【 သ‌ရော်စာ 】 “ရဲရဲတောက်ဋီကာ”

【 သ‌ရော်စာ 】 “ရဲရဲတောက်ဋီကာ”

"ဒီမယ် ညီလေး.. နိုင်ငံတော်အကျိုးပြုစာတွေ ရေးစမ်းပါ..တိုင်းပြည်အတွက် ဘာအကျိုးမှမရှိတဲ့ ဘေးထိုင်ဘုပြော သရော်မော်ကားစာတွေ မရေးစေချင်ဘူး..ငါပြောတာ မင်းသဘောပေါက်လား"

ဂျွမ်းထိုးခိုင်းသည်ကို မထိုးပဲ ပေါင်ဖြဲပြသဖြင့် ဆပ်ကပ်ဆရာက ငေါက်ငမ်းခြင်းကို ခံနေရသည့် မျောက်ဖင်နီလေး၏ မျက်နှာကို မြင်ဖူးကြပါသလား။မမြင်ဘူးကြသူများ အခုနေခါ မောင်ဗြိ မည်သော ကျွန်တော့် မျက်ခွက်ကလေးကိုသာ လာကြည့်ကြပါခင်ညာ။ဆပ်ကပ်ဆရာကြီးနှင့်တူသော အနှီပုဂ္ဂိုလ်ကျော်ကြီးရှေ့တွင် မထော်မနန်းလုပ်မိသဖြင့် မျက်လုံး‌လေး ပေကလပ်ဖြစ်နေသော မျောက်မောင်ဗြိ အဖြစ်ကား ဖင်ယားပြီး လက်ဖက်ရည်ဆိုင် ထွက်ထိုင်မိရာက စပါသည်။

ဒီနေ့မနက်တော့ ပေါ့စိမ့်လေးနဲ့ စမူဆာရွရွလေး ဝါးလိုက်ရလျှင်ဆိုသော ပီတိကလေးနှင့် ကျွန်တော်သည် ရပ်ကွက်ထဲရှိ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ပါသည်။ဟို သန်းမြိုင် ဆိုသော နှမဘေးလေးသည် ယမကာနက္ခတ်အလိုအရ ဤအချိန် မုတ်ဆိတ်သေတင်းကုပ်တွင် မောနင်းပက်ဂျူတီ ရှိနေရမည့်အစား လက်ဖက်ရည်ဆိုင်သို့ ရောက်နေခြင်းက ကျွန်တော်၏ ကံဆိုးခြင်းအစပေတည်း။

"ကိုဗြိ လာတာနဲ့ အတော်ပဲဗျာ၊ မိတ်ဆက်ပေးချင်နေတာ၊ ကျွန်တော်တို့ဝိုင်း လာထိုင်ပါဦး" ကျွန်တော့်ထက် အသက်လေးငါးနှစ်လောက်ကြီးမည် ထင်ရသည့် အနှီပုဂ္ဂိုလ်ကြီးဝိုင်းသို့ သန်းမြိုင် ဖိတ်ခေါ်မှုဖြင့် ကျွန်တော်လည်း ဝင်ထိုင်မိတော့သည်။

"ဒါ လှိုင်သာယာက ကျွန်တော့်အကိုဝမ်းကွဲလေ။သူလည်း ကိုဗြိလိုပဲ စာတွေဘာတွေရေးတယ်။သူ့ကလောင်နာမည်က ဘာတဲ့ အကို" ပုဂ္ဂိုလ်ကြီးသည် သန်းမြိုင်အား သူ့ကလောင်ကို မေ့ရကောင်းလားဆိုသည့် မျက်စောင်းကြီးဖြင့်ထိုးရင်း "မောင်ဒီနီ လေကွာ" ဟု စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။"ဟုတ် ဟုတ် မောင်ဒီနီ တဲ့ ကိုဗြိ....ဒါ ကျွန်တော်တို့ ရပ်ကွက်က ကိုဗြိတဲ့။သူလည်းစာရေးတယ်။ကလောင်နာမည်က ဗြိတိသျှကိုကိုမောင်တဲ့"

"အိမ်း နည်းနည်းတော့ ကြားဖူးတယ်ကွ..နောက်ပေါက် ကလောင်လေးတွေပဲ"

စီနီယာဘုန်းကြီးရှေ့မှာ သင်္ကန်းတောင်းရွက်နေရသော ဒုလ္လဘလေးလို ကျွန်တော့်မှာ ကုပ်ချိချိလေး ဖြစ်သွားပါသည်။ခက်သည်က ကျွန်တော့်ရှေ့တွင် ထိုင်နေသော ရှေ့ပေါက်ကလောင်ကြီး မောင်ဒီနီ ကို ကျွန်တော် မသိခြင်းပင်။အီတလီ ဂန္ထဝင်ဘောလုံးသမားကြီး မာလ်ဒီနီ၏ ယောက်ဖလားဟု မေးမိလျှင် ဆရာကြီးက ထထိုးမှာတော့ ကြိမ်းသေသည်။

