【 နိုင်ငံတကာဆောင်းပါး 】 လူဝင်မှုကြီးကြပ်ရေးမူဝါဒ မှားယွင်းကြောင်း ဒီမိုကရက်တို့ ဝန်ခံရန် လိုအပ်

【 နိုင်ငံတကာဆောင်းပါး 】 လူဝင်မှုကြီးကြပ်ရေးမူဝါဒ မှားယွင်းကြောင်း ဒီမိုကရက်တို့ ဝန်ခံရန် လိုအပ်

ဒီမိုကရက်တို့သည် တစ်နိုင်ငံလုံးအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသအဆင့် ရွေးကောက်ပွဲများတွင် ၎င်းတို့၏အလားအလာကို ထိခိုက်စေမည့် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသည်။လူဝင်မှုကြီးကြပ်ရေးအကြောင်း စာရေးသူပြောကြားနေခြင်းဖြစ်သည်။ထိုအကျပ်အတည်းဖြစ်ပွားနေခြင်းမှာ ရီပတ်ဗလစ်ကန်တို့က ထိုပြဿနာကို အခွင့်ကောင်းယူသောကြောင့်သာမဟုတ်ဘဲ ထိုကိစ္စနှင့်ပတ်သက်သည့် ၎င်းတို့၏ မူဝါဒအတွေးအခေါ်သည် မှားယွင်းပြီး လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုကို ရင်ဆိုင်ရန် လုံးဝမလုံလောက်သောကြောင့်ဖြစ်သည်။

တောင်ဘက်နယ်စပ်နှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများ ထပ်မံမြင့်တက်လာပြီဖြစ်သည်။တက္ကဆက် နယ်စပ်မြို့များတွင် အသစ်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအခြေချများဖြင့် ပြည့်လျှံနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါ ရွှေ့ပြောင်းအခြေချများကို နယူးယောက်၊ ချီကာဂိုနှင့် ဝါရှင်တန်သို့ ဘတ်စ်ကားများဖြင့် ပို့ဆောင်နေပြီး ဒေသဆိုင်ရာအစိုးရများသည် ၎င်းတို့ကိုလက်ခံထားရန် အကုန်အကျလွန်စွာများနေသည်။ထိုပြဿနာသည် မြို့ကို ဖျက်ဆီးနိုင်သည်ဟုပြောသောအခါ နယူးယောက်မြို့တော်ဝန် အီးရစ် အဒမ် (ဒီမိုကရက်) က ပြောသောအခါ ချဲ့ကားမှုအနည်းငယ်သာပါဝင်သည်။

ဘိုင်ဒင်အစိုးရ၏ အမျိုးမျိုးသောအားထုတ်မှုများသည် လွန်စွာပေါက်ကွဲကြီးမားနေသော အနာကြီးကို ပတ်တီးပတ်ပေးသည့် သဘောသာဖြစ်သည်။ခိုလှုံမှုစနစ်သည် ကျိုးပေါက်နေပြီဖြစ်ကြောင်း ဇာတိမြေလုံခြုံရေးဝန်ကြီး အေးလ်ဂျန်ဒရို မေယာကက်စ်က အကြိမ်ကြိမ်ပြောကြားခဲ့သည်။သို့သော် ထိုကိစ္စမှန်လျှင် ထိုစနစ်ကို အကြီးအကျယ်ပြုပြင်ရန်လိုမည်ဖြစ်သော်လည်း သူနှင့် သမ္မတ ဘိုင်ဒင်တို့သည် ထိုသို့အဆိုပြုခြင်းမရှိကြပေ။ထိုကိစ္စကို မည်သို့စဉ်းစားရမည်ကို နားလည်ရန် မိမိတို့သည် အခြေခံများသို့ပြန်သွားရန် လိုသည်။ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ လူမျိုးရေး၊ ဘာသာရေးနှင့် ယုံကြည်မှုများကြောင့် အပြင်းအထန်ဖိနှိပ်ခံနေရသူများကို အမေရိကတွင် ခိုလှုံခွင့်ပြုရန် လမ်းကြောင်းများ ဖော်ထုတ်ခဲ့သည်။

သို့သော် ထိုစံနှုန်းနှင့်ဆိုင်သည့် တွန်းအားကို အလုပ်ဖြစ်သော စနစ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန်အရေးပါသည့် ပကတိအခြေအနေ ၂ ခုရှိသည်။

