【 နိုင်ငံတကာဆောင်းပါး 】 “ထိုင်ဝမ်တွင် တပ်များချထားခြင်း၏ အကျိုးဆက်”

【 နိုင်ငံတကာဆောင်းပါး 】 “ထိုင်ဝမ်တွင် တပ်များချထားခြင်း၏ အကျိုးဆက်”

“ထိုင်ဝမ်တွင် အမေရိကန်တပ်များရောက်ရှိနေသည်မှာ အနည်းဆုံး တစ်နှစ်ကြာ” ဟု Wall Street Journal သတင်း ခေါင်းစဉ်က ဆိုသည်။

အမည်မဖေါ်လိုသော အမေရိကန် ကာကွယ်ရေးအရာရှိများကို ကိုးကားပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင် ၂ ဒါဇင်သည် တရုတ်၏ ထိုင်ဝမ်တွင် လျှို့ဝှက်ရောက်နေပြီး ပြည်မကြီးနှင့်ဖြစ်နိုင်သော စစ်ရေးထိပ်တိုက်တွေ့မှုအတွက် ကူညီပြင်ဆင်ပေးနေသည်ဟု ထိုသတင်းက ဖေါ်ပြသည်။

ထိုသတင်းကို အမေရိကန်အစိုးရက အတည်မပြုသလို ငြင်းဆိုခြင်းလည်းမရှိသော်လည်း တရုတ်တစ်နိုင်ငံတည်းမူကို လိုက်နာရန် ၎င်းတို့ပေးထားသော ကတိကဝတ်ကိုပျက်စီးအောင် ဝါရှင်တန်ကလုပ်နေသည့် ရန်စပြီး မတည်ငြိမ်စေသောလုပ်ရပ်များနှင့် ဒီမိုကရက်တစ် ပရိုဂရက်ဆစ်ပါတီကို အားပေးခြင်းဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံပြီး သွေးခွဲနေသောကြောင့် အထက်ပါသတင်းသည် မှန်ကန်ပုံရနေသည်။

ထိုသို့လုပ်ဆောင်ရာတွင် အမေရိကန်ပြည်ထောင်စုသည် မီးနှင့်ကစားနေသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုပိုင်နက်ကို ချိုးဖေါက်ခြင်းနှင့် အလားတူသည်။ထို့အပြင် တရုတ်နိုင်ငံနှင့် ၁၉၇၉ ခုနှစ်က သံတမန်ဆက်ဆံရေးထူထောင်သည့် အမေရိကန်၏ ကတိကဝတ်များကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေသည်။

ထိုသို့ ရန်စသောလုပ်ရပ်များသည် ကမ္ဘာက မတတ်နိုင်သည့် အကျပ်အတည်းတစ်ခုသို့လည်း ဦးတည်သွားနိုင်သည်။

လွန်ခဲ့သောအပတ်ကပင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အမေရိကန်နှင့် တရုတ်တို့သည် တိုင်ဝမ်သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန် သဘောတူကြောင်း ပြောသည်။ထိုင်ဝမ်သဘောတူညီချက်ဆိုသည်မှာ မည်သည်ဖြစ်သည်ကို သူအတိအကျမပြောသော်လည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်စဉ်က နှစ်နိုင်ငံပူးတွဲကြေညာချက် အများအပြားကို ရည်ညွှန်းခြင်းဖြစ်သည်။

ထိုသဘောတူညီချက်သည် ဝါရှင်တန်နှင့် ဘေကျင်းအကြား သဘောထားကွဲလွဲမှု အားလုံးကို ဖြေရှင်းမပေးနိုင်သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်သာ တရုတ်ပြည်၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသောကြောင့် တရုတ်တစ်နိုင်ငံတည်းမူကို လက်ခံခြင်းပင်ဖြစ်သည်။

သို့သော် ထိုမျှသာမကသေးပေ။ ၁၉၇၂ ခုနှစ် ရှန်ဟိုင်းကြေညာချက်က အမေရိကန်သည် ထိုင်ဝမ်ကျွန်းတွင် တပ်များချထားမှ ရှောင်ကျဉ်မည်ဖြစ်ကြောင်း ကတိပြုသည်။

ထိုပြဋ္ဌာန်းချက် အတိအကျမှာ “ထိုင်ဝမ်လွတ်မြောက်ရေးသည် မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိသည့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်တပ်အားလုံးနှင့် စစ်ဖက်အဆောက်အအုံများအားလုံးကို ထိုင်ဝမ်မှ ရုတ်သိမ်းရမည်” ဟု ဖြစ်သည်။

ထိုကြေညာချက်တွင် အမေရိကန်ပြည်ထောင်စုက ၎င်းတို့သည် တရုတ်နိုင်ငံ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖေါက်ရန် သို့မဟုတ် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် တရုတ်နှစ်နိုင်ငံမူကိုစွဲကိုင်ရန် ရည်ရွယ်ချက်မရှိကြောင်းလည်း ဖေါ်ပြထားသည်။

သို့သော် ၎င်းတို့တပ်များသည် ထိုကျွန်းပေါ်တွင်ရှိနေပါက အမေရိကန် ပြည်ထောင်စုသည် အန္တရာယ်ကြီးမားစွာဖြင့် ခွဲထွက်ရေးကို အားပေးနေပြီး ထိုကျွန်းတွင် တပ်များမထားမည့် ၎င်းတို့၏ ကတိကို ၎င်းတို့ချိုးဖောက်ခြင်းဖြစ်သည်။

