ရပါတယ်။ဥပမာအားဖြင့် အမေရိကန်ရဲ့ လေကြောင်းကဏ္ဍ၊ ဂျာမနီရဲ့ ကားကဏ္ဍနဲ့ ဂျပန်၊ တောင်ကိုရီးယားတို့ရဲ့ တစ်ပိုင်းလျှပ်ကူးနဲ့ လျှပ်စစ်ပစ္စည်းကဏ္ဍတို့ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေဟာ ထိုနိုင်ငံတွေရဲ့ ခေတ်မီတိုးတက်ရေးကို ထောက်ပံ့ပေးတဲ့ အုတ်မြစ်တွေဖြစ်ပါတယ်။  

တစ်ချိန်တည်းမှာပဲ အချို့သော လက်တင်အမေရိကနိုင်ငံတွေက ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ စက်မှုစနစ်များကို မမြှင့်တင်နိုင်တဲ့အခါမှာ စီးပွားရေးတိုးတက်မှုကျဆင်းခြင်းနဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေကို ခံစားနေရပါတယ်။  

တရုတ်အနေနဲ့ ထိုဥပမာများကိုကြည့်ပြီး နိုင်ငံအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနှင့် နည်းပညာ တော်လှန်ရေးကို ဦးတည်ပြီး တရုတ်ရဲ့ ကုန်ထုတ်လုပ်မှု၊ လေကြောင်း၊ သယ်ယူပို့ဆောင်မှု၊ ဆိုက်ဘာနယ်ပယ်များမှာ အာရုံစိုက်ပြီး ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန်နှင့် ဒစ်ဂျစ်တယ်တိုးတက်မှုရှိရန် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ထို့အပြင် ထူးခြားသော ထုတ်ကုန်များကို အထူးနည်းပညာများသုံးပြီး ထုတ်လုပ်နေတဲ့ လုပ်ငန်းစုများကို အားပေးကာ ပိုမိုစမတ်ကျသော၊ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသော ထုတ်လုပ်ရေးလုပ်ငန်းဆီ ဦးတည်ရမှာဖြစ်ပါတယ်။

ထုတ်ကုန်လုပ်ငန်းမှာ အင်အားကြီးနိုင်ငံဖြစ်လာဖို့ဆိုရင် တရုတ်အနေနဲ့ ဖွံ့ဖြိုးမှုလုံခြုံရေးမှာ အရေးပါတဲ့ကဏ္ဍတွေရဲ့ အားနည်းချက်ကိုရှာဖွေပြီး စက်မှုအုတ်မြစ်ကို အဆင့်မြှင့်တင်ကာ စက်မှုကွင်းဆက်ရဲ့ ခံနိုင်ရည်ရှိမှုနဲ့ ခေတ်မီတိုးတက်မှုကို မြှင့်တင်ရမှာဖြစ်ပါတယ်။  

သိပ္ပံနှင့် နည်းပညာ တော်လှန်ရေးနဲ့အတူ ထွက်ပေါ်လာတဲ့ မဟာဗျူဟာကျစက်မှုလုပ်ငန်းတွေဟာ ထောက်တိုင်အသစ်တစ်ခုဖြစ်ပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်မယ့် လမ်းကြောင်းလည်းဖြစ်ပါတယ်။

တရုတ်အနေနဲ့ မဟာဗျူဟာကျစွာ တိုးတက်လာတဲ့ စက်မှုနယ်ပယ်တွေနဲ့ အသစ်အသစ်ဖြစ်သော အိုင်တီ၊ ဉာဏ်ရည်တု၊ ဇီဝနည်းပညာ၊ စွမ်းအင်သစ်နဲ့ ပတ်ဝန်းကျင်အထောက်အကူပြု စက်မှုလုပ်ငန်းတွေ အချင်းချင်းပေါင်းစည်းပြီး အတူတိုးတက်ရေး တွန်းအားပေးမယ်လို့ တရုတ်သမ္မတ ရှီက ဆိုပါတယ်။

အင်အားကြီးတဲ့ ခေတ်မီနိုင်ငံဖြစ်ရေး ဦးတည်နေတဲ့ အဓိကဆိုရှယ်လစ်နိုင်ငံ တရုတ်ဟာ အဓိကနည်းပညာများနဲ့ အရင်းအမြစ်များကို သုတေသနပြုပြီး များစွာသော နယ်ပယ်များကို သက်သာချောင်ချိစေရေးဖြင့် နိုင်ငံရဲ့ လွတ်လပ်သော တီထွင်ဆန်းသစ်မှုမှာ နိုင်ငံစွမ်းရည်ကို တိုးတက်စေမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ တရုတ်ဟာ ထွက်ပေါ်လာတဲ့ဈေးကွက်ရဲ့ အားသာချက်တွေကို အသုံးချပြီး ပြည်တွင်းဝယ်လိုအား ချဲ့ထွင်ခြင်းမူဝါဒကို တီထွင်ဆန်းသစ်မှုရှိသော တိုးတက်မှုနဲ့ ပေါင်းစပ်ကာ ပြည်တွင်းဈေးကွက်ကို ချဲ့ထွင်ခြင်းနဲ့ ဈေးကွက်ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။  

