【 ဆောင်းပါး 】 အနုပညာဗီဇနှင့် လောကအမြင်

【 ဆောင်းပါး 】 အနုပညာဗီဇနှင့် လောကအမြင်

ဘယ်နေရာမှာမဆို လောကအမြင်ရှိနိုင်ဖို့လိုပါတယ်။လောကအမြင်ဆိုတာက မိမိကျင်လည်တဲ့နေရာမှာ အဖက်ဖက်ကမြင်နိုင်ဖို့ လိုအပ်ပါတယ်။နိုင်ငံရေးမှာဖြစ်ဖြစ်၊ စီးပွားရေးမှဖြစ်ဖြစ်  အကျိုးစီးပွားကို ဘယ်လိုနည်းနဲ့ရရှိနိုင်လဲဆိုတာ မြင်သိနိုင်စွမ်းရှိဖို့လည်း အလွန်အရေးကြီးပါတယ်။ဒီလိုအမြင်နဲ့ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံကြတာ ပါ။နိုင်ငံရေးမှာလည်း အကျိုးရှိရှိအသုံးပြုနိုင်သလား၊ ဒါမှမဟုတ် အကျိုးစီးပွားကိုမျှော်ကိုးပြီး နိုင်ငံရေးလုပ်နေတာလား၊ တိုင်းပြည်နဲ့ ပြည်သူတွေအကျိုးကို ဖြည့်စွမ်းနိုင်သမျှ ဖြည့်စွမ်းပေးနိုင်ဖို့ နိုင်ငံရေးလုပ်တာလားဆိုတာမျိုးနဲ့ စီးပွားရေးလောက ကွာပါတယ်။
 
စီးပွားရေးလောကထဲမှာလည်း ကွာခြားမှုတွေရှိနေပါတယ်။ငွေကြေးအမြတ်အစွန်းသက်သက်ကိုကြည့်ပြီး စီးပွားရေးအမြင်နဲ့ အနုပညာလောကထဲဝင်လာသူတွေရှိနေသလို၊ အနုပညာမျိုးရိုးဗီဇရှိနေခဲ့ပြီး အနုပညာနဲ့ စီးပွားရေးအလုပ်ကို ဆက်လုပ်နေသူတွေလည်းရှိပါတယ်။ပိုပြီးထူးခြားတာက အနုပညာကိုဝါသနာပါနေသူတွေလည်း ဗီဒီယိုလောကထဲမှာရှိနေပါတယ်။ဒီလိုအနုပညာဗီဒီယိုလောကထဲမှာ ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့လူတွေအကြောင်းလည်း ကြုံကြိုက်တဲ့အခါ ရေးသားချင်ပါသေးတယ်။
 
"နတ်ရေစင်" ဗီဒီယိုထုတ်လုပ်ရေး
 
အခု ကျွန်တော်ပြောနေတဲ့အထဲမှာ ထူးခြားမှုတစ်ခုကို တွေ့မြင်ခဲ့ရတယ်။အဲဒီကတော့ "နတ်ရေစင်" ဗီဒီ ယိုထုတ်လုပ်ရေး အကြောင်းပါ။ "နတ်ရေစင်" ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် မပိုပိုအောင် က စီးပွားရေးသမားတစ်ယောက်ပါ။အနုပညာမျိုးရိုးအနေနဲ့လည်း ထင်ထင်ရှားရှားမရှိပါဘူး။မပိုပိုအောင်အနေနဲ့ ဗီဒီယိုလောကထဲကို ဝင်ရောက်လာခဲ့တယ်။ "နတ်ရေစင်" ဗီဒီယိုထုတ်လုပ်ရေးကို တည်ထောင်ခဲ့တယ်။
 