ကလောင်နာမည်ဆိုလို့ အခုခေတ် စာရေးဆရာတွေ စာရေးဆရာမတွေ နာမည်တွေက အဓိပ္ပါယ်ပါပါနှင့် လှပကြသည်။ကျွန်တော့် ကလောင်ကြီးကျ ဗြိတိသျှကိုကိုမောင်တဲ့ ဘာကြီးမှန်းမသိ။ အူကြောင်ကြောင် ကလောင်ကြီး။ကျွန်တော့်အဒေါ်လို ခင်မင်ရသော ဆရာမ စံပယ်ဖြူနု ဆိုလျှင် ဘယ်လောက်လှသည့် နာမည်လဲ။သူ့ကလောင်နာမည်လေး ဖြစ်လာပုံကလည်း ဇာတ်လမ်းလေးနှင့်။ဆရာမ စံပယ်ဖြူနု သည် စာရေးဆရာမ မဖြစ်ခင်က ဘိုးဘွားရိပ်သာတွင် ပရဟိတလုပ်သည်။အမျိုးသားစာပေဆုရ စာရေးဆရာမ အလောင်းအလျာဆိုတော့ ပရဟိတလုပ်တာပင် စိတ်ကူးဆန်းလေးနှင့်။အဘိုးအဘွားများကို ဆံပင်ဖြူလိုက်နှုတ်ပေးပြီး ကုသိုလ်ယူသည်။သည်လိုနှင့် အဘိုးအဘွားတွေက သူ့ကိုတွေ့လျှင် " ဟယ် ဆံပင်ဖြူနှုတ်တဲ့ ကောင်မလေးလာပြီ..ဆံပင်ဖြူနှုတ်လေးလာပြီ" ဟု‌ ‌ဆိုကြပြောကြသည်။ဆရာမက စာရေးဆရာမ လုပ်မည်ဆိုတော့ သူပရဟိတလုပ်စဉ်က ရခဲ့သည့် ဆံပင်ဖြူနှုတ်ဆိုသည့် အမည်ကို ကလောင်နာမည်ပေးလိုက်သည်။သို့သော် စာစီစာရိုက် ကလေးမက အိပ်ချင်မူးတူးဖြင့် စံပယ်ဖြူနုဟု မှားရိုက်လိုက်ရာမှ ဒီကလောင်ဖြစ်လာသည်ဟု ကျွန်တော့်ကို သူ့ကိုယ်တိုင်ပြောပြဖူးသည်။

"ရေသေအိုင်" စာအုပ်ဖြင့် လတ်တလော နာမည်ကျော်နေသည့် ဆရာလင်းခါး ကျတော့ တမျိုး။သူက မနက်မိုးလင်းတာနဲ့ ဘီအီးကို မောနင်းပက်တတ်သည်။မိုးလင်းတာနဲ့ အခါးဓာတ်လေးနှင့် အစပျိုးတတ်သည့် သူ့ကိုယ်သူ ဂုဏ်ပြုပြီး ကလောင်နာမည်ကို လင်းခါးဟု ပေးဖြစ်သည်ဟု ကြားဖူးသည်။

နောက် ကျွန်တော့်ကို တူ‌လိုသားလို ခင်မင်သော မန္တလေးက ဆရာမတစ်ယောက် ရှိသေးသည်။ဖူးစာရေးနတ် မြားနတ်မောင်မှ အိမ်ထောင်ကျရောလဟယ်ဆိုပြီး သူ့ထံပစ်လိုက်သော မြားများသည် သူကိုချော်ပြီး သူများတွေကို မှန်မှန်သွားသဖြင့် ချော်ပြီးမှန်ရဲ့ သံတူကြောင်းကွဲ ချောအိမာန်ဟု ကလောင်နာမည်ယူရခြင်းတဲ့။

နောက် ရည်းစားစကား မပြောရခင်ကတည်းက ကောင်မလေးက နင်နဲ့ငါပြတ်ပြီဟု ကြိုပြောခံရသည့်အလား ဂေါ်မစွံဘူပိတ် ကဗျာတွေရေးသည့် စစ်ငြိမ်းတို့ ဆန်းကျော်စွာဝင်းတို့တွေ ရှိသေးသည်။ဒီဘဲတွေဆို ကိုယ့်စိတ္တဇလူသတ်သမားရုပ်‌တွေမှ အားမနာ အလွမ်းကဗျာတွေ ရေးနေသော်လည်း နာမည်လေးတွေက အရမ်းလှတော့ သင်းတို့ မျက်နှာဆိုးတွေကို မမြင်ရသေးခင်မှာ စော်ကလေးတွေ ပါးစပ်ဖျား‌ရေးပန်းစားနေသည် မဟုတ်လား။ကိုင်း ဘယ်လောက်နိပ်သတုံး။

ကျွန်တော်ကျ ဗြိတိသျှကိုကိုမောင်တဲ့။နာမည်ကြားတာနဲ့ကို ပါတော်မူချင်စရာကောင်းနေပြီ။နို့ အခုလာပြန်ပြီတစ်ယောက်။ မောင်ဒီနီတဲ့။

"ငါ့ညီက ဘာစာတွေရေးတာလဲ"

"သရော်စာတွေ ရေးတာပါ" အဲ့ဒီမှာ စဝာာပါ။ကိုယ်တော်ကြီးက ချက်နို့ဆီရောင်သန်းနေတဲ့ လက်ဖက်ရည်ထဲကို အီကြာကွေးကြီး နှစ်လိုက်ပြီးမှ "အေးကွ" အစချီပြီး ယခု ဆောင်းပါးရဲ့ ထိပ်ဆုံးမှာပါတဲ့ စာပေဩဝါဒကို ချွေပါလေတော့သတည်း။

ဆရာသခင်၏ ဩဝါဒကို ပြန်ကောက်ရလျှင် "ဒီမယ် ညီလေး.. နိုင်ငံတော်အကျိုးပြုစာတွေ ရေးစမ်းပါ..တိုင်းပြည်အတွက် ဘာအကျိုးမှမရှိတဲ့ ဘေးထိုင်ဘုပြော သရော်မော်ကားစာတွေ မရေးစေချင်ဘူး..ငါပြောတာ မင်းသဘောပေါက်လား" ဟု ဆိုသည်။

