【 သရော်စာ 】 တက်ခေတ် စက်ပရိုက်

【  သရော်စာ  】  တက်ခေတ် စက်ပရိုက်

တက်သည်။တက်သည်။တက်သည်။တက်..တက် နိုင်လွန်းသည်။ရွှေဈေး၊ ဒေါ်လာဈေး၊ ဆီဈေးများ တက်ကြသည်။မောင်ဗြိ တို့က ဒီလောက်တော့မမှု။မမှုဆို ရွှေလည်း မလုပ်နိုင်၊ ဒေါ်လာလည်းမသုံးနိုင်၊ မော်တော်ကားလည်း အပိုင်မရှိသည့် လဘာဂျာပေကိုး။သို့ပေတည့် ဆန်ဈေး၊ ဆီဈေး၊ ကြက်သွန်ဈေးတွေကပါ လိုက်တတ်လာတာတော့ မောင်ဗြိ မမှုလို့ မဖြစ်တော့ပြီ။

ကိုယ်က အိမ်မှာ အဝယ်တော်။ညနေတိုင်း လမ်းလေးလည်း လျှောက်ဖြစ်အောင် ဈေးသွားဖြစ်သည်။

''ဘဲဥတစ်လုံး..တစ်ရာ့ခြောက်ဆယ်.ဟဲ့..ပလုပ်တုတ်'' ''ကြက်သွန်ဖြူဈေး..တစ်ပိသာ နှစ်ထောင့်ခြောက်ရောလေ..အို..ဘယ်လို'' ''နို့..ဒါဆို..ကြည်သွန်နီကရော…အတူတူပဲ..နှစ်ထောင့်ခြောက်ရာ''

မောင်ဗြိ မှာ ဈေးဝယ်ရင်း မူးခနဲ မိုက်ခနဲ ဖြစ်သွားသဖြင့် သမာဓိကို မနည်းပြန်ပြန်တည်ဆောက်နေရသည်။

ကုန်ဈေးနှုန်း။

ငယ်ငယ်က မဂ္ဂဇင်းတွေထဲက တစ်ကွက်ကာတွန်းများ၏ ဇာတ်ကောင်ကြီး ဖြစ်သည်။ဘယ်မဂ္ဂဇင်းဖတ်ဖတ်…ကာတွန်းကဏ္ဍမှာ သူ့အကြောင်းတော့ တစ်ကွက်ပါစမြဲ။ကြီးလာလျင်တော့ ဒီကုန်ဈေးနှုန်းဆိုတဲ့ ကောင်ကြီးကို တော်လှန်ပစ်ရမယ်လို့တောင် စိတ်ကူးမိသေး၏။

နောက် ငယ်ငယ်က ဝတ္ထုတွေဖတ်တော့လည်း ရှေးစာရေးဆရာကြီးတွေက တက် ဆိုသည့် စကားကို ရေလည်သုံးတာ တွေ့ရသည်။တက်ခေတ်၊ တက်လူ၊ တက်ကျမ်း စသည်ဖြင့်။အခုတော့ တက်ကုန်ဈေးနှုန်း၊ တက်ရွှေ၊ တက်ဆီ၊ တက်ဒေါ်လာခေတ် ဖြစ်ကုန်လေပြီ။သေချာစဉ်းစားကြည့်တော့..မောင်ဗြိ တို့ ပြည်သူသည် တက်သည်ဆိုသည့် စကားကို နားရည်ဝခဲ့ပေပြီ။မြန်မာပြည်တွင် အရာရာတက်ချက်က သြချလောက်သည်။

လွန်ခဲ့သည့်နှစ်နှစ်က ရွှေတိဂုံဘုရားသွားဖူးရင်း ဓာတ်လှေကားမှ တက်သည်။အပြန် ဓာတ်လှေကားမှ ဆင်းသောအခါ ရှေ့တွင် စာတမ်းချိတ်ထားသည်ကိုတွေ့ရ၏။''ဓာတ်လှေကား အဆင်းပျက်နေပါသဖြင့် ရိုးရိုးလှေကားမှ ဆင်းပေးပါရန်'' ဟု။ကမ္ဘာတွင် အတက်သာရပြီး အဆင်းပျက်နေသည်ဆိုသော ဓာတ်လှေကားကို ထိုအခါမှ မောင်ဗြိ ကြားဖူးခြင်းပင်။ရေမချိုးသဖြင့် ရွှေတွေမဲသွားသည် ဆိုတာက နောက်ကျသေး၏။ဓာတ်လှေကားပင် အတက်ပဲရပြီး အဆင်းမရဟု ဂျင်းထည့်သည့် နိုင်ငံပင်။

