
【 နည်းပညာ 】 ဆိုက်ဘာတိုက်ခိုက်ခံရမှုအတွင်း အရေးကြီးအချက်အလက်တွေ ခိုးယူခံခဲ့ရတယ်လို့ Caesars Entertainment ထုတ်ပြန်
လာ့စ်ဗေးဂက်စ်၊ စက်တင်ဘာ ၁၅
အမေရိကန်အခြေစိုက် ဟိုတယ်လုပ်ငန်းနဲ့ ကာစီနိုလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ Caesars Entertainment ဟာ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါဆိုက်ဘာတိုက်ခိုက်ခံရမှုအတွင်း ဖောက်သည်တွေရဲ့ အရေးကြီးကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးယူခံခဲ့ရတယ်လို့ Caesars Entertainment က ဆိုပါတယ်။
Caesars Entertainment ဘက်က ဖောက်သည်တွေရဲ့ အချက်အလက်တွေ ခိုးယူခံခဲ့ရတယ်လို့ ဆိုထားပေမယ့် ဖောက်သည်ဦးရေ ဘယ်လောက်အထိ ထိခိုက်ခဲ့သလဲဆိုတာတော့ ရှင်းလင်းတဲ့ဖော်ပြမှု မရှိခဲ့ပါဘူး။
ဒါပေမဲ့ The Wall Street ဂျာနယ်ကတော့ ခိုးယူခံရတဲ့ အချက်အလက်တချို့ မပေါက်ကြားစေဖို့အတွက် ဟက်ကာတွေတောင်းဆိုတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ရဲ့ ထက်ဝက်ခန့်ကို Caesars Entertainment က ပေးဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
Caesars Entertainment ကတော့ ဆိုက်ဘာတိုက်ခိုက်ခံရမှုဟာ ပြင်ပ အိုင်တီဝန်ဆောင်မှုပေးသူ လူမှုအင်ဂျင်နီယာတစ်ဦးကနေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
Bloomberg သတင်းဌာနကတော့ ဟိုတယ်နဲ့ ကာစီနိုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Caesars Entertainment ကို သြဂုတ်လနှောင်းပိုင်းကတည်းက ဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး၊ Scattered Spider (သို့မဟုတ်) UNC3944 လို့ခေါ်ပြီး လူမှုအင်ဂျင်နီယာတွေကို အသုံးချတတ်တယ်လို့ လူသိများတဲ့ဟက်ကာအဖွဲ့အစည်းက တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
Scattered Spider အဖွဲ့ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ ဟိုတယ်နဲ့ ကာစီနိုလုပ်ငန်း လုပ်ကိုင်တဲ့ ကမ္ဘာကျော် MGM Resorts ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ Scattered Spider အဖွဲ့ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့ဟာ Caesars တိုက်ခိုက်ခံရမှုနဲ့ပတ်သက်မှုမရှိဘူးလို့ Tech Crunch သို့ ပြောကြားခဲ့ပါတယ်။
FBI ဘက်ကတော့ Caesars ဆိုက်ဘာတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ အတည်ပြုခဲ့ပြီး၊ အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Damien
Ref - techcrunch