"ဆရာရယ် ...သရော်စာဆိုတာ ခေတ်အဆက်ဆက် ဒီလိုပဲ အာဏာရှင်တွေ၊ အစိုးရတွေ၊ ရေပေါ်ဆီ လူမှုအသိုင်းအဝိုင်းတွေ၊ ဖိနှိပ်သူလူတန်းစားတွေ၊ ခေတ်ရဲ့ ပြယုဂ်တွေကို လှောင်ပြောင်ရေးရတာ မဟုတ်လားဗျာ" ကျွန်တော် အယူခံဝင်သည်။အီကြာကွေးကို ဗလုံးဗထွေးဝါးနေသော အထက်ရုံးတော် မောင်ဒီနီ က ကျွန်တော့်အဆိုကို ပယ်ချသည်။

"အဲ့ဒါ အရင်ခေတ်ကပဲရမယ်။အခု ပြည်သူတင်ထားတဲ့ အစိုးရကို မရဘူးကွ။နားလည်လား။အာဏာရှင်ခေတ်မှာ မင်းတို့ ဒီလိုရေးခွင့်ရလို့လား"

"အာဏာရှင်ခေတ်ရေးရင် ဖမ်းမှာပေါ့ခင်ညာ။ရေးလို့ရတဲ့ အခွင့်အ‌ရေးရပြီမို့ ရေးမိတာပါခင်ညာ။ပြီးတော့ အစိုးရကို ဝေဖန်တဲ့ သရော်စာမရေးရဘူးလို့ ဥပဒေမထုတ်ထားဘူး မဟုတ်လားဟင်"

"ဥပဒေတော့ရှိမလားကွ။မင်းတို့မြန်မာတွေ မတိုးတက်တာ အဲ့ဒါပဲ။ဒီအချိန်က တိုင်းပြည်သစ်ဆီ ရုန်းကန်နေရတဲ့အချိန်ကွ။ဂျပန်မှာဆို ကမ္ဘာစစ်ပြီးတော့ ဂျပန်ပြည်သူတွေဟာ ကြိုးစားကြတာ ညတောင်မအိပ်ဘူး"

"အော် နေ့ဖက်အိပ်ကြတာလား"

"ဟိတ်ကောင် ဒါနောက်စရာမဟုတ်ဘူး။မင်းတို့က စပြောင်းလဲရမှာ။ဘေးထိုင်ဘုပြောတွေ မရေးနဲ့တော့။ခေတ်ပြောင်းချိန်မှာ လူငယ်တွေအလင်းရစေတဲ့ စာပေတွေရေးစမ်း။ဘယ့်နှယ့် ပြည်တော်သစ်ဆီ သွားမယ့်လမ်းမှာ မင်းတို့လို အဆီတော်ရစ်နေတဲ့ ‌အချောင်သမား စာရေးဆရာတွေကြောင့် ခက်တယ်ကွာ"

ဗု‌‌ဒ္ဓေါကြီး။သရော်စာလေး ရေးမိတာ စွဲချက်က ပြင်းလှချည်လား။"သရော်စာဆိုတာ အလွဲလေးတွေကို ဟာသအုပ်ပြီး ဝေဖန်တာပါခင်ဗျာ။အင်္ဂလိပ်ခေတ်က ရွှေတိဂုံဘုရားပေါ် ဂေါ်ရာစစ်တပ် တပ်စွဲထားတာ ရွှေ့ပေးဖို့ကိစ္စတောင် ဘကြီးဘဘေတို့နဲ့ ဗြိတိန်က လေဘာရီဗြူးသတင်းစာကြီးပေါင်းပြီး ဆောင်းပါးတွေ၊ သရော်စာတွေရေးမှသာ ဗြိတိန်အစိုးရက သတိထားမိပြီး စစ်တပ်ကို ဖယ်ခိုင်းတဲ့ သာဓကတွေ ရှိပါတယ်ခင်ဗျာ။ပြီးတော့ ကျွန်တော်က အခုအချိန်မှ ပြောင်းပြီး "မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ .. ခေါင်းဆောင်ကြီးများနှင့်ညီ... ရှေ့သို့ချီ" ဆိုပြီး ရေးရင် အယ်ဒီတာတွေက လက်ခံပါ့မလားဗျာ။ပြီးတော့ ကျွန်တော် အဲ့ဒါမျိုးမရေးတတ်ဘူးခင်ည။အဲ့ဒါမျိုးရေးတတ်လို့ကတော့ ဟိုအရင် စစ်စေတနာရှင်အစိုးရနဲ့ ပြည်ခိုင်ဖြိုးအစိုးရခေတ်ကတည်းက အစိုးရသတင်းစာတွေမှာရေးပြီး ပါမစ်ထုတ်စားနေပြီပေါ့ဗျာ"

"ဟိတ်ကောင် ဘယ်အယ်ဒီတာမှ မလိုဘူး။ငါရေးတဲ့နေရာမှာရေး။ငါ့ဆီသာပို့။အရင်ကကောင်တွေ လွဲတာဆို ကြိုက်သလိုသာဆဲ။အဲ့တခြားတော့မထိနဲ့။ရဲရဲတောက်မောင်ဒီနီ ဆီသာပို့"

ရဲရဲတောက် ဆရာမောင်နီဒီ ရဲ့ ကျေးဇူးနဲ့ ကျွန်တော် မောင်ဗြိလေး စာရေးစရာနေရာ တစ်နေရာတိုးလေပြီ။

