【 ဆောင်းပါး 】 “ပြောင်းလဲခြင်းနှင့် လိုက်ရွှေ့ရမည့်လောက”

【 ဆောင်းပါး 】 “ပြောင်းလဲခြင်းနှင့် လိုက်ရွှေ့ရမည့်လောက”

ကျွန်တော်တို့ ရပ်တည်ရှင်သန်နေရတဲ့ လူ့လောကမှာ ဘယ်အရာမှ တည်မြဲခြင်းဆိုတာမရှိပါဘူး။ဖြစ်တည်ပျက်ဆိုတဲ့ မြတ်စွာဘုရားဟောပြခဲ့သလို၊ ဖြစ်တည်လာပြီးရင် ပျက်သွားရမှာပါပဲ။ဖြစ်တည်ပျက်သဘောအရ အမြဲပြောင်းလဲမှုတွေ တွေ့ကြုံနေရမှာပါ။လူ့လောကကြီးက အမြဲပြောင်းလဲနေသလို၊ ရာသီဥတုတွေကလည်း အမြဲပြောင်းလဲနေတယ်။ကျွန်တော်တို့ တိုင်းပြည်မှာတော့ နွေ၊ မိုး၊ ဆောင်း သုံးရာသီပြောင်းလဲနေပါတယ်။အဲဒီလိုပါပဲ။နိုင်ငံရေး၊ စီးပွားရေးလောကတွေမှာလည်း ပြောင်းလဲမှုတွေရှိနေပါတယ်။အချိန်အခါ ခေတ်နဲ့အညီတိုးတက်တဲ့ ပြောင်းလဲမှုတွေ၊ ဆုတ်ယုတ်ကျဆင်းသွားတဲ့ ပြောင်းလဲမှုတွေလည်းရှိနေပါတယ်။ခေတ်နဲ့အညီပြောင်းလဲနေတဲ့ ပြောင်းလဲခြင်းမှာ ကျွန်တော်တို့လည်း ပါဝင်နေကြတယ်။တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကိုလည်း ကျွန်တော်တို့ရင်ဆိုင်နေကြရမှာပါပဲ။

အတွေးအခေါ် အယူအဆတွေ၊ နေထိုင်မှုပုံစံတွေကိုလည်း ခေတ်နဲ့အညီ လိုက်ပါရွှေ့နေမှ ဘဝရပ်တည်မှုဖြစ်ပါလိမ့်မယ်။ပုံသေဆုပ်ကိုင်ထားမိရင် ဆုံးရှုံးမှုတွေပါ ထပ်ရင်ဆိုင်ရပါလိမ့်မယ်။ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ လိုက်ပါမရွှေ့ပဲ အတွေးအခေါ်ဟောင်းတွေ၊ အယူအဆဟောင်းတွေကို ဆုပ်ကိုင်နေမယ့်အစား အတွေးအခေါ်သစ်တွေ၊ အယူအဆသစ်တွေနဲ့ အစားထိုးနေရပါလိမ့်မယ်။မအောင်မြင်ခဲ့တဲ့ သီအိုရီဟောင်းကြီးကို ပြန်ဆွဲထုတ်ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ကျဆုံးသွားမှာပါပဲ။

မထင်မှတ်ထားပဲ ပြောင်းလဲမှုတွေကိုလည်း အချိန်အခါမရွေး ရင်ဆိုင်လိုက်ရတာတွေရှိနေပါတယ်။ရင်ဆိုင်ရတဲ့ ပြောင်းလဲခြင်းမှာ ကြီးမားတဲ့အခက်အခဲတွေလည်း ရှိနေနိုင်ပါတယ်။ဒီအခက်အခဲကြီးကို ဘယ်လိုရင်ဆိုင်မလဲ။မအောင်မြင်ခဲ့တဲ့ သီအိုရီဟောင်းကြီးကို ဆွဲထုတ်ယူ ရင်ဆိုင်မယ်ဆိုရင် မအောင်မြင်နိုင်ပါဘူး။ခေတ်နဲ့အညီ လိုက်လျောညီထွေနေထိုင်ကျင့်သုံးနိုင်မှ ရှင်သန်နေတဲ့ ဘဝခြေထောက်ပေါ် ရပ်တည်နိုင်မှာပါ။