အဲဒီအချိန်ကာလမှာ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတွေဟာ နာမည်ကြီးနဲ့ နာမည်ရမင်းသားတွေကို စာချုပ်ချုပ်ပြီး ဗီဒီယိုဇာတ်ကားတွေရိုက်ပြီး ထုတ်ဝေကြရတဲ့ အချိန်ကာလဖြစ်ပါတယ်။အဲဒီဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတွေမှာ စာချုပ်ချုပ်ဆိုထားကြတဲ့ သရုပ်ဆောင်မင်းသားတွေထဲမှာ နယ်ကြိုက် သရုပ်ဆောင်မင်းသားတွေ သိပ်မရှိပါဘူး။နယ်ကြိုက်သရုပ်ဆောင်တွေနဲ့ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက သရုပ်ဆောင်မင်းသားတွေအနေနဲ့လည်း အနုပညာကြေး အတော်ကွာခြားပါတယ်။အဲဒီအချိန်ကာလမှာ အနုပညာကြေးအများဆုံးရနေကြတဲ့ သရုပ်ဆောင်မင်းသားတွေဟာ နေတိုး၊ ပြေတီဦး၊ ဟိန်းဝေယံတို့ ဖြစ်ပါတယ်။
 
ကြားဖြတ်ပြောချင်တာတစ်ခုအနေနဲ့ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီက ဗီဒီယိုကားတစ်ကားထုတ်လုပ်ဖို့အတွက် ကုန်ကျငွေရဲ့ တစ်ဝက်လောက်က သရုပ်ဆောင်မင်းသားကို အနုပညာကြေးပေးရတယ်။သရုပ်ဆောင် နာမည်ကြီးမင်းသား နေတိုး ကို အနုပညာကြေး သိန်းခုနှစ်ဆယ်ပေးရတယ်ဆိုရင် ဗီဒီယိုကားရိုက်ဖို့ ကုန်ကျငွေနဲ့ တူညီသလောက်ဖြစ်တယ်။နေတိုးနဲ့ အနုပညာကြေးတူလာတဲ့ ပြေတီဦးကတော့ အခုအချိန်မှာ နာမည်ကြီးလာတဲ့ သရုပ် ဆောင်တစ်ယောက်ပါ။ပြောရမယ်ဆိုရင် နာမည်ကြီး သရုပ်ဆောင်မင်းသား ဒွေး ကွယ်လွန်သွားမှ ပြေတီဦး နာမည်ရလာခဲ့တာလို့ ပြောလို့ရနိုင်ပါတယ်။
 
အခု "နတ်ရေစင်" ဗီဒီယိုထုတ်လုပ်ရေးဟာ နယ်ကြိုက်မင်းသား နေမျိုးအောင် ကို စာချုပ်မချုပ်ပဲ တစ်ကားချင်း အနုပညာကြေးပေးပြီး ဗီဒီယိုဇာတ်ကားတွေရိုက်ခဲ့တယ်။ဒါပေမယ့် "နတ်ရေစင်" ဗီဒီယိုထုပ်လုပ်ရေးက နေမျိုးအောင်နဲ့ရိုက်ဖို့ နာမည်ကြီး မင်းသမီးကြီးတွေငှားပြီး ရိုက်တယ်။ပထမဦးဆုံး "လောကဓံ" ဗီဒီယိုကားမှာ စိုးမြတ်သူဇာနဲ့ ရိုက်ခဲ့တယ်။အဲဒီ "လောကဓံ" ဗီဒီယိုဇာတ်ကားက လူကြိုက်များတယ်လို့ ပြောရမှာပါပဲ။
 
နေမျိုးအောင်ရဲ့ အနုပညာပေါ်လွင်ခဲ့တဲ့ ဗီဒီယိုကားများ
 
နောက်ပိုင်းမှာလည်း သရုပ်ဆောင်မင်းသား နေမျိုးအောင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်ရိုက်ဖြစ်ခဲ့တယ်။အဲဒီဆက်ရိုက်ဖြစ်ခဲ့တဲ့ ဗီဒီယိုဇာတ်ကားတွေထဲမှာ စာရေးဆရာ အောင်လင်း ရေးခဲ့တဲ့ "ပစ်တိုင်းထောင်" ဗီဒီယိုဇာတ်ကားနဲ့ "နတ်ရေစင်" ကုမ္ပဏီပိုင်ရှင် မပိုပိုအောင် ကိုယ်တိုင် ရေးထားတဲ့ "အင်းသူကြီး" ဇာတ်ကားနဲ့ "ရေချမ်း" ဗီဒီယိုဇာတ်ကားက အတော်အောင်မြင်ခဲ့တယ်။ "အင်းသူကြီး" နဲ့ "ရေချမ်း" ဇာတ်ကားမှာတော့ နာမည်ကြီး မင်းသမီးကြီး "ထွန်းအိန္ဒြာဗို" က သရုပ်ဆောင်ခဲ့တယ်။ "ပစ်တိုင်းထောင်" ဗီဒီယိုဇာတ်ကားကိုတော့ နေမျိုးအောင်နဲ့ ခိုင်သင်းကြည်တို့ သရုပ်ဆောင်ခဲ့ကြတယ်။အဲဒီဗီဒီယိုဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းကို ကျွန်တော်ရေးပြီး "ပစ်တိုင်းထောင်" ဇာတ်ကားနဲ့ "အင်းသူကြီး" ဇာတ်ကားကိုတော့ နေပိုင် ဒါရိုက်တာအဖြစ် ရိုက်ခဲ့တယ်။
 