"ဆရာမောင်ဒီနီ က ဘယ်မှာ စာရေးတာလဲ ခင်ဗျာ"

"ဘယ်မှာရေးရမှာလဲ။ဖေ့ဘွတ်မှာပေါ့ကွ။ဒီမှာကြည့် ရဲရဲတောက် မောင်ဒီနီ  ဆိုတာ ငါ့အကောင့်ပဲ။၂၀၁၅ ရွေးကောက်ပွဲ ကာလကတည်းက တိုက်ပွဲဝင်လာတာကွ။သမိုင်းရှိပြီးသား။နှယ်နှယ်ရရမှတ်လို့ ဖော်လိုဝါတစ်သောင်းရှိတယ်..မြင်လား.. မင်းလည်း တိုင်းပြည်အတွက် အကျိုးပြုတဲ့ စာရေးဆရာဖြစ်ချင်ရင် ငါရေးသလိုတွေရေး ..ပြီးရင် ငါ့ဆီပို့ပေး ငါပြန် share ပေးရင် မင်းနာမည်ကြီးပြီမှတ်"

"အော် ဆရာမောင်ဒီနီရယ်။ဖေ့ဘွတ်မှာရေးရင် ဘယ့်နှယ့်စာမူခရမလဲ။ကျွန်တော်က စာမူခလေးနဲ့ ရပ်တည်နေရတာ။ပြီးတော့ ဖေ့ဘွတ်ဆိုတာက"

"ဟိတ်ကောင်လုပ်မနေနဲ့။တိုင်းပြည်အတွက် အရေးကြီးသလား စာမူခက အရေးကြီးသလား။မင်းတို့ ဂျာနယ်၊ သတင်းစာတွေမှာ ရေးတာတွေလည်း ဖေ့ဘွတ်ပေါ် တင်ကြရတာပဲမဟုတ်လား။မင်းတို့ စာနယ်ဇင်းတွေ ပေ့ခ်ျမှာ အချိုးမပြေတဲ့ ဆောင်းပါးတွေ တွေ့ရင် ငါ့ကလောင်စွမ်းနဲ့ ကွန်မန့်မှာ ဝင်ဆဲနေကြကွ။ငါ့ဘာမှတ်တုန်း"

အီကြာကွေးလည်း ကုန်။လက်ဖက်ရည်လည်း ပလုံပြီ။ဖေ့ဘွတ်စာရေးဆရာ တိုင်းပြုပြည်ပြု ရဲရဲတောက် မောင်ဒီနီကြီး ရှေ့တွင် အဟိမ်းအဟောက်ခံနေရသော ကျွန်တော့်ကို သန်းမြိုင် က အလွန်သနားသော အကြည့်များဖြင့် ကြည့်ရှာသည်။

"မင်းတို့ လူငယ်တွေ သဘောပေါက်စေချင်တယ်ကွာ"

ကူလီခေါင်းက အလုပ်ဖြုတ်ပစ်လိုက်သော အထမ်းသမားလေး တစ်ယောက်ကဲ့သို့ လက်ဖက်ရည်ဆိုင်ထဲက မျက်နှာငယ်လေးနှင့် ထွက်လာသော ကျွန်တော့်ကို တစ်ဆိုင်လုံးက တိတ်ဆိတ်စွာ လိုက်ကြည့်နေကြပါသည်။

ပြန်မှဖြစ်မည်။ဒီကနေ့ ဒီအကြောင်း သရော်စာတစ်ပုဒ်တော့ သမိုင်းပေးတာဝန်အရ ရေးရမည်။သို့သော် သတင်းစာ၏ ဖေ့ဘွတ်ပေ့ခ်ျတွင် ဤဆောင်းပါးကိုတင်ပါက ဖေ့ဘွတ်စာရေးဆရာကြီး ရဲရဲတောက် မောင်ဒီနီ ကွန်မန့်ဘောက်စ်တွင် ထိပ်ဆုံးက လာဆဲမှာကိုတွေးမိရင်း ကျွန်တော်မောင်ဗြိ တစ်ယောက် ကြက်သီးများပင် ထမိလေတော့သည်။

ဗြိတိသျှကိုကိုမောင်
အောက်တိုဘာ - ၆

( Zawgyi )

"ဒီမယ္ ညီေလး.. ႏိုင္ငံေတာ္အက်ိဳးျပဳစာေတြ ေရးစမ္းပါ..တိုင္းျပည္အတြက္ ဘာအက်ိဳးမွမရွိတဲ့ ေဘးထိုင္ဘုေျပာ သေရာ္ေမာ္ကားစာေတြ မေရးေစခ်င္ဘူး..ငါေျပာတာ မင္းသေဘာေပါက္လား"

ဂြၽမ္းထိုးခိုင္းသည္ကို မထိုးပဲ ေပါင္ၿဖဲျပသျဖင့္ ဆပ္ကပ္ဆရာက ေငါက္ငမ္းျခင္းကို ခံေနရသည့္ ေမ်ာက္ဖင္နီေလး၏ မ်က္ႏွာကို ျမင္ဖူးၾကပါသလား။မျမင္ဘူးၾကသူမ်ား အခုေနခါ ေမာင္ၿဗိ မည္ေသာ ကြၽန္ေတာ့္ မ်က္ခြက္ကေလးကိုသာ လာၾကည့္ၾကပါခင္ညာ။ဆပ္ကပ္ဆရာႀကီးႏွင့္တူေသာ အႏွီပုဂၢိဳလ္ေက်ာ္ႀကီးေရွ႕တြင္ မေထာ္မနန္းလုပ္မိသျဖင့္ မ်က္လုံး‌ေလး ေပကလပ္ျဖစ္ေနေသာ ေမ်ာက္ေမာင္ၿဗိ အျဖစ္ကား ဖင္ယားၿပီး လက္ဖက္ရည္ဆိုင္ ထြက္ထိုင္မိရာက စပါသည္။

