【 နိုင်ငံတကာဆောင်းပါး 】 မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းကျဆင်းမည့်အခြေအနေရှိနေ

【 နိုင်ငံတကာဆောင်းပါး 】 မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းကျဆင်းမည့်အခြေအနေရှိနေ

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုနက်ရှိုင်းလာသည့် နိုင်ငံရေးအကျပ်အတည်းနှင့် COVID-19 တတိယလှိုင်း အလျင်အမြန်တက်လာခြင်းတို့ကြောင့် ယခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ကမ္ဘာ့ဘဏ်၏ သုတေသနသစ်အရ သိရသည်။

တနင်္လာနေ့ကထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာပါ ထိုလေ့လာချက်ပါ ခန့်မှန်းချက်သည် မတ်လကထုတ်ပြန်သည့် တစ်နှစ်တာ စီးပွားရေးကျုံ့မှု ၁၀ ရာခိုင်နှုန်း၏ နှစ်ဆနီးပါးရှိနေပြီး ရှေ့လာမည့်လများတွင် စီးပွားရေးသည့် ပိုမိုထိခိုက်မည့်သဘောဆောင်နေသည်။

ကမ္ဘာ့ကြွေးမြီအဆင့်သတ်မှတ်သည့်အုပ်စု၏ လုပ်ငန်းခွဲဖြစ်သော Fitch Solutions က ဇွန်လတွင်ထုတ်ပြန်သည့် ခန့်မှန်းချက်အပါအဝင် ကျန်ခန့်မှန်းချက်များတွင်မူ စက်တင်ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး ၂၀ ရာခိုင်နှုန်းနှင့်အထက် ကျုံ့သွားမည်ဟု ခန့်မှန်းသည်။

မကြာသေးမီက စီးပွားရေးရိုက်ခတ်မှုများ၏ ပြင်းအားနှင့်ကြာချိန်ကို ကိုးကားပြီးနောက် ကမ္ဘာ့ဘဏ်က ကပ်ရောဂါကြောင့် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များခံရမည်ဖြစ်ပြီး ဘဝများနှင့် အသက်မွေးဝမ်းကြောင်းများကို လက်ငင်းခြိမ်းခြောက်မှုများသည် ၂၀၂၂ ခုနှစ်အထိပင် ဆက်လက်ဖြစ်ပေါ်နေမည်ဟု ဖေါ်ပြသည်။မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၄ ရက်နေ့အထိ ကူးစက်မှုစုစုပေါင်း ၂၆၀၀၀၀ ကျော်နှင့် သေဆုံးမှု ၆၄၆၀ ခုရှိပြီး နေ့စဉ် ပျှမ်းမျှကူးစက်မှုသစ် ၆၀၀၀ ခန့်ရှိနေသည်။သို့သော် အကန့်အသတ်ရှိသော စစ်ဆေးနိုင်ခြင်းနှင့် သတင်းစီးဆင်းမှုကြောင့် ထိုကိန်းဂဏန်းများသည် အမှန်တကယ်ထက် အကြီးအကျယ်လျော့နည်းနေသည်။

ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှုသည် ၁၃ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု အစောပိုင်းတွင် ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သော်လည်း ကိုဗစ်နိုင်တင်းဖြစ်ပွားမှုကြောင့် နောက်ထပ် ၅ ရာခိုင်နှုန်း တိုးသွားသည်ဟု နားလည်ရသည်။ယခုအစီရင်ခံစာသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ထုတ်ပြန်မည့် မြန်မာ့စီးပွားရေးအချက်အလက်များကို သုံးသပ်သည့် အကျယ်ပြန့်ဆုံးလေ့လာမှုဖြစ်သည်။

၁၈ ရာခိုင်နှုန်း စီးပွားရေးကျုံ့သွားခြင်းသည် COVID-19 အစောပိုင်းလှိုင်းများကြောင့် ၂၀၂၀ ခုနှစ်က စီးပွားရေးတိုးတက်မှုအားနည်းသည့်အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း အထက်ပါအစီရင်ခံစာက ဆိုသည်။ထိုအခြေအနေကြောင့် မြန်မာစီးပွားရေးသည် ကိုဗစ်နိုင်တင်းနှင့် စစ်အာဏာသိမ်းမှုမရှိခဲ့လျှင် ရရှိမည့် စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးသွားစေပြီး ဘဝများ၊ အသက်မွေးဝမ်းကြောင်းများ၊ ဆင်းရဲနွမ်းပါးမှုနှင့် အနာဂတ်စီးပွားရေးအလားအလာများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