"အင်းသူကြီး" ဗီဒီယိုဇာတ်ကားနဲ့ "ရေချမ်း" ဗီဒီယိုဇာတ်ကားကို ပဲခူးတိုင်းထဲက အင်းတစ်ခုမှာ သွားပြီးရိုက်ခဲ့ရတယ်။အရင်စီစဉ်ထားခဲ့တာက "အင်းသူကြီး" ဗီဒီယိုဇာတ်ကားနဲ့ "ရေချမ်း" ဗီဒီယိုဇာတ်ကား နှစ်ကားလုံး ဒါရိုက်တာနေပိုင် ရိုက်ဖို့ပါပဲ။ဒါပေမယ့် "အင်းသူကြီး" ဗီဒီယိုဇာတ်ကားရိုက်ပြီးချိန်မှာ ဒါရိုက်တာနေပိုင် က အရေးကြီးကိစ္စတစ်ခုနဲ့ ရန်ကုန်ကိုပြန်သွားခဲ့ရတယ်။
 
ဒါရိုက်တာနေပိုင်အစား ဒါရိုက်တာမျိုးထူး ကို လှမ်းခေါ်ပြီး "ရေချမ်း" ဗီဒီယိုဇာတ်ကားကို ရိုက်လိုက်ရတယ်။အဲဒီဗီဒီယိုဇာတ်ကားနှစ်ကားမှာ ဒါရိုက်တာတစ်ယောက်ချင်းရဲ့ အရည်အချင်းတွေ သိလိုက်ရတယ်။အနုပညာဗီဇရှိတဲ့ ဒါရိုက်တာနဲ့ အနုပညာဗီဇအားနည်းတဲ့ ဒါရိုက်တာတွေရိုက်ခဲ့တဲ့ ဗီဒီယိုကားတွေကိုပြန်ကြည့်ရင် သိနိုင်ပါတယ်။
 
"နတ်ရေစင်" ဗီဒီယိုထုတ်လုပ်ရေးကလည်း သရုပ်ဆောင်မင်းသား နေမျိုးအောင်ရဲ့ အနုပညာဗီဇကို ဖော်ထုတ်ပေးနိုင်ခဲ့သလို၊ သရုပ်ဆောင်မင်းသား နေမျိုးအောင်လည်း နာမည်ရလာတယ်။
 
နေမျိုးအောင် ကို ငှားပြီး ဗီဒီယိုကားရိုက်မယ့် ကုမ္ပဏီတွေ၊ ဒါရိုက်တာတွေကို "မြတ်လှိုင်း (ကဗျာ) ဇာတ်ညွှန်းရေးပေးမှ ရိုက်ချင်တယ်" အထိ ဖြစ်လာခဲ့တယ်။မင်းသားကြီး ကျော်ရဲအောင်လိုပေါ့။သူဗီဒီယိုဇာတ်ကားရိုက်တိုင်း "မြတ်လှိုင်း (ကဗျာ) ကိုဇာတ်ညွှန်းရေးခိုင်းပါ" ဆိုပြီး ပြောတတ်ခဲ့တယ်။
 
ဝါရင့်သရုပ်ဆောင် မင်းသားကြီးနှစ်ယောက် အပြိုင်သရုပ်ဆောင်မှု
 
"ပန်းသခင်" ဗီဒီယိုထုတ်လုပ်ရေးက စာရေးဆရာမ "ပုညခင်" ရဲ့ "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ဝတ္ထုကို DVD ရုံတင်ဇာတ်ကားရိုက်ဖြစ်မယ်ဆိုတော့ သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင်နဲ့ နေမျိုးအောင်တို့ အပြိုင်သရုပ်ဆောင်ခဲ့ကြတယ်။
 