ဒီေန႔မနက္ေတာ့ ေပါ့စိမ့္ေလးနဲ႔ စမူဆာ႐ြ႐ြေလး ဝါးလိုက္ရလွ်င္ဆိုေသာ ပီတိကေလးႏွင့္ ကြၽန္ေတာ္သည္ ရပ္ကြက္ထဲရွိ လက္ဖက္ရည္ဆိုင္သို႔ ထြက္ခဲ့ပါသည္။ဟို သန္းၿမိဳင္ ဆိုေသာ ႏွမေဘးေလးသည္ ယမကာနကၡတ္အလိုအရ ဤအခ်ိန္ မုတ္ဆိတ္ေသတင္းကုပ္တြင္ ေမာနင္းပက္ဂ်ဴတီ ရွိေနရမည့္အစား လက္ဖက္ရည္ဆိုင္သို႔ ေရာက္ေနျခင္းက ကြၽန္ေတာ္၏ ကံဆိုးျခင္းအစေပတည္း။

"ကိုၿဗိ လာတာနဲ႔ အေတာ္ပဲဗ်ာ၊ မိတ္ဆက္ေပးခ်င္ေနတာ၊ ကြၽန္ေတာ္တို႔ဝိုင္း လာထိုင္ပါဦး" ကြၽန္ေတာ့္ထက္ အသက္ေလးငါးႏွစ္ေလာက္ႀကီးမည္ ထင္ရသည့္ အႏွီပုဂၢိဳလ္ႀကီးဝိုင္းသို႔ သန္းၿမိဳင္ ဖိတ္ေခၚမႈျဖင့္ ကြၽန္ေတာ္လည္း ဝင္ထိုင္မိေတာ့သည္။

"ဒါ လႈိင္သာယာက ကြၽန္ေတာ့္အကိုဝမ္းကြဲေလ။သူလည္း ကိုၿဗိလိုပဲ စာေတြဘာေတြေရးတယ္။သူ႔ကေလာင္နာမည္က ဘာတဲ့ အကို" ပုဂၢိဳလ္ႀကီးသည္ သန္းၿမိဳင္အား သူ႔ကေလာင္ကို ေမ့ရေကာင္းလားဆိုသည့္ မ်က္ေစာင္းႀကီးျဖင့္ထိုးရင္း "ေမာင္ဒီနီ ေလကြာ" ဟု စိတ္မရွည္ဟန္ျဖင့္ ေျပာလိုက္ေလသည္။"ဟုတ္ ဟုတ္ ေမာင္ဒီနီ တဲ့ ကိုၿဗိ....ဒါ ကြၽန္ေတာ္တို႔ ရပ္ကြက္က ကိုၿဗိတဲ့။သူလည္းစာေရးတယ္။ကေလာင္နာမည္က ၿဗိတိသွ်ကိုကိုေမာင္တဲ့"

"အိမ္း နည္းနည္းေတာ့ ၾကားဖူးတယ္ကြ..ေနာက္ေပါက္ ကေလာင္ေလးေတြပဲ"

စီနီယာဘုန္းႀကီးေရွ႕မွာ သကၤန္းေတာင္း႐ြက္ေနရေသာ ဒုလႅဘေလးလို ကြၽန္ေတာ့္မွာ ကုပ္ခ်ိခ်ိေလး ျဖစ္သြားပါသည္။ခက္သည္က ကြၽန္ေတာ့္ေရွ႕တြင္ ထိုင္ေနေသာ ေရွ႕ေပါက္ကေလာင္ႀကီး ေမာင္ဒီနီ ကို ကြၽန္ေတာ္ မသိျခင္းပင္။အီတလီ ဂႏၳဝင္ေဘာလုံးသမားႀကီး မာလ္ဒီနီ၏ ေယာက္ဖလားဟု ေမးမိလွ်င္ ဆရာႀကီးက ထထိုးမွာေတာ့ ႀကိမ္းေသသည္။