ပထမအချက်မှာ ၎င်းတို့သည် ဖိနှိပ်မှုခံနေရသည်ဟု ကျိုးကြောင်းဆီလျော်စွာပြောဆိုနိုင်သည့် သူကမ္ဘာတစ်ဝှမ်းတွင် သန်းဆယ်ပေါင်းများစွာရှိပြီး အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့အားလုံးကို လက်မခံနိုင်သည်မှာ မှန်သည်။ပိုမိုအရေးကြီးသည့်အချက်မှာ အမေရိကန်ပြည်ထောင်စုသည် ဥပဒေစည်းမျဉ်းလိုက်နာပြီး ၎င်းတို့နိုင်ငံများမှလျှောက်ထားကာ အလှည့်ကိုစောင့်နေသည့်သူများကို ဦးစားမပေးဘဲ ဥပဒေချိုးဖောက်ပြီး နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး ၎င်းတို့ဝင်ရောက်လာခြင်း တရားဝင်စေရန် ခိုလှုံခွင့်တောင်းခံသူများကို ဦးစားပေးရန် အတင်းအကျပ်လုပ်၍မရပေ။သို့သော် တောင်ဘက်နယ်စပ်တွင် ထိုကိစ္စများသည် နေ့စဉ်ဖြစ်နေသည်။

ဒုတိယအချက်မှာ ထိုခိုလှုံခွင့်ကိစ္စများသည် ဆင်းရဲနွမ်းပါးမှု၊ ကပ်ရောဂါနှင့် အကြမ်းဖက်မှုများမှ ထွက်ပြေးလာသူများဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်းမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်လိုသူများ၏ ကိစ္စနှင့် ကွဲပြားခြားနားသည်။ထိုကဏ္ဍတွင် ကျရောက်နေသူများသည် ရှုပ်ထွေးခက်ခဲသောလုပ်ငန်းစဉ်ကို ရင်ဆိုင်ရပြီး ထိုလုပ်ငန်းစဉ်များသည် ဗီဇာအမျိုးမျိုးနှင့် အလုပ်လုပ်ခွင့်အမျိုးမျိုးကိုရစေနိုင်ပြီး နောက်ဆုံးတွင် အစိမ်းရောင်ကဒ်နှင့် နိုင်ငံသားဖြစ်ခွင့်ပင်ရနိုင်သည်။

သို့သော် ထိုသို့ခက်ခဲရှုပ်ထွေးသော လုပ်ငန်းစဉ်ကို ဖြတ်သန်းမည့်အစား အများအပြားသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် မူးယစ်ဂိုဏ်းများကို အကူအညီတောင်းပြီး ခိုလှုံမှုတောင်းခံသူများအဖြစ် တင်ပြပြီး ၎င်းတို့အမှုများကို စစ်ဆေးနေစဉ် နိုင်ငံတွင်းသို့ ခိုးဝင်သည်။ ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ဖက်ဒရယ်အစိုးရသည် ရွှေ့ပြောင်းအခြေချ တစ်သန်းကျော်ကို နိုင်ငံအတွင်းလွှတ်ပေးခဲ့ပြီး ၎င်းတို့အနက် ၁၇၇,၀၀၀ သည် လိပ်စာမပေးသောကြောင့် (သို့မဟုတ်) မမှန်သော လိပ်စာပေးခဲ့သောကြောင့် ခြေရာခံမရတော့ပေ။

စနစ်ကျသော လုပ်ငန်းစနစ် ယခုကဲ့သို့ ပြိုလဲသွားသောအခါ ခိုလှုံခွင့်တောင်းရန် တရားဝင်သူများ (သို့မဟုတ်) တရားဝင်ရွှေ့ပြောင်းအခြေချအဆင့်အတန်း ရသင့်သူများအတွက် လွန်စွာမမျှတရာရောက်သည်။