အဲဒီလိုပဲ ကျွန်တော်တို့ကျင်လည်နေတဲ့ ရုပ်ရှင်ဗီဒီယိုအနုပညာလောကမှာလည်း ခေတ်နဲ့အညီပြောင်းလဲမှုတွေ ရှိနေပါတယ်။ခရေဖြူ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီနှင့် ဝါရင့်သရုပ်ဆောင် ကျော်ရဲအောင် လမ်းခွဲ

ခရေဖြူ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီနဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ကျော်ရဲအောင်အနေနဲ့ အောင်မြင်မှုတွေရခဲ့တယ်။မြန်မာပြည်မှာ အရေအတွက်နည်းတဲ့ ဟမ်းမားကားကြီးကို ဝယ်စီးနိုင်ခဲ့တယ်။အဲဒါတင်မကသေးပါဘူး။သုဝဏ္ဏအားကစားရုံဘေးမှာရှိတဲ့ ဟိုတယ်မှာ အခန်းကျယ်ကြီးငှားပြီး တစ်ယောက်ထဲနေထိုင်ခဲ့တယ်။

အခု ခရေဖြူ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းပြည့်သွားပြီး နောက်ထပ်စာချုပ်သက်တမ်းတိုးပြီး ဆက်မချုပ်ဘူးဆိုတော့ စိတ်မကောင်းစရာပါပဲ။ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင် ကို အားပေးနေကြတဲ့ ပရိသတ်တွေရှိနေပါသေးတယ်။သူ့ရဲ့ဗီဒီယိုကားတွေ ဆက်ရိုက်မယ်ဆိုရင် ဗီဒီယိုဇာတ်ကားအခွေတွေ ရောင်းနေရဦးမှာပါ။

လပ်ကီးဆဲဗင်း ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီနှင့် ဆက်ရိုက်ခြင်း

ဒါရိုက်တာကိုနေပိုင် က ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ညနေ ၅ နာရီလောက် မျှော်စင်ကျွန်းထဲက စားသောက်ဆိုင်ကိုလာခဲ့ပါတဲ့။ညနေ မျှော်စင်ကျွန်းထဲက စားသောက်ဆိုင်ကို ကျွန်တော်ရောက်သွားတော့ ဒါရိုက်တာ ကိုနေပိုင်နဲ့ လပ်ကီးဆဲဗင်း ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီ ရိုက်ကွင်းမန်နေဂျာ ကိုရာဂျားတို့ နှစ်ယောက်ထိုင်နေကြတယ်။ကိုရာဂျားနဲ့ ကျွန်တော်သိပ်မရင်းနှီးပါဘူး။ဒါရိုက်တာကိုနေပိုင်နဲ့တော့ ကိုရာဂျား က ငယ်သူငယ်ချင်းလို ခင်မင်ရင်းနှီးကြတယ်။ကိုနေပိုင်၊ ကိုရာဂျားနဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုးတို့ သုံးယောက်က အရင်းနှီးဆုံးသူငယ်ချင်းတွေပေါ့။

ကျွန်တော်ရောက်တာနဲ့ ကိုနေပိုင် က ပြောတယ်။လပ်ကီးဆဲဗင်းနဲ့ ကိုနိုင် (ကျော်ရဲအောင်) ဗီဒီယိုနှစ်ကားရိုက်မယ်တဲ့။ပြင်ဦးလွင်ကိုတက်ပြီး ရိုက်မယ်လို့ ကိုရာဂျား လာပြောတာ။ကိုရာဂျား က ဝတ္ထုလုံးချင်းစာအုပ်တစ်အုပ်နဲ့ နိုင်ငံခြားရုပ်ရှင်ဒီဗီဒီခွေတစ်ခွေ ထုတ်ပေးတယ်။ဝတ္ထုစာအုပ်က စာရေးဆရာမ ခင်ငယ် (ဆေးတက္ကသိုလ်) ရေးတဲ့ ‘ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင်’ အချစ်လုံးချင်းဝတ္ထုစာအုပ်။

အဲဒီစာအုပ်ကို ဗီဒီယိုဇာတ်ကားရိုက်မှာ၊ နိုင်ငံခြားရုပ်ရှင်ခွေကတော့ ကိုမြတ်လှိုင်း ပြန်ရေးပေးပါလို့ ကိုနိုင် (ကျော်ရဲအောင်) က မှာလိုက်တယ်။အဲဒီလို ကိုရာဂျား ပြောပြီး ကျွန်တော် ဇာတ်လမ်း၊ ဇာတ်ညွှန်းအတွက် စရံငွေကို ထုတ်ပေးတယ်။ဇာတ်ညွှန်းနှစ်ကားအတွက် ခြောက်သိန်းနဲ့ ဇာတ်လမ်းရေးခ တစ်သိန်း။ခုနှစ်သိန်းအတွက် စရံငွေ လေးသိန်းပေးတယ်။

ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင် ဗီဒီယိုဇာတ်ကား

ကျွန်တော်တို့ ဗီဒီယိုရိုက်ကူးရေးအဖွဲ့ ပြင်ဦးလွင်မြို့ကိုတက်ခဲ့ကြတယ်။ကျွန်တော်ဇာတ်ညွှန်းရေးတဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အမြဲပါနေကြဖြစ်တဲ့ သရုပ်ဆောင် ငှက်ပျောကြော်၊ လူကြမ်းသရုပ်ဆောင် ကိုဘဂျမ်း၊ မင်းရဲစည်သူနဲ့ တိုးလူ (ဖိုးပိန်) တို့ ပါလာသလို၊ ဒါရိုက်တာကိုနေပိုင်နဲ့ ရိုက်ကွင်းမန်နေဂျာ ကိုရာဂျားတို့ သူငယ်ချင်းဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုးလည်း ပါလာတယ်။

ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင် ဗီဒီယိုဇာတ်ကားမှာ အဓိကသရုပ်ဆောင် မင်းသမီး စိုးပြည့်သဇင်၊ ဒုတိယသရုပ်ဆောင်မင်းသမီး ပွင့်နဒီမောင်တို့အပြင် သရုပ်ဆောင် ဇင်မျိုး၊ မိုခမ်း၊ ကေငြိမ်း၊ အံ့မင်းညို၊ မေဝင်းနိုင်နဲ့ နောက်ဗီဒီယိုဇာတ်ကားမှာပါဝင်မယ့် သရုပ်ဆောင် ကိုပေါက်၊ ကလေးသရုပ်ဆောင် သက်ထားဆွေဇင်တို့ ပါလာခဲ့တယ်။နောက်ဗီဒီယိုဇာတ်လမ်းမှာ အဓိကသရုပ်ဆောင်မင်းသမီး နဝရတ်ကတော့ နောက်မှလိုက်လာမယ်။

ထူးခြားတာက အဲဒီဗီဒီယိုဇာတ်ကားနှစ်ကားရိုက်ဖို့အတွက် တက်လာခဲ့တဲ့ ပြင်ဦးလွင်မြို့မှာ နွေလည်ကာလရောက်နေပြီ။နွေလည်ကာလမှာ မိုးတွေရွာနေတယ်။မိုးရွာရင် ပြင်ဦးလွင်မြို့ဟာ အလွန်အေးစက်တယ်။ကိုကျော်ရဲအောင် က သူ့ရဲ့စီးတော်မြင်း ဟမ်းမားကားကြီးကိုမောင်းပြီး ပြင်ဦးလွင်မြို့ကို တက်လာခဲ့တယ်။လပ်ကီးဆဲဗင်း မန်နေဂျာ ကိုရာဂျား က ကျွန်တော်တို့ သရုပ်ဆောင်တွေ၊ ရိုက်ကူးရေးအဖွဲ့တွေ တည်းခိုဖို့အတွက် ဧပရယ်အင်း (ဟိုတယ်) တစ်ခုလုံးကို ငှားထားတယ်။ဧပရယ်အင်း ဟိုတယ်ဝန်းထဲမှာ ဟိုတယ်တိုက်ကြီးတစ်လုံးနဲ့ နှစ်ခန်းတွဲ ဘန်ဂလိုသုံးလုံးရှိတယ်။ဘန်ဂလိုသုံးလုံးမှာ ဒါရိုက်နေပိုင်မိသားစု၊ ဇာတ်ညွှန်းရေးသူ (ကျွန်တော်)၊ သရုပ်ဆောင် ပွင့်နဒီမောင်၊ ကိုငှက်ပျောကြော်၊ အောင်တိုးနဲ့ မန်နေဂျာ ကိုရာဂျားတို့ တည်းခိုရတယ်။ဟိုတယ်တိုက်ကြီးရဲ့ အခန်းတွေမှာတော့ ကျန်တဲ့သရုပ်ဆောင်တွေနဲ့ ဗီဒီယိုရိုက်ကူးရေးအဖွဲ့တွေ တည်းခိုကြရတယ်။