ကေလာင္နာမည္ဆိုလို႔ အခုေခတ္ စာေရးဆရာေတြ စာေရးဆရာမေတြ နာမည္ေတြက အဓိပၸါယ္ပါပါႏွင့္ လွပၾကသည္။ကြၽန္ေတာ့္ ကေလာင္ႀကီးက် ၿဗိတိသွ်ကိုကိုေမာင္တဲ့ ဘာႀကီးမွန္းမသိ။ အူေၾကာင္ေၾကာင္ ကေလာင္ႀကီး။ကြၽန္ေတာ့္အေဒၚလို ခင္မင္ရေသာ ဆရာမ စံပယ္ျဖဴႏု ဆိုလွ်င္ ဘယ္ေလာက္လွသည့္ နာမည္လဲ။သူ႔ကေလာင္နာမည္ေလး ျဖစ္လာပုံကလည္း ဇာတ္လမ္းေလးႏွင့္။ဆရာမ စံပယ္ျဖဴႏု သည္ စာေရးဆရာမ မျဖစ္ခင္က ဘိုးဘြားရိပ္သာတြင္ ပရဟိတလုပ္သည္။အမ်ိဳးသားစာေပဆုရ စာေရးဆရာမ အေလာင္းအလ်ာဆိုေတာ့ ပရဟိတလုပ္တာပင္ စိတ္ကူးဆန္းေလးႏွင့္။အဘိုးအဘြားမ်ားကို ဆံပင္ျဖဴလိုက္ႏႈတ္ေပးၿပီး ကုသိုလ္ယူသည္။သည္လိုႏွင့္ အဘိုးအဘြားေတြက သူ႔ကိုေတြ႕လွ်င္ " ဟယ္ ဆံပင္ျဖဴႏႈတ္တဲ့ ေကာင္မေလးလာၿပီ..ဆံပင္ျဖဴႏႈတ္ေလးလာၿပီ" ဟု‌ ‌ဆိုၾကေျပာၾကသည္။ဆရာမက စာေရးဆရာမ လုပ္မည္ဆိုေတာ့ သူပရဟိတလုပ္စဥ္က ရခဲ့သည့္ ဆံပင္ျဖဴႏႈတ္ဆိုသည့္ အမည္ကို ကေလာင္နာမည္ေပးလိုက္သည္။သို႔ေသာ္ စာစီစာ႐ိုက္ ကေလးမက အိပ္ခ်င္မူးတူးျဖင့္ စံပယ္ျဖဴႏုဟု မွား႐ိုက္လိုက္ရာမွ ဒီကေလာင္ျဖစ္လာသည္ဟု ကြၽန္ေတာ့္ကို သူ႔ကိုယ္တိုင္ေျပာျပဖူးသည္။

"ေရေသအိုင္" စာအုပ္ျဖင့္ လတ္တေလာ နာမည္ေက်ာ္ေနသည့္ ဆရာလင္းခါး က်ေတာ့ တမ်ိဳး။သူက မနက္မိုးလင္းတာနဲ႔ ဘီအီးကို ေမာနင္းပက္တတ္သည္။မိုးလင္းတာနဲ႔ အခါးဓာတ္ေလးႏွင့္ အစပ်ိဳးတတ္သည့္ သူ႔ကိုယ္သူ ဂုဏ္ျပဳၿပီး ကေလာင္နာမည္ကို လင္းခါးဟု ေပးျဖစ္သည္ဟု ၾကားဖူးသည္။

ေနာက္ ကြၽန္ေတာ့္ကို တူ‌လိုသားလို ခင္မင္ေသာ မႏၲေလးက ဆရာမတစ္ေယာက္ ရွိေသးသည္။ဖူးစာေရးနတ္ ျမားနတ္ေမာင္မွ အိမ္ေထာင္က်ေရာလဟယ္ဆိုၿပီး သူ႔ထံပစ္လိုက္ေသာ ျမားမ်ားသည္ သူကိုေခ်ာ္ၿပီး သူမ်ားေတြကို မွန္မွန္သြားသျဖင့္ ေခ်ာ္ၿပီးမွန္ရဲ႕ သံတူေၾကာင္းကြဲ ေခ်ာအိမာန္ဟု ကေလာင္နာမည္ယူရျခင္းတဲ့။

ေနာက္ ရည္းစားစကား မေျပာရခင္ကတည္းက ေကာင္မေလးက နင္နဲ႔ငါျပတ္ၿပီဟု ႀကိဳေျပာခံရသည့္အလား ေဂၚမစြံဘူပိတ္ ကဗ်ာေတြေရးသည့္ စစ္ၿငိမ္းတို႔ ဆန္းေက်ာ္စြာဝင္းတို႔ေတြ ရွိေသးသည္။ဒီဘဲေတြဆို ကိုယ့္စိတၱဇလူသတ္သမား႐ုပ္‌ေတြမွ အားမနာ အလြမ္းကဗ်ာေတြ ေရးေနေသာ္လည္း နာမည္ေလးေတြက အရမ္းလွေတာ့ သင္းတို႔ မ်က္ႏွာဆိုးေတြကို မျမင္ရေသးခင္မွာ ေစာ္ကေလးေတြ ပါးစပ္ဖ်ား‌ေရးပန္းစားေနသည္ မဟုတ္လား။ကိုင္း ဘယ္ေလာက္နိပ္သတုံး။

ကြၽန္ေတာ္က် ၿဗိတိသွ်ကိုကိုေမာင္တဲ့။နာမည္ၾကားတာနဲ႔ကို ပါေတာ္မူခ်င္စရာေကာင္းေနၿပီ။ႏို႔ အခုလာျပန္ၿပီတစ္ေယာက္။ ေမာင္ဒီနီတဲ့။

"ငါ့ညီက ဘာစာေတြေရးတာလဲ"

"သေရာ္စာေတြ ေရးတာပါ" အဲ့ဒီမွာ စဝာာပါ။ကိုယ္ေတာ္ႀကီးက ခ်က္ႏို႔ဆီေရာင္သန္းေနတဲ့ လက္ဖက္ရည္ထဲကို အီၾကာေကြးႀကီး ႏွစ္လိုက္ၿပီးမွ "ေအးကြ" အစခ်ီၿပီး ယခု ေဆာင္းပါးရဲ႕ ထိပ္ဆုံးမွာပါတဲ့ စာေပဩဝါဒကို ေခြၽပါေလေတာ့သတည္း။