ဒါက..ထားတော့။မောင်ဗြိ တို့ ပြည်သူတွေအတွက် ကုန်ဈေးနှုန်းတက်သည် ဆိုခြင်းက သတင်းမဟုတ်တော့တာ ကြာခဲ့ပြီ။နှစ်ပေါင်း လေးငါးဆယ်အတွင်း တစ်ခါမှ မကျခဲ့ဖူးသော ကုန်ဈေးနှုန်း၊ အခုထပ်တက်သည် ဆိုတော့ရော ဘာဖြစ်ရမည်နည်း။ထိုင်းက လူတွေက တုတ်ပြီး၊ ဓါးပြီး ဆေးတွေ အင်မတန်စိတ်ဝင်စားကြသည်ဆိုတာ နားထား။ဒီက ရွှေမြန်မာတွေက ကုန်ဈေးနှုန်းပြီးနေသည်မှာ ကြာခဲ့ပြီ။တစ်တက်တည်း တက်နေခဲ့တော့ တက် ဆိုလျင် အထူးအဆန်းမဟုတ်တော့။

သို့ပေတည့်..ဒီတစ်ခါတက်တာတော့ ရှေးရှေ့က စံချိန်တွေကို ဝေါခနဲ ကျော်ဖြတ်သွားသည်။ကြက်သွန်ဈေးက တစ်ပတ်အတွင်း  ငါးရာလောက် ခုန်တက်သွား၏။
ကျန်သည့် ဆန်ဈေး၊ ဆီဈေးတွေလည်း ထိုနည်းလည်းကောင်း။

အမေရိကန်နှင့် တရုတ်ကြီးတို့ ကုန်သွယ်ရေးစစ်ပွဲကြောင့်ဟုလည်း တစ်ချို့က ပြောကြသည်။အစိုးရအသုံးမကျလို့ဟု ဆိုသူက ဆိုသည်။အရင် ဘဘတွေ၊ ခရိုနီကြီးတွေက ဒေါ်လာတွေ လှုပ်အောင် ကစားနေလို့ဟု လည်း ပြောကြသည်။ရွှေနှင့် ဒေါ်လာတွေကို ဘဏ်တစ်ခုနှင့်ပေါင်းပြီး ပိသာရာချီ၊ သန်းရာချီ သိမ်းနေတဲ့ ဈေးကစားသူတွေကြောင့် ဟုလည်း သတင်းသဲ့သဲ့ ကြားရပြန်သည်။

ဘာကြောင့်ပဲ တက်တက်…မောင်ဗြိ အတွက်တော့ ဈေးဖိုးထဲက အကြံအဖန် ဘတ်စရာ ဘီယာဖိုးပင် မကျန်တော့တာ သေချာ၏။ကိုယ် ဘီယာဖိုး မကျန်တာ ပြသနာမဟုတ်။ဟိုတစ်ရက်က အိမ်သူသက်ထားက လေသံပျော့ကလေးဖြင့် ပြောလာသည့် စကားကိုတော့ စိတ်မကောင်းဖြစ်ရသည်။

''ယောက်ျားရယ်..ရွှေဆွဲကြိုးလေးတစ်ကုံးလောက် ဝယ်ချင်လိုက်တာ..ရွှေဈေးတွေကလည်း တက်နေတော့လေ..ဈေးအများကြီးမတက်ခင်က ဝယ်ထားရင် ကောင်းသားနော်'' သြော်..ခမြာ ပူဆာခဲလေခြင်း။မောင်ဗြိ တစ်ယောက် စာမူတွေလည်း ဟိုပါဒီပါ၊ စာအုပ်တွေလည်း တစ်အုပ်ပြီး တစ်အုပ်ထုတ်နေတော့ သူ့မိန်းမတော့ ရွှေတွေသီးနေမယ်လို့ လူတွေက ထင်နေကြတာ။တကယ်က ရန်ကုန်မှာ လင်မယားနှစ်ယောက် နေစရိတ်၊ စားစရိတ်နဲ့တင် လတိုင်း ပတ်ချာလိုက်နေတာက များသည်။မိန်းကလေးဆိုတော့ သူလည်း ဝတ်ချင်စားချင်ရောမည်။ပြီးတော့ ရွှေဆိုတာကလည်း မရှိဝမ်းစာ ရှိတန်ဆာ။စုထားဆောင်းထားတာက ပိုကောင်းသည်။မောင်ဗြိ စဉ်းစားသည်။ယသူများတွေ လုပ်သလို မိန်းမကို စပ်ပရိုက် ဆိုတာကလည်း လုပ်ချင်သေးသည်။
သူ ရုတ်တရက်ဝမ်းသာသွားအောင်ပေ့ါ။ရွှေဈေးကို ကြည့်တော့လည်း ဟိုးအာကာသပေါ်မှာ။ကိုးသိန်းကျော်ပြီး ဆယ်သိန်းနီးပါး။

