【 ဆောင်းပါး 】 "ပြောင်းလဲနေသည့်လောက"

【 ဆောင်းပါး 】 "ပြောင်းလဲနေသည့်လောက"

နေ့စဉ်နဲ့အမျှ လောကကြီးဟာ ပြောင်းလဲနေပါတယ်။ဘယ်အရာမှ မတည်မြဲနိုင်ပါဘူး။အခြေအနေတစ်ခုမှာ တည်ရှိနေမှုက အချိန်အခါပေါ်မှာ မူတည်နေပါတယ်။ရေရှည်ရပ်တည်နိုင်ဖို့အတွက်လည်း အကြောင်းတရားများစွာရှိနေပါတယ်။တစ်ခါတလေ။စဉ်းစားမိတယ်။အကြောင်းအရာတစ်ခု မတည်မြဲပဲ ပြောင်းလဲနေတာ လူတွေဖန်တီးမှုများလား။ဒါမှမဟုတ် ကံကြမ္မာအပေါ်မှာမူတည်နေမှုတွေပဲလားဆိုတာကိုပေါ့။

အခုအချိန်မှာ ပိုပြီးတွေးနေမိတယ်။ရောဂါကပ်ဆိုးကြီးကြောင့် အသက်မသေသင့်ပဲ သေသွားကြတဲ့လူတွေ အများကြီးတွေ့နေရတယ်။နေထိုင်သွားလာမှုတွေကို အလေးထားဂရုစိုက်တတ်တဲ့လူတွေ၊ ပင်ကိုယ်ကျန်းမာနေတဲ့လူတွေ မထင်မှတ်ပဲ သေဆုံးသွားကြတယ်။လူ့သက်တမ်းအရ လူ့လောကထဲမှာ အချိန်ကြာကြာရှိနေရဦးမယ့် အသက်အရွယ်ငယ်သူတွေ၊ လူလတ်ပိုင်းတွေ မထင်မှတ်ပဲ သေဆုံးသွားကြတယ်။ထားပါတော့။တစ်ကမ္ဘာလုံးမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကပ်ဆိုးကြီးကြောင့်လို့ ပြောကြမှာပါပဲ။

အခု ကျွန်တော့်အနေနဲ့ တစ်ကမ္ဘာလုံးဖြစ်ပေါ်နေတဲ့ ရောဂါကပ်ဆိုးကြီးကြောင့်မဟုတ်ပဲ၊ မမျှော်လင့်ပဲ အသက်တွေသေဆုံးသွားခဲ့ရတာတွေဟာ ဘာကြောင့်လဲဆိုပြီးတွေးနေမိတာပါ။အဲဒီလိုပဲ။အကြောင်းအရာတစ်ခု ရေရှည်မတည်မြဲပဲ ပြောင်းလဲသွားတတ်တာတွေကရော။လူတွေရဲ့ လိုအပ်ချက်တွေကြောင့်လား။ကံကြမ္မာတွေကြောင့်လား။

ပြောမယ်ဆိုရင် သဘာဝလောကကြီးကတော့ ပြောင်းလဲနေမှာ အမှန်ပါပဲ။အဲဒီသဘာဝလောကကြီးထဲမှာ ကျွန်တော်တို့လည်း ပါဝင်နေပါတယ်။ကျွန်တော်ရဲ့ ရပ်တည်နေမှုတွေ၊ ကျွန်တော်ကျင်လည်ခဲ့တဲ့ လောကတွေကလည်း ပြောင်းလဲနေပါတယ်။ဒီပြောင်းလဲမှုကို သေချာပြန်တွေးကြည့်ရင် ပုံမှန်ပြောင်းလဲမှုမဟုတ်တာတွေ တွေ့နေရပါတယ်။ရည်မှန်းချက်နဲ့လျှောက်လှမ်းခဲ့တဲ့ စာပေလောကကြီးလည်း ယိုင်နဲ့ပြီး ပျက်စီးသွားခဲ့ပါပြီ။နောက်ပြီး ကျွန်တော်ရပ်တည်ခဲ့တဲ့ အနုပညာ (ရုပ်ရှင်၊ ဗီဒီယို) လောကကြီးလည်း ပျက်စီးသွားခဲ့ရပြီ။တခြားလောကတွေလည်း ကောင်းသောပြောင်းလဲမှုမျိုးမဟုတ်ပဲ ပြောင်းလဲသွားခဲ့ပါတယ်။