ကျွန်တော့်မှာ ထူထူထဲထဲအနွေးထည် မပါလာခဲ့ဘူး။ကိုနိုင် (ကျော်ရဲအောင်) က သူ့ဟမ်းမားကားကြီးပေါ် ကျွန်တော့်ကိုတက်ခိုင်းပြီး အနွေးထည်တွေလိုက်ဝယ်ပေးတယ်။ပွင့်နဒီမောင်ကလည်း ကျွန်တော့်အတွက် ဆွယ်တာတစ်ထည် ဝယ်လာပေးတယ်။ကျွန်တော်တို့ ရောက်ရောက်ချင်းမှာပဲ “ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင်” ဗီဒီယိုဇာတ်ကားကို စပြီးရိုက်ဖြစ်ခဲ့တယ်။

“ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင်” ဗီဒီယိုဇာတ်လမ်းမှာ မင်းသားက အသက်ကြီးပြီး အထီးကျန်တဲ့လူတစ်ယောက်။ပတ်ဝန်းကျင်က လူတွေနဲ့ သိပ်မဆက်ဆံပဲ ပန်းခင်းကြီးထဲမှာ ပန်းတွေစိုက်ပျိုးထားတယ်။သူ့အတိတ်မှာ သူ့ဇနီးက လူတစ်ယောက်နဲ့ဖောက်ပြန်နေတာသိပြီး သတ်ပစ်ခဲ့တယ်။ထောင်ကျပြီးနောက် ထောင်ကပြန်လွတ်လာတော့ လူတွေနဲ့ဆက်ဆံရမှာ ကြောက်သွားခဲ့တယ်။ဒါပေမယ့် သူ့ပန်းခင်းထဲကို မိန်းမငယ်လေးတစ်ယောက် ရောက်ရောက်လာပြီး ပန်းတွေဝယ်ဖို့ပြောခဲ့ပေမယ့်၊ ပန်းတွေလက်ဆောင်ပေးလိုက်တယ်။ကြာလာတဲ့အချိန်မှာ အထီးကျန်လူကြီးနဲ့ ကောင်မလေး သံယောဇဉ်တွေဖြစ်ခဲ့ကြတယ်။

ဇာတ်လမ်းက ရိုးရိုးလေးပါ။အထီးကျန်သူကြီး ကျော်ရဲအောင်နဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတွေ အမူယာတွေနဲ့ ခပ်သွက်သွက်သရုပ်ဆောင်ခဲ့တဲ့ စိုးပြည့်သဇင်တို့ကြောင့် ဗီဒီယိုဇာတ်ကားကောင်းလေး ဖြစ်လာခဲ့တာပါ။ပြင်ဦးလွင်မြို့မှာရိုက်ခဲ့တဲ့ ဗီဒီယိုရိုက်ကွင်းမှာ မင်းသားကြီး ကျော်ရဲအောင် က ရိုက်ကွင်းရောက်ချိန် နောက်မကျတော့ဘူးလေ။ပြောင်းလဲသွားတဲ့ အဖြစ်အပျက်အကြောင်းအရာကို သိနားလည်သွားပုံရတယ်။

ဒါပါပဲ။ပြောင်းလဲခြင်းနဲ့အတူ လိုက်ပါရွှေ့နိုင်မှ ရှေ့ဆက်အောင်မြင်မှုကို ရနိုင်မှာပါ။နွေလည်ခေါင်မှာရွာတဲ့ မိုးဟာလည်း ရက်ကြာကြာမရွာနိုင်ပါဘူး။ကျွန်တော်ကတော့ “ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင်” ဗီဒီယိုဇာတ်ကားအတွက် ဇာတ်ညွှန်းကို ရန်ကုန်မှာအပြီးရေးလာခဲ့တယ်။

“ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင်” ဗီဒီယိုဇာတ်ကားရိုက်နေတဲ့ အချိန်တော်တော်များများမှာ ရိုက်ကွင်းကိုမလိုက်သွားပဲ ဧပရယ်အင်း ဘန်ဂလိုဝရန်တာမှာထိုင်ပြီး နောက်ရိုက်မယ့် ဗီဒီယိုဇာတ်ကားအတွက် ဇာတ်ညွှန်းထိုင်ရေးနေမိတယ်။

မြတ်လှိုင်း
အောက်တိုဘာ - ၁၇