မောင်ဗြိ ကြံရစည်ရပြီ။နောက်ရက်ကျ မိန်းမက အလုပ်ကိစ္စဖြင့် အပြင်ထွက်သွားသည်။ညနေ မိန်းမပြန်လာသည့်အခါ အိမ်တံခါးဖွင့်ဖွင့်ချင်း သူ့မျက်လုံးကို မှိတ်ခိုင်းလိုက်သည်။ထို့နောက် ဆွဲကြိုးကြီးကြီး တစ်ကုံးကို ဆွဲပေးလိုက်။သူ့မျက်နှာလေး ပြုံးလို့နေသည်။ထို့နောက် နှာခေါင်းကို ပွစိ ပွစိလုပ်သည်။ဆွဲကြိုးကို စမ်းကြည့်သည်။

''ယောက်ျားရယ်..ရွှေဆွဲကြိုးကြီးက အလုံးတုတ်လှချည်လား..ဘယ်ကပိုက်ဆံနဲ့ လုပ်ပေးတာလဲ..ထီများပေါက်လို့လား''

သူ့မျက်လုံးကို ဖွင့်ပေးလိုက်သည့်အခါတွင်တော့..ကျွန်တော့်ကို လက်ထဲက ထီးနှင့် ဆော်ပါလေရောလား။

''ဒါ..ရှင်..သက်သက်ရွဲ့တာ မဟုတ်လား''

''မဟုတ်ပါဘူး.မိန်းမရာ..မင်းပဲပြောတယ်လေ…ရွှေကို ဈေးမတက်ခင်က ဝယ်စုထားရင် အကောင်းသားဆို..အခု ကြက်သွန်ဖြူ တွေလည်း ဈေးကတရိပ်ရိပ်တက်နေတာ..မကြာခင် ရွှေဈေးကိုတောင် မီသွားမလာ မပြောနိုင်ဘူး..အဲ့ဒါကြောင့် ကြိုတင်စုဆောင်းလို့လဲရအောင် ကြက်သွန်ဖြူတွေကို အပ်ချည်နဲ့သီပြီး ဆွဲကြိုးလုပ်ပြီး လက်ဆောင်ပေးတာပါကွာ''

ထိုအခါ မောင်ဗြိ ၏ အိမ်သူသက်ထားက ကျွန်တော့်စပရိုက်ကို ဆွဲချွတ်ပြီး လွှင့်ပစ်လိုက်လေတော့သည်။

''ဟေ့..မလုပ်နဲ့..မလုပ်နဲ့..တစ်ပိသာ နှစ်ထောင့်ငါးရာကွ..ဘာမှတ်တုန်း''

မောင်ဗြိ ၏ တက်ခေတ် စပ်ပရိုက်ကြောင့် မိန်းမက ဒေါခွီးပြီး အိမ်ကဆင်းသွားပါသည်။

သြော်..တက်လည်း တက်နိုင်သည့်ခေတ်။

သူတို့ အတက်ကောင်းသည်နှင့် မောင်ဗြိ တစ်ယောက် ညစာငတ်ချေလေပြီ။
 
ဗြိတိသျှကိုကိုမောင်
အောက်တိုဘာ - ၁၃

( Zawgyi )

တက္သည္။တက္သည္။တက္သည္။တက္..တက္ ႏိုင္လြန္းသည္။ေ႐ႊေဈး၊ ေဒၚလာေဈး၊ ဆီေဈးမ်ား တက္ၾကသည္။ေမာင္ၿဗိ တို႔က ဒီေလာက္ေတာ့မမႈ။မမႈဆို ေ႐ႊလည္း မလုပ္ႏိုင္၊ ေဒၚလာလည္းမသုံးႏိုင္၊ ေမာ္ေတာ္ကားလည္း အပိုင္မရွိသည့္ လဘာဂ်ာေပကိုး။သို႔ေပတည့္ ဆန္ေဈး၊ ဆီေဈး၊ ၾကက္သြန္ေဈးေတြကပါ လိုက္တတ္လာတာေတာ့ ေမာင္ၿဗိ မမႈလို႔ မျဖစ္ေတာ့ၿပီ။

