【 သတင်းဆောင်းပါး 】 ကွဲပြားမှုရှိပေမယ့် အနှစ်သာရတူတဲ့ မှတ်ထင်မှု

【 သတင်းဆောင်းပါး 】 ကွဲပြားမှုရှိပေမယ့် အနှစ်သာရတူတဲ့ မှတ်ထင်မှု

ဟိုးအရင်တုန်းက မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ပေမယ့် တော်လှန်ရေးကောင်စီလက်ထက်မှာ တပ်မတော်နေ့အဖြစ် ပြောင်းလဲကျင်းပလာခဲ့တာ အခုဆို ၇၅ နှစ်မြောက် စိန်ရတုနေ့ ရောက်လာပြီဖြစ်ပါတယ်။

လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တပ်ဖွဲ့တွေ၊ ကွန်မြူနစ်-ဆိုရှယ်လစ်ပါတီတွေ၊ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားပြည်သူအလွှာအသီးသီး ပါဝင်ပြီး တိုက်ပွဲဝင်တော်လှန်ခဲ့တာကြောင့် မတ်လ (၂၇) ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့” ဆိုပြီး ကနဦးမှာ သတ်မှတ်ခေါ်ဆိုခဲ့တာပါ။ဒါပေမဲ့ တော်လှန်ရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း လက်ထက်မှာ တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ် ကျင်းပလာခဲ့တာဖြစ်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့လား တပ်မတော်နေ့လား

ဒီနေ့နဲ့ပတ်သက်ပြီး စကားလုံးပြောင်းလဲသုံးစွဲတာနဲ့ ပတ်သက်ပြီး ငြင်းခုံပြောဆိုချက်တွေကတော့ ဒီနေ့အချိန်ထိ ရှိနေဆဲပါ။တစ်ချို့ကလည်း ဖက်ဆစ်တွေကို တော်လှန်ရာမှာ အခြားသောနိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှုကဏ္ဍကို အသိအမှတ်မပြုလိုတာကြောင့် ဖက်ဆစ်တော်လှန်ရေးနေ့အစား “တပ်မတော်နေ့” အဖြစ် ပြောင်းလဲသုံးစွဲနေခြင်းသာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိနေသလို အဲ့ဒီနေ့ကစပြီး တပ်မတော်တစ်ခုအဖြစ် ပီပီပြင်ပြင် စတင်ဖြစ်ပေါ်လာတဲ့အတွက် တပ်မတော်နေ့အဖြစ် သုံးစွဲတာကို လက်ခံသူတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးကတော့ ဒီကိစ္စမှာ ကိုယ်ဘယ်ဘက်ကနေကြည့်သလဲဆိုတဲ့ မေးခွန်းအပေါ်မှာမူတည်ပြီး ကွဲလွဲမှုတွေရှိနေဦးမယ်လို့ ပြောဆိုပါတယ်။

“စကားလုံးတွေကတော့ ကိုယ်သန်ရာသန်ရာအပေါ်မှာ သုံးစွဲနေမှာပဲ။လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးတောင် သဘောထားကွဲလွဲနေတာ ဒီလိုမျိုးကိစ္စကတော့ ကွဲလွဲမှုတွေ ရှိနေဦးမှာပါပဲ” လို့ ဦးမောင်မောင်စိုး က ဆိုပါတယ်။

တပ်မတော်အနေနဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းတို့ ဘန်ကောက်မြို့မှာ B.I.A တပ်ကို စပြီးဖွဲ့စည်းတည်ထောင်ခဲ့တဲ့နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပသင့်တယ်လို့ ပြောဆိုချက်တွေရှိနေပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာရော လက်ရှိစစ်ခေါင်းဆောင်တွေကပါ တပ်မတော်နေ့အဖြစ် ခေါ်ဝေါ်သတ်မှတ် ကျင်းပလာနေခဲ့ပေမယ့် လက်ရှိအစိုးရဖြစ်တဲ့ NLD ကတော့ သူတို့ရဲ့ ပါတီဌာနချုပ်မှာ ဖက်ဆက်တော်လှန်ရေးနေ့ဆိုပြီး အခမ်းအနားတွေကို နှစ်စဉ်ကျင်းပလာနေခဲ့တာပါ။

NLD ရဲ့ ရပ်တည်ချက်ဟာ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပြီး ဖက်ဆစ်စနစ်ကို ဆန့်ကျင်ခဲ့တာအတွက် ဖက်ဆစ်တော်လှန်ရေးနေ့လို့ပဲ သတ်မှတ်ထားတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် က ဆိုပါတယ်။