ရောဂါရှာဖွေစမ်းသပ်မှု အကန့်အသတ်များရှိနေသော်လည်း ရှာဖွေသူများအကြား တွေ့ရှိမှုနှုန်းလွန်စွာမြင့်မားနေပြီး တခါတရံ ၃၃ ရာခိုင်နှုန်းကျော်အထိ ရှိနေသောကြောင့် လူမှုအသိုက်အဝန်းများအကြား ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေသည့် အနေအထားကို ပြသနေသည်။
ရောဂါထိန်းချုပ်ရေးအစီအမံများနှင့် ကြိုတင်သတိထားသည့်အလေ့အထများ၏ ရိုက်ခတ်မှုကို ပေါင်းစပ်လိုက်သောအခါ မြန်မာ့စီးပွားရေးအတွက် စိန်ခေါ်မှုများသည် ပိုမိုကျယ်ပြန့်လာသည်ဟုလည်း ထိုအစီရင်ခံစာကဆိုသည်။

ကပ်ရောဂါကြောင့် ယခုနှစ်နှောင်းပိုင်းတွင် နောက်ထပ်စီးပွားရေးကျုံ့သွားနိုင်သေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ထိပ်တန်းစီးပွားရေးပညာရှင် ကင်အလန်အက်ဒဝပ် က သတိပေးထားသည်။မေလနှင့် ဇွန်လအတွင်း အချို့ဒေသများတွင် ကူးသန်းသွားလာမှုတိုးတက်လာခြင်း၊ သယ်ယူပို့ဆောင်ရေးပြတ်တောက်မှု သက်သာလာခြင်းတို့နှင့်အတူ တည်ငြိမ်လာသည့် ကနဦးလက္ခဏာများတွေ့ရသော်လည်း စီးပွားရေးလုပ်ဆောင်မှုတစ်ခုလုံးအနေဖြင့် လွန်စွာအားနည်းပြီး ဇူလိုင်လနောက်ပိုင်းတွင် စီးပွားရေးဆက်လက်ကျုံ့သွားနိုင်ကြောင်း သူပြောသည်။

စီးပွားရေးအလားအလာမကောင်းခြင်းကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်သည့် စားသုံးသူဝယ်လိုအားပြိုလဲခြင်းက ပိုမိုဆိုးရွားစေသည်။
သွားလာမှုလျှော့ကျခြင်း၊ ဝင်ငွေနှင့် အလုပ်အကိုင်နည်းသွားခြင်း၊ သယ်ယူပို့ဆောင်ရေးအကန့်အသတ်များ၊ ရင်းနှီးမြှုပ်နှံမှုသစ်များနှင့် စက်ရုံများသို့ ကုန်အမှာစာလျော့ကျခြင်းတို့ကြောင့် ဝယ်လိုအားပြိုလဲခြင်းဖြစ်ကြောင်း အထက်ပါအစီရင်ခံစာက ဆိုသည်။

"စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် ၎င်းနှင့်ပတ်သက်သည့် အလုပ်သမားသပိတ်များကြောင့် အဓိကျသော ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ဝန်ဆောင်မှုများ ပြတ်တောက်သွားသည်" ဟုလည်း ဖေါ်ပြထားသည်။

စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍကိုလည်း အကျပ်အတည်းက အထိနာစေကြောင်း အစီရင်ခံစာက ဇွန်လတွင်ကောက်ယူခဲ့သည့် နိုင်ငံတဝှမ်း စီးပွားရေးစစ်တမ်းကို ကိုးကားဖေါ်ပြသည်။ငွေသားပြတ်လပ်ခြင်းနှင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကလည်း စီးပွားရေးအပေါ်ဖိစီးပြီး အလုပ်သမားများနှင့် ကုန်ကြမ်းပေးသွင်းသူများကို ငွေမပေးချေနိုင်ဖြစ်စေသည်။ထို့အပြင် ဧပြီလအထိ ၃ လတာကာလအတွင်းတွင် အင်တာနက်ကို အကြီးအကျယ် ကန့်သတ်ထားသည်။