ကိုယ္က အိမ္မွာ အဝယ္ေတာ္။ညေနတိုင္း လမ္းေလးလည္း ေလွ်ာက္ျဖစ္ေအာင္ ေဈးသြားျဖစ္သည္။

''ဘဲဥတစ္လုံး..တစ္ရာ့ေျခာက္ဆယ္.ဟဲ့..ပလုပ္တုတ္'' ''ၾကက္သြန္ျဖဴေဈး..တစ္ပိသာ ႏွစ္ေထာင့္ေျခာက္ေရာေလ..အို..ဘယ္လို'' ''ႏို႔..ဒါဆို..ၾကည္သြန္နီကေရာ…အတူတူပဲ..ႏွစ္ေထာင့္ေျခာက္ရာ''

ေမာင္ၿဗိ မွာ ေဈးဝယ္ရင္း မူးခနဲ မိုက္ခနဲ ျဖစ္သြားသျဖင့္ သမာဓိကို မနည္းျပန္ျပန္တည္ေဆာက္ေနရသည္။

ကုန္ေဈးႏႈန္း။

ငယ္ငယ္က မဂၢဇင္းေတြထဲက တစ္ကြက္ကာတြန္းမ်ား၏ ဇာတ္ေကာင္ႀကီး ျဖစ္သည္။ဘယ္မဂၢဇင္းဖတ္ဖတ္…ကာတြန္းက႑မွာ သူ႔အေၾကာင္းေတာ့ တစ္ကြက္ပါစၿမဲ။ႀကီးလာလ်င္ေတာ့ ဒီကုန္ေဈးႏႈန္းဆိုတဲ့ ေကာင္ႀကီးကို ေတာ္လွန္ပစ္ရမယ္လို႔ေတာင္ စိတ္ကူးမိေသး၏။

ေနာက္ ငယ္ငယ္က ဝတၳဳေတြဖတ္ေတာ့လည္း ေရွးစာေရးဆရာႀကီးေတြက တက္ ဆိုသည့္ စကားကို ေရလည္သုံးတာ ေတြ႕ရသည္။တက္ေခတ္၊ တက္လူ၊ တက္က်မ္း စသည္ျဖင့္။အခုေတာ့ တက္ကုန္ေဈးႏႈန္း၊ တက္ေ႐ႊ၊ တက္ဆီ၊ တက္ေဒၚလာေခတ္ ျဖစ္ကုန္ေလၿပီ။ေသခ်ာစဥ္းစားၾကည့္ေတာ့..ေမာင္ၿဗိ တို႔ ျပည္သူသည္ တက္သည္ဆိုသည့္ စကားကို နားရည္ဝခဲ့ေပၿပီ။ျမန္မာျပည္တြင္ အရာရာတက္ခ်က္က ၾသခ်ေလာက္သည္။

လြန္ခဲ့သည့္ႏွစ္ႏွစ္က ေ႐ႊတိဂုံဘုရားသြားဖူးရင္း ဓာတ္ေလွကားမွ တက္သည္။အျပန္ ဓာတ္ေလွကားမွ ဆင္းေသာအခါ ေရွ႕တြင္ စာတမ္းခ်ိတ္ထားသည္ကိုေတြ႕ရ၏။''ဓာတ္ေလွကား အဆင္းပ်က္ေနပါသျဖင့္ ႐ိုး႐ိုးေလွကားမွ ဆင္းေပးပါရန္'' ဟု။ကမာၻတြင္ အတက္သာရၿပီး အဆင္းပ်က္ေနသည္ဆိုေသာ ဓာတ္ေလွကားကို ထိုအခါမွ ေမာင္ၿဗိ ၾကားဖူးျခင္းပင္။ေရမခ်ိဳးသျဖင့္ ေ႐ႊေတြမဲသြားသည္ ဆိုတာက ေနာက္က်ေသး၏။ဓာတ္ေလွကားပင္ အတက္ပဲရၿပီး အဆင္းမရဟု ဂ်င္းထည့္သည့္ ႏိုင္ငံပင္။

