【 နိုင်ငံတကာဆောင်းပါး 】 “ထရမ့်အာဏာသိမ်းမည့်ဘေးမှ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်များ ကာကွယ်ခဲ့”

【 နိုင်ငံတကာဆောင်းပါး 】 “ထရမ့်အာဏာသိမ်းမည့်ဘေးမှ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်များ ကာကွယ်ခဲ့”

နိုဝင်ဘာလက ရွေးကောက်ပွဲအပြီးတွင် ထိုစဉ်ကသမ္မတနှင့် သူ၏မဟာမိတ်များသည် အာဏာသိမ်းရန် သို့မဟုတ် အခြားအန္တရာယ်များသည့်လုပ်ငန်းများ သို့မဟုတ် တရားမဝင်လုပ်ရပ်များကို ကြိုးစား လာနိုင်သောကြောင့် အမေရိကန် စစ်တပ်ထိပ်တန်းအရာရှိ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ မာ့ခ် မိုင်လေသည် လွန်စွာတုန်လှုပ်သောကြောင့် မိုင်လေနှင့်အခြားထိပ်တန်းအရာရှိများသည် ထရမ့် ကို ဟန့်တားရန် နည်းလမ်းအမျိုးမျိုးကို အလွတ်သဘောစီစဉ်ခဲ့ကြောင်း CNN က ရရှိထားသည့် မကြာမီထုတ်ဝေတော့မည့် စာအုပ်တစ်အုပ်မှ ကောက်နုတ်ချက်အရ သိရသည်။

ထိုစာအုပ်ကို ဝါရှင်တန်ပို့စ်မှ ပူလစ်ဇာဆုရသတင်းထောက်များဖြစ်သော ကာရိုး လီယွန်နင်းနှင့် ဖိလစ် ရပ်ကာတို့က ရေးသားပြီး မိုင်လေနှင့် အခြားပူးတွဲစစ်ဦးချုပ်များက ထိုကိစ္စသည် တရားမဝင်၊ အန္တရာယ်များပြီး မလုပ်သင့်သောကြောင့် ထရမ့်၏အမိန့်ကို ကောင်အထည်မဖေါ်ဘဲ တစ်ယောက်ပြီးတစ်ယောက် နုတ်ထွက်ရန် ပြင်ဆင်ထားသည်ကို ဖေါ်ပြသည်။

ငါလုပ်မှဖြစ်မယ် "I Alone Can Fix It" အမည်ရှိ အထက်ပါစာအုပ်ကို လာမည့်အင်္ဂါနေ့တွင်ထုတ်ဝေရန် စီစဉ်ထားပြီး ထရမ့်၏ သမ္မတရာထူးနောက်ဆုံးနှစ်များကို မှတ်တမ်းတင်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ထရမ့်၏ အထိန်းအကွပ်မဲ့ အပြုအမူများအကြား ထရမ့်အစိုးရ ထိပ်တန်းလူများနှင့် အတွင်းစည်းမှလူများ မည်သို့ဖြတ်သန်းခဲ့သည်ဆိုသည့် ကန့်လန့်ကာနောက်ကွယ်မှ ကိစ္စများကို ဖေါ်ပြထားသည်။

စာရေးသူများဟာ ထိုစာအုပ်အတွက် ထရမ့် ကို ၂ နာရီကျော်ကြာ တွေ့ဆုံမေးမြန်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါ ကို ရာထူးမှထုတ်ပစ်ခြင်းနှင့် ရှေ့နေချုပ် ဝီလျှံဘား ရာထူးမှနုတ်ထွက်ခြင်းအပါအဝင် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း အရာရှိများကို အရွှေ့အပြောင်းလုပ်တိုင်း ထရမ့်၏လူယုံများ အာဏာကြီးသည့်နေရာသို့ရောက်လာခြင်းတို့ကို မိုင်လေ က မကောင်းသည့် အတိတ်နိမိတ်များအဖြစ်မြင်ကြောင်း စာရေးသူများက ရှင်းပြသည်။

မိုင်လေ က အာဏာသိမ်းမှု ခြိမ်းခြောက်မှုကို စိုးရိမ်ကြောင်း မိတ်ဆွေများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် လုပ်ဖေါ်ကိုင်ဖက်များအားပြောပြပြီး ဖြစ်လာနိုင်သည့် အလားအလာကို အထူးသတိထားနေခဲ့သည်။