အမှန်တကယ်ဆိုရင် ကောင်းသောပြောင်းလဲမှုကိုပဲ တွေ့ကြုံချင်နေကြတာပါ။ကောင်းသောဘဝတွေ၊ သာယာကြည်နူးတဲ့နေ့ရက်တွေကို ကြုံတွေ့ချင်ကြတယ်။စိတ်ကူးယဉ်တဲ့အချိန်မှာတောင် စိတ်ကြည်နူးစရာတွေကိုပဲ စိတ်ကူးယဉ်တတ်ကြတယ်။ကျွန်တော်ဇာတ်ညွှန်းရေးခဲ့ရတဲ့ ဇာတ်လမ်းတစ်ခုကိုကြည့်ရင် သိနိုင်ပါတယ်။

မှန်ဇာဖြူပြတင်းနောက်ဝယ်မှ စိတ်ကူးယဉ်ဇာတ်လမ်း

အဲဒီဝတ္ထုဇာတ်လမ်းက ’လွန်းထားထား’ ရေးတဲ့လုံးချင်းဝတ္ထုပါ။ဝတ္ထုနာမည်ကလည်း စိတ်ဝင်စားရာကောင်းပါတယ်။ ”မှန်ဇာဖြူပြတင်းနောက်ဝယ်” တဲ့။

အိမ်ထောင်ရေးအကြောင်းရေးထားတဲ့ ဇာတ်လမ်းပါ။အဲဒီဇာတ်လမ်းမှာ သရုပ်ဆောင် ကျော်ရဲအောင်၊ စိုးမြတ်သူဇာနဲ့ ဆုပန်ထွာတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်။ဇာတ်လမ်းကိုကြည့်ရင် အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုကြည့်နေရသလို ထင်ကြမှာပါ။

သရုပ်ဆောင် ကျော်ရဲအောင် က ကုမ္ပဏီတစ်ခုရဲ့ အရာရှိတစ်ယောက်ပေါ့။ညနေခင်းတစ်ခု ကုမ္ပဏီရုံးဆင်းလာတဲ့အချိန်မှာ လမ်းပေါ်ဖြတ်သွားနေတဲ့ မိန်းမချောလေးတစ်ယောက်ကို ဖျတ်ကနဲမြင်လိုက်တယ်။ဖျတ်ကနဲမြင်လိုက်ရပေမယ့် ကျော်ရဲအောင် စိတ်ထဲမှာ စွဲလန်းသွားတယ်။ကျော်ရဲအောင် က ညဖက်ဆို စားသောက်ဆိုင်မှာ တစ်ယောက်ထဲထိုင်တတ်တယ်။သူထိုင်တတ်တဲ့ စားသောက်ဆိုင်က မိန်းကလေးတစ်ယောက် ဂစ်တာတီးပြီး ဖျော်ဖြေတတ်တဲ့ ကော်ဖီဆိုင်ပေါ့။အဲဒီကောင်မလေးကို စွဲလန်းသွားတဲ့အချိန်မှာ အဲဒီကော်ဖီဆိုင်မှာ ဂစ်တာတီးပြီး ဖျော်ဖြေနေတာကို မြင်လိုက်ရတယ်။

အရင်က တစ်ခါတရံမှ ကော်ဖီဆိုင်ထိုင်တတ်ပေမယ့်၊ နောက်ပိုင်းမှာ ညတိုင်း ကော်ဖီဆိုင်ထိုင်တတ်သွားတယ်။အဲဒီလိုနဲ့ ကျော်ရဲအောင်နဲ့ ကောင်မလေးတို့ ချစ်သူတွေဖြစ်သွားကြတယ်။အေးချမ်းသာယာတဲ့နေရာတွေကို လျှောက်လည်ဖြစ်တယ်။အေးချမ်းပြီး သာယာလှပတဲ့ အိမ်လေးတစ်အိမ်မှာ တွေ့ဆုံကြတယ်။အဲဒီအိမ်လေးကလည်း ဥယျာဉ် ပန်းကမ္ဘာလေးဖြစ်နေတာပေါ့။ပြောမယ်ဆိုရင် ကျော်ရဲအောင်မှာ အိမ်ထောင်ရှိတယ်။ကျော်ရဲအောင်ရဲ့ ဇနီးက စိုးမြတ်သူဇာ။ကျော်ရဲအောင်အနေနဲ့ မိန်းမကြောက်ရတယ်လို့ပြောရမလား။စိုးမြတ်သူဇာ က အပြောအဆို ခပ်ကြမ်းကြမ်း။သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်ရင် တွေ့ရာတွေနဲ့ ပစ်ပေါက်တတ်တယ်။အိမ်ထောင်ရေးအဆင်မပြေတာတွေများလာတော့ ကျော်ရဲအောင်အတွက် ပျော်စရာတွေ ပျောက်ဆုံးနေတယ်။

