
【 နည်းပညာ 】 နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ရောမဓားများ အစ္စရေးတွင် ရှာဖွေတွေ့ရှိခဲ့
တဲလ်အဗစ်၊ စက်တင်ဘာ - ၁၂
အစ္စရေးနိုင်ငံရှိ လှိုဏ်ဂူတစ်ခုအတွင်း နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီဖြစ်တဲ့ ရောမဓားများ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အစ္စရေးနိုင်ငံတွင်း ပင်လယ်သေအနီးရှိ လှိုဏ်ဂူတစ်ခုအတွင်း နှစ်ပေါင်း ၁၉၀၀ ခန့် သက်တမ်းရှိပြီဖြစ်တဲ့ ရောမခေတ်က ဓားလေးချောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“အကြမ်းဖျင်းအားဖြင့် နှစ်ပေါင်း ၁၉၀၀ ခန့် သက်တမ်းရှိပြီဆိုပေမယ့် ဓားတွေဟာ ပုံမပျက်သေးဘဲ ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းနိုင်တဲ့ အနေအထားမှာရှိနေသေးတယ်” လို့ အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ (IAA) က ထုတ်ပြန်ချက်တစ်ခုနဲ့ ကြေညာခဲ့ပါတယ်။
ယခုရှာဖွေတွေ့ရှိတဲ့ ဓားတွေမှာ သားရေနဲ့ သစ်သား လက်ကိုင်တံတွေ တပ်ဆင်ထားပြီး၊ သံမဏိဓားအမျိုးအစားများဖြစ်ကာ အရှည်နဲ့ ၂၄ လက်မကနေ ၂၆ လက်မအထိ အသီးသီးရှိပါတယ်။ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ အဆိုပါဓားတွေဟာ 130s C.E. ခုနှစ်တွေက ရောမအင်ပါယာကို ဂျူးလူမျိုးတွေက ဆန့်ကျင်တဲ့ အုံကြွမှုကြီးမှာ အသုံးပြုခဲ့ဖွယ်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ရောမစစ်တပ်သမိုင်းကို အထူးပြုလေ့လာတဲ့ တဲလ်အဗစ်တက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင် ဂိုင်း စတီဘယ်လ်က “အခုတွေ့ရှိတဲ့ ရှေးဟောင်းဓားတွေက ရောမအင်ပါယာရဲ့ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကို ထင်ဟပ်နေတယ်” လို့ AP သတင်းဌာနကို ပြောပါတယ်။
ဂျူးလူမျိုးတွေဟာ ရောမစစ်တပ်ထံက ဓားတွေကို သိမ်းပိုက်ပြီး ဓားတွေကို ဂူငယ်တွေထဲမှာ ဝှက်ထားခဲ့တာလည်းဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆခဲ့ကြပါတယ်။
Damien
Ref - smithsonian