【 ဆောင်းပါး 】 "မျှော်လင့်ခြင်းများဖြင့် ဆက်ရှင်သန်နေသည့်ဘဝများ"

【 ဆောင်းပါး 】 "မျှော်လင့်ခြင်းများဖြင့် ဆက်ရှင်သန်နေသည့်ဘဝများ"

လောကမှာ လူတွေအနေနဲ့ ဘဝဆက်လက်ရှင်သန်ရပ်တည်နိုင်ကြဖို့ အစဉ်အမြဲကြိုးစားနေရပါတယ်။အခြေအနေတွေက ဘယ်လောက်ပဲခက်ခဲ ခက်ခဲ ခက်ခဲမှုတွေကိုရင်ဆိုင်ပြီး ဘဝဆက်ရှင်သန်နိုင်အောင် ကြိုးစားနေရတယ်။နေထိုင်နေရတဲ့ နေ့ရက်တွေမှာ အဆင်ပြေတာတွေရှိနေသလို၊ အဆင်မပြေတာတွေလည်းရှိနေကြမှာပါပဲ။အဆင်မပြေမှုတွေကို ပြန်အဆင်ပြေသွားအောင် ကြိုးစားဖန်တီးလို့ရသလို၊ ဘယ်လိုကြိုးစားဖန်တီးပေမယ့် အဆင်မပြေတာတွေလည်းရှိနေတတ်တယ်။
 
နေရာတစ်ခုကရယူဖို့ လွယ်ကူသလို၊ ခက်ခက်ခဲခဲရယူခဲ့ရတာတွေလည်း ကြုံတွေ့နေကြရမှာပါပဲ။ကံ၊ ဉာဏ်၊ ဝီရိယတွေ အပေါ်မှာလည်း မူတည်နေပါလိမ့်မယ်။အလွယ်တကူရယူနိုင်ခဲ့တဲ့ နေရာတစ်ခုဆုံးရှုံးသွားတာတွေက မသိသာပေမယ့်၊ ခက်ခက်ခဲခဲရယူခဲ့ရတဲ့ နေရာတစ်ခု ပြန်ဆုံးရှုံးသွားမယ်ဆိုရင် အင်မတန်နှမျောတသဖြစ်နေရမှာပါပဲ။ပြန်ဆုံးရှုံးသွားတဲ့အရာကို ပြန်ရယူဖို့တော့ ကြိုးစားချင်ကြမှာပါ။ဘယ်လိုနည်းနဲ့ကြိုးစားပေမယ့် ပြန်မရနိုင်တော့ဘူးဆိုရင် စိတ်ခံစားမှုတွေများစွာ ဖြစ်ပေါ်လာတတ်ပါတယ်။အဖြစ်နိုင်ဆုံးစိတ်ခံစားမှုတွေက နှမျောတမ်းတစိတ်၊ ဒေါသနဲ့ နာကျည်းစိတ်၊ နောင်တစိတ်တွေပါပဲ။တစ်ခါတရံမှာ အလွယ်တကူနေရာရခဲ့ပေမယ့် ရခဲ့တဲ့နေရာမှာ လောဘစိတ်တွေထားရင်လည်း ဆုံးရှုံးသွားတတ်တယ်။ကိုယ့်ကိုယ်ကိုအထင်ကြီးစိတ်ဝင်သွားခဲ့တာမျိုးပေါ့။
 
ဆူးဆိပ်သင့်ဆူး
 
မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးက သရုပ်ဆောင်မင်းသား ဟိန်းဝေယံနဲ့ ဗီဒီယိုဇာတ်ကားတွေကို ဒါရိုက်တာနေပိုင် မဟုတ်ပဲ တခြားဒါရိုက်တာတွေနဲ့ ရိုက်တဲ့အခါ ကျွန်တော်ဇာတ်ညွှန်းရေးပေးရတယ်။မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးက ဟိန်းဝေယံနဲ့ရိုက်မယ့် ဇာတ်လမ်းတွေအတွက် စာရေးဆရာ၊ ဆရာမတွေရဲ့ လုံးချင်းဝတ္ထုတွေ ဝယ်ယူထားတဲ့အပြင်၊ ကျွန်တော့်ကိုလည်း ဇာတ်လမ်းတွေရေးခိုင်းခဲ့တယ်။ကျွန်တော်ကလည်း ဗီဒီယိုဇာတ်ကားအတွက် ဇာတ်လမ်းရေးရင် အချိန်ပေးပြီး သေသေချာချာရေးတတ်တယ်။
 
မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်တော်ရေးပြီးပေးထားတဲ့ "ဆူးဆိပ်သင့်ဆူး" ဇာတ်လမ်းကို ဒါရိုက်တာညွှန့်မြန်မာညီညီအောင်နဲ့ ရိုက်မယ်လို့ မမကြီး (ဒေါ်) စန်းစန်းဝင်း က ပြောတယ်။ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ဆိုတာလည်း နာမည်ကြီးဒါရိုက်တာတစ်ယောက်။ကျွန်တော် ဒါရိုက်တာကိုနေပိုင်နဲ့ အမြဲဇာတ်ညွှန်းရေးနေသလို၊ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်မှာလည်း အမြဲဇာတ်ညွှန်းရေးနေတဲ့ ဆဲဗင်းဒေးဆိုတာရှိနေတယ်။ဆဲဗင်းဒေးဆိုတာ ကျွန်တော်ရဲ့ စာပေလောကဆရာတစ်ဦးဖြစ်တဲ့ စာရေးဆရာ၊ အယ်ဒီတာ မောင်ရွှေစွန်ရဲ့ သားဖြစ်နေတယ်။ဆဲဗင်းဒေးနဲ့ စကားမပြောဖူးပေမယ့် ကျွန်တော့်စိတ်ထဲမှာ ညီငယ်တစ်ယောက်လိုပဲပေါ့။
 
ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီက ဇာတ်ကားရိုက်ဖို့အပ်တဲ့အခါ ဒါရိုက်တာက မငြင်းဆန်နိုင်ဘူးလေ။အဲဒီ ဒါရိုက်တာနဲ့ အမြဲရေးနေကြ ဇာတ် ညွှန်းရေးသူကတော့ ဇာတ်ညွှန်းရေးချင်မှာပဲလေ။အဲဒါကိုတော့ ကျွန်တော်နားလည်ပါတယ်။ကျွန်တော့်ရေးတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဘယ်ဒါရိုက်တာနဲ့ရိုက်မယ်ဆိုတာကိုလည်း ကျွန်တော်မငြင်းနိုင်ပါဘူး။
 
ကျွန်တော် ဇာတ်ညွှန်းအပြီးထိ ရေးပေးလိုက်တယ်။ "ဆူးဆိပ်သင့်ဆူး" ဇာတ်ကားကို ဟိန်းဝေယံ၊ ခိုင်သင်းကြည်၊ ချမ်းမီမီကိုတို့နဲ့ ရိုက်တယ်။ကျွန်တော်ရေးပေးလိုက်တဲ့ ဇာတ်ညွှန်းကို ဇာတ်ကားရိုက်နေတဲ့အချိန်မှာပဲ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ရဲ့ ပင်တိုင်ဇာတ်ညွှန်းရေးသူဖြစ်တဲ့ ဆဲဗင်းဒေး က ဝေဖန်တယ်လို့ ပြန်ကြားရတယ်။ဘယ်ဇာတ်ဝင်ခန်းမှာ ဘယ်လိုဖြစ်တယ်ဆိုတာမျိုးပေါ့။ချမ်းမီမီကို က ကျွန်တော့တူမလေးလို ခင်မင်နေကြတာလေ။ကျွန်တော်ဘာမှပြန်မပြောလိုက်ပါဘူး။ 
 
အလွမ်းဆွတ်မိုး
 
ကိုနိုင် (ကျော်ရဲအောင်) က သူရိုက်ချင်တဲ့ဇာတ်လမ်းပုံစံမျိုး ပြောပြတယ်။ပြောမယ်ဆိုရင် "ကိုပေါ" သီချင်းလိုပေါ့။ကျေးလက်တောရွာက လူပျိုကြီးတစ်ယောက်။ညီမလေးကိုအရမ်းချစ်ပြီး အိမ်အပြင်သိပ်မထွက်ခိုင်းဘူး။ညီမလေးသူငယ်ချင်းတွေက ရွာမှာအလုပ်လုပ်နေကြတယ်။ညီမလေးကလည်း အလုပ်လုပ်ချင်တယ်ဆိုတာကို မလုပ်ခိုင်းဘူး။နောက် အဲဒီရွာမှာ ကျောင်းဆရာမလေးရောက်လာတယ်။လူပျိုကြီးရဲ့ ညီမလေးနဲ့ ဆရာမလေး ခင်မင်သွားတယ်။လူပျိုကြီးက ဆရာမလေးကို မြင်မြင်ချင်းချစ်မိသွားတယ်။ကျောင်းဆရာမလေးနဲ့ ညီမလေးတို့ သွားချင်တဲ့နေရာတွေကို လူပျိုကြီး လိုက်ပို့ပေးတယ်။
 