ဇွန်လတွင် ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူသည့် ကုမ္ပဏီ ၅၀၀ အနက် ၄ ပုံ ၃ ပုံက ၎င်းတို့သည် ယခင်နှစ်က COVID-19 ကြောင့် ထိခိုက်မှုထက် ပိုမိုထိခိုက်ကြောင်းပြောသဖြင့် ရန်ကုန်အခြေစိုက် ကုန်သည်ကြီးများအသင်းက ဧပြီလကကောက်ယူခဲ့သည့် စစ်တမ်းနှင့် ကိုက်ညီနေသည်။
စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီများ၏ ထက်ဝက်ကျော်က ၎င်းတို့သည် ဇွန်လတွင် ငွေစီးဆင်းမှုပြတ်တောက်ပြီး ကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်း အဓိကဘဏ္ဍာငွေရင်းမြစ်အဖြစ် မိသားစုများနှင့် မိတ်ဆွေများကို မှီခိုခဲ့ရသည်။ယခင်နှစ်က ထိုသို့မှီခိုရသော အတိုင်းအတာမှာ ၂၆ ရာခိုင်နှုန်းသာရှိသည်။

အရှေ့တောင်အာရှအတွက် အလားတူ စိုးရိမ်စရာကောင်းသောအချက်မှာ မြန်မာ့စီးပွားရေးနှင့် ကိုဗစ်အကျပ်အတည်းမှ ဒေသတွင်းသို့ရိုက်ခတ်လာမည့် အခြေအနေများဖြစ်သည်။

အစောပိုင်းက မှတ်ချက်များအရ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မယ်ပတ်စ်နှင့် အရှေ့အာရှနှင့် ပိစိဖိတ်ဆိုင်ရာ  ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာတို့က မြန်မာနိုင်ငံပြဿနာများနှင့်ပတ်သက်သည့် အလာအလာရှိသော သက်ရောက်မှုများကို စိုးရိမ်ကြောင်းပြောခဲ့သည်။

"မြန်မာနိုင်ငံက အထီးကျန်နေတဲ့ ကျွန်းမဟုတ်ဘူး။အခြားနိုင်ငံတွေကို ပျံ့နှံ့ကုန်လိမ့်မယ်။ဒါဟာ အရမ်းကိုဂရုတစိုက်စောင့်ကြည့်ရမယ့် ဒေသတွင်းပြဿနာဖြစ်တယ်" ဟု ကွာကွာ က Nikkei Asia သို့ ဇူလိုင်လ ၁၅ ရက်နေ့တွင်ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်က အလုပ်အကိုင်အားလုံး၏ ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော အလုပ်အကိုင်တစ်သန်းခန့် ဆုံးရှုံးမည်ဖြစ်ပြီး ကျန်အလုပ်သမားများမှာလည်း အလုပ်ချိန် သို့မဟုတ် လုပ်အားခ လျော့ကျသောကြောင့် ဝင်ငွေကျဆင်းမည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
သို့သော် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသော အခြားလွတ်လပ်သည့် စီးပွားရေးပညာရှင်များ၏အဆိုအရ ကျပန်းလုပ်သားများနှင့် ဆိုင်းငံ့ခံအလုပ်သမားများကို ထည့်သွင်းတွက်ချက်ပါက  အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက်သည် ထိုထက်များစွာ ပိုမိုများပြားမည်ဖြစ်ပြီး လုပ်သားအင်အားစု၏ ၄ ပုံ ၁ ပုံအထက် များစွာကျော်လွန်မည်ဖြစ်ည်။မြန်မာနိုင်ငံတွင် အလုပ်လုပ်သောအရွယ်လူဦးရေ ၃၈ သန်းရှိသည့်အနက် လုပ်သားအင်အားစုသည် ၂၅ သန်းခန့်ရှိသည်။