ဒါက..ထားေတာ့။ေမာင္ၿဗိ တို႔ ျပည္သူေတြအတြက္ ကုန္ေဈးႏႈန္းတက္သည္ ဆိုျခင္းက သတင္းမဟုတ္ေတာ့တာ ၾကာခဲ့ၿပီ။ႏွစ္ေပါင္း ေလးငါးဆယ္အတြင္း တစ္ခါမွ မက်ခဲ့ဖူးေသာ ကုန္ေဈးႏႈန္း၊ အခုထပ္တက္သည္ ဆိုေတာ့ေရာ ဘာျဖစ္ရမည္နည္း။ထိုင္းက လူေတြက တုတ္ၿပီး၊ ဓါးၿပီး ေဆးေတြ အင္မတန္စိတ္ဝင္စားၾကသည္ဆိုတာ နားထား။ဒီက ေ႐ႊျမန္မာေတြက ကုန္ေဈးႏႈန္းၿပီးေနသည္မွာ ၾကာခဲ့ၿပီ။တစ္တက္တည္း တက္ေနခဲ့ေတာ့ တက္ ဆိုလ်င္ အထူးအဆန္းမဟုတ္ေတာ့။

သို႔ေပတည့္..ဒီတစ္ခါတက္တာေတာ့ ေရွးေရွ႕က စံခ်ိန္ေတြကို ေဝါခနဲ ေက်ာ္ျဖတ္သြားသည္။ၾကက္သြန္ေဈးက တစ္ပတ္အတြင္း  ငါးရာေလာက္ ခုန္တက္သြား၏။
က်န္သည့္ ဆန္ေဈး၊ ဆီေဈးေတြလည္း ထိုနည္းလည္းေကာင္း။

အေမရိကန္ႏွင့္ တ႐ုတ္ႀကီးတို႔ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ဟုလည္း တစ္ခ်ိဳ႕က ေျပာၾကသည္။အစိုးရအသုံးမက်လို႔ဟု ဆိုသူက ဆိုသည္။အရင္ ဘဘေတြ၊ ခ႐ိုနီႀကီးေတြက ေဒၚလာေတြ လႈပ္ေအာင္ ကစားေနလို႔ဟု လည္း ေျပာၾကသည္။ေ႐ႊႏွင့္ ေဒၚလာေတြကို ဘဏ္တစ္ခုႏွင့္ေပါင္းၿပီး ပိသာရာခ်ီ၊ သန္းရာခ်ီ သိမ္းေနတဲ့ ေဈးကစားသူေတြေၾကာင့္ ဟုလည္း သတင္းသဲ့သဲ့ ၾကားရျပန္သည္။

ဘာေၾကာင့္ပဲ တက္တက္…ေမာင္ၿဗိ အတြက္ေတာ့ ေဈးဖိုးထဲက အႀကံအဖန္ ဘတ္စရာ ဘီယာဖိုးပင္ မက်န္ေတာ့တာ ေသခ်ာ၏။ကိုယ္ ဘီယာဖိုး မက်န္တာ ျပသနာမဟုတ္။ဟိုတစ္ရက္က အိမ္သူသက္ထားက ေလသံေပ်ာ့ကေလးျဖင့္ ေျပာလာသည့္ စကားကိုေတာ့ စိတ္မေကာင္းျဖစ္ရသည္။

''ေယာက္်ားရယ္..ေ႐ႊဆြဲႀကိဳးေလးတစ္ကုံးေလာက္ ဝယ္ခ်င္လိုက္တာ..ေ႐ႊေဈးေတြကလည္း တက္ေနေတာ့ေလ..ေဈးအမ်ားႀကီးမတက္ခင္က ဝယ္ထားရင္ ေကာင္းသားေနာ္'' ေၾသာ္..ချမာ ပူဆာခဲေလျခင္း။ေမာင္ၿဗိ တစ္ေယာက္ စာမူေတြလည္း ဟိုပါဒီပါ၊ စာအုပ္ေတြလည္း တစ္အုပ္ၿပီး တစ္အုပ္ထုတ္ေနေတာ့ သူ႔မိန္းမေတာ့ ေ႐ႊေတြသီးေနမယ္လို႔ လူေတြက ထင္ေနၾကတာ။တကယ္က ရန္ကုန္မွာ လင္မယားႏွစ္ေယာက္ ေနစရိတ္၊ စားစရိတ္နဲ႔တင္ လတိုင္း ပတ္ခ်ာလိုက္ေနတာက မ်ားသည္။မိန္းကေလးဆိုေတာ့ သူလည္း ဝတ္ခ်င္စားခ်င္ေရာမည္။ၿပီးေတာ့ ေ႐ႊဆိုတာကလည္း မရွိဝမ္းစာ ရွိတန္ဆာ။စုထားေဆာင္းထားတာက ပိုေကာင္းသည္။ေမာင္ၿဗိ စဥ္းစားသည္။ယသူမ်ားေတြ လုပ္သလို မိန္းမကို စပ္ပ႐ိုက္ ဆိုတာကလည္း လုပ္ခ်င္ေသးသည္။
သူ ႐ုတ္တရက္ဝမ္းသာသြားေအာင္ေပ့ါ။ေ႐ႊေဈးကို ၾကည့္ေတာ့လည္း ဟိုးအာကာသေပၚမွာ။ကိုးသိန္းေက်ာ္ၿပီး ဆယ္သိန္းနီးပါး။