၎င်းတို့တပ်များကို ထားရှိခြင်းအပြင် အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်သို့ လက်နက်များကို အကြိမ်ကြိမ်ရောင်းနေသည်။သြဂုတ်လတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်ဝမ်သို့ လက်နက် ဒေါ်လာ သန်း ၇၅၀ ဖိုး ရောင်းရန် အတည်ပြုပေးခဲ့သည်။ထိုကိစ္စသည် တရုတ်ပြည်နယ်တစ်ခုကို အမေရိကန် လက်နက်တပ်ဆင်ပေးခြင်း၏ အစိတ်အပိုင်းမျှသာဖြစ်သည်။

စည်းမျဉ်းအခြေပြုစနစ်ကို အကြိမ်ကြိမ်ဟောပြောပို့ချနေသည်မှာလည်း အမေရိကန်သာဖြစ်သည်။ထိုချိုးဖောက်မှုသည် လွန်စွာကြီးမားသော အကျိုးဆက်များကိုဖြစ်စေနိုင်သည့် ချိုးဖောက်မှုဖြစ်သည်။

ထိုအကျိုးဆက်များတွင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုကို အမြစ်မှ ဖယ်ရှားခြင်းနှင့် စစ်သို့ ခြေတစ်လှမ်းနီးကပ်သွားခြင်းတို့ ပါဝင်သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် ချိုးဖောက်မရသည် မူဝါဒဖြစ်ကြောင်း၊ ညှိနှိုင်းမရသည့် တရုတ်နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း ရှင်းလင်းစွာ သိသင့်သည်။

ဘေဂျင်းသည် ၎င်း၏ အမျိုးသား အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် မည်သည့်အရာကိုမဆို လုပ်ကိုင်ရန် ပြင်ဆင်ထားသည်။မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် ပြင်ဆင်ထားသည်။

ဘိုင်ဒင်အစိုးရသည် စိတ်ပြောင်းစိတ်လဲမြန်သည့် ထရမ့်အစိုးရလောက် ကျိုးကြောင်းဆီလျှော်မှုကင်းမဲ့ခြင်း မရှိပေ။၎င်းသည် အချို့နယ်ပယ်များတွင် အပေးအယူလုပ်ရန် ပိုမိုစိတ်အားထက်သန်ကြောင်း ပြသသော်လည်း တရုတ်နိုင်ငံကို စစ်ရေးအရထိန်းချုပ်ရန် လှုပ်ရှားမှုကို အရှိန်မြှင့်တင်ရန်နှင့် ထိုင်ဝမ်ကို ချက်ကစားပွဲတွင် နယ်ရုပ်အဖြစ်ထားကစားရန် ဆက်လက်လုပ်ကိုင်သည်။

ထိုသို့လုပ်ခြင်းသည် အန္တရာယ်များသော၊ မတည်ငြိမ်မှုဖြစ်စေသော၊ အဖျက်သဘောဆောင်သော ခြေလှမ်းဖြစ်ပြီး ဆက်ဆံရေးတင်းမာမှု မြင့်မားစေမည့် ပြင်းထန်သော တန်ပြန်မှုများလုပ်ရန် တရုတ်ကို အတင်းအကျပ်လုပ်ခြင်းသာဖြစ်သည်။

ဝါရှင်တန်သည် ငြိမ်းချမ်းရေးအကြောင်းပြောသော်လည်း လုပ်ရပ်သည် ဆန့်ကျင်ဖက်ဖြစ်နေသည်။ထိုကဲ့သို့သော နည်းလမ်းကိုပင် အာဖဂန်၊ အီရတ်နှင့် ဆီးရီးယားသာမက အခြားနေရာများတွင်လည်း အကြိမ်ကြိမ်သုံးသည်။ယခု အမေရိကန်ပြည်ထောင်စုသည် ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှုကိုသာ အကြောင်းပြကာ ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးနေသည်။

သို့သော် ဝါရှင်တန်သည် ၎င်းတို့ယခုတစ်ကြိမ် ရင်ဆိုင်နေရသည့် အန္တရာယ်သည် ယခင်နှင့်မတူပဲ ၎င်းတို့၏ အချုပ်အခြာအာဏာအပေါ် မည်သည့်ကျုးကျော်ရန်စမှုကိုမဆို တိုက်ဖျက်ရန် ဆုံးဖြတ်၊ စွမ်းဆောင်ရည်ရှိပြီး ပြင်ဆင်ထားသည့် နိုင်ငံဖြစ်သည်ကို သဘောပေါက်ပါသလော။

၁၉၁၁ ခုနှစ် တော်လှန်ရေး နှစ် ၁၁၀ ပြည့်အထိမ်းအမှတ် မိန့်ခွန်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျိန် ပြောကြားသည့်အတိုင်း တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းရေး ဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ လျှော့မတွက်သင့်ပေ။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သည့်ရန်စမှုမတိုင်မီ မည်သည်တို့ကိုပေးဆပ်ရန် တတ်နိုင်သည်ကို စဉ်းစားသင့်ပေသည်။

(အယ်ဒီတာမှတ်ချက် - CGTN သတင်းဌာန၏  First Voice အစီအစဉ်သည် သတင်းထူးများနှင့်ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်များကို ဖေါ်ပြသည်။ထိုနေ့စဉ်အစီအစဉ်တွင် ပေါ်ပေါက်လာနေသော ပြဿနာများကို ရှင်းပြပြီး သတင်းအစီအစဉ်များကို ပိုမိုကောင်းမွန်စွာ ဖွင့်ဆိုကာ ကမ္ဘာ့ဖြစ်ရပ်များအပေါ် တရုတ်နိုင်ငံ၏ အမြင်ကို ဖေါ်ပြသည်။)

Linko
စက်တင်ဘာ - ၁၅