ကောင်မလေး (ဆုပန်ထွာ) ကို စွဲလန်းမိပြီး အိမ်ပြန်ချိန်လည်းမမှန်တော့ဘူး။ခြေလှမ်းတွေပျက်သလိုဖြစ်သွားခဲ့တယ်။အဲဒီလိုအခြေအနေမှာ ကျော်ရဲအောင် ကို စိုးမြတ်သူဇာ က သံသယတွေ တဖြေးဖြေးဝင်လာခဲ့တယ်။ကျော်ရဲအောင် ကို နောက်ကလိုက်ချောင်းတတ်တယ်။တခြားမိန်းမတစ်ယောက်နဲ့ တွဲနေသလားလို့ပေါ့။စိုးမြတ်သူဇာ က သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကို ရင်ဖွင့်ပြီး တိတ်တဆိတ်စုံစမ်းခိုင်းတယ်။

စိုးမြတ်သူဇာတို့ ဘယ်လိုမှစုံစမ်းလို့မရဘူး။နောက်ကနေလိုက်ချောင်းတာလည်း ဘာမှမထူးခြားခဲ့ဘူး။ကျော်ရဲအောင် က ကုမ္ပဏီအလုပ်ချိန်မှာ အမြဲရှိနေတယ်။ကုမ္ပဏီအလုပ်ဆင်းရင် ကော်ဖီဆိုင်ထိုင်နေတတ်တာတစ်ခုပါပဲ။အမှန်တကယ်တော့ ကျော်ရဲအောင်နဲ့ တွဲနေတဲ့ ကောင်မလေးက တကယ်မရှိပါဘူး။ကုမ္ပဏီအလုပ်ဆင်းချိန်မှာ ဖျတ်ကနဲတွေ့လိုက်ရတဲ့ ကောင်မလေးကို စိတ်ထဲကစွဲလန်းပြီး စိတ်ကူးယဉ်ကမ္ဘာလေး တည်ဆောက်ထားခဲ့တာပါ။အိမ်ထောင်ရေးအဆင်မပြေတဲ့အခါ၊ စိတ်ကူးနဲ့ ပျော်ရွှင်ကြည်နူးစရာတွေကိုပဲတွေးပြီး နေတတ်ကြတယ်။

စိတ်ညစ်စရာတွေပြေပျောက်ဖို့ ပျော်စရာအတွေးတွေနဲ့ နေတတ်ခဲ့ရင်တော့ ကောင်းမှာပါ။အဲဒီ ”မှန်ဇာဖြူပြတင်းနောက်ဝယ်” ဗီဒီယိုဇာတ်ကားကို ”ခရေဖြူ” ဗီဒီယိုထုတ်လုပ်ရေးက ထုတ်ဝေဖြန့်ချိခဲ့ပြီး ဒါရိုက်တာနေပိုင် ရိုက်ခဲ့တဲ့ ဗီဒီယိုဇာတ်ကားပါ။

စိတ္တဇဆန်သည့်ဖြစ်ရပ်

အခု ကျွန်တော်တို့နေထိုင်နေကြရတဲ့ အခြေအနေတွေဟာ စိတ်မချမ်းသာစရာ၊ ဝမ်းနည်းကြေကွဲစရာတွေ ပြည့်နှက်နေပါတယ်။ပျော်စရာတွေ စိတ်ကူးယဉ်နိုင်ဖို့တောင် ခက်ခဲနေကြပါတယ်။စိတ်ညစ်စရာတွေကိုပဲ တွေးနေကြရတယ်။အခုကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းကြေကွဲဖွယ်အကြောင်းအရာတွေ ပိုပြီးဖြစ်မလာနိုင်အောင် ဘယ်လိုလုပ်ဆောင်ကြမလည်းဆိုတာတွေတောင် မတွေးနိုင်တော့တဲ့အခြေအနေကို ရောက်နေပါပြီ။အခုကြုံတွေ့နေကြရတဲ့ အဆင်မပြေမှုတွေ ပိုပြီးဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းနေကြရတယ်။

ဒီလိုတွေ့ကြုံမှုတွေကလည်း စိတ္တဇဆန်နေပါလိမ့်မယ်။အခု ကျွန်တော်တို့ဘဝတွေကလည်း စိတ္တဇဆန်နေကြသလိုဖြစ်နေပါပြီ။ဖြစ်ရိုးဖြစ်စဉ်အကြောင်းအရာတွေကို ပုံမှန်တွေးနေကြရင် သဘာဝကျနေပါလိမ့်မယ်။လူတွေရဲ့ အသက်ရှင်ရပ်တည်မှုမှာလည်း စိတ်စွဲလန်းမှုတွေရှိနေတတ်ကြပါတယ်။အဲဒီလို ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေလည်းများပါတယ်။ဘဝခြားသွားတဲ့ လူတစ်ယောက်ကို စိတ်ထဲစွဲလန်းနေတာကို မကျွတ်လွတ်ဘူးလို့ ပြောဆိုတတ်ပါတယ်။

သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင်နဲ့ စိုးမြတ်နန္ဒာ၊ စံရတီမိုးမြင့်တို့နဲ့ ရိုက်ကူးခဲ့တဲ့ ”တမလွန်ချစ်သူ” ဗီဒီယိုဇာတ်ကားကလည်း သရဲ၊ တစ္ဆေဇာတ်လမ်းပါ။အဲဒီဇာတ်လမ်းမျိုးတွေ ရေးသားနေတဲ့ ”သတိုးတေဇ” ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်တော်ဇာတ်ညွှန်းရေးပြီး၊ ဒါရိုက်တာနေပိုင် ရိုက်ကူးခဲ့ပါတယ်။

အိမ်ထောင်သည်ဘဝမှာ ကွယ်လွန်သွားခဲ့ရတဲ့ ကျော်ရဲအောင်ရဲ့ ချစ်ဇနီးက ခင်ပွန်းသည်ကို စွဲလန်းပြီး အတူနေခဲ့တဲ့အိမ်ထဲမှာပဲရှိနေတယ်။ပထမဇနီးကွယ်လွန်ပြီးချိန်ကြာမှ နောက်ချစ်သူနဲ့လက်ထပ်လိုက်တယ်။

နောက်ချစ်သူနဲ့ လက်ထပ်လိုက်တာကို ကွယ်လွန်သွားတဲ့ဇနီးက လိုက်နှောက်ယှက်နေတတ်တာကို ဇာတ်လမ်းဖွဲ့ထားတဲ့ ဗီဒီယိုဇာတ်ကားတစ်ကားပါ။

အဲဒီဗီဒီယိုဇာတ်ကားကိုလည်း ”ခရေဖြူ” ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ် ဖြန့်ဝေခဲ့ပါတယ်။

ကာရန်မဲ့အလွမ်း

“ခရေဖြူ” ဗီဒီယိုထုတ်လုပ်ရေးက သရုပ်ဆောင်မင်းသားကြီး ကိုကျော်ရဲအောင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ဒါရိုက်တာနေပိုင်နဲ့ ရိုက်ပြီး ကျွန်တော်က ဇာတ်ညွှန်းရေးပေးခဲ့ရတယ်။တစ်ခါတရံ ဇာတ်လမ်းပါရေးပေးခဲ့ရတယ်။ ”ကာရန်မဲ့အလွမ်း” ဗီဒီယိုဇာတ်ကားကို ဇာတ်လမ်းပါ ရေးပေးခဲ့ရတယ်။ ”ခရေဖြူ” ဗီဒီယိုထုတ်လုပ်ရေး မန်နေဂျာတွေဖြစ်တဲ့ ကိုဇော်မိုးထွေး၊ ကိုဆွေ (ခင်မောင်ဆွေ) တို့နဲ့ အမြဲဆက်ဆံရပြီး ခင်မင်ရင်းနှီးခဲ့တယ်။အဲဒါအပြင် ကုမ္ပဏီပိုင်ရှင် ကိုဝဏ္ဏနဲ့ မစင်သီယာဦးတို့နဲ့ပါ ခင်မင်ရင်းနှီးခဲ့တယ်။မစင်သီယာဦး က ကျွန်တော့်ကို အိမ်ခေါ်ပြီး တိုင်ပင်ပြောဆိုတတ်တယ်။ကျွန်တော်ရေးတဲ့ ဇာတ်ညွှန်းတွေအပြင် ဇာတ်လမ်းတွေကိုပါ ကြိုက်ကြတယ်။

“ကာရန်မဲ့အလွမ်း” ဗီဒီယိုဇာတ်ကားမှာ ကျော်ရဲအောင်နဲ့ ချစ်သုဝေတို့ သရုပ်ဆောင်ခဲ့ကြတယ်။ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော်တို့က ညနေရိုက်ကွင်းပြီးချိန်ဆို သရုပ်ဆောင် နေမျိုးအောင်၊ ငှက်ပျောကြော်တို့နဲ့ ’ဖိုးစိန်’ လမ်းက ’ဟောလီးဒေး’ စားသောက်ဆိုင်မှာ ထိုင်ကြတယ်။တစ်တရံ ဘကြီးအောင် (ဦးအောင်လွင်) နဲ့ ဖိုးရန်အောင်ပါ ရောက်လာတတ်တယ်။ပြောမယ်ဆိုရင် ကျွန်တော့်ဇာတ်ညွှန်းရေးသူဘဝမှာ အဆင်အပြေဆုံးနေ့ရက်တွေပါပဲ။ဒါပေမယ့် အဲဒီလိုအဆင်ပြေတဲ့နေ့ရက်တွေက မတည်မြဲနိုင်ဘူးဆိုတာကိုတော့ တွေးနေမိခဲ့တယ်။

မြတ်လှိုင်း
စက်တင်ဘာ - ၁၉