【 နိုင်ငံတကာဆောင်းပါး 】 “ကောလာဟလမယုံဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ကိုပြောခဲ့တဲ့ တရုတ်”

【 နိုင်ငံတကာဆောင်းပါး 】 “ကောလာဟလမယုံဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ကိုပြောခဲ့တဲ့ တရုတ်”

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာရှ-ပစိဖိတ်တွင် စစ်ရေးမဟာမိတ်သစ်ဖွဲ့ခြင်းထက် ဥရောပနှင့် မြောက်အမေရိကကိုသာ အာရုံစိုက်ကြရန် တနင်္လာနေ့က နှစ်ဘက် ဖုန်းဖြင့်ဆက်သွယ်မှုအတွင်း တောင်းဆိုလိုက်သည်။

နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတော့တန်ဘတ်နှင့် ပထမဆုံးအကြိမ် ဖုန်းဖြင့်ဆက်သွယ်ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အတ္တလန်တိတ်ကမ်းခြေနိုင်ငံများ မဟာမိတ်အဖွဲ့သည် မူလပထဝီအနေအထားအတွင်းတွင်သာ နေထိုင်သင့်ကြောင်း ပြောကြားလိုက်သည်။

၎င်းတို့အဖွဲ့သည် ဘေဂျင်းကို ရန်သူအဖြစ် မမြင်သော်လည်း တရုတ် နျူကလီးယားလက်နက်တိုက် တိုးချဲ့ခြင်းကို စိုးရိမ်ကြောင်း စတော့တန်ဘတ် က ပြောသည်။

မည်သည့်နိုင်ငံအမည်ကိုမျှ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပဲ နေတိုးအဖွဲ့သည် တရုတ်နှင့်ပတ်သက်သည့် သတင်းမှားများနှင့် အလိမ်အညာများကြောင့် မတွေဝေသင့် မယိမ်းယိုင်သင့်ကြောင်း ဝမ်ယိ က ပြောခဲ့သည်။

“အာရှ-ပစိဖိတ်ဒေသဆိုတာ တရုတ်နိုင်ငံတည်ရှိနေတဲ့ နေရာဖြစ်ပါတယ်။အချို့အဖွဲ့ဝင်နိုင်ငံတွေက တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ဒေသတွေမှာ သင်္ဘောတွေ၊ လေယာဉ်တွေ ဖြန့်ချနေတယ်။အာရှ-ပစိဖိတ်ဒေသမှာ စစ်မဟာမိတ်အဖွဲ့သစ် မလိုအပ်ဘူး။အဲဒီမဟာမိတ်အဖွဲ့ဟာ အဓိကအင်အားကြီးနိုင်ငံတွေအကြား ထိပ်တိုက်တွေ့မှု မဖြစ်စေသင့်ဘူး။စစ်အေးတိုက်ပွဲသစ်လှုံ့ဆော်ဖို့ ရည်ရွယ်တဲ့ အုပ်စုငယ်လေးမှာလည်း မပါဝင်သင့်ဘူး” ဟု ဝမ်ယိ က ပြောသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြသည်။

ဥရောပနှင့် မြောက်အမေရိကမှ နိုင်ငံပေါင်း ၃၀ ဖြင့် ဖွဲ့စည်းထားသည့် စစ်ရေးနိုင်ငံရေးမဟာမိတ်ဖြစ်သော မြောက်အတ္တလန်တိတ်သဘောတူစာချုပ်အဖွဲ့ကို ဒုတိယကမ္ဘာစစ်အပြီးက ထူထောင်ခဲ့သည်။သို့သော် အဖွဲ့ဝင်နိုင်ငံများသည် အင်ဒို-ပစိဖိတ်ဒေသသို့ ပိုမိုဝင်ရောက်လာနေကြသည်။အထူးသဖြင့် မကြာသေးမီလများအတွင်း အမေရိကန်သည် သမ္မတ ဘိုင်ဒင် အောက်မှ မဟာမိတ်များနှင့် ဆက်ဆံရေးခိုင်မာရေးကို အာရုံစိုက်နေကြသည်။

ဗြိတိန်နှင့် ဂျာမနီ နှစ်နိုင်ငံလုံးသည် ဒေသတွင်းတွင် စစ်သင်္ဘောများချထားသည်။စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ရုတ်တရုက်လှုပ်ရှားမှုအနေဖြင့် အမေရိကန်နှင့် ဗြိတိန်တို့သည် AUKUS မဟာမိတ်အဖွဲ့ ဟုခေါ်သည့် သုံးပွင့်ဆိုင် လုံခြုံရေးသဘောတူစာချုပ်အရ သြစတြေးလျှကို နျူကလီးယား ရေငုတ်သင်္ဘောအုပ်စု ပိုင်ဆိုင်စေမည့် နည်းပညာများပေးရန် ကတိပြုလိုက်ပြီး ထိုလုပ်ရပ်တွင် တရုတ်ကိုပစ်မှတ်ထားသည်ဟု မြင်ကြသည်။