“NLD အနေနဲ့က တပ်မတော်နေ့ဆိုတဲ့ အသုံးအနှုန်းကို အဖွဲ့ချုပ်စထူထောင်ခဲ့ကတည်းကစပြီး မသုံးခဲ့ဘူး။မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဆိုပြီး  အခုအချိန်ထိ သတ်မှတ်ပြီး သုံးစွဲခဲ့တာပါ။ဘာကြောင့်လဲဆို မတ်လ ၂၇ ရက်နေ့သည် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေအုံကြွပြီးတော့ ပြုလုပ်ခဲ့တာ အဲ့ဒီအတွက် ကျွန်တော်တို့ကတော့ တော်လှန်ရေးနေ့လိုပဲ သုံးနှုန်းပါတယ်” လို့ မုံရွာဦးအောင်ရှင် က ပြောဆိုခဲ့တာပါ။

တပ်မတော်နေ့ကို တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲဖို့ ရှိ၊ မရှိကို ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက ပြည်သူ့လွှတ်တော်မှာ ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် (လက်ရှိသမ္မတ ဦးဝင်းမြင့်) က မေးမြန်းခဲ့ပေမယ့် ပြောင်းလဲဖို့အစီအစဉ်မရှိဘူးလို့ ထိုစဉ်က တာဝန်ယူခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ အာဏာရပါတီအဖြစ် NLD က တာဝန်ယူဆောင်ရွက်ရချိန်မှာလည်း တပ်မတော်နေ့ကို တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲဖို့အစီအစဉ်ဟာ အကောင်အထည်ပေါ်ပေါက်လာတာ မရှိသေးပါဘူး။

ဒီလိုမပြောင်းလဲနိုင်တာနဲ့ ပတ်သက်ပြီး မုံရွာဦးအောင်ရှင် က “အခုအချိန်ထိတော့ မပြောင်းလဲနိုင်သေးဘူး။နောက်သက်တမ်းမှာတော့ ပြောင်းလဲနိုင်မလားဆိုတာ မပြောတတ်ဘူး။ကျွန်တော်တို့ ပြည်သူလူထုကတော့ ဒါတော်လှန်ရေးနေ့ဆိုတာ သိပြီးသားပဲလေ။ဒီဟာအပေါ်မှာ တော်တော်စွဲစွဲလမ်းလမ်း ဖြစ်နေတာက တပ်မတော်ဖြစ်နေတာကို။ဒီကိစ္စကို တော်တော်လေးတော့ ပြဿနာရှိတယ်လို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့လို့ ခံယူထားတဲ့သူတွေရှိနေသလို တပ်မတော်နေ့ဆိုပြီး ခေါ်ဝေါ်သုံးစွဲတာကို လက်ခံထားတဲ့သူတွေလည်း  ရှိနေပါတယ်။တရားဝင်ပြဌာန်းထားတဲ့နေ့ ဖြစ်တဲ့အတွက် တပ်မတော်နေ့လို့ သုံးစွဲတာကို လက်ခံတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။

“တပ်မတော်နေ့ဆိုတာ မူလက တရားဝင်ပြဌာန်းထားတဲ့နေ့ပါ။ကျွန်တော်တို့ကတော့ လက်ရှိတရားဝင်အဖွဲ့အစည်းဖြစ်တဲ့အတွက် လက်ရှိဆောင်ရွက်နေတဲ့ နာမည်ကိုပေါ့နော် တပ်မတော်နေ့လို့ပဲ သတ်မှတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ သတ်မှတ်ချက်များနဲ့အညီ ရပ်တည်တဲ့ပါတီဖြစ်လို့ပါ” ဆိုပြီး ဦးသိန်းထွန်းဦး က ပြောဆိုခဲ့ပါတယ်။

သမိုင်းကို နောက်ကြောင်းပြန်ကြည့်ခြင်း

ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့အတွက် ပထမက ဧပြီလ ၂ ရက်နေ့ကို သတ်မှတ်ထားခဲ့တာပါ။မြန်မာပြည်အနှံ့မှာ စစ်တိုင်း ၇ တိုင်း အဖြစ် ခွဲခြားသတ်မှတ်ပြီး ဗိုလ်ချုပ်အောင်ဆန်း က ကြီးကြပ်ကွပ်ကဲကာ ဗမာ့တပ်မတော်၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ အပါအဝင် ပြည်သူများက မဟာမိတ်တို့နှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်ကို တိုက်ပွဲဝင်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ အထက်မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်လာတာ ဂျပန်စစ်ဘက်အရာရှိတွေရဲ့ သင်္ကာမကင်းဖြစ်လာတဲ့ အခြေအနေတွေကြောင့် အထက်ဗမာပြည်မှာ ဗိုလ်မှူးကြီးဗထူး က မတ်လ ၂၇ ရက်နေ့မှာ စတင်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ပါတယ်။