"သူတို့ကြိုးစားရင်လည်း ကြိုးစားနိုင်တယ်။ဒါပေမယ့် လုံးဝအောင်မြင်မှာ မဟုတ်ဘူး။ဒါကို စစ်တပ် မပါဘဲ လုပ်လို့မရဘူး။ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA မပါဘဲ လုပ်မရဘူး။ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို FBI မပါဘဲ လုပ်လို့မရဘူး။သေနတ်ကိုင်ထားတာက ငါတို့ကွ" ဟု မိုင်လေ က သူ၏အရာရှိများအားပြောသည်ဟု စာရေးသူများကဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့မတိုင်မီ ရက်များတွင်လည်း မိုင်လေသည် ထရမ့်၏ လှုံ့ဆော်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေသည်။ထရမ့်သည် ဆူပူအောင်လုပ်နေကြောင်း၊ ထိုသို့လုပ်ခြင်းမှာ ပုန်ကန်ုမှုအက်ဥပဒေကိုသုံးပြီ စစ်တပ်ကိုခေါ်သွင်းရန် မျှော်လင့်ချက်ဖြင့် လုပ်ခြင်းဖြစ်နိုင်ကြောင်း မိုင်လေ က သူ၏အရာရှိများကိုပြောသည်ဟု စာရေးသူများကဆိုသည်။

မိုင်လေက ထရမ့် ကို ဂန္တဝင်အာဏာရှင်ပုံစံဖြင့်သာမြင်သည်။ဟစ်တလာ၏ ခံစားရသူနှင့် ကယ်တင်ရှင် ဆိုသည့် စကားများနှင့် ရွေးကောက်ပွဲလိမ်သည်ဆိုသည့် ထရမ့်၏စကားများမှာ တူညီနေသည် သဘောသဘာဝတူနေသည်ဟု မိုင်လေ က မြင်သည်ဟု စာရေးသူများရေးသားသည်။

ရွေးကောက်ပွဲရလဒ်များကိုဆန့်ကျင်သည့် ထရမ့်လိုလားသူများ၏ Million MAGA ချီတက်ပွဲသည် ဟစ်တလာ ကို အာဏာရစေခဲ့သည့် နာဇီလိုလားသောချီတက်ပွဲနှင့်တူကြောင်း မိုင်လေ က သူ၏ အရာရှိများကိုပြောသည်ဟုဆိုသည်။

ရပ်ကာနှင့် လီယွန်နင်းတို့သည် ထိုစာအုပ်အတွက် ရင်းမြစ်ပေါင်း ၁၄၀ ကျော်ကို တွေ့ဆုံမေးမြန်ခဲ့ပြီး ထိုသူများသည် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ရန်အတွက် အမည်ရင်းကို အသုံးပြုခွင့်မပေးပေ။ထိုစာအုပ်တွင် မိုင်လေ ကို ကျယ်ကျယ်ပြန့်ပြန့်ကိုးကားထားပြီး မိတ်ဆွေတစ်ဦးက ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် ဒီမိုကရေစီပြိုကျတော့မည်ဟု သတိပေးခဲ့သောကြောင့် ဒီမိုကရေစီကို ရှင်သန်အောင် လုပ်ဆောင်သူဆိုသည့် အကောင်းမြင်ပုံဖေါ်ထားသည်။

မိုင်လေသည် စိန့်ဂျွန်းဘုရားကျောင်းမှ အငြင်းပွားဖွယ်ရာ ဓါတ်ပုံအတွက် ဂုဏ်သတင်းသည် ၂၀၂၀ ခုနှစ် ဇွန်လက အဓိကထိခိုက်ခဲ့သည်။ထိုစဉ်က ဖက်ဒရယ်တပ်များသည် အိမ်ဖြူတော်ပြင်ပ လာဖေးယက်ရင်ပြင်တွင် လူမှုတရားမျှတရေး ဆန္ဒပြပွဲများကို အကြမ်းဖက်လူစုခွဲပြီးကာစအချိန်ဖြစ်နေသည်။

အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ မိုင်လေသည် ထိုဖြစ်ရပ်တွင် ပြောက်ကျားစစ်ဝတ်စုံကို ဝတ်ဆင်ထားချိန်ဖြစ်နေသည်။ထိုဖြစ်ရပ်အတွက်မိုင်လေ က နောင်တွင် "ကျနော် အဲဒီမှာရှိမနေခဲ့သင့်ဘူး" ဟု ပြောကြားတောင်းပန်ခဲ့သည်။

သို့သော် ကန့်လန့်ကာနောက်ကွယ်ဖြစ်ရပ်များတွင်မူ မိုင်လေသည် တိုင်းပြည်ကို ရှေ့တန်းမှကာကွယ် နေသည်ဟု စာရေးသူများကဆိုသည်။မိုင်လေသည် FBI ဒါရိုက်တာ ခရစ်ဝရေးနှင့် CIA ဒါရိုက်တာ ဂီနာ ဟက်စ် ပယ်တို့ကို ရာထူးမှ မဖယ်ရှားရန် ကြိုးစားခဲ့သူဖြစ်သည်ဟု စာရေးသူများပြောသည်။