အလားတူစွာပင် ဘဏ်များကခန့်မှန်းထားသည့် ၂၀၂၁ ခုနှစ်အတွက် ငွေကြေးဖေါင်းပွမှုနှုန်း ၆ ရာခိုင်နှုန်း သည် ၂၀၂၀ ခုနှစ်က ၅.၈ ရာခိုင်နှုန်းထက် အနည်းငယ်သာပိုမိုမြင့်မားသော်လည်း မကြာသေးမီက ငွေစက္ကူသစ်ရိုက်ထုတ်မှုမြင့်မားသည့် လက္ခဏာများကြောင့် ငွေကြေးဖေါင်းပွမှုလည်း များစွာပိုမိုမည်ဖြစ်ကြောင်း မြန်မာအတွက် လွတ်လပ်သော စီးပွားရေးပညာရှင်များအဖွဲ့ကဆိုသည်။ထိုအဖွဲ့မှ အဖွဲ့ဝင်အများအပြားသည် ယခင်အစိုးရနှင့်အတူ လုပ်ကိုင်ခဲ့သူများဖြစ်သည်။ယခုလများအတွင်း ငွေကြေးဖေါင်းပွမှုနှုန်းသည် ကိန်းဂဏန်း ၂ လုံးရှိနိုင်ကြောင်း စီးပွားရေးပညာရှင်များ သတိပေးထားသည်။

ဇန်နဝါရီလကုန်နောက်ပိုင်း လောင်စာဆီဈေးနှုန်း အလျှင်အမြန် ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားလာခြင်း၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လလယ်အတွင်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၂၃ ရာခိုင်နှုန်း တန်ဖိုးကျသည့် မြန်မာကျပ်ငွေ အလျင်အမြန်အားပျော့လာခြင်းနှင့် အထူးသဖြင့် နယ်စပ်ဒေသများတွင် အစားအသောက်ရှားပါးလာခြင်းနှင့် လုံခြုံရေးပူပန်ရခြင်း စသည်တို့ကို ကမ္ဘာ့ဘဏ်မှ ပညာရှင်များက ကိုးကားပြောဆိုသည်။ COVID-19 နှင့်ပတ်သက်သည့် လော့ခ်ဒေါင်းပိတ်ဆို့မှုများကိုလည်း  ပညာရှင်များ ကိုးကားပြောဆိုသည်။

အလုပ်အကိုင်ဆုံးရှုံးခြင်းနှင့် အခြားအကြောင်းများကြောင့် ဝယ်လိုအားနည်းခြင်းသည် ငွေကြေးဖေါင်းပွမှုကို နှေးကွေးစေနိုင်သည်။သို့သော် နိုင်ငံ၏ ဒေသအများအပြားတွင် အစားအစာဈေးနှုန်းများတက်လာနိုင်ခြေအပါအဝင် အချက်အလက်အများအပြားကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ငွေကြေးဖေါင်းပွမှု အကြီးအကျယ်တိုးလာမည်ဖြစ်ကြောင်း ပညာရှင်များပြောသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလကတွင်ပင် မိသားစုများ၏ ထက်ဝက်သည် အစားအသောက် (သို့မဟုတ်) အစားအသောက်မဟုတ်သော သုံးစွဲမှုများကို လျှော့ချခဲ့ကြောင်း အထက်ပါအစီရင်ခံစာကဆိုသည်။စုဆောင်းငွေကျဆင်းသွားသောကြောင့် မိသားစုအသုံးစရိတ်များကျဆင်းမည်ဟု မျှော်လင့်ရပြီး အာဟာရနှင့်ပတ်သက်ပြီး အလားတူထိခိုက်စေမည်ဖြစ်သည်။