ထိုကိစ္စနှင့်ပတ်သက်သည့် ကွန်ဂရက်မှ ဝါရင့်ကျွမ်းကျင်သူ နိုလန် ရက်ပါပေါ့က အကြံပြုသည့် တစ်ခုတည်းသော ဖြေရှင်းမှုမှာ သမ္မတသည် လက်ရှိစနစ်က ရွှေ့ပြောင်းအခြေချ သန်းပေါင်းများစွာကို စိစစ်နေစဉ် ခိုလှုံခွင့်တောင်းခံသူများ ဝင်ရောက်ခွင့်ကို လုံးဝဆိုင်းငံ့ထားရန် လက်ရှိဥပဒေမှပေးအပ်ထားသည့် အာဏာကို အသုံးပြုရမည်ဖြစ်သည်။ထိုသို့လုပ်ရန် ဗြိတိန်အစိုးရသည် ဥပဒေတစ်ရပ် အတည်ပြုပြီးဖြစ်သည်။

အခြားအနောက်နိုင်ငံများလည်း ထိုသို့လုပ်မည်ကို သံသယဖြစ်စရာမလိုပေ။ကမ္ဘာသည် ပြောင်းလဲသွားပြီဖြစ်သည်။တစ်ကမ္ဘာလုံးတွင် ခိုလှုံခွင့်တောင်းသူနှင့် ဒုက္ခသည် သန်း ၄၀ ရှိသည်။မိမိတို့သည် ခိုလှုံခွင့်ကို စနစ်တကျ ကျိုးကြောင်းဆီလျော်သောနည်းဖြင့်ပေးရန် ဥပဒေသစ်များ၊ စံနှုန်းသစ်များ၊ တရားရုံးသစ်များနှင့် စနစ်သစ်များ လိုအပ်သည်။

၎င်းတို့နယ်စပ်များတွင် တရားမဝင် ဝင်ရောက်လာသူများနှင့် မနိုင်မနင်းဖြစ်နေသော နိုင်ငံများမှ အရာရှိများကို ထိုကိစ္စကို ပုံအပ်မထားသင့်ပေ။

ရွှေ့ပြောင်းအခြေချ အကျပ်အတည်းသည် အစိုးရ၏ အဆင့်အားလုံးမှ ဒီမိုကရက်တစ်မူဝါဒ အားနည်းချက်ကို ဖော်ပြသည်။ထိုအစိုးရသည် ၎င်းတို့၏တိုးတက်သော အင်အားစုကို ထိန်းချုပ်ရန်နှင့် နယူးယောက်နှင့် မက်ဆာချူးဆက်ပြည်နယ်များသို့ ရဲရင့်ပြတ်သားသောလုပ်ရပ်များ မလုပ်ရဲပေ။ထိုပြည်နယ်များသည် အမိုးအကာ အခွင့်အရေးပေးရန် လိုက်နာရသောကြောင့် ယခုတစ်ကြိမ် ရွှေ့ပြောင်းအခြေချများ ဝင်ရောက်လာသောအခါ အလုပ်မဖြစ်တော့ပေ။ဒီမိုကရက်တို့သည် ထိုကိစ္စကို ထိန်းချုပ်ရန် ပျက်ကွက်ပါက ၎င်း၏နိုင်ငံရေးသည် အခြားအနောက်နိုင်ငံများမှ သက်ရောက်မှုများကို ခံစားရမည်ဖြစ်သည်။လူများကြိုက်သမားများအတွက် ဒုံးကျည်လောင်စာဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ ထိုပြဿနာကို အဓိကဖြေရှင်းချက်သည် အလုပ်မဖြစ်ခဲ့ပေ။လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မိမိတို့တွင် ရွှေ့ပြောင်းအခြေချ သန်းပေါင်းများစွာရှိသည်ဆိုသည့်အချက်က သူအမှန်တကယ်တည်ဆောက်ခဲ့သော တံတိုင်းသည် အလုပ်မဖြစ်ကြောင်း ပြသနေသည်။

သို့သော် အမေရိကန်အများစုက လက်ရှိအခြေအနေကို သူလုံးဝလက်မခံနိုင်ဘဲ အဆုံးသတ်ရန် ပြင်းထန်သော အစီအမံများလုပ်ရန် စိတ်အားထက်သန်နေကြောင်း သိကြသည်။သူ၏ ဒီမိုကရက်အတိုက်အခံများတွင် ထိုသို့သောအရာများမရှိကြောင်းလည်း အမေရိကန်များ သိကြသည်။

Linko
Ref - Washingtonpost|Democrats need to admit that they’re wrong on immigration