【နည်းပညာ】အရေးယူပိတ်ဆို့မှုများကြောင့် ကိုယ်ပိုင် Chips များ ထုတ်လုပ်ရန် ရုရှားပြင်ဆင်

【နည်းပညာ】အရေးယူပိတ်ဆို့မှုများကြောင့် ကိုယ်ပိုင် Chips များ ထုတ်လုပ်ရန် ရုရှားပြင်ဆင်

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ရုရှားနိုင်ငံအနေနဲ့ နိုင်ငံတကာမှ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို မကြုံစဖူးပမာဏများနဲ့ ပိတ်ဆို့ခံရလျက်ရှိနေပါတယ်။
 
အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများဟာ ရုရှားနိုင်ငံရဲ့ စီးပွားကိုသာထိခိုက်စေခဲ့တာမဟုတ်ဘဲ ယနေ့ခေတ်မှာ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်တဲ့ Semiconductor များကိုလည်း တင်သွင်းခွင့် ပိတ်ပင်ဖြတ်‌တောက်ခံခဲ့ရတာဖြစ်ပါတယ်။
 
ကမ္ဘာကျော် Chip ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Intel, AMD နဲ့ IBM တို့မှ ရုရှားနိုင်ငံသို့ ၎င်းတို့ထုတ်ကုန်များ ရောင်းချခြင်းကို ရပ်တန့်ခဲ့ကြတဲ့အတွက် ရုရှားနိုင်ငံအနေနဲ့ အနောက်နိုင်ငံများမှ Chip များ အရင်းအမြစ်ကို ရှာဖွေနိုင်ခြင်း မရှိတော့ပါဘူး။ရုရှားနိုင်ငံဟာ Silicon ကိုတော့ ကိုယ်တိုင်ဒီဇိုင်းထုတ်နိုင်ပေမယ့် TSMC နဲ့ GlobalFoundries တို့က ရုရှားနဲ့ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ တတိယအဖွဲ့အစည်းများထံသို့ ဆက်စပ်ပစ္စည်းရောင်းချခြင်းများ ရပ်ဆိုင်းထားတဲ့အတွက်လည်း Silicon များကို ထုတ်လုပ်ရန်မှာ မဖြစ်နိုင်တဲ့ အနေအထားကို ရင်ဆိုင်ရလျက်ရှိနေပါတယ်။
 
ရုရှားအစိုးရဘက်ကတော့ အဆိုပါပြဿနာများကို ဖြေရှင်းရန် ပမာဏအစီအစဉ်ကို ရေးဆွဲထားပါတယ်။အဆိုပါအစီအစဉ်မှာ ဒေသတွင်း Microelectronics စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရူဘယ်ငွေ ၃.၁၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၈.၃ ဘီလီယံ) ခန့် ရင်းနှီးမြှုပ်နှံမှုပါဝင်ပါတယ်။အဆိုပါ ရင်းနှီးမြှုပ်နှံမှုငွေများဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း Chips ပြားများ ဖွံ့ဖြိုးတိုးတက်ရေး၊ Chips ပြားများကို ဈေးကွက်ချဲ့ထွင်ရေးနဲ့ ဒေသတွင်း အရည်အချင်းရှိသူများကို လေ့ကျင့်သင်ကြားပေးရေးတို့ နယ်ပယ်လေးခုမှ အသုံးပြုချဲ့ထွင်သွားမှာဖြစ်ပါတယ်။
 
ဒါ့အပြင် ရုရှားငွေ ရူဘယ် ၄၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဘီလီယံ) ကို Fabrication node အသစ်များ တီထွင်ရန်နဲ့ ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံသွားမှာလည်းဖြစ်ပါတယ်။ရုရှားအနေနဲ့ ယခုနှစ်ကုန်မှာပဲ 90nm node များကို အသုံးပြုပြီး ပြည်တွင်း Chips များ ထုတ်လုပ်သွားရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်အရောက်မှာတော့ TSMC ရဲ့ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ 28nm နည်းပညာကို အသုံးပြုပြီး Chips များ ထုတ်လုပ်ရန် ရည်ရွယ်ထားလျက်ရှိနေပါတယ်။
 
ရုရှားနိုင်ငံမှ အနောက်တိုင်း လျှပ်စစ်ပစ္စည်းများကို အသုံးမပြုတော့ဘဲ အင်ဂျင်နီယာပိုင်းကို အာရုံစိုက်ကာ ရုရှားနယ်နိမိတ်အတွင်း သို့မဟုတ် တရုတ်နိုင်ငံတို့မှာ ထုတ်လုပ်ရောင်းချမယ့် အစီအစဉ်ကိုလည်း ယခုနှစ်အတွင်း စတင်နိုင်ရန်လည်း စီစဉ်ထားလျက်ရှိနေပါတယ်။အပြီးသတ်အစီအစဉ်ကိုတော့ ဧပြီလ ၂၂ ရက်နေ့မှာ ဝန်ကြီးချုပ်မှ တရားဝင်ခွင့်ပြုချက်ရယူမှာဖြစ်ပါတယ်။
 
Damien
 
Ref - Techspot
 
မော်စကို၊ ဧပြီ ၁၇