ပညာရေးနှင့် လေ့ကျင့်ရေးအဆောက်အအုံများကို ကြာရှည်စွာပိတ်ထားရသောကြောင့် လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်းရရှိထားသော လူသားအရင်းအနှီးတိုးတက်မှုများ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးသည်။ ၂၀၂၀-၂၁ တစ်ခုလုံးတွင် ကျောင်းများကိုပိတ်ထားပြီး ဇူလိုင်လသို့ရောက်သောအခါ COVID-19 ဖြစ်ပွားမှု ထပ်မံမြင့်မားလာသောကြောင့် ပြန်ပိတ်လိုက်ရပြန်သည်။
ဘဏ်များပြန်လည်ဖွင့်လိုက်သော်လည်း ငွေကြေးဈေးကွက်တွင် ဗဟိုဘဏ်က အကြိမ်ကြိမ်ဝင်ရောက်စွက်ဖက်နေခြင်း၊ ဘဏ်လုပ်ငန်းနှင့် ပေးချေရေးဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာရခြင်းတို့ကြောင့် ငွေသားပြတ်လပ်မှု ဖြစ်ဆက်လက်ဖြစ်ပေါ်နေသေးသည်။ဇူလိုင်လ ၂၆ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၆၄၄ ကျပ်အထိ မြန်မာငွေအားပျော့ခြင်းနှင့် ကုန်သွယ်ရေးပြတ်တောက်ခြင်းသည် လောင်စာနှင့် အခြားသွင်းကုန်ဈေးနှုန်းများကို ပိုမိုမြင့်မားစေသည်။

ကျေးလက်ဒေသများတွင် လယ်သမားများသည် သီးနှံအချို့အတွက် လက်ကားဈေးနှုန်းကျဆင်းခြင်းနှင့် သွင်းအားစုများအတွက် ဈေးနှုန်းများမြင့်တက်ခြင်းကို ရင်ဆိုင်နေရပြီး ချေးငွေလည်းမရကြပေ။ကုန်သွယ်ရေးကဏ္ဍတွင် ဇွန်လ ၃၀ ရက်အထိ ၅ လအတွင်း ၂၀၂၀ ခုနှစ် အလားတူကာလကထက် ၁၈ ရာခိုင်နှုန်းကျဆင်းပြီး သွင်းကုန်မှာ ၂၆ ရာခိုင်နှုန်းကျဆင်းကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ သိရသည်။သို့သော် မကြာသေးမီက ထိုင်းနှင့် တရုတ် နယ်စပ်များ ပိတ်လိုက်ရသောကြောင့် သွင်းကုန်သာမက ထုတ်ကုန်ပါ ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်ထက် များစွာပိုမိုကျဆင်းနိုင်ကြောင်း UN Comtrade ၏ စာရင်းများအရ သိရသည်။

မြန်မာ့ COVID-19  အကျပ်အတည်းကို ကူညီကိုင်တွယ်ရန် နိုင်ငံတကာအားထုတ်မှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် နောက်ထပ်ညှိနှိုင်းမှုများလုပ်ရမည့်သဘော ကွာကွာ က အရိပ်အမြွက်ပြောပြီး ကြားဝင်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုကို လမ်းဖွင့်ပေးမည်ဟု ကမ္ဘာ့ဘဏ်ကမျှော်လင့်ကြောင်း ပြောသည်။

"အခြားပါဝင်ပတ်သက်သူ၊ တတိယကြားအဖွဲ့တွေ၊ ပုဂ္ဂလိကကဏ္ဍက တချို့တွေနဲ့ အလုပ်လုပ်ဖို့ လမ်းပွင့်သွားရင် ကာကွယ်ဆေးအလျင်အမြန်ထိုးပေးနိုင်ပြီး ပြဿနာတချို့ကိုဖြေရှင်းဖို့ အကူအညီတွေလုပ်ပေးနိုင်တယ်" ဟု သူပြောသည်။

"ကုလသမဂ္ဂက အာဏာပိုင်တွေနဲ့ဆွေးနွေးမှုကို ဦးဆောင်နေပြီး မြန်မာနိုင်ငံထဲကိုဝင်ရောက်ခွင့်ရမယ်၊ မြန်မာအတွက်သာမက ဒေသတွင်းနိုင်ငံတွေအတွက်ပါ အရေးပါတဲ့ကိစ္စတွေကို ကူညီနိုင်မယ်လို့ မျှော်လင့်တယ်" ဟုလည်း သူပြောသည်။

Linko
Ref : Nikkei Asia: World Bank forecasts 18% annual decline for Myanmar's economy
ဇူလိုင် - ၃၀