လူပျိုကြီးနဲ့ ဆရာမလေးလဲ ချစ်သူတွေဖြစ်သွားတယ်။အဲဒီအချိန်ကစပြီး လူပျိုကြီးက အလုပ်ပိုကြိုးစားလုပ်ပြီး ပိုက်ဆံစုနေတော့တယ်။ညီမလေးလုပ်ချင်တဲ့အလုပ်ကိုလဲ လုပ်ခွင့်ပြုလိုက်တယ်။တစ်ခုသောမိုးရာသီမှ ာဆရာမလေးမြို့က မိဘတွေပြန်ခေါ်တဲ့အတွက် မြို့ကိုပြန် သွားခဲ့ရတယ်။ဆရာမလေးမိဘတွေက ဆရာမလေးကို အိမ်ထောင်ချပေးမလို့တဲ့။ဆရာမလေးလဲ ရွာကိုပြန်မလာရတော့ဘူး။လူပျိုကြီးက အသည်းကွဲသွားပြီ။လူပျိုကြီးရဲ့ ညီမလေးက မြို့ကိုလိုက်သွားပြီး ဆရာမလေးကိုပြောပြခဲ့တယ်။လူပျိုကြီးရဲ့ ညီမလေးကို ပြန်လွှတ်လိုက်ပြီး၊ သူ့မိဘတွေအလစ်မှာ ထွက်ပြေးလာခဲ့မယ်လို့ ကတိပေးလိုက်တယ်။
 
အဲဒီအကြောင်းကို ညီမလေးက သူ့အစ်ကိုကြီးကို ပြန်ပြောပြလိုက်တော့ လူပျိုကြီး အရမ်းပျော်သွားတယ်။နေ့တိုင်း ကားလမ်းပေါ်တက်ပြီး စောင့်နေတတ်တယ်။မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ဆရာမလေးစီးလာတဲ့ ကားမှောက်ပြီး ဆရာမလေးသေဆုံးသွားတယ်။
 
ဇာတ်လမ်းလေးက ရိုးရိုးလေးပါပဲ။ဇာတ်အိမ်တည်ဆောက်ထားပုံနဲ့ စကားပြောတွေကြောင့် "အလွမ်းဆွတ်မိုး" ဗီဒီယိုဇာတ်ကားလေးဟာ လူကြိုက်များတယ်။ဒီဇာတ်လမ်းလေးကို ကျော်ရဲအောင်နဲ့ တွဲပြီးရိုက်နေတဲ့ စိုးမြတ်နန္ဒာတို့ သရုပ်ဆောင်ကြတယ်။လူပျိုကြီးရဲ့ ညီမနေရာမှာ ချမ်းမီမီကို ကို သရုပ်ဆောင်ခိုင်းတယ်။ဒါရိုက်တာနေပိုင်ရဲ့ ကျေးလက်ရွာ ရိုက်ချက်လေးတွေကလည်း လှတယ်။ကိုနိုင် (ကျော်ရဲအောင်) ပြောသလို "ကိုပေါ" သီချင်းလို ဇာတ်လမ်းဆိုပေမယ့် လူပျိုကြီးကို ကိုပေါလို ပေါတောတောမဖြစ်စေချင်ဘူး။ရိုးသားပြီး အလုပ်ကြိုးစားတတ်တဲ့လူတစ်ယောက်၊ ညီမငယ်ကိုအရမ်းချစ်တဲ့ အစ်ကိုကြီးတစ်ယောက်အဖြစ် ဖန်တီးထားတယ်။ကိုပေါလို ခပ်ပေါပေါဇာတ်ကားတွေကများနေပြီ။လှပငြိမ်းချမ်းပြီး လွမ်းဆွတ်ဖွယ်ဇာတ်လမ်းလေးကို ဖန်တီးခဲ့တယ်။ဇာတ်လမ်းလေးက လွမ်းစရာဆိုပေမယ့် ကျေးလက်ဒေသရဲ့ ရသကို ခံစားရတယ်။အဲဒီအချိန်ကာလထိ ကျေးလက်ရွာလေးတွေဟာ ရိုးသားဖော်ရွေကြတယ်။
 