ဇွန်လကထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် နေတိုးသည် တရုတ် နျူကလီးယားလက်နက်တိုက် တိုးချဲ့ခြင်းနှင့် နိုင်ငံတကာစနစ်ကို စနစ်အရ စိန်ခေါ်မှုများကို ကိုးကားပြီး ဘေဂျင်း၏ စစ်ရေးခြိမ်းခြောက်မှုကို သတိပေးသည်။

တရုတ်သည် နေတိုးအဖွဲ့၏ ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ကြောင်းနှင့် နှစ်ဘက်အနေဖြင့် ပိုမိုတွေ့ဆုံဆွေးနွေးသင့်ကြောင်း ဝမ်ယိ က  ပြောသည်။

“အပြန်အလှန်ဆက်ဆံရေးတိုးတက်ဖို့ သော့ချက်က တစ်ဖက်နဲ့ တစ်ဖက် ဓမ္မဒိဋ္ဌာန်ကျကျမြင်ဖို့ဖြစ်တယ်၊ သရုပ်ဖျက်သတင်းတွေကို နားမထောင်ဖို့၊ အလိမ်အညာနဲ့ ကောလာဟလတွေရဲ့ အရူးလုပ်တာကိုမခံဖို့ဖြစ်တယ်” ဟု ဝမ်ယိ က ပြောသည်။

“တရုတ်ဟာ နေတိုးရဲ့ ပြိုင်ဘက်မဟုတ်ခဲ့ဘူး၊ ဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ဘူး” ဟုလည်း ဝမ်ယိ က ဆိုသည်။

စတော့တန်ဘတ် က ဘေကျင်းအနေဖြင့် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန် တိုက်တွန်းခဲ့သည်။

“နေတိုးက တရုတ်ကို ရန်သူလို့မမြင်ဘူးဆိုတာကို အတွင်းရေးမှူးချုပ်က ပြန်လည်ပြောပြတယ်။ဒါပေမယ့် သူ့တို့ရဲ့ နိုင်ငံတကာကတိကဝတ်တွေကို လေးစားဖို့နဲ့ နိုင်ငံတကာစနစ်အတွင်း တာဝန်ရှိပြုမူဖို့ တောင်းဆိုတယ်” ဟု နေတိုးအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

“တရုတ်နိုင်ငံရဲ့ အနိုင်အထက်လုပ်တဲ့ မူဝါဒတွေ၊ နျူကလီးယားလက်နက်တိုက်တိုးချဲ့မှုနဲ့ သူတို့စစ်တပ်ခေတ်မီရေးနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာတွေအတွက် နေတိုးအဖွဲ့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း သူပြောကြားခဲ့တယ်” ဟုလည်း ထိုကြေညာချက်ကဆိုသည်။

တရုတ်ကို ချိန်ခွင်လျှာညှိရန် အမေရိကန်က မဟာမိတ်များကို ပိုမိုတောင့်တင်းအောင်လုပ်နေစဉ်တွင်ပင် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသာမက ဥရောပမှထောက်ခံမှုရရန် ကြိုးစားနေသည်။

လွန်ခဲ့သောအပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာတာဝန်ခံ လျှူဂျင်ဆောင်သည် ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ သံအမတ်များ AUKUS ကိစ္စ ဆွေးနွေးရန် တွေ့ဆုံပြီး ထိုအဖွဲ့ သည် ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်စေမည်ဖြစ်ကြောင်း ပြောသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟဲသည် တနင်္လာနေ့တွင် မလေးရှားကာကွယ်ရေးဝန်ကြီး ဟစ်ရှမ် မတ်ဒင် ဟူစိန်နှင့် ဗီဒီယိုမှဆွေးနွေးပွဲကျင်းပပြီး မလေးရှားကာကွယ်ရေးဝန်ကြီးကလည်း AUKUS ကိစ္စ ဆွေးနွေးရန် မကြာမီတရုတ်သို့လာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ဗိုလ်ကျစိုးမိုးမှုနှင့် အာဏာနိုင်ငံရေးကိုဆန့်ကျင်ရန် မလေးရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟဲ က ပြောခဲ့သည်။

Linko
Ref : South China Morning Post : Don’t be ‘fooled by lies and rumours’, China tells Nato
အောက်တိုဘာ - ၁