အဲဒီ "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ဒီဗီဒီဇာတ်ကားမှာ ကျော်ရဲအောင်၊ နေမျိုးအောင်၊ ဖြိုးငွေစိုး၊ သားညီနဲ့ ချစ်သုဝေတို့ အဓိကသရုပ်ဆောင်ခဲ့ကြတယ်။ဇာတ်ပို့တွေအဖြစ် သရုပ်ဆောင်မင်းသားကြီး ဦးအောင်လွင်၊ ငှက်ပျောကြော်၊ ဇော်ဇော်အောင်တို့နဲ့ ကျွန်တော်တို့ "အနုပညာနှလုံးအိမ်" သင်တန်းဆင်း မင်းရဲစည်သူတို့ ပါဝင်ခဲ့ကြတယ်။
 
"ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ဒီဗီဒီဇာတ်ကားကို အင်းလေးမှာ သွားရိုက်ခဲ့တယ်။ဝတ္ထုဇာတ်လမ်းကလည်း အင်းလေးမှာ သွားလေ့လာပြီးရေးခဲ့တဲ့ ဝတ္ထုလို့ စာရေးဆရာမ ပုညခင် က ပြောထားခဲ့တယ်။အခု အင်းလေးမှာသွားရိုက်ခဲ့ရတဲ့ "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ဒီဗီဒီရုံတင်ဇာတ်ကားမှာပါခဲ့တဲ့သူတွေက ကျွန်တော်နဲ့တွဲနေကြတဲ့သူတွေဖြစ်နေတော့ ပျော်စရာနေ့ရက်တွေဖြစ်ခဲ့တယ်။
 
ဇာတ်ကားကလည်း ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။မင်းသမီး ချစ်သုဝေ က "ဒီလိုကားမျိုးကို ရုပ်ရှင်ရိုက်လိုက်ရရင် အရမ်းကောင်းမှာပဲ" တဲ့။မင်းသမီး ချစ်သုဝေကလည်း အတော်ကြိုးစားသရုပ်ဆောင်ခဲ့တယ်။သရုပ်ဆောင်မှု အားအနည်းဆုံးကတော့ ဖြိုးငွေစိုးပါပဲ။မင်းသားကြီး ကျော်ရဲအောင်နဲ့အပြိုင် သရုပ်ဆောင်နိုင်ခဲ့တာက နေမျိုးအောင်ပါ။အနုပညာမျိုးရိုးမရှိခဲ့ပဲ အနုပညာဝါသနာနဲ့ သရုပ်ဆောင်မင်းသားဖြစ်လာခဲ့တာပါ။အနုပညာဗီဇပါလာတယ်လို့ ဆိုရမှာပေါ့။တကယ့်သဘာဝသရုပ်ဆောင်မင်းသားတွေပါပဲ။
 
"ပါဝါကင်း" ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီနှင့် နေမျိုးအောင်
 
နောက်ပိုင်းမှာ "ပါဝါကင်း" ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီကပါ သရုပ်ဆောင် နေမျိုးအောင် ကို စာချုပ်ချုပ်လိုက်တယ်။ "ပါဝါကင်း" ဗီဒီယိုထုတ်လုပ်ရေးမှာလည်း ဇာတ်ကားတွေကို ကျွန်တော်ဇာတ်ညွှန်းရေးပေးခဲ့ရတယ်။ဒါပေမယ့် "နတ်ရေစင်" ဗီဒီယိုထုတ်လုပ်ရေးကရိုက်ခဲ့တဲ့ ဗီဒီယိုဇာတ်ကားတွေလောက် မအောင်မြင်ခဲ့ဘူး။
 
နေမျိုးအောင်လို အနုပညာနဲ့ လောကအမြင်ရှိသူပေါင်းစည်းမိတဲ့အခါ အောင်မြင်မှုကို ရတတ်တာကို သတိထားမိလိုက်ပါတယ်။
 
မြတ်လှိုင်း
စက်တင်ဘာ - ၁၂