သရုပ်ဆောင်နေမင်းရဲ့ နှလုံးသား
 
ပြင်ဦးလွင် မိုးရာသီအစပိုင်းမှာ ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော် ဇာတ်ညွှန်းရေးပြီး စရိုက်ခဲ့တဲ့ "မိုးမှာကြွေသောပန်း" ဗီဒီယိုဇာတ်ကားကို လူကြိုက်များခဲ့တယ်။ဇာတ်လမ်းက နိုင်ငံခြားဇာတ်ကားကျောရိုးကိုယူပြီး ရိုက်ခဲ့တာကြောင့် ဇာတ်လမ်းရေးသူ အမည်မခံချင်ခဲ့ဘူး။ဦးဇင်ဝိုင်း ပြောပြတဲ့ ဇာတ်လမ်းကျောရိုးဖြစ်နေတော့ ဦးဇင်ဝိုင်း ကို ဇာတ်လမ်းရေးသူနာမည် တပ်ပေးလိုက်တယ်။ဦးဇင်ဝိုင်းကလည်း "ဇင်ဝိုင်း" လို့ မတပ်ပဲ 'မောင်ဋ္ဌေး' လို့ နာမည်တပ်လိုက်တယ်။
 
သရုပ်ဆောင် နေမင်းကလည်း နာမည်ရလာပြီ။ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော့်ဇာတ်ညွှန်းကို ထပ်ရိုက်ဖြစ်ခဲ့တယ်။စာရေးဆရာမ လွန်းထားထားရဲ့ အချစ်ဝတ္ထုဖြစ်တဲ့ "ချစ်မြတ်နိုးလွန်းသူ၏ နှလုံးသားမှသည်" ဇာတ်လမ်း။နေမင်း၊ မိုးဟေကို၊ ဟန်ထက်စောတို့ သရုပ်ဆောင်ခဲ့ကြတယ်။ဇာတ်ပို့ဇာတ်ရံတွေအနေနဲ့ ဝါရင့်သရုပ်ဆောင် ဂွမ်းပုံကြီး၊ တင်ဇာဝင်းပြည့်၊ ထက်လူ၊ ဦးချစ်ပြုံး၊ အေဏီဇော်၊ နိုနို၊ မေပန်းချီ၊ လမင်းကဗျာနဲ့ ကလေးသရုပ်ဆောင် စောယုနန္ဒာတို့ ပါဝင်ခဲ့ကြတယ်။
 
အဲဒီဇာတ်ကားမှာ ရိုးသားပွင့်လင်းတဲ့ နေမင်းရဲ့ နှလုံးသားကို မြင်လိုက်ရတယ်။ပြောမယ်ဆို သရုပ်ဆောင် နေမင်းရဲ့ရုပ်က ရုပ်ရှင်မင်းသားပုံ မပေါက်ပါဘူး။မျက်နှာကားကား၊ ပါးဖောင်းဖောင်းနဲ့ မေးရိုးကားကား။သာမန်လူငယ်တစ်ယောက်ပုံပါပဲ။ဒါပေမယ့် အနုပညာချစ်မြတ်နိုးသူတစ်ယောက်ရဲ့ နှလုံးသားကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့…။နေမင်းရဲ့ အစ်ကိုကြီးဖြစ်တဲ့ ရွှေစင်ဦး ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ကိုကျော်လင်းထွန်း ကံကောင်းပါလိမ့်မယ်။
 
ရုပ်ရှင်ဗီဒီယိုလောကမှာ နေမင်းဆိုတဲ့ သရုပ်ဆောင်ကောင်းတစ်ဦးအဖြစ် နေရာတစ်နေရာ ရလာမှာပါ။ရရှိလာတဲ့နေရာကို ထိန်းသိမ်းတတ်ဖို့တော့လိုပါတယ်။ကျွန်တော်တို့လည်း ဒီအနုပညာလောကမှာ ထိန်းသိမ်းလျှောက်လှမ်းခဲ့ပြီး မျှော်လင့်ခြင်းတွေနဲ့ ရှင်သန်ရပ်တည်နေကြရတာပဲမဟုတ်လား။
 
မြတ်လှိုင်း
အောက်တိုဘာ - ၁၀