ဆရာသခင္၏ ဩဝါဒကို ျပန္ေကာက္ရလွ်င္ "ဒီမယ္ ညီေလး.. ႏိုင္ငံေတာ္အက်ိဳးျပဳစာေတြ ေရးစမ္းပါ..တိုင္းျပည္အတြက္ ဘာအက်ိဳးမွမရွိတဲ့ ေဘးထိုင္ဘုေျပာ သေရာ္ေမာ္ကားစာေတြ မေရးေစခ်င္ဘူး..ငါေျပာတာ မင္းသေဘာေပါက္လား" ဟု ဆိုသည္။

"ဆရာရယ္ ...သေရာ္စာဆိုတာ ေခတ္အဆက္ဆက္ ဒီလိုပဲ အာဏာရွင္ေတြ၊ အစိုးရေတြ၊ ေရေပၚဆီ လူမႈအသိုင္းအဝိုင္းေတြ၊ ဖိႏွိပ္သူလူတန္းစားေတြ၊ ေခတ္ရဲ႕ ျပယုဂ္ေတြကို ေလွာင္ေျပာင္ေရးရတာ မဟုတ္လားဗ်ာ" ကြၽန္ေတာ္ အယူခံဝင္သည္။အီၾကာေကြးကို ဗလုံးဗေထြးဝါးေနေသာ အထက္႐ုံးေတာ္ ေမာင္ဒီနီ က ကြၽန္ေတာ့္အဆိုကို ပယ္ခ်သည္။

"အဲ့ဒါ အရင္ေခတ္ကပဲရမယ္။အခု ျပည္သူတင္ထားတဲ့ အစိုးရကို မရဘူးကြ။နားလည္လား။အာဏာရွင္ေခတ္မွာ မင္းတို႔ ဒီလိုေရးခြင့္ရလို႔လား"

"အာဏာရွင္ေခတ္ေရးရင္ ဖမ္းမွာေပါ့ခင္ညာ။ေရးလို႔ရတဲ့ အခြင့္အ‌ေရးရၿပီမို႔ ေရးမိတာပါခင္ညာ။ၿပီးေတာ့ အစိုးရကို ေဝဖန္တဲ့ သေရာ္စာမေရးရဘူးလို႔ ဥပေဒမထုတ္ထားဘူး မဟုတ္လားဟင္"

"ဥပေဒေတာ့ရွိမလားကြ။မင္းတို႔ျမန္မာေတြ မတိုးတက္တာ အဲ့ဒါပဲ။ဒီအခ်ိန္က တိုင္းျပည္သစ္ဆီ ႐ုန္းကန္ေနရတဲ့အခ်ိန္ကြ။ဂ်ပန္မွာဆို ကမာၻစစ္ၿပီးေတာ့ ဂ်ပန္ျပည္သူေတြဟာ ႀကိဳးစားၾကတာ ညေတာင္မအိပ္ဘူး"

"ေအာ္ ေန႔ဖက္အိပ္ၾကတာလား"

"ဟိတ္ေကာင္ ဒါေနာက္စရာမဟုတ္ဘူး။မင္းတို႔က စေျပာင္းလဲရမွာ။ေဘးထိုင္ဘုေျပာေတြ မေရးနဲ႔ေတာ့။ေခတ္ေျပာင္းခ်ိန္မွာ လူငယ္ေတြအလင္းရေစတဲ့ စာေပေတြေရးစမ္း။ဘယ့္ႏွယ့္ ျပည္ေတာ္သစ္ဆီ သြားမယ့္လမ္းမွာ မင္းတို႔လို အဆီေတာ္ရစ္ေနတဲ့ ‌အေခ်ာင္သမား စာေရးဆရာေတြေၾကာင့္ ခက္တယ္ကြာ"

ဗု‌‌ေဒၶါႀကီး။သေရာ္စာေလး ေရးမိတာ စြဲခ်က္က ျပင္းလွခ်ည္လား။"သေရာ္စာဆိုတာ အလြဲေလးေတြကို ဟာသအုပ္ၿပီး ေဝဖန္တာပါခင္ဗ်ာ။အဂၤလိပ္ေခတ္က ေ႐ႊတိဂုံဘုရားေပၚ ေဂၚရာစစ္တပ္ တပ္စြဲထားတာ ေ႐ႊ႕ေပးဖို႔ကိစၥေတာင္ ဘႀကီးဘေဘတို႔နဲ႔ ၿဗိတိန္က ေလဘာရီျဗဴးသတင္းစာႀကီးေပါင္းၿပီး ေဆာင္းပါးေတြ၊ သေရာ္စာေတြေရးမွသာ ၿဗိတိန္အစိုးရက သတိထားမိၿပီး စစ္တပ္ကို ဖယ္ခိုင္းတဲ့ သာဓကေတြ ရွိပါတယ္ခင္ဗ်ာ။ၿပီးေတာ့ ကြၽန္ေတာ္က အခုအခ်ိန္မွ ေျပာင္းၿပီး "မ်ိဳးဆက္သစ္တို႔ တိုးတက္ရစ္ဖို႔ .. ေခါင္းေဆာင္ႀကီးမ်ားႏွင့္ညီ... ေရွ႕သို႔ခ်ီ" ဆိုၿပီး ေရးရင္ အယ္ဒီတာေတြက လက္ခံပါ့မလားဗ်ာ။ၿပီးေတာ့ ကြၽန္ေတာ္ အဲ့ဒါမ်ိဳးမေရးတတ္ဘူးခင္ည။အဲ့ဒါမ်ိဳးေရးတတ္လို႔ကေတာ့ ဟိုအရင္ စစ္ေစတနာရွင္အစိုးရနဲ႔ ျပည္ခိုင္ၿဖိဳးအစိုးရေခတ္ကတည္းက အစိုးရသတင္းစာေတြမွာေရးၿပီး ပါမစ္ထုတ္စားေနၿပီေပါ့ဗ်ာ"