ဒီဇင်ဘာလကကျင်းပသည့် ကြည်းတပ်-ရေတပ် ဘောလုံးပွဲအတွင်း မိုင်လေသည် ထရမ့်နှင့် သူ၏ ထိပ်တန်းလက်ထောက်များနှင့်အတူ အခန်းတစ်ခုအတွင်းရှိနေပြီး အိမ်ဖြူတော်အရာရှိချုပ် မာ့ခ် မီးဒိုး ကို မိုင်လေ က ထိုကိစ္စအတွက် ထိပ်တိုက်မေးခဲ့သည်ဟု စာရေးသူများပြောသည်။

"ဘာတွေဖြစ်နေတာလဲ။ခင်များတို့ ဝရေးနဲ့ ဂီနာ ကို ဖယ်ရှားဖို့လုပ်နေတာလား။ဘာတွေဖြစ်နေတာလဲ။ဘာတွေလုပ်နေတာလဲ" ဟု မိုင်လေ က မေးသည်ဟုဆိုသည်။

"စိတ်မပူပါနဲ့။ဒါက ဝန်ထမ်းအပြောင်းအရွှေ့ပါ" ဟု မီးဒိုး က ပြန်ပြောသည်ဟုဆိုသည်။

"ကြည့်လဲလုပ်ကြဦး။ဒါကဘာအဓိပ္ပါယ်မှ မရှိဘူး" ဟု မိုင်လေ က သူ့အခြေအနေကို စောင့်ကြည့်နေ ကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထရမ့်သည် လက်ရှိ ဘိုင်ဒင်အစိုးရခေတ်တွင်လည်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌတာဝန် ဆက်လက်ယူနေသော မိုင်လေ ကို တိုက်ခိုက်ခဲ့သည်။ဇန်နဝါရီလ ၆ ရက်နေ့ ဖြစ်ရပ်အတွက် သက်သေခံထွက်ဆိုခြင်းအတွက် ထိုသို့တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုသို့တင်းမာမှုမြင့်မားနေစဉ်အတွင်း မိုင်လေနှင့် အောက်လွှတ်တော်ခေါင်းဆောင် နန်စီ ပယ်လ်လော့စီတို့အကြား ပြောဆိုမှုများကိုလည်း ထိုစာအုပ်တွင်ဖေါ်ပြထားသည်။

ထရမ့် က အက်စပါ ကို နိုဝင်ဘာလတွင် ဖြုတ်ချလိုက်ပြီးနောက် ပယ်လ်လော့စီသည် မိုင်လေထံ ဖုန်းဆက်သော လွှတ်တော်ကိုယ်စားလှယ်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

"ကျမတို့အားလုံး ရှင့်ကိုယုံတယ်။ရှင့်ရဲ့ကတိသစ္စာကို ရှင်သိတယ်မဟုတ်လား" ဟု ပယ်လ်လော့စီ က ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့ အုံကြွမှုအပြီးတွင် ပယ်လ်လော့စီ က မိုက်မဲ၊ အန္တရာယ်များ ရူးသွပ်သော ထရမ့်သည် သူ၏ရာထူးနောက်ဆုံးနေ့များတွင် နျူကလီးယားလက်နက်များ သုံးစွဲမည်ကို စိုးရိမ်ကြောင်း မိုင်လေ ကို ပြောခဲ့သည်။

"ဒီကိစ္စနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေက အရမ်းကောင်းကြောင်း ကျနော် မဒမ့်ကို အာမခံပါတယ်။နျူကလီးယား လက်နက်တွေကို မတော်တဆပစ်မိတယ်ဆိုတာမျိုး မဖြစ်နိုင်ပါဘူး" ဟု မိုင်လေ က အာမခံသည်။

"ရှင်က ဘာကြောင့် ကျမကို အာမခံနိုင်တာလဲ" ဟု ပယ်လ်လော့ဆီ က ပြန်မေးသည်။

"ကျနော်တို့က ဥပဒေနဲ့ညီတဲ့အမိန့်ပဲ လိုက်နာတယ်။ကျနော်တို့က တရားဥပဒေနဲ့၊ ကျင့်ဝတ်နဲ့ ကိုယ်ကျင့် တရားနဲ့ညီတဲ့ကိစ္စတွေကိုပဲလုပ်တယ်" ဟု မိုင်လေ က ပြန်လည်ဖြေခဲ့သည်ဟု စာရေးသူများ ဖေါ်ပြသည်။

Linko
Ref : CNN:New book shows top US generals planned ways to stop Trump in case of coup
ဇူလိုင် - ၁၆