ဥပမာအားဖြင့် အောင်မြင်မှုကြီးမားခဲ့သော တရုတ်ရဲ့ ပြည်တွင်းထုတ် C919 လေယာဉ်စီမံကိန်းပဲဖြစ်ပါတယ်။ ၂၀၃၅ ခုနှစ်အရောက်မှာ တရုတ်ရဲ့ စီးပွားဖြစ်လေကြောင်းလိုင်း ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်စဉ် စီးပွားဖြစ်လေယာဉ် ၂၀၀ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ဒါဟာ တရုတ်ရဲ့ အမျိုးသားစီးပွားရေးတိုးတက်မှုကို များစွာသက်ရောက်မှာဖြစ်ပါတယ်။   

ပြီးခဲ့တဲ့နှစ်အတွင်းမှာ အင်တာနက်၊ ကလောက်ကွန်ပြူတာစနစ်၊ ဉာဏ်ရည်တုနဲ့ အခြားသောနည်းပညာတွေဟာ တီထွင်မှု အရှိန်အဟုန်ရလာပြီး ကမ္ဘာ့စီးပွားရေးဟာလည်း ဒစ်ဂျစ်တယ်စီးပွားရေးကို ပြောင်းလဲလာပါတယ်။ဒါကြောင့်လည်း သမ္မတရှီက ဒစ်ဂျစ်တယ်စီးပွားရေးရဲ့ လွှမ်းခြုံမှုနဲ့ သက်ရောက်မှုတို့ကို ချဲ့ထွင်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။  

တရုတ်ပုံစံရှိသော ခေတ်မီတိုးတက်ရေးကို တွန်းအားပေးရာမှာ တရုတ်အနေနဲ့ ပြိုင်ဘက်များအကြား အနာဂတ်တိုးတက်မှုပန်းတိုင်ကို ရောက်ရှိလိုလျှင် ဒစ်ဂျစ်တယ်စီးပွားရေးရဲ့ ကောင်းကျိုးတွေကို ဆုပ်ကိုင်ပြီး ပိုမိုအားကောင်းတိုးတက်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ထို့ကြောင့် ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ အဆင့်မြင့် ကုန်ထုတ်လုပ်ငန်းများ၊ ခေတ်မီဝန်ဆောင်မှုစက်မှုနယ်ပယ်များကို ပေါင်းစည်းခြင်း၊ အိုင်တီနဲ့ ထောက်လှမ်းရေးအသုံးပြုမှုများကို အဆင့်မြှင့်တင်ခြင်း၊ စုစုပေါင်းထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ခြင်းနဲ့ အသစ်ဖြစ်သော စက်မှု၊ လုပ်ငန်းနဲ့ စီးပွားရေးပုံစံများ ပေါ်ထွန်းစေခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်နည်းပညာဟာ သမားရိုးကျ စက်မှုလုပ်ငန်းများ ကူးပြောင်းခြင်းနဲ့ တိုးတက်စေခြင်းကို ဖြစ်ပေါ်စေသင့်ပြီး သမားရိုးကျ ထုတ်လုပ်ရေးပုံစံများအတွက် အခြေခံပြောင်းလဲမှုကို တွန်းအားပေးဖို့ လိုပါတယ်။ထို့ကြောင့် တရုတ်အနေနဲ့ စိုက်ပျိုးရေးနဲ့ဝန်ဆောင်မှုတွေမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်တင်ပြီး လယ်သမားများအတွက် ဝင်ငွေတိုးတက်စေရေးနဲ့ အခြေခံဝန်ဆောင်မှုများကို မျှတစွာရရှိရေး ဆောင်ရွက်မှာလည်းဖြစ်ပါတယ်။   

အခြေခံအဆောက်အအုံဟာလည်း စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုအတွက် အရေးပါတဲ့ အထောက်အပံ့ဖြစ်ပါတယ်။တရုတ်ရဲ့ အခြေခံအဆောက်အအုံ အခြေအနေကို ခြုံကြည့်လျှင် တိုးတက်မှုများ များစွာရှိသည်ဟုဆိုနိုင်သော်လည်း နိုင်ငံကြီးတစ်ခုရဲ့ ဖွံ့ဖြိုးမှုနဲ့ လုံခြုံမှုဆိုင်ရာ လက်တွေ့လိုအပ်ချက်များနဲ့ ယှဉ်ကြည့်လျှင် အခြေခံအဆောက်အအုံစနစ်ဟာ ပြည့်ပြည့်စုံစုံ တိုးတက်မှုမရှိသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ထို့ကြောင့် အခြေခံအဆောက်အအုံများရဲ့ စနစ်၊ ဖွဲ့စည်းပုံ၊ လည်ပတ်ပုံနဲ့ စနစ်တွေကို အမြင့်ဆုံးစွမ်းဆောင်ရည်အထိ မြှင့်တင်ကာ ဘက်ပေါင်းစုံပါဝင်သော၊ အကျိုးသက်ရောက်မှုရှိသော၊ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုပြီး လုံခြုံသော အခြေခံအဆောက်အအုံစနစ်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။

ဘက်ပေါင်းစုံမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဆိုရှယ်လစ်တိုင်းပြည်တစ်ခု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ချရာမှာ 5G ကွန်ရက်များ၊ ဒေတာစင်တာများကဲ့သို့သော အသစ်ဖြစ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အရှိန်မြှင့်တင်ပြီး သန့်ရှင်းသော၊ ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် စွမ်းအင်စနစ်များ၊ အခြေခံရေထိန်းသိမ်းရေးစနစ်များနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်အခြေခံအဆောက်အအုံများကို အားမြှင့်ရန် လိုအပ်တာဖြစ်ပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | Accelerating development of China's modern industrial system, supported by real economy