ေမာင္ၿဗိ ႀကံရစည္ရၿပီ။ေနာက္ရက္က် မိန္းမက အလုပ္ကိစၥျဖင့္ အျပင္ထြက္သြားသည္။ညေန မိန္းမျပန္လာသည့္အခါ အိမ္တံခါးဖြင့္ဖြင့္ခ်င္း သူ႔မ်က္လုံးကို မွိတ္ခိုင္းလိုက္သည္။ထို႔ေနာက္ ဆြဲႀကိဳးႀကီးႀကီး တစ္ကုံးကို ဆြဲေပးလိုက္။သူ႔မ်က္ႏွာေလး ၿပဳံးလို႔ေနသည္။ထို႔ေနာက္ ႏွာေခါင္းကို ပြစိ ပြစိလုပ္သည္။ဆြဲႀကိဳးကို စမ္းၾကည့္သည္။

''ေယာက္်ားရယ္..ေ႐ႊဆြဲႀကိဳးႀကီးက အလုံးတုတ္လွခ်ည္လား..ဘယ္ကပိုက္ဆံနဲ႔ လုပ္ေပးတာလဲ..ထီမ်ားေပါက္လို႔လား''

သူ႔မ်က္လုံးကို ဖြင့္ေပးလိုက္သည့္အခါတြင္ေတာ့..ကြၽန္ေတာ့္ကို လက္ထဲက ထီးႏွင့္ ေဆာ္ပါေလေရာလား။

''ဒါ..ရွင္..သက္သက္႐ြဲ႕တာ မဟုတ္လား''

''မဟုတ္ပါဘူး.မိန္းမရာ..မင္းပဲေျပာတယ္ေလ…ေ႐ႊကို ေဈးမတက္ခင္က ဝယ္စုထားရင္ အေကာင္းသားဆို..အခု ၾကက္သြန္ျဖဴ ေတြလည္း ေဈးကတရိပ္ရိပ္တက္ေနတာ..မၾကာခင္ ေ႐ႊေဈးကိုေတာင္ မီသြားမလာ မေျပာႏိုင္ဘူး..အဲ့ဒါေၾကာင့္ ႀကိဳတင္စုေဆာင္းလို႔လဲရေအာင္ ၾကက္သြန္ျဖဴေတြကို အပ္ခ်ည္နဲ႔သီၿပီး ဆြဲႀကိဳးလုပ္ၿပီး လက္ေဆာင္ေပးတာပါကြာ''

ထိုအခါ ေမာင္ၿဗိ ၏ အိမ္သူသက္ထားက ကြၽန္ေတာ့္စပ႐ိုက္ကို ဆြဲခြၽတ္ၿပီး လႊင့္ပစ္လိုက္ေလေတာ့သည္။

''ေဟ့..မလုပ္နဲ႔..မလုပ္နဲ႔..တစ္ပိသာ ႏွစ္ေထာင့္ငါးရာကြ..ဘာမွတ္တုန္း''

ေမာင္ၿဗိ ၏ တက္ေခတ္ စပ္ပ႐ိုက္ေၾကာင့္ မိန္းမက ေဒါခြီးၿပီး အိမ္ကဆင္းသြားပါသည္။

ေၾသာ္..တက္လည္း တက္ႏိုင္သည့္ေခတ္။

သူတို႔ အတက္ေကာင္းသည္ႏွင့္ ေမာင္ၿဗိ တစ္ေယာက္ ညစာငတ္ေခ်ေလၿပီ။
 
ၿဗိတိသွ်ကိုကိုေမာင္
ေအာက္တိုဘာ - ၁၃