【နည်းပညာ 】ဟက်ကာများကို သုံးစွဲသူအချက်အလက်များ မှားပို့ပေးခဲ့တဲ့ Apple နဲ့ Meta

【နည်းပညာ 】ဟက်ကာများကို သုံးစွဲသူအချက်အလက်များ မှားပို့ပေးခဲ့တဲ့ Apple နဲ့ Meta

Apple နဲ့ Meta တို့မှ သုံးစွဲသူများရဲ့ ဒေတာအချက်အလက်များကို ဟက်ကာများထံ ပေးအပ်ခဲ့ကြောင်း သတင်းများအရ သိရပါတယ်။
 
ဥပဒေစိုးမိုးရေးအရာရှိများအဖြစ် ဟန်ဆောင်ထားသော ဟက်ကာအုပ်စုထံသို့ သုံးစွဲသူများရဲ့ ဒေတာအချက်အလက်များကို Apple နဲ့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta တို့မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အစီရင်ခံစာသစ်တစ်ခုအရ သိရပါတယ်။
 
အရေးပေါ် ဒေတာအချက်အလက် တောင်းဆိုမှုများကို အသုံးပြုပြီး ပြစ်မှုကျူးလွန်သူများဟာ သုံးစွဲသူများရဲ့ နေရပ်လိပ်စာများ၊ ဖုန်းနံပါတ်များနဲ့ IP လိပ်စာများကို စုဆောင်းနိုင်ခဲ့ပါတယ်။
 
Bloomberg ကတော့ အဆိုပါကိစ္စကို သိရှိသူ သုံးဦးအား ကိုးကားပြီး Apple နဲ့ Meta တို့ဟာ အတုအယောင် အရေးပေါ် ဒေတာအချက်အလက် တောင်းဆိုမှု (EDR) ပုံစံများကို တုံ့ပြန်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
 
အစီရင်ခံစာအရတော့ ခိုးယူခံရသော အချက်အလက်များကို လိမ်လည်လှည့်ဖြားရန်၊ အကောင့်များဝင်ရောက်ရန်နဲ့ နှောင့်ယှက်လှုံ့ဆော်မှုများပြုလုပ်ရန်တို့မှာ အသုံးပြုထားပါတယ်။
 
Snap Inc. သည်လည်း အတုအယောင် တရားဝင်တောင်းဆိုမှုတစ်ခုကို လက်ခံရရှိခဲ့တယ်ဟု သတင်းရပေမယ့်လည်း ကုမ္ပဏီဘက်က သတင်းအချက်အလက်ပေးခြင်း ရှိ၊ မရှိတော့ မရှင်းလင်းခဲ့ပါဘူး။
 
ဆိုင်ဘာလုံခြုံရေးသုတေသီများဘက်ကတော့ တောင်းဆိုချက်အတုများ ပေးပို့မှုအတွက် တာဝန်ရှိသူအချို့ဟာ အမေရိကန်နဲ့ ယူကေမှ အရွယ်မရောက်သေးသူများဖြစ်သည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ Lapsus$ အဖွဲ့ရဲ့ နောက်ကွယ်တွင် ချုပ်ကိုင်ထားဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။
 
အတုအယောင်‌‌ တောင်းဆိုမှုများနောက်ကွယ်က ဟက်ကာများဟာ နည်းပညာကုမ္ပဏီကြီးများကို ပစ်မှတ်ထားတဲ့ Recursion Team နဲ့လည်း တစ်စိတ်တစ်ပိုင်း ဆက်စပ်နေတယ်လို့ ယူဆနေကြပါတယ်။
 
ဟက်ကာများဟာ ဥပဒေစိုးမိုးရေး အီးမေးလ်များမှတစ်ဆင့် စာရွက်စာတန်းများကို ခိုးယူပြီး အတုအယောင်  တောင်းဆိုချက်များပြုလုပ်ကာ Apple နဲ့ Meta ထံ ပို့ပေးခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
 
Damien
Ref - techspot
နယူးယောက်၊ ဧပြီ ၁