တော်လှန်ရေးကာလအတွင်းမှာ တိုက်ပွဲပေါင်းတစ်ထောင်ကျော် တိုက်ခိုက်ခဲ့ရပြီး ဂျပန်စစ်သား နှစ်သောင်းထက်မနည်းကို သုတ်သင်နိုင်ခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ ရေးသားထားပါတယ်။ဒီဖက်ဆစ်တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေက သတင်းစာကြီးတွေကလည်း ချီးကျူးရေးသားခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကို ဂုဏ်ပြုပြီး ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အခမ်းအနားတွေ ကျင်းပခဲ့ကြတာပါ။

ဒါပေမယ့် ၁၉၅၅ ခုနှစ်မှာတော့ ဗိုလ်ချုပ်နေဝင်း က တော်လှန်ရေးနေ့နှင့် တပြိုင်တည်း တပ်မတော်နေ့အဖြစ် ကျင်းပသွားရန် ပြောကြားခဲ့ပြီးနောက် ဖက်ဆစ်တော်လှန်ရေးနေ့ အမည်နာမဟာ မှေးမှိန်လာပြီး တပ်မတော်နေ့အဖြစ်သာ တရားဝင်သုံးစွဲလာခဲ့တာကို တွေ့ရပါတယ်။

မှေးမှိန်လာတဲ့ စကားလုံး

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း က စတင်ပြောင်းလဲခဲ့တဲ့ စကားလုံးဟာ အခုလက်ရှိ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လက်ထက်အထိမှာပါ ပြောင်းလဲနိုင်ခြင်းမရှိဘဲ သုံးစွဲနေခဲ့တာဖြစ်ပါတယ်။

သမိုင်းဆိုတာဟာ နိုင်တဲ့သူ အားကြီးတဲ့သူက ရေးတာအမှန်ဆိုတဲ့ စကားအတိုင်း တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဆိုပြီး စစ်အာဏာရှင်တွေက ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကျပ်သတ်မှတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးထွန်းကြည် က သူ့ရဲ့ဆန္ဒကို ပြောဆိုခဲ့ပါတယ်။

“တပ်မတော်နေ့ဆိုတာက သူတို့ဦးဆောင်ပြီးတော့ သူတို့လုပ်ခဲ့လို့ ဒါ သူတို့ဆုံးဖြတ်ခဲ့လို့ သူတို့သဘောနဲ့ သူတို့လုပ်တာပဲဖြစ်လို့ ပြည်သူလူထုဆန္ဒမပါဘူး၊ ပြည်သူလူထု သဘောထားမပါဘူး။ပြည်သူလူထုထောက်ခံတာ ပြည်သူလူထုအတည်ပြုတာ မပါတဲ့အတွက် ဒီနေ့ ဒီအချိန်အခါကို ရောက်တိုင်းရောက်တိုင်းမှာ ကိုယ်တို့ကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကလွဲလို့ ကျန်တဲ့နေ့အဖြစ် အသိအမှတ်မပြုပါဘူး” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေး ဒါမှမဟုတ် တပ်မတော်နေ့ဆိုပြီး ခေါ်ဝေါ်သုံးစွဲနေတာဟာ သမိုင်းကြောင်းကို သိတဲ့သူတွေအနေနဲ့ အငြင်းပွားစရာမလိုဘူးလို့ ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာ က ပြောဆိုပါတယ်။

“သမိုင်းမှာက မတ်လ ၂၇ ရက်နေ့ဆိုတာက ဖက်ဆစ်တွေကို စတင်တော်လှန်ကြောင်း ကြေညာတဲ့နေ့ ဖက်ဆစ်တော်လှန်ရေးနေ့လို့ သမိုင်းကြောင်းအရရှိပြီးသား၊ နောက်မှတပ်မတော်နေ့ဆိုပြီး ပြောင်းလိုက်တယ်။ဒါကိုရှင်းရှင်းလင်းလင်းသိတယ်ဆိုရင် ဒါကိုလက်ခံတဲ့သူနဲ့ လက်မခံတဲ့လူအပေါ်မှာ မူတည်မယ်။အငြင်းပွားစရာမလိုဘူးလို့ ထင်ပါတယ်” လို့ ဦးမင်းဇေယျာ က ပြောဆိုခဲ့ပါတယ်။

ဇေယျာမော်
မတ် - ၂၄