"ဟိတ္ေကာင္ ဘယ္အယ္ဒီတာမွ မလိုဘူး။ငါေရးတဲ့ေနရာမွာေရး။ငါ့ဆီသာပို႔။အရင္ကေကာင္ေတြ လြဲတာဆို ႀကိဳက္သလိုသာဆဲ။အဲ့တျခားေတာ့မထိနဲ႔။ရဲရဲေတာက္ေမာင္ဒီနီ ဆီသာပို႔"

ရဲရဲေတာက္ ဆရာေမာင္နီဒီ ရဲ႕ ေက်းဇူးနဲ႔ ကြၽန္ေတာ္ ေမာင္ၿဗိေလး စာေရးစရာေနရာ တစ္ေနရာတိုးေလၿပီ။

"ဆရာေမာင္ဒီနီ က ဘယ္မွာ စာေရးတာလဲ ခင္ဗ်ာ"

"ဘယ္မွာေရးရမွာလဲ။ေဖ့ဘြတ္မွာေပါ့ကြ။ဒီမွာၾကည့္ ရဲရဲေတာက္ ေမာင္ဒီနီ  ဆိုတာ ငါ့အေကာင့္ပဲ။၂၀၁၅ ေ႐ြးေကာက္ပြဲ ကာလကတည္းက တိုက္ပြဲဝင္လာတာကြ။သမိုင္းရွိၿပီးသား။ႏွယ္ႏွယ္ရရမွတ္လို႔ ေဖာ္လိုဝါတစ္ေသာင္းရွိတယ္..ျမင္လား.. မင္းလည္း တိုင္းျပည္အတြက္ အက်ိဳးျပဳတဲ့ စာေရးဆရာျဖစ္ခ်င္ရင္ ငါေရးသလိုေတြေရး ..ၿပီးရင္ ငါ့ဆီပို႔ေပး ငါျပန္ share ေပးရင္ မင္းနာမည္ႀကီးၿပီမွတ္"

"ေအာ္ ဆရာေမာင္ဒီနီရယ္။ေဖ့ဘြတ္မွာေရးရင္ ဘယ့္ႏွယ့္စာမူခရမလဲ။ကြၽန္ေတာ္က စာမူခေလးနဲ႔ ရပ္တည္ေနရတာ။ၿပီးေတာ့ ေဖ့ဘြတ္ဆိုတာက"

"ဟိတ္ေကာင္လုပ္မေနနဲ႔။တိုင္းျပည္အတြက္ အေရးႀကီးသလား စာမူခက အေရးႀကီးသလား။မင္းတို႔ ဂ်ာနယ္၊ သတင္းစာေတြမွာ ေရးတာေတြလည္း ေဖ့ဘြတ္ေပၚ တင္ၾကရတာပဲမဟုတ္လား။မင္းတို႔ စာနယ္ဇင္းေတြ ေပ့ခ္်မွာ အခ်ိဳးမေျပတဲ့ ေဆာင္းပါးေတြ ေတြ႕ရင္ ငါ့ကေလာင္စြမ္းနဲ႔ ကြန္မန႔္မွာ ဝင္ဆဲေနၾကကြ။ငါ့ဘာမွတ္တုန္း"

အီၾကာေကြးလည္း ကုန္။လက္ဖက္ရည္လည္း ပလုံၿပီ။ေဖ့ဘြတ္စာေရးဆရာ တိုင္းျပဳျပည္ျပဳ ရဲရဲေတာက္ ေမာင္ဒီနီႀကီး ေရွ႕တြင္ အဟိမ္းအေဟာက္ခံေနရေသာ ကြၽန္ေတာ့္ကို သန္းၿမိဳင္ က အလြန္သနားေသာ အၾကည့္မ်ားျဖင့္ ၾကည့္ရွာသည္။

"မင္းတို႔ လူငယ္ေတြ သေဘာေပါက္ေစခ်င္တယ္ကြာ"

ကူလီေခါင္းက အလုပ္ျဖဳတ္ပစ္လိုက္ေသာ အထမ္းသမားေလး တစ္ေယာက္ကဲ့သို႔ လက္ဖက္ရည္ဆိုင္ထဲက မ်က္ႏွာငယ္ေလးႏွင့္ ထြက္လာေသာ ကြၽန္ေတာ့္ကို တစ္ဆိုင္လုံးက တိတ္ဆိတ္စြာ လိုက္ၾကည့္ေနၾကပါသည္။

ျပန္မွျဖစ္မည္။ဒီကေန႔ ဒီအေၾကာင္း သေရာ္စာတစ္ပုဒ္ေတာ့ သမိုင္းေပးတာဝန္အရ ေရးရမည္။သို႔ေသာ္ သတင္းစာ၏ ေဖ့ဘြတ္ေပ့ခ္်တြင္ ဤေဆာင္းပါးကိုတင္ပါက ေဖ့ဘြတ္စာေရးဆရာႀကီး ရဲရဲေတာက္ ေမာင္ဒီနီ ကြန္မန႔္ေဘာက္စ္တြင္ ထိပ္ဆုံးက လာဆဲမွာကိုေတြးမိရင္း ကြၽန္ေတာ္ေမာင္ၿဗိ တစ္ေယာက္ ၾကက္သီးမ်ားပင္ ထမိေလေတာ့သည္။

ၿဗိတိသွ်ကိုကိုေမာင္
ေအာက္တိုဘာ - ၆